Tuesday, September 7, 2010

လူငယ်နှင့်ညစ်ညမ်းဗွီဒီယို၊ ဓါတ်ပုံ၊ ဥပဒေအကြောင်း

လူငယ်နှင့်ညစ်ညမ်းဗီဒီယို၊ဓါတ်ပုံ
ညစ်ညမ်းဗီဒီယို၊ ဓာတ်ပုံများကို ညစ်ညမ်းမှုပြုလုပ်သူ ကိုယ်တိုင်က ဖြစ်စေ၊ အခြားသူကဖြစ်စေ ရိုက်ကူး၍ အင်တာနက် ၀က်ဆိုက်မှ ဖြန့်ချိပါက ထောင်ဒဏ်ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ် ခံရနိုင်သောကြောင့် သတိပြုဆင်ခြင်စရာ ဖြစ်နေ
ညစ်ညမ်းဗီဒီယို၊ ဓာတ်ပုံများကို ညစ်ညမ်းမှုပြုလုပ်သူကိုယ်တိုင်က ဖြစ်စေ အခြားသူတစ်ဦးကဖြစ်စေ ရိုက်ကူး၍ အင်တာနက်ဝက်ဆိုက်မှ ဖြန့်ချိပါက ထောင်ဒဏ်ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ် ခံရနိုင်သောကြောင့် လူငယ်များ ဆင်ခြင်စရာဖြစ်နေကြောင်း ဥပဒေပညာရှင်များက သတိပေးပြောကြားခဲ့ကြသည်။
လက်ရှိအချိန်တွင် ညစ်ညမ်းဗီဒီယိုများအား ရိုက်ကူး၍ အင်တာနက်ဝက်ဆိုက်မှ တစ်ဆင့်ဖြန့်ချိမှုများ ပြုလုပ်နေကြကြောင်းနှင့် ညစ်ညမ်း ဗီဒီယိုရိုက်ကူးရာတွင် ညစ်ညမ်းမှုပြုလုပ်နေသူ အမျိုးသားကိုယ်တိုင်ကဖြစ်စေ၊ အခြားသူတစ်ဦးက ခိုး၍ဖြစ်စေ ရိုက်ကူးထားခြင်းဖြစ်သည်ဟု အင်တာနက် အီးမေးလ် အသုံးပြုနေသူများ အကြားထွက်ပေါ်နေသော သတင်းများအရ သိရသည်။
ထို့ပြင် ဓာတ်ပုံအချို့ကိုလည်း ကွန်ပျူတာနည်းပညာဖြင့် ဖြတ်ဆက်ကပ်ညှပ်လုပ်ကာ ကာယကံရှင် သိက္ခာကျစေရန် ၀က်ဆိုက်အချို့မှ ဖြန့်ဝေမှုများလည်း ရှိနေကြောင်း သိရသည်။
အင်တာနက်ဝက်ဆိုက်ပေါ်မှ တစ်ဆင့်ပျံ့နှံ့နေသော ညစ်ညမ်းဗီဒီယို၊ ညစ်ညမ်းဓာတ်ပုံများထဲတွင် အစစ်အမှန်များ ပါသကဲ့သို့ အတုအယောင်နှင့် ဆင်တူယိုးမှားများလည်း ပါဝင်ကြောင်း အင်တာနက်အသုံးပြု နေသူများထံမှ သိရသည်။
“လူငယ်တွေကြားမှာ ဒီသတင်းတွေပျံ့နေတာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေပျံ့နေတာကပဲ လူငယ်တွေ အယူလွဲမှား အားကျမှာ စိုးရိမ်စရာပါ။ ဒါကြောင့် လူငယ်တွေကို သတိပေးချင်တာက ဒီလိုဖြစ်ရပ်တွေမှာ မိန်းကလေးက မသိဘဲ အမျိုးသားတွေက ရိုက်ကူးဖြန့်ချိရင် မိန်းကလေး က ထိခိုက်နစ်နာ ဂုဏ်သိက္ခာကျလို့ တရားစွဲရင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ အမျိုးသားတွေ ထောင်ငါးနှစ်ထိ ကျနိုင်တယ်”
အင်တာနက်ဝက်ဆိုက်ပေါ်မှ တစ်ဆင့် ပျံ့နှံ့နေသော ညစ်ညမ်းဗီဒီယို၊ ညစ်ညမ်းဓာတ်ပုံများနှင့် ပတ်သက်ဆက်နွှယ်သူများထဲတွင် အနုပညာရှင်သရုပ်ဆောင်၊ မော်ဒယ်၊ အဆိုတော်အချို့နှင့် စီးပွားရေးလောက အတွင်းမှ ကျင်လည်နေသူအချို့လည်း ပါဝင်ကြောင်းသိရသည်။
