Friday, February 14, 2014

စိတ်ခံစားမှု ကောင်းစေမည့် အချက် ၁၀ ချက်



ဘဝမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကြောင့် စိတ်ရှုပ်ထွေးမှု တွေကတော့ ကြုံတွေ့ရတတ်ပါတယ်။ ဒါတွေကို အကြာကြီး အချိန်ဆွဲ မထားဘဲ အောက်ပါ နည်းလမ်းတွေကို သုံးကြည့်ပါ။ ငါးမိနစ်လောက်နဲ့ စိတ်ခံစားမှု ကောင်းလာ နိုင်ပါတယ်။

၁။ အပြင်ထွက် လမ်းလျှောက်ပါ
စိတ်ရှုပ်ထွေးလာချိန်မှာ တစ်ယောက်တည်း အပြင်ကိုထွက်ပြီး လမ်းလျှောက်ကာ ပတ်ဝန်းကျင်က လတ်ဆတ်တဲ့ လေကို ရှူရှိုက်လိုက်ပါ။ သင့် အလုပ်စားပွဲက အလုပ်တွေ၊ အိမ်ထဲက ပြဿနာတွေ၊ လူမှုရေး ကိစ္စတွေကို ခဏလောက် မေ့ပြီး ခန္ဓာကိုယ် နွေးထွေးတဲ့အထိ လမ်းလျှောက်လိုက်ပါ။

၂။ သီချင်းနားထောင်ပါ
မြူးကြွတဲ့ သီချင်းဖွင့်ပြီး မျက်စိမှိတ်ကာ ကခုန်လိုက်ပါ။ ဒါမှမဟုတ် လေ့ကျင့်ခန်း တစ်ခုခု ပြုလုပ်လိုက်ပါ။

၃။ ဟာသလုပ်ပါ
ရိုင်းစိုင်းတဲ့ အပြုအမှုမျိုး မဟုတ်ဘဲ သွက်လက်တဲ့ အမူအရာတွေနဲ့ ဟာသပြုလုပ်ရင်း မိတ်ဆွေတွေနဲ့ စကားပြောပါ။ သင်ရဲ့ပြောင်းလဲတဲ့ အမူအရာကြောင့် သင့် မိတ်ဆွေတွေက သင့်က တန်ပြန်ဟာသတွေ ပြောနေပါလိမ့်မယ်။

၎။ လက်ဖက်ရည်သောက်ပါ
ကော်ဖီထက် စိတ်ခံစားမှု ကောင်းစေတာက လက်ဖက်ရညပါ။ လေ့လာမှုတွေအရ လက်ဖက်ရည်ကြမ်း တစ်နေ့ကို လေးခွက် သောက်သူတွေဟာ စိတ်ဖိစီးမှု ဖြစ်စေတဲ့ ဟော်မုန်းကို လျှော့ချပေးနိုင်ကြောင်း သိခဲ့ရပါတယ်။

၅။ ရေစိမ်ချိုးပါ
အေးမြတဲ့ ရေပန်းအောက်မှာ နှစ်မိနစ်လောက် မျက်နှာကမော့ပြီး မျက်နှာပေါ်ကျလာတဲ့ အေးမြတဲ့ရေကို ခံစားကြည့်ပါ။ စိတ်ခံစားမှု တကယ်ပဲ ကောင်းစေပါတယ်။

၆။ အရောင်တောက်တာတွေ ဝတ်ဆင်ပါ
သစ်လွင် တောက်ပတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။

၇။ သံပရာရနံ့ရှူပါ
သံပရာရနံ့ပါတဲ့ လိုးရှင်းတွေဟာ စိတ်ကို ကြည်လင်စေပါတယ်။ ဗီတာမင်စီဟာ သောက်သုံးရာမှာ အကျိုးရှိရုံသာမက ရနံ့ကြောင့်လည်း လူကို လန်းဆန်းစေပါတယ်။ သံပရာ၊ သံပရိုနံ လိမ္မော်သီးတွေရဲ့ ရနံ့ကို ရှူပါ။

၈။ အနားယူပါ
ထိုင်ခုံ တစ်ခုပေါ်မှာ ထိုင်ပြီး နောက် ကျောတွေကို မှီလိုကကာ ဦးခေါင်းကို နောက်မှီ ထိုင်ခုံပေါ် မော့လိုက်ပြီး မျက်စိ မှိတ်ထားလိုက်ကာ အသက်ကို ပုံမှန်ရှူပြီး ခဏမှိန်းနေပါ။

၉။ ချောကလက်စားပါ
ချောကလက် အနည်းငယ် စားတာဟာ ခန္ဓာကိုယ်ထဲက ခံစားမှုကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းတွေ ထွက်ရှိနိုင်တာကြောင့် အနက်ရောင် ချောကလက် တစ်လက်မလောက် စားပေးပါ။

၁၀။ အကြောဆန့်လေ့ကျင့်ခန်း လုပ်ပါ
ဘယ်နဲ့ညာ လက်ချောင်းလေးတွေ တစ်ခုနဲ့တစ်ခု ယှက်ပြီး ဆန့်တန်း ထုတ်တဲ့ လေ့ကျင့်မှုမျိုးတွေနဲ့ အကြောဆန့်တဲ့ ဆွဲဆန့် လေ့ကျင့်ခန်းတွေ ငါးမိနစ်လောက် ပြုလုပ်ပေးပါ

AB - သွေး ၊ A - သွေး ၊ B-သွေး ၊ O-သွေး ပိုင်ရှင်တို့ရဲ့ အကြောင်း


သွေးအုပ်စု - O
၁။ မုဆိုးနှင့်တူသော စရိုက်လက္ခဏာ ရှိသည်။
၂။ အစာ၊ ရေမျိုပြွန် တစ်လျှောက်မကောင်း။
၃။ လွန်ကဲသော ရောဂါခုခံ ကာကွယ်မှုစနစ်ကို ပိုင်ဆိုင်ထားသည်။
၎။ အစားအသောက် ပတ်ဝန်းကျင်တို့နှင့် လိုက်လျော ညီထွေမှု မရှိပါ။
၅။ ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကိုယ်လက်လှုပ်ရှားမှုကို အကောင်းဆုံး တုံ့ပြန်နိုင်သည်။
၆။ကျစ်ကျစ်လျစ်လျစ်နှင့် အင်အားပြည့်နေစေရန် သွက်လက်ထိရောက်သာ ဇီဝဖြစ်ပျက်မှု ဖြစ်စဉ် လိုအပ်သည်။
၇။ခွန်အား၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကြိုတင်သိမြင်မှု၊လုပ်ရဲကိုင်ရဲမှု၊ ခံနိုင်ရည်ရှိမှုနှင့် မွေးရာပါ အကောင်းမြင်စိတ် ရှိသူတို့ဖြစ်သည်။
၈။ ကိုယ့်ကိုယ်ကို တန်ဖိုးထားလွန်း အားကြီးသည်။
၉။ ပင်ပန်းခံနိုင်၍ ခွန်အားကြီးကြသည်။
၁၀။ အသားဓာတ် ကြွယ်ဝသော အစာ အာဟာရများကို နှစ်သက်စွာ မှီဝဲကြသည်။
၁၁။ ကိုယ်ကာယ လေ့ကျင့်ခန်းနှင့် ပြင်းပြင်းထန်ထန်လှုပ်ရှားမှုကို ခံနိုင်ရည်ရှိသည်။
၁၂။လေ့ကျင့်ခန်းများနှင့် ကင်းကွာပါက စိတ်ဓါတ်ကျခြင်း ၊ အ၀လွန်ခြင်းစသည့် ပြဿနာများ ၀င်လာတတ်သည်။
၁၃။ အင်အားကြီးမားသော တိကျ သေချာသော စွမ်းရည်မြင့်မားသော ခေါင်းဆောင်မှု အရည်အသွေးများ ရှိသည်။
၁၄။ ကျန်းမာသန်စွမ်း၍ အကောင်းမြင် တတ်သည်။

ထို့ထက်ပို၍ ဆိုရလျှင် အိုသွေး ပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာ ရှာတတ်ကြပေမယ့်
သူငယ်ချင်းတွေနဲ့ ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှု စောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတတ်သူများ ဖြစ်ကြပါတယ်။ အရာအားလုံးကိုတက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက် တတ်သူများ ဖြစ်ကြပါတယ်။
အလုပ် အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထား တတ်ကြပါသတဲ့။

အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်းတစ်ခုမှ မထားဘဲလက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့။ အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလိုအခြေအနေ အလိုက်စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့။ ရလဒ်ကိုဘဲ ဦးစားပေးသူများ လို့လည်း ဆိုနိုင်ပါသတဲ့။ အလုပ်တစ်ခုကို လုပ်တော့မယ် ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့။

ကိုယ့် စတိုင်လ်နဲ့ကိုယ် နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်။ ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာ လောကကို ခြေချမယ် ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့။
ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင် ကသာ အမှန်ဖြစ်တယ် ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်။ အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက် လှပါဘူး။ အိုသွေး ပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်။ တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက် ကြပါတယ်တဲ့။

အိုသွေး ပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီးသည်းခံ တတ်ပေမယ့် ရေရှည်တော့ သည်းမခံ နိုင်ပါဘူးတဲ့။ လူတွေနဲ့ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထားကြီးကြီးနဲ့ ဆက်ဆံ တတ်ကြပါသတဲ့။ ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုး လည်း ရှိပါတယ်။

အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါ သတဲ့... တစ်ယောက်ယောက်နဲ့ စိတ်ကသိ ကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့။ ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီး နေနိုင်သူများပါ။
ခြုံပြီးကြည့်ရင်တော့ ...

