Showing posts with label ဆေးနဲ့ပါတ်သတ်လို့. Show all posts
Showing posts with label ဆေးနဲ့ပါတ်သတ်လို့. Show all posts

Sunday, October 23, 2011

ဝက်ခြံ ဋီကာ (၁)


လူတိုင်းလိုလို ဝက်ခြံဆိုတာ ပေါက်ဖူးကြမှာပါနော်။ မြန်မာလိုဘာလို့ ဝက်ခြံလို့သမုတ်ခဲ့ ကြသလဲတော့မသိ။ သိရင်ပြောပြကြပါနော်။ ဒီနေ့တော့ အားတာနဲ့ အင်တာနက်မှာ ရှာဖွေရင်း ဝက်ခြံ အကြောင်းလေးကို သင့်တော်သလို ဘာသာပြန်လိုက်ပါတယ်။

ဝက်ခြံ ဟာ မာယာသိပ်များပါသတဲ့။ ဝက်ခြံစဖြစ်ပြီဟေ့ဆိုရင်.. တစ်လုံးပျောက်မယ် မကျန်သေး.. ဟောနောက်တစ်လုံး နောက်တစ်လုံး ဆိုသလို ထွက်လာပါတော့တယ်... စစ်ပွဲတစ်ပွဲ တိုက်နေတာနဲ့ အလားတူပါသတဲ့။ ဟုတ်တယ်ဟုတ်... ဝက်ခြံဟာ ခန္ဓာကိုယ်ထဲက ဟော်မုန်းဓာတ်အပြောင်းအလဲ နဲ့ တော်တော်လေးကို သက်ဆိုင်နေပြီး ဆယ်ကျော်သက်လေးတွေမှာ အတွေ့ရအများဆုံးဖြစ်ပါတယ်။

ဒါပေမဲ့လဲ အသက်အရွယ်မရွေး၊ ကျားမ မရွေး ဝက်ခြံပေါက်တတ်ပါတယ်။ ဥပမာ.. အရွယ်ရောက်ပြီး အမျိုးသမီးတွေဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်၊ ဓမ္မတာလာနေချိန် နဲ့ ကိုယ်ဝန်တားဆေးသုံးစွဲချိန်တွေမှာ တွေ့ကြုံရတတ်ပါတယ်။ ဆယ်ကျော်သက်နဲ့ အရွယ်ရောက်ပြီးသူတွေမှာ ပေါက်တတ်တဲ့ ဝက်ခြံဟာ အချို့ဆိုရင် လပေါင်းများစွာကြာအောင် အမြစ်ပြတ်စေဖို့ ကုယူကြရပါတယ်။ ဘာပဲပြောပြော .. ဝက်ခြံပေါက်ရင် စိတ်ပိုင်းဆိုင်ရာ ခံစားမှုနဲ့အတူ အနာရွတ်တွေ ထင်ကျန်ရစ်စေနိုင်တာ သူ့ရဲ့ဆိုးကျိုးတွေပါပဲ။

ကောင်းသတင်းလေးကတော့ ဝက်ခြံပျောက်ကင်းအောင် ကုသဖို့ နည်းလမ်းလေးတွေ ရှိပါသတဲ့။ ဝက်ခြံ အနုစားတွေဆိုရင် တစ်ကိုယ်ရည်သန့်ရှင်းမှု ဂရုပြုရင်း သန့်စင်အောင် ဆေးကြောပြီး ဝက်ခြံပျောက်စေတဲ့ ခရင်မ်တစ်မျိုးမျိုးကို လိမ်းနိုင်ပါတယ်။ တကယ်လို့ အပြင်းစားဝက်ခြံတွေဆိုရင်တော့ သောက်ဆေးအကူအညီယူဖို့လိုအပ်ပြီပေါ့။

ရောဂါလက္ခဏာ

အများအားဖြင့် ဝက်ခြံကို မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ ကျောကုန်း၊ ပခုံး စတဲ့နေရာတွေမှာ တွေ့ရတတ်ပြီး အဆီ ဂလင်းလေးတွေဟာ အဲဒီနေရာတွေမှာ အတော်များများ ရှိနေလို့ဖြစ်ပါသတဲ့။ ဝက်ခြံတွေကို အမျိုးအစားခွဲကြည့်မယ်ဆိုရင်တော့...
  1. Comedones
  2. Papules
  3. Pustules
  4. Nodules
  5. Cysts
ရယ်လို့ ခွဲထားပါသေးတယ်။ အသေးစိတ်တော့ မရေးတော့ဘူးနော်...

ဝက်ခြံဘာကြောင့်ဖြစ် ???

