ဖုန်းရွှေပညာရပ်ရဲ့ နက်နဲ အသေးစိတ်တဲ့ သဘောတရားတွေကို မလေ့လာခင်မှာ မသိမဖြစ် သိသင့်တဲ့ ဖုန်းရွှေရဲ့ အခြေခံ သဘောတရား ၃ ရပ် (3 Basic Principles) ကို လေ့လာကြပါမယ်။ အနောက်တိုင်းက သိပ္ပံပညာရှင်တွေက ကိစ္စရပ်တွေ အားလုံးကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော ဖော်မြူလာ ဖြစ်တဲ့ “အရာရာတိုင်းရဲ့ သီအိုရီ၊ Theory of Everything” ဆိုတာကို ခုချိန်ထိ ရှာဖွေနေကြဆဲပါ။ ဒီအချိန်မှာပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်လောက်က မွေးဖွားလာခဲ့တဲ့ ဖုန်းရွှေပညာက အရာရာတိုင်းနဲ့ ပတ်သက်တဲ့ သဘောတရား ၃ ရပ်ကို ချမှတ်ထားရုံမျှမက လက်တွေ့နယ်ပယ်အထိ အသုံးချနေတာကို တွေ့ရပါလိမ့်မယ်။ ဒီသဘောတရား သုံးရပ်ကတော့...
အရာရာတိုင်းဟာ သက်ဝင်လှုပ်ရှားနေတယ် - Everything is alive
အရာရာတိုင်းဟာ ချိတ်ဆက်နေကြတယ် - Everything is connected
အရာရာတိုင်းဟာ စဉ်ဆက်မပြတ် ပြောင်းလဲနေတယ် - Everything is constantly changing
ဖုန်းရွှေနဲ့ ပတ်သက်တဲ့ ဝါဒကွဲ၊ မူကွဲနဲ့ ကျောင်းတော်ကြီးတွေ အမျိုးမျိုးရှိကြပေမယ့် ဒီအခြေခံသဘောတရား တွေကနေ သွေဖီမသွားပါဘူး။ ဒါကြောင့် ဖုန်းရွှေပညာကို လေ့လာတဲ့သူဟာ ဒီ အခြေခံသဘောတရား သုံးရပ်ကို ရင်ထဲ၊ နှလုံးသားထဲအထိ စွဲမြဲစွာ မှတ်ကျောက်တင်ထားရမှာ ဖြစ်ပါတယ်။
+++++++++++++++++++++
အရာရာတိုင်းဟာ သက်ဝင်လှုပ်ရှားနေတယ် - Everything is alive
ဒီသဘောတရားက ဖုန်းရွှေပညာရဲ့ အဓိကကျတဲ့ ချိဓာတ် (氣 - qi) တည်ရှိနေတာကို ဖွင့်ဆိုတာပါ။ နှစ်ထောင်ပေါင်းများစွာ ကတည်းက လူသားတွေဟာ စကြဝဠာအတွင်းမှာ လှည့်ပတ်သွားလာနေတဲ့ စွမ်းအင်တစ်ခု ရှိနေတာကို သတိပြုမိကြပါတယ်။ ဒီစွမ်းအင်ဟာ လျှပ်စစ်၊ သံလိုက်လှိုင်း (Electromagnetic Wave) လိုမျိုး စွမ်းအင်တစ်ခုပါ။
ဒီ ချိဓာတ်ကို နားလည်စွာ အသုံးပြုပြီး တရုတ်နဲ့ ဂျပန်လူမျိုးတွေဟာ တုန့်ပြန်အနှိပ်ပညာ (Reflexology) အပ်စိုက်ပညာ (Acupuncture) စတဲ့ ရိုးရာ ကုသနည်းစနစ်တွေကို တီထွင်ခဲ့တာဖြစ်ပါတယ်။ ဒါတင်မကဘဲ တိုက်ခိုက်ရေး နည်းစနစ်တွေ ဖြစ်တဲ့ ထိုက်ကျိ (太極 - Tai Ji) ချိကုန်း (氣 功 – Chi Gong) အာကီဒို (合気道- Aikido) အစရှိတဲ့ ကိုယ်လုံပညာရပ်တွေကိုလည်း တီထွင်အသုံးချခဲ့တာ ဖြစ်ပါတယ်။
ချိဓာတ်ဟာ လူ့ခန္ဓာကိုယ်၊ သစ်ပင်ပန်းမန်၊ အဆောက်အဦ စတာတွေထဲမှာ လည့်ပတ်စီးဆင်း တည်ရှိနေပါတယ်။ တချို့ ချိဓာတ်တွေဟာ စဉ်ဆက်မပြတ် စီးဆင်းနေပြီး၊ တချို့ ချိဓာတ်တွေကတော့ တခြား အရင်းအမြစ်တွေကနေ စီးဆင်းယိုစိမ့်လာပါတယ်။ သင့်ရဲ့ ကိုယ်ပိုင် ချိဓာတ် (Own Personal Chi Energy) ကတော့ သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ချိဓာတ်တွေနဲ့ ရောနှောလို့ နေပါတယ်။