အိုသွေးတို့ရဲ့  အတွင်းစိတ်ကတော့ အမှန်ကို ဖုံးကွယ်တတ်သူတွေကို သည်းမခံတတ်ပါဘူး။ အခြေခံ အပြုအမူတွေ အနေနဲ့ ပြောရမယ်ဆိုရင်တော့ ရည်မှန်းချက်ကို ဖြစ်အောင် လုပ်တတ်သူတွေ ဖြစ်ပြီး မိမိကိုယ်ကို ယုံကြည်ချက် ကောင်းကောင်း ရှိတတ်တယ်။ ရိုးသား ၊ အကောင်းမြင်ပြီး ထက်မြက်တယ်။ ရည်ရွယ်ချက် ပန်းတိုင်ပေါ် မူတည်ပြီး အပင်ပန်းခံ နိုင်အားထုတ်နိုင် အကြမ်းခံနိုင်သူတွေ ဖြစ်ပေမဲ့ ဆိုးတာက သူတို့ အဓိပ္ပါယ်မရှိဘူးလို့ ထင်တာနဲ့ အလွယ်တကူ လက်လျော့ တတ်ကြတာပါ။
ပြီးခဲ့တာတွေ အတွက် နောင်တ မရတတ်တာလဲ သူတို့ အရည်အချင်း တစ်ခုလို့ ပြောရမလားဘဲ။

သူတို့ အနာဂတ် အတွက်တော့ ငွေကြေး လုံလောက်စွာနဲ့ တည်ငြိမ်စွာနေထိုင် နိုင်ဖို့ ပြင်ဆင် တတ်ကြပါတယ်။ သူတို့ကို ကြည့်ရင်အမြဲ တည်ငြိမ် အေးဆေးနေပုံပါပဲ။ ရိုးသားဖြူစင်မှုနဲ့ ပတ်သက်ရင်တော့ သည်းသည်းလှုပ်လှုပ် ခံစားတတ်တာ အားနည်းချက်ပါ။ ပွင့်ပွင့်လင်းလင်းနဲ့ တည့်တည့်ပြောတတ်လို့ လူမုန်း များတတ်ကြတာလဲ သူတို့ပါဘဲ။ ရည်ရွယ်ချက် အပေါ်မူတည်လို့ သူတို့ အာရုံစိုက်နိုင်မှု စွမ်းအားတွေက အပြောင်းအလဲ ရှိတတ်ပါတယ်။ ဘာပဲလုပ်လုပ် ဦးဆောင်ချင်ကြပြီး အသေးအဖွဲလေးတွေကို ဂရုမပြုမိ တတ်တာလဲ သူတို့ရဲ့  ပျော့ကွက် တစ်ခုပါ။
* * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * *


သွေးအုပ်စု - A
၁။ စိုက်ပျိုးရေးသမား ၏ စရိုက် လက္ခဏာ ရှိသည်။
၂။ ရှေးဦး သတ်သတ်လွတ် စားသူများ ဖြစ်သည်။
၃။ စိုက်ပျိုးသမျှ ရိတ်သိမ်းမည်ဟု ခံယူထားသည်။
၎။ တုံ့ပြန်လွယ်သော အစာရေမျိုရှိသည်။
၅။ ခံနိုင်ရည်မြင့်သော ရောဂါ ကာကွယ်ရေး စနစ် ရှိသည်။
၆။ အခြေချနေထိုင်သော ဒေသရှိ အစားအသောက်နှင့် ပတ်ဝန်းကျင်ကို လိုက်လျောညီထွေ ကောင်းစွာ နေထိုင်နိုင်သည်။
၇။ အေးဆေးတည်ငြိမ်ပြီး ဖိစီးမှုကို ကောင်းစွာတုံ့ပြန်တတ်သည်။
၈။ သွက်သွက်လက်လက် ခန္ဓာကိုယ်သေးသေးသွယ်သွယ် ဖြစ်ရန် သီးနှံအာဟာရပုံစံစားသောက်ရန်လိုအပ်သည်။
ထို့ထက်ပို၍ဆိုရလျှင် ...

အေသွေး ပိုင်ရှင်တို့သည် ငယ်စဉ် ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ် ဆိုတာသိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့။ သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့။ ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့် လောက်အောင် အေးဆေး တည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့။
အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့။

တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့် တတ်ပါတယ်တဲ့။ အသစ်အဆန်းတွေကို စမ်းသပ် လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်။ အလုပ်တစ်ခုကို လုပ်ပြီ ဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ။
သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ။ နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာ ကိုလည်း ခံရတတ်ပါတယ်။ ဒါ့အပြင် ဘယ်လိုအခြေအနေမျိုး မဆိုကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်။ ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်းရှိနိုင်ပါတယ်။

အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့တနေ့တာအတွင်း ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ်မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါးကိုပျော်ရွှင်မှု ပေးချင်ကြသူများ ဖြစ်ပါတယ်။
တခါတလေမှာတော့ သူများကိုမယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့။ ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံ တတ်ကြပါတယ်တဲ့။
ဒီသဘာဝလေး ကတော့ သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့။
ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့။ အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာ ကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့။

တစ်ယောက်တည်း သီးသန့်ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်။ အထက်လူကြီးရဲ့ အဆူ ခံရတာမျိုးကို ခံပြီးပြီ ဆိုရင်မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများ ရှိနေတတ်ပါတယ်။ ဒေါသထွက်တဲ့ အခါမှာလည်း ဒေါသကို ဖော်ပြလေ့ မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေ များနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့။
ဒါကြောင့်မို့စိတ်ထဲက မကျေနပ်ချက် လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်။
ခြုံပြီးကြည့်ရင်တော့ ...

အေသွေးတို့ ရဲ့  အတွင်းစိတ်က တော့ အဆိုးမြင်ပြီး အထိမခံတတ်တာပါ။ထို့ကြောင့် ဆုံးဖြတ်ချက်ချရာတွင် ဂရုတစိုက်လုပ်တတ်သလို ပြဿနာကိုဖြေရှင်းရာမှာလဲ အဖြူအမည်း ကွဲပြားရှင်းလင်းအောင် လုပ်တတ်ပါတယ်။ လူမှုစည်းကမ်း သတ်မှတ်ချက်တွေကို အလေးထားသူလဲ ဖြစ်ပါတယ်။ ထပ်ကာထပ်ကာ လုပ်ရခြင်းနဲ့ ကိုယ်ကာယသုံး လုပ်ရခြင်းတွေကို ကောင်းကောင်း သည်းခံနိုင်တယ်။ ဒါပေမဲ့ အပြောင်းအလဲကို အလွယ်တကူ လက်ခံနိုင်ဖို့ သူတို့ အတွက် ခက်ခဲပါတယ်တဲ့။
ဝါသနာ တစ်ခုကို အလွယ်တကူ စိတ်ဝင်စားမှု လျော့တတ်ပြီးတော့ အတိတ်ကို လွယ်လွယ် မမေ့တတ်တဲ့ အပြင် အနာဂတ်ကို အဆိုးမြင်တတ်တာလေး ကတော့ ပြုပြင် သင့်တာလေးပါ။

ချီးကျူးဖို့ ကောင်းတာကတော့ စိတ်ဆိုးနေရင်တောင် အေးအေးဆေးဆေး နေပြနိုင်တယ်။ စိတ်တိုလွယ်ပြီး ခံစားလွယ်တတ်တာကတော့ အားနည်းချက်လို့ဆိုရမလားဘဲ။ အသည်းကွဲရင် တော့ ပြန်ကောင်းဖို့ အချိန်ယူရပါလိမ့်မယ်။ သူတစ်ပါးရဲ့ ထင်မြင်ယူဆချက်ကို အလေးထားတဲ့ လူမျိုးတွေလဲ ဖြစ်ပါတယ်တဲ့။ အလုပ်လုပ်ရာမှာတော့ အလွန်ကို ပြီးပြည့်စုံအောင် လုပ်တတ်သူတွေပါ။ အဲလိုလုပ်နိုင်ဖို့ တစ်ချိန်မှာ ကိစ္စတစ်ခုကိုသာ ကိုင်တွယ် ဖြေရှင်းလေ့ရှိတာ သူတို့ အလေ့အကျင့်လေးပါ။
ကိုယ်ရေးကိုယ်တာနဲ့အလုပ်ကိစ္စကို ခွဲခြားနိုင်တဲ့ အတွက် ချီးကျူးရပါလိမ့်မယ်။ သူတို့ဟာစိုက်ပျိုးသမျှ ရိတ်သိမ်းသူတွေ ဖြစ်တာနဲ့ အညီ လုပ်သမျှ အကျိုးဆက်ကိုတာဝန်ယူနိုင်သူတွေဖြစ်ပါတယ်။ အကောင်းဆုံး အလေ့အကျင့်လေး ကတော့ စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်တဲ့ ၀ါသနာကို မိမိဘာသာ ရွေးချယ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။
* * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * *

သွေးအုပ်စု - B
၁။ သွေးအုပ်စုဘီ ကို ၂ မျိုးခွဲခြားနိုင်သည်ဆိုသော်လည်း ကန္တာ ရ မုဆိုး နိုမက်တို့နှင့်တူသော
စရိုက်လက္ခဏာကို ပိုမိုတွေ့ရသည်။
၂။ တရားမျှတမှုကို လိုလားသည်။
၃။ အားကောင်းသော ရောဂါခုခံကာကွယ်မှု ရှိသည်။
၎။ အစားအသောက် ဇီဇာမကြောင်တတ်။
၅။ နို့နှင့် နို့ထွက်ပစ္စည်းတို့ကို နှစ်သက်သည်။
၆။ ဆန်းသစ်တီထွင်မှုရှိပြီး ဖိစီးမှုကို အကောင်းဆုံး တန်ပြန်နိုင်သည်။
၇။ ထက်မြက်၊ သွက်လက်နေစေရန် ရုပ်နှင့် စိတ် တို့၏ လှုပ်ရှားမှုများဘက်ညီနေဖို့လိုပါသည်။
ထိုထက်ပို၍ဆိုရလျှင် ...

ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက် ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့ လှုပ်ရှုားတတ်ပေမယ့် ကျောင်း စတတ်တဲ့ အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့လိုက်လျောညီထွေအောင် မနေတတ်ဘဲ လေလွင့် နေတတ်ပြန်ပါသတဲ့။
ဒါပေမယ့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီဆိုရင်တော့ အားလုံးထက် ပိုပြီး ကြိုးကြိုးစားစား နေတတ်ကြတဲ့ သူများဖြစ်လို့ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီး ကြိုးစားပါ။ ကိုယ်သဘောကျတဲ့ အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ် ဖြစ်ပါတယ်။ ဒါပေမယ့်ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့ သိပ်မကြိုးစားတတ်ကြပါဘူးတဲ့။

ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဘီသွေးပိုင်ရှင်များဟာ သတ်မှတ်ထားတဲ့ပုံစံအတိုင်း ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး။ ကိုယ်နဲ့ သိပ် မခင်လှတဲ့ မိတ်ဆွေတွေနဲ့ အတူရှိတဲ့အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့် နေတတ်ကြသူများလည်းဖြစ်ပါတယ်။ မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့ ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း မနှစ်သက်တတ်ကြပါဘူး။
ပုံစံခွက်ထဲမှာ ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီးလွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့။ ဒါပေမယ့် သတိပြုစရာတစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ်တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်ကလူတွေကို ဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ။

ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင်သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး။ ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကိုဆောင်ရွက်ချင်ကြပါတယ်။ အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင် တခြားအလုပ်တစ်ခုကို တပြိုင်တည်း ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်။
စည်းမျဉ်းစည်းကမ်းတွေကို သိပ်ဂရုမစိုက်တတ်လို့ ကိုယ့်ထက် အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို ခံရတတ်ပါတယ်။ တခါဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့။

ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့။ အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက် တောင်းပန်ဘို့ ၀န်မလေးသူများလည်းဖြစ်ပါတယ်။ တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ငြိုးတို့ မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်။
ခြုံပြီးကြည့်ရင်တော့ ...

ဘီသွေးတို့ရဲ့ အတွင်းစိတ်က ဘယ်သူပြောပြော အလွယ်နဲ့ လက်ခံလေ့မရှိဘူး။ ဆုံးဖြတ်ချက်ကို မြန်မြန်ပဲချလေ့ရှိတယ်။ အများနဲ့ လိုက်လျောညီထွေ နေနိုင်သော်ငြားလည်း စည်းမျဉ်းစည်းကမ်းတွေကို စိတ်မ၀င်စားတာကြောင့် အထက်လူကြီးတွေနဲ့ ပြဿနာ ရှိတတ်တယ်။ သိပ္ပံပညာ နဲ့ လက်တွေ့ရှာဖွေတွေ့ရှိလာတာတွေ ကို စိတ်ကူးတွေထက် ပိုပြီး သဘောကျတယ်။ဘယ်အရာကိုပဲလုပ်လုပ် ဇွဲထက်သန်စွာ စိတ်ရှည် သည်းခံပြီး လုပ်လေ့ရှိတယ်။
စိတ်မရှည်ဘူးလို့ ထင်ရတဲ့ ပုံသဏ္ဍာန်ရှိတယ်။ နောက်ပြီး ရိုးအီနေတဲ့ ထပ်ကာထပ်ကာ လုပ်ရတဲ့ အလုပ်တွေနဲ့
သူတို့နဲ့ အံဝင်ဂွင်ကျ ဖြစ်လေ့မရှိဘူး။ လောလောလတ်လတ် ကိစ္စတွေကို လွယ်လွယ်နဲ့ မမေ့တတ်ပေမဲ့
အတိတ်နဲ့အမှတ်တရတွေကို တော့ မေ့သွားတတ်ကြတယ်။

မိမိခံစားချက်ကို ပေါ်လွင်အောင် ဖော်ပြတတ်သူတွေဖြစ်ပါတယ်။
လိုအပ်ရင် အေးအေးဆေးဆေးနဲ့ အချက်ကျကျ ရှင်းပြပြီးဖြေရှင်းတတ်တယ်။
အပြောင်အပျက်လေးတွေ နည်းနည်းပါးပါးပြောတတတ်ပေမဲ့ အရမ်းရှက်တတ်တဲ့ လူတွေဖြစ်ပါတယ်။
ရာသီဥတု ကိုခန့်မှန်းရ သလိုပဲ သူတို့စိတ်က ခန့်မှန်းရခက်တယ်။ တကယ်လို့ သူတို့မကြိုက်တာ တစ်ခုခုတွေ့ခဲ့မယ်ဆိုရင်တော့ နားနဲ့မဆံ့အောင် အပြစ်ပြောခံရဖို့သာပြင်ထားပေတော့။ ဒါပေမယ့် ဖန်တီးနိုင်စွမ်းရှိပြီး စိတ်ကူးတွေ သစ်လွင်တောက်ပနေတဲ့ လူတွေဖြစ်တယ်။ မကောင်းတာလေး တစ်ခုက တော့ ကိုယ့်ဝါသနာကဘာလဲ ဆိုတာနဲ့အလုပ် နဲ့ ၀ါသနာက တူလား မတူလား မသိတာ။ ၀ါသနာက တခြား အလုပ်ကတခြားဖြစ်နေပေမဲ့ လုပ်နေရတာကို ၀ါသနာလို့ထင်တတ်တဲ့ အတွက် စိတ်ဖိစီးမှုတွေဖြစ်ပေါ်နိုင်တယ်။

သူတစ်ပါး က အမိန့်ပေးတာ ကို လက်သင့်ခံတတ်တဲ့ လူတွေတော့မဟုတ်ဘူး။ အကောင်းဆုံး အချက်လေးက တော့ အသစ်အဆန်း အပြောင်အလဲ တွေကိုမငြင်းဆန်ပဲ ကြည်ကြည်သာသာ လက်ခံနိုင်တာနဲ့ အများကဘယ်လို ဝေဖန်မလဲဆိုတာကို စိတ်မ၀င်စားတတ်တာ ပဲဖြစ်ပါတယ်။
* * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * *

ခေတ်သစ် လူသား များ ဖြစ်တဲ့ - AB
၁။ နုနယ်သေးသော အေဘီ သွေးအုပ်စု ရဲ့  အကြောင်း က ယခုထိ ပဟေဠိ ဆန်နေဆဲပဲဖြစ်ပါတယ်။
၂။ အေ အုပ်စု နဲ့ ဘီ အုပ်စု ပူးပေါင်းရာမှ ပေါ်ပေါက်လာတယ်လို့ ယူဆထားတယ်။
၃။ ပတ်ဝန်းကျင်နဲ့ အစားအသောက် အပြောင်းအလဲကို လိုက်လျောညီထွေ နေနိုင်မှုဟာ အံ့သြစရာပဲ။
၎။ ဒါပေမဲ့ ထိရှလွယ်တဲ့ အစာရေမျိုပြွန်ကို ပိုင်ဆိုင်ထားတယ်။
၅။ လွန်လွန်ကဲကဲ ခံနိုင်အားရှိသော ရောဂါခုခံကာကွယ်မှုစနစ်က နေရာယူထားတယ်။
၆။ ကိုယ်ကာယအား၊ တီထွင်ဆန်းသစ်သော စွမ်းအင်တို့ဖြင့် အကောင်းဆုံးတုံ့ ပြန်နိုင်တယ်။
၇။ ဆင့်ကဲဖြစ်စဉ် ရဲ့ အံ့သြဖွယ် အစိတ်အပိုင်းတစ်ခုလို့လဲ ပြောနိုင်တယ်။
ထိုထက်ပို၍ဆိုရလျှင် ...

အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီးမထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့။ မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါပဲတဲ့။ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကိုလျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်း ရှိသူများလည်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေကအေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်။ ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင်နေတတ်လာပြီး လူမှုဆက်ဆံရေးလည်းကောင်းမွန်ပြေပြစ်လာပါတယ်တဲ့။ အစပိုင်းမှာတော့အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန်ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့။ ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကိုနှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီးကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့။

လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံးသတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့
ကိုယ့်ရဲ့ ကြားမှာအတားအဆီး တစ်ခုကိုထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်။ ဒါကတော့သူတပါးအပေါ်မှာအမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့
အသေးစိတ်လှတဲ့ အတွေးများကြောင့်ဘဲဖြစ်ပါတယ်။
ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲခင်တတ်တဲ့အကျင့်လည်းမရှိပါဘူးတဲ့။ အလုပ်အများကြီးကို တစ်ပြိုင်နက်တည်းလုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလိုအရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ခြင်တတ်တဲ့ သူများလည်း ဖြစ်ပါတယ်။

အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်တဲ့။ မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲလူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်။ ဒါပေမယ့်တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့်ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့။ အေဘီသွေးပိုင်ရှင်များကကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံနဲ့ ဒေါသလည်းမထွက်တတ်ပါဘူးတဲ့။
ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားချေတတ်တဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်။ တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကိုအေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလိုတခါတလေမှာတော့ ခက်ထန်မှုတွေကိုသာမြင်ရတတ်ပါတယ်။
ခြုံပြီးကြည့်ရင်တော့ ...