အကြောင်းအရာ သုံးမျိုးက ဝက်ခြံဖြစ်စေဖို့ တွန်းအားတွေပါတဲ့.. ဘာတွေပါလိမ့်???

၁။ အဆီထွက်လွန်ခြင်း
၂။ အရေပြား မျက်နှာပြင်ပေါ်က ဆဲလ်အသေတွေ ကြွေကျချိန်မှာ ပုံစံမမှန်ပဲ မွှေးညှင်းအိတ် လေးတွေကို ထိခိုက်စေခြင်း
၃။ ပိုးမွှားဝင်ခြင်း တို့ပါပဲ။

မွှေးညှင်းအိတ် လေးတွေ အဆီတွေနဲ့ ခဲနေပြီး ဆဲလ်အသေတွေနဲ့ပေါင်းစပ်မိသွားတာဟာ ဝက်ခြံကို အစပျိုးစေပါတယ်။ အဲဒီ မွှေးညှင်းအိတ်လေးတွေ ဟာ ဆီဘမ်လို့ခေါ်တဲ့ အဆီထွက်တဲ့ အဆီအိတ်နဲ့ ဆက်စပ်နေပါသတဲ့။ အဆီအိတ်က ထုတ်လိုက်တဲ့ အဆီတွေဟာ ပုံမှန်ဆိုရင် အရေပြားမျက်နှာပြင်ပေါ်ကို မွှေးညှင်းနဲ့အတူ ဆန်တက်ပြီး မွှေးညှင်းပေါက်မှာ သွားပွင့်ပါတယ်။
တကယ်လို့ အလွန်အမင်း အဆီပြန်တတ်တဲ့ အသားအရေမှာ ဆဲလ်အသေတွေနဲ့ ပေါင်းမိပြီဆိုရင် ပထမဆုံး မွှေးညှင်းပေါက်လေးတွေဟာ အပျော့စား ပိတ်သွားပါတော့တယ်။ အဲဒီမှာ အဖြူရောင်အဆံလေးတွေ စပြီးတော့ ပေါ်လာတော့တာပဲ။ ဒါမှမဟုတ် အမဲစက်လေးတွေ အနေနဲ့လဲ တွေ့နိုင်ပါသတဲ့။

လူအများစု ထင်နေကြသလိုမဟုတ်ပဲ အစားအသောက်ဟာ ဝက်ခြံဖြစ်ပွားမှုအပေါ် အကျိုးသက်ရောက်မှု အနည်းငယ်သာရှိပါသတဲ့။

ဝက်ခြံဖြစ်စေဖို့ တွန်းအားတွေ ???
  • ဆယ်ကျော်သက် ကျား၊မ မရွေး
  • ဓမ္မတာ မလာမှီ ၂ ရက်မှ ၇ ရက်အလို
  • ကိုယ်ဝန်သည်တွေ
  • ဆေးသောက်နေတဲ့ သူတွေ.. ဥပမာ.. ကော်တီဆုန်း ပါတဲ့ဆေးတွေပေါ့။

ကျန်တဲ့ တွန်းအားတွေကတော့...
  • အဆီဓါတ်ပါတဲ့ အလှကုန်ပစ္စည်းတွေ
  • မိသားစုဝင်တွေမှာ ဝက်ခြံပေါက်တဲ့ အလေ့ရှိနေရင်
  • အရေပြားပေါ်ကို ဖိအား၊ ပွတ်တိုက်အားများစေတဲ့အကြောင်းရင်းတွေ.. ဥပမာ.. ဟန်းဖုန်း၊ အင်္ကျီကော်လာ အကျပ်တွေ ဝတ်တာ စသဖြင့်ပေါ့။

ဝက်ခြံ ကုသနည်း အသေးစိတ်ကို နောက်မှဆက်ရေးမယ်နော်။ ရေးရင်းနဲ့ အတော်ရှည်သွားလို့ ဒီမှာပဲ ခဏရပ်ခွင့်ပြုပါဗျာ။

ဝက်ခြံ ဋီကာ

ကုထုံး နဲ့ သုံးမဲ့ဆေးတွေ

ဝက်ခြံ ပျောက်စေမဲ့ အဓိက ကုထုံးတွေမှာ အဆီဓါတ်လျော့နည်းအောင် ပြုလုပ်ပေးခြင်း၊ အရေပြား မျက်နှာပြင်ပေါ်က ဆဲလ်တွေရဲ့ ဇီဝ ဖြစ်စဉ်ကို လျင်မြန်စေရန်တွန်းအားပေးခြင်း၊ ရောင်ရမ်းမှုကို လျော့ကျအောင် စွမ်းဆောင်ပေးခြင်း စတာတွေ ပါဝင်ပါတယ်။ အရေပြား ဆရာဝန်တွေ နဲ့ ပြသဖြစ်မယ်ဆိုရင်တော့ လိမ်းဆေး၊ ဒါမှမဟုတ် သောက်ဆေး ညွှန်းပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာကတော့ ကိုယ်ဝန်ဆောင်နေစဉ်.. အထူးသဖြင့် ပထမသုံးလပါတ်မှာ ဖြစ်နိုင်ရင် မသောက်တာကောင်းပါတယ်။