ညစ်ညမ်းဗီဒီယိုများနှင့် ညစ်ညမ်းဓာတ်ပုံများကို ခိုး၍ရိုက်ကူးရာတွင် ဟိုတယ်နှင့်တည်းခိုခန်းအိပ်ခန်းအတွင်း အဆင့်မြင့်ကင်မရာ အသေးစားများ တပ်ဆင်ရိုက်ကူးခြင်းဖြစ်ကြောင်း၊ မြန်မာမော်ဒယ် မင်းသမီးအချို့၏ ညစ်ညမ်းဗီဒီယိုဟုဆိုသည့် ညစ်ညမ်းခွေအချို့မှာမူ ပြည်ပနိုင်ငံများရှိ ညစ်ညမ်းခွေများမှ ရုပ်ချင်းဆင်သူများ၏ အခန်းများကို ရွေးထုတ်အတု ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
"အဲဒီလို လူငယ်တွေကြားမှာ ဒီသတင်းတွေပျံ့နေတာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေပျံ့နေတာကပဲ လူငယ်တွေ အယူလွဲမှား အားကျမှာ စိုးရိမ်စရာပါ။ ဒါကြောင့် လူငယ်တွေကို သတိပေးချင်တာက ဒီလိုဖြစ်ရပ်တွေမှာ မိန်းကလေးက မသိဘဲ အမျိုးသားတွေက ရိုက်ကူးဖြန့်ချိရင် မိန်းကလေး က ထိခိုက်နစ်နာ ဂုဏ်သိက္ခာကျလို့ တရားစွဲရင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ အမျိုးသားတွေ ထောင်ငါးနှစ်ထိ ကျနိုင်တယ်။ အမျိုးသားတွေကမသိဘဲ အမျိုးသမီးတွေက ရိုက်ကူးဖြန့်ချိရင် အမျိုးသားက ထိခိုက်နစ်နာဂုဏ်သိက္ခာကျလို့ တရားစွဲရင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ အမျိုးသမီးတွေ ထောင်ငါးနှစ်ထိ ကျနိုင်တယ်။ တခြားသူတွေက ခိုးရိုက်ရင်လည်း အတူတူပါပဲ။ ဒါကြောင့် ဒီလိုလုပ်ရပ်တွေကို သတိထားဖို့ လူငယ်တွေကို အကြံပေးချင်ပါတယ်"ဟု ဥပဒေပညာရှင်တစ်ဦးက ရှင်းပြပါသည်။
မည်သူမဆို အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦး ကို ထိခိုက်နစ်နာစေရန်ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန်ဖြစ်စေ၊ သတင်း အချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချိခြင်းစသည့် ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား ထောင်ဒဏ်ငါးနှစ် အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄ (ဃ) တွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။
အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေအရ သတင်းအချက်အလက် ဆိုရာတွင် အချက်အလက်(Data)၊ မူရင်းစာ(Text)၊ ပုံရိပ် သဏ္ဌာန်(Image) အသံ၊ သင်္ကေတ (Code)၊ ကွန်ပျူတာပရိုဂရမ်၊ ဆော့ဖ် ၀ဲ(Software) နှင့် အချက်အလက် အစုအဝေး(Database)တို့ ပါဝင်သည်။
မည်သူမဆို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ အရအရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို ပြည်တွင်းတွင် ကျူးလွန်လျှင် ဖြစ်စေ၊ ပြည်တွင်းမှပြည်ပသို့ လည်းကောင်း၊ ပြည်ပမှ ပြည်တွင်းသို့ လည်းကောင်း အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ ကျူးလွန်လျှင်ဖြစ်စေ ဤဥပဒေနှင့် သက်ဆိုင်စေရမည် ဖြစ်ကြောင်း သိရသည်။