သူတို့ဟာ အလွန်ကိုပဲ ချစ်တတ် ခံစားတတ်တဲ့ လူတွေဖြစ်ကြတယ်။ အရမ်းကိုလက်တွေ့ကျတတ်တယ်။ ခွဲခြမ်းစိတ်ဖြာသုံးသပ်တတ်တဲ့ အရည်အသွေးကိုပိုင်ဆိုင်တယ်။ မျှတစွာဝေဖန်တတ်တယ်။ ဒါပေမဲ့ အရေးကြီးလေလေ ဆုံးဖြတ်ချက်မချတတ်တော့ လေလေဖြစ်တာက အားနည်းချက်တစ်ခုပါပဲ။ ကြိုးစားပန်းစားအားထုတ်လုပ်ကိုင်တယ်။ ဒါပေမဲ့ စိတ်မရှည်ဘူး။ အတိတ်ဟာအရေးကြီးတယ်လို့ယူဆပြီး အဲဒီ အတွက် အရမ်းခံစားနေတတ်တယ်။ ဒါပေမဲ့အာရုံကိုတော့ လက်ရှိကိစ္စမှာ စူးစိုက်ထားတတ်တယ်။

ခံစားချက်ပြင်းထန်အားကြီးတယ်။ ဆိုးတာက ပေါ်ယံအနေနဲ့ ပုံမှန်အေးဆေး တည်ငြိမ်နေတတ်ပေမဲ့ အရေးပေါ် (သို့) မရှင်းနိုင်လောက်အောင်ကြီးမားတဲ့ ပြဿနာတွေ ကြုံပြီဆိုရင်တော့ စိတ်ညစ်တတ်တယ်၊စိတ်ဓါတ်ကျတတ်တယ်။ စိတ်အပြောင်းအလဲ အရမ်းမြန်တတ်တယ်။ အလုပ်နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်နိုင်တယ်။ တန်ဖိုးထားတဲ့ အချက်ကတော့ အလုပ်ကြိုးစားခြင်းပါ။ မြန်မြန်ဆန်ဆန်ပဲ အရာရာတိုင်းကို နားလည်သဘောပေါက်တတ်တယ်။ ဒါပေမဲ့ အလုပ်တာဝန် စီမံချက်တစ်ခုကို စီမံကိုင်တွယ်ရာမှာ အစအဆုံး ပြီးစီးသည် အထိ တာဝန်မယူနိုင်တာလေးကတော့ အားနည်းချက်လေးပါ။ တစ်ပါးသူကို ချဉ်းကပ်ရာမှာ သိမ်မွေ့နူးညံ့တဲ့ အနုပညာ ဆန်ဆန်ချဉ်းကပ်တဲ့ အပြုအမူမျိုးပြုလုပ်တတ်ပါတယ်တဲ့။


တန်ဖိုးရှိသော စာစုလေး




ကုမ္မဏီ ကြီး တစ်ခုကို လူငယ်လေးတစ်ယောက်ဟာ မန်နေဂျာ ရာထူးအတွက် အလုပ်လာလျှောက်ပါတယ်။ သူဟာ အရင်ဆုံး အင်တာဗျူးတွေ ကို ဖြေဆိုအောင်မြင်ပြီး
အခု ကုမ္မဏီရဲ့  ဒါရိုက်တာနဲ့  နောက်ဆုံး အင်တာဗျုး တစ်ခုကို ဖြေရမဲ့ အချိန်ဖြစ်ပါတယ်။
ဒါရိုက်တာဟာ ထိုလူငယ်ရဲ့  CV ကို ကြည့်ပြီး သူ့ ရဲ့  ပညာရေးနောက်ခံ တွေ က တော်တော်လေး ကောင်းတာကို တွေ့ လိုက်ရတယ်။ ဒီတော့ သူက ထိုလူငယ်လေးကို

မေးလိုက်တယ်။

“ဒီလိုကျောင်းတွေမှာ ပညာသင်ဖို့  စကောလားရှစ်တွေ ဘာတွေများ ရခဲ့သေးသလား ?”

“မရခဲ့ပါဘူး”

"ဒါဆို မင်းအဖေက မင်းကို ဒီလို ကျောင်းတွေ တက်ဖို့ ထောက်ပံ့ပေးခဲ့တာပေါ့။"

“ကျနော် ငယ်ငယ် ကထဲက အဖေက ဆုံးသွားတယ်ခင်ဗျ ။ ဒီကျောင်းတက်ဖို့  စားရိတ်တွေ အားလုံးကို မေမေ ကပဲ ထောက်ပံ့ပေးတာပါ။” လို့  ပြန်ဖြေ လိုက်တယ်။

“မင်း အမေ ဘယ်မှာ အလုပ်လုပ်သလဲ ?”

“အမေက အ၀တ်လျှော်တဲ့ အလုပ်လုပ်ပါတယ်”

ဒါနဲ့ ဒါရိုက်တာက ထိုလူငယ်လက်ဖ၀ါးတွေ ကို ဖြန့် ပြဖို့  တောင်းဆိုလိုက်တယ်။
လူငယ်လေးရဲ့ လက်ဖ၀ါး တစ်စုံလုံးဟာ ချောမွေ့ ပြီး အနာအဆာ မရှိတာကို တွေ့ ရတယ်။

“အမေ့ အလုပ်ဖြစ်တဲ့ အ၀တ်လျှော်တာကို ကူလုပ်ပေး ဖူးသလား”

"မလုပ်ဖူးပါဘူး မေမေက ကျနော့်ကို စာသင်ဖို့ နဲ့ စာဖတ်ဖို့ ပဲ လုပ်ခိုင်းပါတယ်။ ဒါတင်မကပါဘူး မေမေက ကျနော့်ထက် အ၀တ်လျှော်တာလည်း မြန်တယ်ခင်ဗျ။"

“ဟုတ်ပြီ..” ဒါရိုက်တာက ပြောလိုက်တယ်..

“ငါမင်းကို တစ်ခု လုပ်ခိုင်းစရာ ရှိတယ်။ အိမ်ပြန်ရောက်တဲ့ အခါ အမေ့ ရဲ့  လက်တွေကို
သန့် ရှင်းရေး လုပ်ပေးလိုက်ပါ။ ပြီးရင် မနက်ဖြန်ကျရင် ငါ့ကို ထပ်ပြီး လာတွေ့ ပါ ။”

လူငယ်လေးက ဒီအလုပ်ကို ရပြီလို့  ခံစားမိပြီး ပျော်သွားတယ် ။
ဒီလိုနဲ့ အိပ်ပြန်ရောက်သွားတယ်။ အမေကို တွေ့ တော့ ဒါရိုက်တာ ပြောလိုက်တဲ့ အတိုင်း
သူ့ အမေ လက်ကို သန့် ရှင်းရေးလေး လုပ်ပေးပါရစေလို့ ပြောလိုက်တယ်။ သူ့ အမေက ထူးဆန်းနေတာပေါ့။ ပြီးတော့ ပျော်လည်း ပျော်သွားတယ် ။

တခါမှ ဒီလို လုပ်ပေးပါရစေလို့ 
သူ့ သားက မပြောဖူးတာကို ။ ဒါနဲ့  သူမလက်ကို သန့် ရှင်း ပေးဖို့  ခွင့်ပြုလိုက်တယ်။

ပထမဆုံး လူငယ်လေးဟာ သူ့ အမေလက်ကို ကိုင်ပြီး ဖြေးဖြေးလေး ဆေးကြောလိုက်တယ်။
သူ့ မျက်ရည်တွေ ကျလာတယ်လို့  ခံစားမိလိုက်တယ်။ ဘာလို့ လဲ ဆိုတော့ သူ့ အမေရဲ့  လက်ဖ၀ါးတွေက ချောမွေ့ မနေပဲ အဆင်းကြောင်းတွေ ထနေတယ်လေ ။

ပြီးတော့ ကြမ်းလည်း တော်တော် ကြမ်းနေတာတွေ တွေ့ လိုက်ရတယ်။ သူ့ အမေရဲ့  လက်က အဆင်းကြောင်းတွေကို သူ့ လက်နဲ့ ထိမိတိုင်း ရင်ထဲမှာလည်း နာကျင်လာသလိုပါပဲ။



ပထမဆုံးအကြိမ်ပါပဲ ။ သူ့ ကို နေ့ တိုင်း ကျောင်းတက်နိုင်ဖို့  ထောက်ပံ့ပေးနေရတဲ့
အမေ့ လက်တွေက ဒီလို ဖြစ်နေတယ် ဆိုတာ အခုမှ သိလိုက်ရတယ်။ လက်ဖ၀ါးက အဆင်းကြောင်း တစ်ခု စီတိုင်းဟာ သူ့ ပညာရေး အတွက် ၊ သူ့ ကျောင်းတက်နိုင်ရေး

အတွက် ၊ သူ့  အနာဂတ်အတွက် ဖြစ်ပေါ်ခဲ့တဲ့ အဆင်းကြောင်းလေးတွေပဲဆိုတာ သူ သဘောပေါက်လိုက်တယ်။
သူ့ အမေရဲ့  လက်ဖ၀ါးလေးတွေကို ဆေးကြောပေးပြီးတဲ့ အခါမှ ထိုလူငယ်လေးဟာ သူ့ အမေ လျှော်ဖို့  ကျန်နေသေးတဲ့ အ၀တ်အစားတွေကို မြန်မြန်ပဲ ကောက်လျှော်

ပေးလိုက်တယ်။
အဲ့ဒီညမှ အမေဖြစ်သူနဲ့ သားဖြစ်သူ နှစ်ယောက် စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြတယ်။


-------------------------

နောက် တစ်နေ့ မနက်ကျတော့ လူငယ်လေးဟာ ဒါရိုက်တာရဲ့  ရုံးခန်းကို ရောက်သွားတယ်။
ဒါရိုက်တာဟာ ကောင်လေးရဲ့ မျက်လုံးမှာ မျက်ရည်တွေ အနည်းငယ် စို့ နေတာကို
တွေ့ လိုက်ရတော့ ။