(၁) အရေပြားလိမ်းဆေး

အရေပြားလိမ်းဆေးတွေရဲ့ အာနိသင်မှာ အဆီဓါတ် ခမ်းခြောက်လွယ်စေဖို့၊ ပိုးမွှားတွေကို သေစေဖို့ နဲ့ မျက်နှာပြင်ပေါ်က ဆဲလ် အသေတွေကို မြန်မြန် ဖယ်ရှားပစ်စေဖို့တို့ ပါဝင်ပါတယ်။ အများအားဖြင့် အဲဒီဆေးတွေမှာ ဘင်ဇွိုင်း ပါအောက်ဆိုဒ်၊ ဆာလ်ဖာ၊ ရီကော်ဆီနောလ်၊ ဆယ်လီစလစ် အက်ဆစ် စတာတွေ ပါဝင်တတ်ပါတယ်။ ဝက်ခြံအပျော့စားတွေ အတွက် အဲဒီလိမ်းဆေးတွေက သင့်လျော်လှပါတယ်။

(၂) ပိုးသတ်ဆေး

အလယ်အလတ်စား နဲ့ အပြင်းစား ဝက်ခြံတွေဆိုရင်တော့ ပိုးသတ်ဆေးတွေ တွဲသုံးဖို့လိုအပ်လာပါပြီ။ အရေပြားရောင်ရမ်းမှု နည်းစေပြီး ပိုးတွေကို တိုက်ခိုက်ချေမှုန်းတဲ့ အာနိသင်တွေ ရှိပါတယ်။ တစ်ခါတစ်လေကျရင် လတန်းကချီပြီးတော့ ပိုးသတ်ဆေးတွေ သုံးစွဲရတတ်ပါတယ်။

(၃) Isotretinoin

အဲဒီဆေးကတော့ နဲနဲပြင်းပါတယ်။ အနာရွတ်တွေ ဗလပွနဲ့ ဖြစ်နေတဲ့ ဝက်ခြံ၊ အဲ.. ဒါမှမဟုတ် အခြားပိုးသတ်ဆေး မတိုးတော့တဲ့ အခြေအနေမျိုးမှာ ပေးလေ့ရှိပါတယ်။ ဒါကြောင့် အဲဒီဆေးကို သာမာန်အားဖြင့် ညွှန်းလေ့မရှိပဲ နောက်ဆုံးလက်နက်အနေနဲ့ ချန်ထားလေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ အတော့်ကိုများပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေ သောက်မိမယ်ဆိုရင်တော့ သန္ဓေသားမှာ ချို့ယွင်းချက်တွေနဲ့ မွေးလာနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကို အဲဒီဆေးမညွှန်းခင် ကိုယ်ဝန်ရှိမရှိ အရင် စမ်းသပ်စစ်ဆေးပြီးတော့မှ ပေးသင့်ပါတယ်လို့ အကြံပြုထားပါတယ်။ နောက်ပြီး သွေးတွင်း အဆီဓါတ်ကို တက်စေတာဟာ အဲဒီဆေးရဲ့ အခြားဘေးထွက်ဆိုးကျိုးပါပဲ။

(၄) ကိုယ်ဝန်တားဆေး

လေ့လာပြီးတဲ့ စမ်းသပ်ချက်တွေအရ ကိုယ်ဝန်တားဆေးတွေဟာ တစ်ချို့ အမျိုးသမီးတွေ မှာ ဝက်ခြံသက်သာ ပျောက်ကင်းစေပါသတဲ့။ ဒါပေမဲ့ တားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလဲ အများကြီးရှိပါသေးတယ်။

(၅) လေဆာ နဲ့ အလင်းကုထုံး

လေဆာ နဲ့ကုမယ်ဆိုရင် အရေပြား အတွင်းနက်နက်အထိ အာနိသင် ရရှိပြီး အပေါ်ယံအရေပြားကို မထိခိုက်စေပါဘူးလို့ ပြောထားပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ အဆီဂလင်းတွေကို ပျက်စီးစေပြီး အဆီထွက်နည်းစေဖို့ပါပဲ။ အလင်းကုထုံးကတော့ ပိုးမွှားတွေအပေါ်မှာ အာနိသင်ရှိပါသတဲ့။ အဲဒီ နည်းနှစ်မျိုးလုံးဟာ အရေပြားရဲ့ မျက်နှာပြင်ကို အားကောင်းစေပြီး အနာရွတ်ထင်ကျန်ရစ်စေခြင်းကို နည်းပါးစေပါတယ်။