အထက်တန်းရှေ့နေ တစ်ဦးကလည်း "အခု ညစ်ညမ်းခွေတွေကို အင်တာနက်ကတစ်ဆင့် ကူးယူပြီး အခွေတွေအနေနဲ့ ဖြန့်ချိရောင်းချတဲ့ လူငယ်တွေလည်း ရှိတယ်လို့ ကြားနေရတယ်။ ညစ်ညမ်းခွေမှ မဟုတ်ပါဘူး။ ဘယ်ခွေကိုမဆို တရားမ၀င် ကူးယူဖြန့်ချိရင် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေအရ အရေးယူခံရနိုင်ပါတယ်။ ဘယ်သူမဆို ဗီဒီယိုလုပ်ငန်း လိုင်စင်မရှိဘဲ စီးပွားရေးအလို့ငှာ ဗီဒီယိုလုပ်ငန်းလုပ်ကိုင်တာ၊ ဒီဥပဒေ အရ ကင်းလွတ်ခွင့်ပြုတဲ့ ကိစ္စရပ်တွေ မှအပ ဗီဒီယိုဆင်ဆာလက်မှတ်နဲ့ ခွင့်ပြုအမှတ်စဉ်ပါရှိတဲ့ ဗီဒီယိုဆင်ဆာ လက်မှတ်အသေးမပါရှိတဲ့ ဗီဒီယိုတိပ်ခွေကို ကူးယူတာ၊ ဖြန့်ချိတာ၊ ငှားရမ်းတာ၊ ပြသတာတွေစတဲ့ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်တယ်လို့ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရရင် ထောင်ဒဏ်သုံးနှစ်အထိ ဖြစ်ဖြစ်၊ ငွေဒဏ်ကျပ်တစ်သိန်း အထိဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ခံရနိုင်ပါတယ်။ အဲဒါကို ရုပ်မြင်သံကြား နှင့်ဗီဒီယိုဥပဒေပုဒ်မ ၃၂ မှာဆိုထား ပါတယ်"ဟု ပြောကြားခဲ့သည်။
ထို့အပြင် မည်သူမဆိုညစ်ညမ်းသောစာအုပ်၊ စာအုပ်ငယ်၊ စာရွက် စာတမ်း၊ ရေးဆွဲသောပုံ၊ ပန်းချီကား၊ ပုံသဏ္ဌာန်ရုပ်ပုံ တစ်မျိုးမျိုးကိုသို့တည်း မဟုတ် ညစ်ညမ်းသော အရာဝတ္ထုကို ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှ ခြင်း၊ အများပြည်သူတို့ မြင်သာအောင် ပြခြင်း၊ တစ်ခုခုကိုပြုလျှင် သို့တည်းမဟုတ် နည်းတစ်မျိုးမျိုးဖြင့် ဖြန့်ချိ ခြင်းပြုလျှင် သို့တည်းမဟုတ် ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ အများပြည်သူတို့မြင်သာအောင်ပြခြင်း၊ ဖြန့်ချိခြင်းကိစ္စတစ်ခုခုအလို့ငှာ ပြုလျှင် သို့တည်းမဟုတ် ထုတ်လုပ်လျှင် သို့တည်းမဟုတ် လက်ရှိထားလျှင် ဤပုဒ်မအရ ပြစ်မှုမြောက်သော ပြုလုပ်မှုတစ်ခုခုကိုပြုရန် ကမ်းလှမ်းလျှင် သို့တည်းမဟုတ် အားထုတ်လျှင် ထိုသူကို သုံးလအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၂ အရ သိရသည်။
ထို့အတူ မည်သူမဆို တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မ တွင် ဖော်ပြထားသည့် ညစ်ညမ်းသော အရာဝတ္ထုတစ်ခုခုကို အသက် ၂၀ မပြည့်သေးသော သူတစ်ဦးတစ်ယောက် သို့ ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှ ခြင်း၊ ပြခြင်း၊ ဖြန့်ချိခြင်း တစ်ခုခုပြု လျှင် သို့တည်းမဟုတ် ထိုသို့ပြုရန် ကမ်းလှမ်းခြင်း၊ အားထုတ်ခြင်းတစ် ခုခုပြုလျှင် ထိုသူကို ခြောက်လအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၃ အရသိရသည်။