“မနေ့ ညက မင်းအိမ်မှာ မင်းဘာတွေ သင်ယူခဲ့သလဲ ဆိုတာ ပြောပြနိုင်မလား” ဆိုပြီး။ မေးလိုက်တယ်။

လူငယ်လေးက…

“ကျနော့် အမေလက်ကို သန့် ရှင်းရေး လုပ်ပေးခဲ့တယ် ။ ပြီးတော့ အမေလျှော်ဖို့  ကျန်နေသေးတဲ့ အ၀တ်တွေ ကိုလည်း လျှော်ပေးခဲ့တယ် ”

“ကျနော် သိလိုက်ရတယ်။ မေမေသာ မရှိရင် ကျနော် ဒီနေ့  ဒီနေရာမှာ ရှိခဲ့မှာ မဟုတ်ဘူး ။ အမေ အကူအညီသာ မရှိရင် ကျနော်ကိုယ်တိုင် ဒီရာထူးတွေ ဂုဏ်တွေဆိုတာ

ရနိုင် ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး ။ဒါကြောင့် မိသားစု ရဲ့  အကူအညီဆိုတာ တန်ဖိုးရှိပြီး
အရေးကြီးတယ် ဆိုတာ ကျနော် အသိအမှတ်ပြုလိုက်ပါပြီ။”

ဒါရိုက်တာက … “ဒါပဲ ငါရှာနေတဲ့ မန်နေဂျာ ဆိုတာ …

တစ်စုံတစ်ယောက်ရဲ့ အကူအညီ အထောက်အပံ့ ကို အသိအမှတ်ပြုနိုင်ရမယ် ။
ဒီအလုပ်တွေ ပြီးမြောက်ဖို့ တခြားသူတွေ ဘယ်လိုကြိုးစားလုပ်ကိုင်ခဲ့ရသလဲ ဆိုတာ နားလည်သိမြင်နိုင်တဲ့သူဖြစ်ရမယ်။ ပြီးတော့ သူ့  ဘ၀ မှာ တစ်ခုတည်းသော

မျှော်မှန်းချက်က ငွေတစ်ခု ပဲလို့  သတ်မှတ်မထားတဲ့ သူ ဆိုတာမျိုးပါ။ ဒီတော့…

“မင်းကို အလုပ်ခန့် လိုက်ပြီ..”


လူငယ်လေးဟာ အလုပ်တွေ အရမ်းကြိုးစားခဲ့တယ် ။ ပြီးတော့ မိမိ အကြီးအကဲရဲ့ လေးစားမှု တွေကိုလည်း ရခဲ့တယ်။ ဘယ် အလုပ်သမား တိုင်း၊ လုပ်ဖော်ကိုင်ဖက်တိုင်းနဲ့ 
မဆို ဘက်ညီညီ အချိတ်အဆက် လုပ်ကိုင်ခဲ့တယ်။ ဒီလိုနဲ့ ကုမ္မဏီရဲ့  လှုပ်ရှားမှု များဟာ အရှိန်အဟုန် နဲ့  နာမည်ရ တိုးတက် လာပါတော့တယ်။

------------------------------------

ကလေးတစ်ယောက်ဟာငယ်စဉ်က မိဘက အလိုအရမ်းလိုက်ထားတယ် ။ သူဘာလိုချင်ချင် ပေးခဲ့တယ်။ သူ့ အတွက် အရာရာဟာ ဖြစ်ချင်တိုင်း ရချင်တိုင်း ရခဲ့တယ်။


သူအတွက် ပူပန်မှု ဆိုတာ မရှိဘူး ။ အချိန်တန်ရင် ရချင်တာ ရနေတော့ အဆင်ပြေနေတယ်။ ဒီတော့ သူ့  မိဘတွေရဲ့  အားထုတ်မှုကို လျစ်လျူရှုနေတော့တယ်။ ဒီလိုနဲ့ 

သူဟာ အရွယ်ရောက်လို့ အလုပ် စလုပ်တဲ့ အခါမှာ ပညာနောက်ခံ ကလည်း ကောင်းနေတော့ ။ မန်နေဂျာလို နေရာကနေ လုပ်တော့မယ် ဆိုပါတော့ ။ သူ့  ဘာပြောပြော

အလုပ်သမားတွေက သူပြောတာ နားထောင်ရမယ် လို့  ယူဆထားမယ် ။ အဲ့ဒီအခါကျရင် မိမိ လုပ်ဖော်ကိုင်ဖက် တွေဟာ ဘယ်လိုကြိုးစားလုပ်ကိုင်ခဲ့ကြတယ်ဆိုတာ

ကိုယ်တိုင် လုပ်ခဲ့တာ မဟုတ်တဲ့ အတွက်
မခံစားပေးနိုင်ဘူး ။ အမှားတွေ တွေ့ ရင် အတူတူဖြေရှင်မယ် မကြံဘူး ။

သူများကိုပဲ အပြစ်ဖို့ လာမယ်။ ဒီလို လူမျိုးတွေကျတော့ ဘယ်လောက်ပဲ ပညာနောက်ခံ အရည်အချင်းတွေ ကောင်းနေပါစေ ။ သူအောင်မြင်ရင်လည်း ခဏပဲ အောင်မြင်ပါလိမ့်မယ်။

တကယ့် အောင်မြင်မှု အစစ်အမှန်ကို မခံစားရနိုင်ပါဘူး။ ဒီလိုမျိုးဆိုရင် ကြာလာရင် ရင်ထဲမှာ အစိုင်အခဲတွေ ဖြစ်နေလိမ့်မယ်။ အမုန်းတွေပွားပြီး တစ်ေ

ယာက်နဲ့ တစ်ယောက် တိုက်ခိုက်ဖို့ ပဲ ဖြစ်လာနိုင်ပါတယ်။

@ ဒီလို မဖြစ်စေဖို့ 

အကယ်လို့  သင်ကိုယ်တိုင်ကလည်း မိဘတစ်ဦး ဖြစ်ခဲ့မယ် ဆိုရင် ကလေးတွေကို ချစ်ခင်ကြင်နာယုယမှု မပြတာ ဒါမှမဟုတ် ကလေးတွေကို လျစ်လျုရှု တာတွေကို
ရှောင်ရမှာ ဖြစ်ပါတယ်။

သင့် ကလေးကို အိမ်အကြီးကြီးမှာ ထားနိုင်တယ်။ အစားကောင်းကောင်းတွေ ကျွေးနိုင်တယ်။ ဇိမ်ခံပစည်းတွေ ထောက်ပံ့ပေးနိုင်တယ် ။ ဒါပေမဲ့ သင်မြက်ကို ရိတ်တဲ့အခါဆိုရင်
သူတို့ ကို အတွေ့ အကြုံရအောင် ပြသတာ ဖြစ်ဖြစ်၊ အစားစားပြီးတဲ့ အခါ ကိုယ့် ပန်းကန်
ကိုယ် ဆေးခိုင်းတာ ဖြစ်ဖြစ် ။ အိမ်ဖော်မလိုပါဘူး ကိုယ်တိုင် ထိန်းကျောင်းခြင်းဖြင့် မှန်ကန်တဲ့ ချစ်ခြင်းကို ပြသရမှာပါ။

ဘယ်လောက်ပဲ ချမ်းသာတဲ့ သူ ဖြစ်ပါစေ တစ်ချိန်ချိန်မှာ အားလုံးက အရောင် မှေးမှိန်သွားမှာ ဖြစ်ပါတယ်။ အမေဆိုတာကလည်း တစ်ချိန်က ငယ်ရွယ်ခဲ့ ဖူးတဲ့ သူဆိုသလိုပါပဲ ။
ပိုပြီး အရေးကြီးတာကတော့ သင့်ကလေးကို ကိုယ်တိုင် ကြိုးစားပြီး အတွေ့ အကြုံ
တွေ ယူစေမယ်။ မိဘများဘက်က ဖြစ်သင့်တာမျိုးကို ဆိုပါတယ်။


@ တကယ့်အောင်မြင်မှု အတွက်

Teamwork စိတ်နဲ့ အလုပ်လုပ်ခြင်းတွေပဲ ဖြစ်ပါတယ်။ အလုပ်တွေ အတူတူ လုပ်ရင်း အရည်အသွေးတက်အောင် သင်ကြားကြမယ်။ အောက်ခြေကနေ ညီတူမျှတူ စသွားရင်
ကျနော်တို့ တကယ့် အောင်မြင်မှု ဆိုတာ တကယ် ရရှိမှာ ဖြစ်ပါတယ်။


---------------
အင်တာနက်မှ ရရှိသော ပို့ စ်တစ်ခုကို ဆီလျှော်အောင် ဘာသာပြန်ထားပါသည်။

အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် ကွန်ပြူတာဆိုင်ရာ ဘာသာရပ်များ




အိုင်တီလို့သာ အကြမ်းဖျင်းခေါ်ပေမယ့် သူက အင်မတန် ကျယ်တဲ့ ပင်လယ်ကြီး တစ်ခုပါပဲ။ ယင်းကျယ်ပြန့်တဲ့ ပင်လယ်ထဲမှာ ကိုယ်က ဘယ်ပရော်ဖက်ရှင်နယ်လိုင်းကို လိုက်စားလို့အဆင်ပြေမယ်ဆိုတာ ကို ရွေးနိုင်အောင် သိသလောက် ဖော်ပြပေးလိုက်ရ ပါတယ်။


ကွန်ပြူတာ အင်ဂျင်နီယာ (Computer Engineering)