(၆) အလှကုန် ပစ္စည်းသုံးခြင်း

ဓာတု ပစ္စည်းတွေပါဝင်တဲ့ မျက်နှာအလွှာ ကပ်ခွာပြုလုပ်ခြင်း နဲ့ အရေပြားကို အဏုနည်း ကော်ပတ်စားသလို စားပစ်စေခြင်းဟာလည်း ဝက်ခြံကုထုံးတွေမှာ ပါဝင်ပါတယ်။

အနာရွတ် ကုထုံး

ကော်လက်ဂျင် ဒါမှမဟုတ် အဆီတွေကို အရေပြားအောက် နဲ့ အနာရွတ်ထဲကို ထိုးပေးခြင်းဖြင့် အသားအရေ တင်းလာစေပြီး အနာရွတ်တွေကို မှေးမှိန်သွားစေနိုင်ပါတယ်။

Dermabrasion လို့ခေါ်တဲ့ အရေပြားမျက်နှာပြင် စားပစ်တာကိုတော့ အနာရွတ်ရှိတဲ့ အပြင်းစား ဝက်ခြံတွေမှာ သုံးနိုင်ပါတယ်။ သူက အပေါ်ယံ အနာရွတ် တစ်ခုလုံးကို စက်နဲ့ လုံးဝ စားပစ်လိုက်တာပါ။

နောက်တစ်မျိုးက Microdermabrasion ပါပဲ။ သူကတော့ ပုံဆောင်ခဲလေးတွေကို အရေပြားမျက်နှာပြင်ပေါ်ကို မှုတ်ပေးလိုက်တာပါ။ အဲဒီ အခဲလေးတွေက အရေပြားမျက်နှာပြင်ကို ချောမွေ့သွားစေပါတယ်။ အဲဒီနောက် လေစုပ်ခွက်နဲ့ အခဲလေးတွေရော အရေပြားဆဲလ်တွေပါ ပြန်လည်စုပ်ယူလိုက်ပါတယ်။ နောက်ဆုံး အရေပြားမျက်နှာပြင် ချောချောလေး ကျန်ခဲ့တော့တာပေါ့။

နောက်ဆုံးကတော့ အသေးစား ခွဲစိတ်ကုသခြင်းပါပဲ။ Punch Excision လို့ခေါ်တဲ့ နည်းနဲ့ အရေပြားပေါ်က အနာရွတ်တွေကို ဖယ်ရှားပစ်လိုက်ပါတော့တယ်။

ကာကွယ်ကြမယ် ဝက်ခြံအန္တရာယ်

  • ဝက်ခြံအထွက်များတဲ့ အရေပြားနေရာတွေကို တစ်နေ့ နှစ်ကြိမ် ဆေးကြောသန့်စင်ခြင်းဖြင့် အဆီဓါတ်နဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပြီးသား ဖြစ်စေပါတယ်။ ဒါပေမဲ့ အကြိမ်အများကြီး ဆေးမိရင် အရေပြားကို သွားဆွသလိုဖြစ်စေတတ်ပါတယ်။
  • ဝက်ခြံလိမ်းဆေးတွေ၊ ဂျဲလ်တွေ သုံးပြီး အဆီဓါတ် ခမ်းခြောက်စေဖို့ အားပေးနိုင်ပါတယ်။
  • အမျိုးသမီးတွေအတွက် အောက်ခံ မိတ်ကပ် ထူထူကြီး မလိမ်းရန် အကြံပေးထားပါတယ်။
  • အိပ်ယာမဝင်ခင် မိတ်ကပ်လိမ်းထားတာတွေကို သန့်စင်ပြီးတော့မှ အိပ်ရာဝင်ဖို့ တိုက်တွန်းထားပါတယ်။
  • ခပ်ချောင်ချောင် ခပ်ပွပွ အဝတ်အစားတွေ ဝတ်ဖို့လဲ အကြံပြုထားပါတယ်။
  • ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပြီးတိုင်းနဲ့ အားသွန်ခွန်စိုက်လုပ်ရတဲ့ အလုပ်တွေ လုပ်ပြီးတိုင်း ရေချိုးဖို့လည်း အကြံပြုထားပါတယ်။