ကွန်ပြူတာ စက်ပစ္စည်းတီထွင်တဲ့ ပညာလို့ အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။ CPU ဘယ်လိုလုပ်တယ်။ မော်နီတာ ဘယ်လိုလုပ်တယ်။ ဟာ့ဒ်ဝဲ ပစ္စည်းအစိတ်အပိုင်း တစ်ခုချင်းစီတည်ဆောက်တဲ့ ပညာရပ်ပါပါမယ်။ ဒါတင်ဘယ်ကအုံးမလဲ။ ဆော့ဖ်ဝဲ ဖန်တီးမှုလည်း ပါဝင်ပါ သေးတယ်။ CPU တော့လုပ်လိုက်ပါပြီ။ ယင်း CPU ဘယ်ဘယ်လို တာဝန်ထမ်းဆောင် မယ်။ ဘယ်လို အီလက်ထရောနစ် Signal ကိုတုံ့ပြန်လုပ်ဆောင်မယ် အစရှိသဖြင့် ဟာ့ဒ်ဝဲတင်မကတော့ပဲ ဆော့ဖ်ဝဲပါ ပါဝင်လာပါတယ်။ ဒီတော့ ကွန်ပြူတာ အင်ဂျင်နီယာ ဆိုတာ ကွန်ပြူတာ ရဲ့  အခြေခံအကျဆုံး ဆော့ဖ်ဝဲ နဲ့ ဟာ့ဒ်ဝဲကို တီထွင်ဖန်တီးတဲ့ ဘာသာ့ရပ် ဖြစ်ပါတယ်။


ကွန်ပြူတာ စနစ် အင်ဂျင်နီယာ (System Engineer)

ကွန်ပြူတာ အင်ဂျင်နီယာကတော့ ကွန်ပြူတာတွေ တစ်လုံးပြီး တစ်လုံး တီထွင်လိုက်ပါပြီ။ ယင်း ကွန်ပြူတာတွေ ဘယ်လို စနစ်နဲ့ အလုပ်လုပ်မယ်ဆိုတာကို ဖန်တီးပေးရတယ့် အဆင့်ကလည်း တစ်ခု ရှိပါသေးတယ်။ ဥပမာ ကွန်ပြူတာနဲ့ ဂြိုလ်တုကိုလှမ်းချိတ်မယ်။ ကွန်ပြူတာ တစ်လုံးနဲ့ တစ်လုံးချိတ်ဆက်ဖို့အတွက် ဘယ်လို ဟာ့ဒ်ဝဲတွေ ရှိသင့်တယ်။ ဆော့ဖ်ဝဲတွေ ရှိသင့်တယ်။ လိုအပ်တဲ့ ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲ တီထွင်ဖန်တီးပေးသူကို ကွန်ပြူတာ စနစ်အင်ဂျင်နီယာလို့ ခေါ်ပါတယ်။ ကွန်ပြူတာလို့ရှေ့ မှာ တပ်ရတဲ့အကြောင်း အရင်းက system အင်ဂျင်နီယာမှာ အခြား ဘာသာရပ်တွေလည်း ထပ်ကွဲနေသေးလို့ပါ။


ကွန်ရက် အင်ဂျင်နီယာ (Network Engineer)

ကွန်ပြူတာ ထွင်တဲ့သူက ထွင်လိုက်ပြီ။ တစ်လုံးနဲ့ တစ်လုံး ချိတ်လို့ရအောင် ဆော့ဖ်ဝဲတွေ၊ ဟာ့ဒ်ဝဲတွေလည်း ထွင်လိုက်ပြီ။ သို့ပေမယ့် ယင်း ပစ္စည်းတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ကျတော့ ကွန်ရက်အင်ဂျင်နီယာက အလုပ်လုပ်ပေးရတာပါ။ Network Engineer ပေါ့။ ဒါလည်း အင်မတန် ကျယ်ပြန့်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံး အီးမေးလ်တွေပို့လို့ရအောင်၊ ပုံတွေ၊ သတင်းတွေ စီးဆင်းရအောင် ဖန်တီးပေးသူ များက Network Engineer များ ဖြစ်ပါတယ်။ ဒီမှာကွန်ပြူတာတင် မကတော့ပဲ တယ်လီဖုန်း ကွန်ရက် အင်ဂျင်နီယာ ဆိုပြီလည်း ရှိပါတယ်။ တစ်ခုနဲ့တစ်ခုက ဆက်စပ်မှု ရှိပါတယ်။

ကွန်ပြူတာ စနစ်အုပ်ချုပ်ရေး ဘာသာရပ် (System Administrator)
ကွန်ပြူတာလည်းရှိပြီ၊ ချိတ်လည်းချိတ်ပြီးပြီ၊ သတင်းအချက်အလက်လည်း စီးဆင်းပြီဆိုရင် နောက်ထပ် လိုအပ်တာက Administration ပါ။ ယင်း အချက်အလက်များစီးဆင်းနေမှုကို အမြဲစောင့်ကြည့်ပေးရမယ်။ လုံခြုံရေးဘယ်လိုကာကွယ်ပေးရယ် အစရှိသဖြင့် အတော်လေး ကွဲသဗျ။ Admin ဆိုတဲ့အတွက် လုပ်ငန်းလည်ပတ်မှုက သူက ရှိနေဖို့လိုအပ်တာပေါ့။ ယင်း ဘာသာရပ်နဲ့ Networking ဘာသာရပ်နဲ့က ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီပါတယ်။ Network ရသူက Admin ပိုင်းသွားဖို့လွယ်ပြီး Admin ပိုင်းရသူကလည်း Networking ပိုင်းကို သွားဖို့လွယ်ကူပါတယ်။ System Engineer လည်း ဒီလိုင်း ၂ ခုကို အလွယ်တကူ ကူးသွားလို့ ရပါတယ်။ အချိန်တော့ ပေးရမှာပေါ့။


ကွန်ပြူတာ ပရိုဂမ်ရေးဆွဲခြင်း ဘာသာရပ် ( Computer Programmer )

Programmer သို့တည်းမဟုတ် Developer သို့တည်းမဟုတ် coder သို့မဟုတ်

အခြားအမျိုးမျိုးခေါ်တာရှိပါ
သေးတယ်။ မြန်မာပြည်မှာလည်း ပရိုဂမ်မာတွေ အများကြီးပါ။ ဝဘ်ဆိုဒ်ပရိုဂမ်မာလား၊ ဆော့ဖ်ဝဲပရိုဂမ်မာလား၊ ဟာ့ဒ်ဝဲမှာ ကုဒ် ထည့်မယ့် ပရိုဂမ်မာလား အစရှိသဖြင့် လိုင်းအမျိုးမျိုး ထပ်ကွဲပါသေးတယ်။ လက်ရှိ မြန်မာပြည်မှာ အများစု ကတော့ Web Programmer ပေါ့။ နောက်ထပ်များလာတာကတော့ ဆော့ဖ်ဝဲပရိုဂမ်မာပါ။ ဖုန်း app လေးတွေ တစ်ပိုင်တစ်နိုင်ဆွဲနေကြတဲ့ လူငယ်တွေ များလာလို့ ဝမ်းသာ ရပါတယ်။ ကွန်ပြူတာတွေ ဘယ်လောက်ပဲထွင်ထွင်၊ ဘယ်လောက်ပဲချိတ်ချိတ် ယင်းအချက်အချက်အလက်တွေကို ခင်းကျင်းပြသမှု အပိုင်းကျတော့ ပရိုဂမ်မာက လုပ်ရတာပေါ့။ အလွယ်ကူဆုံး ဥပမာ ပြောမယ်။ စကားပြန်ပေါ့။ ကျနော်က မြန်မာလူမျိုး၊ ကမ္ဘာ အရပ်ရပ်က လူပေါင်းစုံနဲ့ တစ်နေရာတည်းမှာတွေ့တဲ့အခါ သူတို့ဘာပြောလည်း ကျနော်မသိဘူး။ ဒါကို သိအောင် ကြားမှာ စကားပြန်က ဘာသာပြန်ပေးမယ်။ ဘာသာအနည်းအများပေါ်မူတည်ပြီး သူနိုင်သလောက် ဘာသာပြန်ပေးတယ်။ ပြောတဲ့သူက ဝမ်းနည်းတဲ့ စကားဆိုရင် သူက ဝမ်းနည်းနဲ့ အမူအရာလေးနဲ့ ဘာသာပြန်ချင်ပြန်မယ်။

ဒီလိုပါ။ ဝဘ်ဆိုဒ်တစ်ခုကို ကွန်ပြူတာမှာ ဖွင့်ရင် ဘယ်လို ဘာသာရပ်နဲ့ပေါ်မယ်။ သတင်းတွေကို ဘယ်နေရာမှာ ဖတ်ရမယ်။ ဘာကိုရှာရင် ဘယ်နေရာမှာ အလွယ်တကူ တွေ့ရမယ်။ အစရှိသဖြင့် ပေါ့။ အနီးစပ်ဆုံးအနေနဲ့ မာ့ခ်ဆူကာဘတ်ဆိုတဲ့ Facebook တည်ထောင်သူဟာ PHP programmer (Web Programmer) တစ်ဦးပါ။ Facebook ဆိုတာကြီး ကို ဖန်တီးဖို့အတွက် သူကြိုးစားခဲ့တာလေးပါ။ ပရိုဂမ်မာ မှာတောင် Java လား၊PHP လား၊ C++ လား ဘာလား ညာလား လိုင်းက အတော်လေး ထပ်ကွဲ ပါသေးတယ်။ နောက်မှ အသေးစိတ်ပြောတာပေါ့။


ဝဘ်ဆိုဒ် ဒီဇိုင်း ဘာသာရပ် (Web Designer)

ဒါက ပရိုဂမ်မာနဲ့ နည်းနည်းဆက်စပ်တယ်။ ပရိုဂမ်မာတွေ တစ်ခုပြီးတစ်ခုဖန်တီးပေမယ့် ဒါကို ထည့်ပြ၊ချပြဖို့ကျ Design ဆွဲထားတဲ့ Template ရှိဖို့လိုတယ်လေ။ ဘယ်လို အရောင်လေးနဲ့ ပြမယ်။ ဘယ်လို အမြင်ရှိရမယ်။ ဘယ်နေရာမှာတော့ ဘာလေး ရှိရမယ်။ အစရှိသဖြင့်ပေါ့။ Web Designer အဆွဲကောင်းလို့ မီလျံနာ ဖြစ်သွားတဲ့ သူတွေ အများကြီးပါ။ Template တွေရောင်းစား တာပေါ့။ Web Designer တစ်ယောက်ဖြစ်ဖို့ ၆ လသင်တန်းသာ တက်ရတယ်ဆိုပေမယ့် ပရော်ဖက်ရှင်နယ် တစ်ယောက်ဖြစ်ဖို့က ၃ နှစ်လည်း မလုံလောက်ပါဘူး။ သူကလည်း အခြား ကွန်ပြူတာ ဘာသာရပ်တွေလိုပဲ လေ့လာလေ နက်နဲလေ ဘာသာရပ်ပါ။ ခုနေ Web Designer တစ်ယောက်ကို သွားမေးကြည့်ပါလား။ မင်းတို့ ဘယ်လောက်ကြိုးစားခဲ့ရသလဲလို့။ ထားလိုက်ပါ။ နောက်မှ အသေးစိတ် ရှင်းပါ့မယ်။


ဝဘ်ဆိုဒ်အုပ်ချုပ်ရေးမှု (Webmaster)

ဒါကတော့ ခေါင်ချုပ်ကြီးပေါ့။ Webmaster တစ်ယောက်ရဲ့  တာဝန်က ဝဘ်ဆိုဒ်တစ်ခုနဲ့ ပက်သက်ပြီး ပရိုဂမ်ပိုင်းလည်း တတ်ရတယ်။ System ပိုင်းလည်းတတ်ရမယ်။ ဆာဗာပိုင်းလည်း တတ်ရမယ်။ Network ပိုင်းလည်း ရရမယ်။ ကိုယ်က တာဝန်ယူထားတာလေ။ Google လိုဆိုဒ်မျိုးမှာ Webmaster လုပ်သူဟာ ဆိုဒ် ၅ မိနစ်လောက်ဒေါင်းတာနဲ့ အလုပ်ပြုတ်ဖို့ ရာခိုင်နှုန်းများပါတယ်။ ၅ မိနစ်အတွင်း ဆုံးရှုံးသွားမယ့် ရှယ်ယာက ကုမ္မဏီတစ်ခုလုံးက ဝန်ထမ်းလစာထက် အဆပိုများတာကိုး။ ဒီတော့ Webmaster ဟာလည်း ကွန်ပြူတာ အခြေခံ Web အပိုင်းသွားတဲ့ ပညာရပ်တစ်ခုပါ။ တော်တော်များများက ပရိုဂမ်ပိုင်းလိုက်စားသူတွေ သွားတာများပါတယ်။ နာမည်ကိုက Web ဆိုတော့ Application Layer နဲ့ တော်တော်ကြီးပိုင်နိုင်သူများက Webmaster ပိုင်းကို သွားဖို့ လွယ်ကူပါတယ်။


ကွန်ပြူတာ ကွန်ရက် လုံခြုံရေးအတတ်ပညာ ( Computer Security/ Hacker )

ဒါကတော့ အတော်များများ စိတ်ဝင်စားနေကြတဲ့ ပညာရပ်ပေါ့။ ရုပ်ရှင်တွေ ဇာတ်လမ်းတွေထဲမှာ ဟက်ကာတွေ အလုပ်များတာ တွေ့တော့ အားကျကြတာပေါ့။ သူကလည်း နက်နဲတဲ့ ဘာသာရပ် တစ်ခုပါ။ Programming တစ်ခုပဲ တတ်ထားလို့ မရဘူး။ Networking လည်းတတ်ရမယ်။ Physical အပိုင်းအရ ဟာ့ဒ်ဝဲပစ္စည်းတွေအကြောင်း လည်း သိထားရမယ်။ OSI Layer ၇ခုလုံး အလုပ်လုပ်ပုံအပြင်၊ ကိုယ် ကာကွယ်ချင်တယ်၊ ထိုးဖောက်ချင်တဲ့ ပစ္စည်း၊ စက်ယန္တယားတွေ အကြောင်းလေ အားလုံး သိရသေးတယ်။ နာဆာမှာ ဟက်ကာတွေ မွေးထားတယ်လေ။ ဒုံးပျံတစ်စင်းဘယ်လို အလုပ်လုပ်တယ်ဆိုတာကို အင်ဂျင်နီယာနီးပါး သိရပါတယ်။ FBI မှာ ဟက်ကာ ထားတယ်။ ကာကွယ်ရေးပစ္စည်း၊ စစ်လက်နက်တည်ဆောက်မှု အကြောင်းတွေလည်း သိရတယ်။ နိုင်ငံရေးဆိုင်ရာ ဘာသာရပ်လည်း သင်ကြားရတယ်။ ပြောမယ်ဆို စနစ်လုံခြုံရေးအမည်ခံ ဟက်ကာ၊ System Security သမား ဖြစ်ဖို့ဆိုတာ သူ့နေရာနဲ့ သူဆိုင်ရာ ပညာရပ်အားလုံးကို သိထားဖို့လိုအပ်ပါတယ်။


အိုင်တီ စီးပွားရေးဘာသာရပ် (IT Business)

ကွန်ပြူတာပေါ်ပြီဆိုတာနဲ့ ယင်းကွန်ပြူတာကိုအခြေခံလို့ ဘယ်လိုစီးပွားရေးလုပ်ရမယ်ဆိုတာ ဘာသာရပ်က ပေါ်လာပြီးသား။ သူကလည်း မလွယ်ပါဘူး။ IT နဲ့ဆိုင်ရာ စီးပွားရေး လုပ်မယ့်သူက တော်ရုံ အပြင်က မရဘူးလေ။ အိုင်တီနဲ့ သက်ဆိုင်တဲ့ ဗဟုသုတ တွေ အင်မတန်ကျယ်ပြန့်ရတယ်။ အားလုံးကို အသေးစိတ်သိတာ မဟုတ်တောင် ကွန်ပြူတာနဲ့ ဆက်စပ် နည်းပညာ ပစ္စည်းအားလုံးရဲ့  လုပ်ပုံကိုင်ပုံ၊ ပညာရှင်များရဲ့  လုပ်ပုံကိုင်ပုံကို သိထားရတယ်။ ပြီးတော့ ကမ္ဘာ့အိုင်တီစီးပွားရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေ အားလုံး တွက်ချက်ပြီး ဒီကုန်ပစ္စည်းထုတ်လုပ်သင့်လား၊ ဒီစက်ရုံဆောက်သင့်လား။ E Commerce တစ်ခု စလုပ်သင့်လား ဒါတွေ အားလုံး ဆုံးဖြတ်ချက်ချဖို့ဆိုတာ Geek တွေက တော်ရုံမလုပ်နိုင်ဘူးလေ။ IT Business အသိပညာကြွယ်ဝ သူက ဒါကို အကွက်ချ၊ စီမံချက်ချပြီး သေချာလုပ်နိုင် ပါတယ်။ သူကလည်း သူ့အခက်နဲ့ပဲနော။ လေ့လာမယ်ဆို အနည်းဆုံး ၃ နှစ်ရင်းရမယ့် ပညာရပ်ပါ။ အလုပ်နဲ့ပါ တွက်ရင် ၆ နှစ်လောက်လုပ်ထားဖူးသူမှ IT Business လောက မှာ လက်မ ထောင်နိုင်ကြတာပါ။ အဲ့ထက်လည်း များရင်များမယ်။ နည်းရင်နည်းမယ်ပေါ့။ ကြိမ်းသေမပြောတတ်ပါဘူး။


အခြား ကွန်ပြူတာ ပရိုဂမ် အသုံးချ အတတ်ပညာများ

၂၀၀၀ ခုနှစ်နောက်ပိုင်းမှ ရေပန်းစားလာတဲ့ ပညာတွေပေါ့။ သတိမထားမိကြဘူး။ Computer Animation ပိုင်းကို ကောင်းကောင်း ဆော့ကစားနိုင်သူများဟာ ဟောလိဝုဒ်မှာ ပညာရှင်အနေနဲ့ လုပ်ကိုင်နေကြပါတယ်။ သူက Application မှာ ကစားရတာလေ။ လက်စွမ်းထက်သလောက် 3D မှာနာမည်ရလာရင် စီးပွားရေးလုပ်ငန်းရှင်အထိတောင် ဖြစ်နိုင်ပါတယ်။ ပြီတော့ ရှိပါသေးတယ်။ Auto CAD, Graphic Desinger, ACCA ကွန်ပြူတာစာရင်းကိုင် အစရှိသဖြင့် ပြောမကုန်အောင် များပြားလှတဲ့ ပညာတွေ ရှိသေးတယ်နော။ အားလုံး သူ့နေရာနဲ့သူ ထူးချွန်ရင် မြောက်စားခံရမှာ အမှန်ပါပဲ။


အနှစ်ချုပ်

ကျနော်ပြောသားပဲ ကွန်ပြူတာပညာရပ်ဆိုတာ တကယ် ခပ်သောက်လို့မ ကုန်တဲ့ ပင်လယ်ကြီးပါ။ ဒါတောင် ချိတ်ဆက်မှု မပါသေး တယ်။ စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ် အင်ဂျင်နီယာ၊ မက်ကယ်ထရောနစ် အင်ဂျင်နီယာ များက သင်္ဘောတွေ၊ ကားတွေ၊ လေယာဉ်တွေ၊ အခြား စက်ပစ္စည်းတွေကို ဖန်တီးတယ်။ ယင်း ဖန်တီးတဲ့ စက်ယန္တယားတွေ ကို မောင်းသူမဲ့လုပ်မယ်၊ စစ်လက်နက်ဆန်းတွေ တပ်ဆင်မယ်။ ဘာလုပ်မယ်၊ ဘာလုပ်မယ်။ အားလုံး ကွန်ပြူတာနဲ့ထိတွေ့ရတယ်။ ဒီတော့ သူတို့လည်း ကွန်ပြူတာကို ပြန်လေ့လာတယ်။ ကွန်ပြူတာ ပညာရှင်များလည်း ယင်းပညာတွေကို ပြန်လေ့လာရပါတယ်။ ဒီလိုပဲ ဆေးပညာမှာလည်း ကွန်ပြူတာတွေသုံးရတယ်။ ဒီအတွက် လည်း ဆေးပညာရှင်များ ဘက်ကလည်း ကွန်ပြူတာနဲ့ ဆိုင်ရာ ပြန်လေ့လာရတာတွေရှိပါတယ်။ ဒီတော့မှာ ပြီးပြည့်စုံတဲ့ ဓာတ်ခွဲခန်းတွေ ပေါ်လာတာလေ။ ပြောမယ်ဆို ကုန်တောင်ကုန်နိုင်မှာ မဟုတ်ဘူး။ ဆက်ရေးနေရင် ဒီလိုပဲ ကွန်ပြူတာနဲ့ဆိုင်ရာ ဘာာသာရပ်တွေ တစ်ခုပြီး တစ်ခုတိုးနေအုံးမှာပါ။

မှာချင်တာကတော့ဗျာ။ ကိုယ်က ဘယ်ပညာရပ်ကိုပဲ လိုက်စား၊လိုက်စား အကောင်းဆုံးဖြစ်အောင်လုပ်ပါ။ အချိန်နဲ့ ကိုယ်လုပ်နိုင်မယ့် အတိုင်းအတာ ကိုလည်း ပြန်တွက်၊ လိုင်းတော့မကြောင်စေနဲ့။ ဟိုဟာလည်းဖြစ်ချင်တယ်၊ ဒီဟာလည်း ဖြစ်ချင်တယ်၊ ဗျာက များနေရင် နောက်ဘာမှ ဖြစ်မလာဘူး။ အထက်က ပြသတဲ့ ဘာသာရပ်တွေအားလုံးကို စာဖတ်သူ တစ်ယောက် တည်း လုပ်နိုင်လို့လား။ စတိဗ်ဂျော့တို့၊ ဘီလ်ဂိတ်တို့တောင် မလုပ်နိုင်ပါဘူး။ သုံးခု၊ လေးခု လောက် လုပ်မယ်ဆိုရင် မတားချင်ပေမယ့် အဲ့ထက်ပို လာရင်တော့ မကောင်းတော့ပါဘူး။ Networking ပိုင်းသွားမယ်။ ပရိုဂမ်ပိုင်း လည်း ဆက်လေ့လာမယ်။ IT စီးပွားရေးလည်း အတွေ့အကြုံနဲ့ ယူသွားမယ်။ စနစ်လုံခြုံရေးပိုင်းလည်း ကူးမယ်။ ဒီလောက်ဆိုရင် ဖြစ်ပါသေးတယ်။ ဘာလို့လဲဆို အားလုံးက ဆက်စပ်နေတယ်လေ။ ဒီတော့ လိုင်းပူးချင် သပဆိုရင်လည်း အနီးစပ်ဆုံးလိုင်းတွေပဲ ပူးစေချင်ပါတယ်။

မမေ့အောင် ထပ်မှာချင်ပါသေးတယ်။ Team Work. ။ တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ network အင်ဂျင်နီယာ တစ်ယောက်တည်း ရှိလို့ မရဘူး။ ပရိုဂမ်မာပဲရှိလို့မရဘူး။ အားလုံး သူ့နေရာနဲ့သူ ရှိရတယ်။ ပြည့်စုံ ရတယ်။ ကိုယ်က မလုပ်နိုင်ရင် လုပ်နိုင်တဲ့သူကို လက်တွဲခေါ်။ ကိုယ်တတ်တဲ့ ပညာတွေကို ဆရာစားမကျန်ပြန်သင်ပေး။ ညီငယ်၊ညီမငယ်တွေကို သေချာ ဆုံးမ။ ကိုယ့်နိုင်တဲ့ ကဏ္ဍကနေပါဝင်လို့ အိုင်တီကွန်ရက်ကြီးတစ်ခုဖန်တီးရင် ဘာလို့တိုင်းပြည်က မတိုးတက်ရမှာလဲ။ ကျနော် သိထားသလောက် သူ့နေရာနဲ့သူ ပညာတွေတွေ ကိုယ်စီ ရှိနေပါတယ်။ အားလုံးကို စည်းလုံးစေချင်ပါတယ်။ နွားကွဲ ကျားဆွဲ တဲ့။ တစ်ယောက်တည်းတော်နေတာမျိုး၊ ထက်နေတာမျိုးတို့လည်း ရှိကြတယ်။ ပြည်ပရောက်သွားတယ်။ အချို့ ကျတော့လည်း ပြည်ပမှာ လုပ်ပါတယ်။ မြေတောင်မြောက်ပေးမယ့်သူ မရှိဘူး။ အရင်းအနှီးထုတ်ပေး တဲ့သူ မရှိဘူး။ အစရှိသဖြင့်ပေါ့။ စိတ်မပျက်ပါနဲ့။ ခုမှ တိုင်းပြည်က လမ်းပွင့်စ ရှိဆဲပါ။ အားလုံး ကိုယ်တတ်နိုင်တဲ့ ကဏ္ဍကနေကြိုးစားပေးကြပါလို့ AMCDC က တိုက်တွန်းရင်း နိဂုံးချုပ်လိုက် ရပါတယ်။

Computer လောက သိမှတ်စရာများ


၁) ပထမဆုံး register လုပ်ခဲ့တဲ့ Domain Name က Symbolics.com ဖြစ်ပါတယ်...

၂) Tim Berners-Lee ဟာ World Wide Web ဆိုတဲ့ ဝေါဟာရအသုံးအနှုန်းကို ၁၉၉၀ မှာစတင်တီထွင်အသုံးပြုခဲ့ပါတယ်...

၃) Google ဟာ ခန့်မှန်းအားဖြင့် တစ်နှစ်ကို ၁၅ ဘီလီယံ ကီလိုဝပ်နာရီရှိတဲ့ လျှပ်စစ်ဓာတ်အားကို အသုံးပြုပါတယ်... ဒီပမာဏဟာ နိုင်ငံအများစုမှာသုံးစွဲနေတဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုထက်များပါတယ်... လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားတွေကို Google ဟာ solar panels တွေကနေ ကိုယ်တိုင်ထုတ်ယူသုံးစွဲပါတယ်....

၎) Bill Gates ရဲ့ အိမ်ကို Apple ရဲ့ Macintosh ကွန်ပျူတာနဲ့ ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်ပါတယ်...

၅) အင်တာနက်ကိုချိတ်ဆက်အသုံးပြုသူ သန်းထောင်ပေါင်း ၁.၈ မှာ အင်္ဂလိပ်စကားပြောတဲ့သူက ၄၅၀ သန်းပဲရှိပါတယ်...

၆) ဆွီဒင်ဟာ အင်တာနက်အသုံးပြုသူ ရာနှုန်းအများဆုံးနိုင်ငံဖြစ်ပြီး လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းရှိပါတယ်...

၇) ၁၉၉၅ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မတိုင်ခင်အထိ Domain registration ကို အခမဲ့လုပ်နိုင်ပါတယ်....

၈) ပုံမှန် web-page တစ်ခုရှိတိုင်းမှာ အညှီအဟောက် (porn) page ငါးခုလောက်ရှိနေမှာဖြစ်ပါတယ်..

၉) Google ရဲ့ home page မှာ ပြောင်ရှင်းနေရတဲ့ အဓိကအကြောင်းရင်းကတော့ စတင်တည်ထောင်သူတွေဟာ HTML ကို မသိဘဲ interface တစ်ခုကို အမြန်တည်ဆောက်ချင်ခဲ့တာကြောင့် ဖြစ်ပါတယ်...

၁၀) ခန့်မှန်းအားဖြင့် လူဦးရေ 1,319,872,109 ယောက်ဟာ အင်တာနက်ကို အသုံးပြုကြပါတယ်...

၁၁) ပထမဆုံး Apple ကွန်ပျူတာကို Steve Jobs နဲ့ Steve Wozniak တို့ဟာ သူတို့အလုပ်ကနေ အလကားရတဲ့ ပစ္စည်းအစိတ်အပိုင်းတွေကနေ တည်ဆောက်ခဲ့တာဖြစ်ပါတယ်...

၁၂) Rother J လို့အမည်ရတဲ့ program ဟာ ပထမဆုံး ကွန်ပျူတာ ဗိုင်းရပ်စ်ဖြစ်ပြီး သူ့ကိုရေးသားထားတဲ့ ကွန်ပျူတာမှာမဟုတ်ဘဲ တခြား ကွန်ပျူတာမှာ စပြီးအလုပ်လုပ်ခဲ့တဲ့ ဗိုင်းရပ်စ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်...

၁၃) Mosaic ဟာ ပထမဆုံး နာမည်ကြီး web browser ဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ ဖြန့်ချိခဲ့ပါတယ်...

၁၄) နေ့စဉ်နေ့တိုင်း ၂၄၇ ဘီလီယံရှိတဲ့ အီးမေးလ်တွေပေးပို့ကြပြီး အဲ့ဒီအထဲက ၈၁ % ဟာ spam တွေဖြစ်ပါတယ်....
---------------------------------------------------------------