ဒီ ချိ ဆိုတဲ့ စွမ်းအင်စီးကြောင်းကြီး လည်ပတ်စီးဆင်းနေတာကို နားလည်ခြင်းဟာ ဖုန်းရွှေရဲ့ အခြေခံအကျဆုံး သဘောတရားတစ်ခုကို နားလည်ခြင်းပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကနေ သင့်ကို ရိုက်ခတ်လာတဲ့ ချိဓာတ်တွေဟာ သင့်ရဲ့ စိတ်ခံစားချက်တွေ၊ သဘောထား အပြုအမူတွေ၊ (အချိန်ကာလနဲ့ သတ်မှတ်မယ်ဆိုရင်) သင့်ရဲ့ ကျန်းမာရေး ကိုပါ စိုးမိုးနေပါတယ်။
နမူနာ ဆိုရမယ်ဆိုရင် ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်နဲ့ တွေ့ဖို့ ချိန်းထားတယ်။ လမ်းမှာ သူ့ချစ်သူလေး ပျော်စေဖို့ လက်ခုပ်တီးပြီး သီချင်းဆိုပြမယ်၊ ဟာသတွေ ပြောပြမယ်လို့ စဉ်းစားမိတယ်။ ဒါပေမယ့် ဟိုရောက်တော့ ကောင်မလေးက မျက်ရည်တွဲလွဲနဲ့ ငိုနေတယ်။ အဲဒီအချိန်မှာ ကောင်လေးက ဘာလုပ်မှာလဲ။ သူ့ရှေ့မှာ လက်ခုပ်တီးနေမှာလား၊ ကခုန်နေမှာလား၊ ဟာသတွေ ပြောနေမှာလား။ ဒါတွေ လုပ်လို့ မဖြစ်တော့ဘူးလေ။ ပထမဆုံး ကောင်မလေး အငိုတိတ်အောင် ချော့မယ်။ သူဘာကြောင့် စိတ်ဆင်းရဲနေတာလဲ သိအောင်မေးမယ်။ ကောင်မလေး မျက်နှာလေးက ပြန်လည်လန်းဆန်း လာတဲ့အခါမှ စောစောက သူစဉ်းစားတာတွေကို လုပ်ပြမှာပေါ့။
တကယ်လို့သာ သင်ဟာ အဲဒီကောင်လေး နေရာမှာဆိုရင်ကော ဘာလုပ်မှာလဲ။ ပထမ ကောင်မလေးက ငိုနေတယ်။ နောက်တစ်ခါ ပြန်ပြီး ပျော်လာတယ်။ သူ့ရဲ့ ကောင်းတဲ့၊ ဆိုးတဲ့ ချိဓာတ် (Positive and Negative Qi) မှန်သမျှက သင့်ကို ရိုက်ခတ်တာပဲ မဟုတ်ဘူးလား။ ဒီနမူနာလေးကို သုံးသပ်ပြီး ကျွန်တော်တို့ဟာ နေ့စဉ် လက်တွေ့ဘဝမှာ အချင်းချင်း၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စွမ်းအင်တွေ လဲလှယ်နေတာကို နားလည်သဘောပေါက်ရမှာ ဖြစ်ပါတယ်။
ချိဓာတ်တွေဟာ ကျွန်ုပ်တို့ဆီကို ဘယ်လို နည်းလမ်းနဲ့ ရောက်လာတာလဲ ဆိုတော့ ပတ်ဝန်းကျင်မှာ ရှိတဲ့ လေ၊ ရေ၊ အပူဓာတ်၊ အလင်း၊ အသံ စတာတွေက သယ်ဆောင်လာခြင်းပဲ ဖြစ်ပါတယ်။ သည့်တိုင်အောင် ချိဓာတ်တွေဟာ ပတ်ဝန်းကျင်မှာ ထိတွေ့ခံစားနိုင်တဲ့ လေ၊ ရေ စတာတွေကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ့ အာရုံငါးပါးကို ရိုက်ခတ်၊ လှုပ်ရှားစေတဲ့ ပြင်ပ သဘာဝအာရုံတွေနဲ့ အလားသဏ္ဍာန် တူစွာပဲ ချိဓာတ်တွေက ရောက်ရှိလာတာပါ။ ဒါကြောင့် ပြင်ပက သဘာဝအာရုံတွေနဲ့ မတူစွာပဲ တချို့သော ချိဓာတ်တွေဟာ အစိုင်အခဲ ရုပ်ဝတ္ထု (Solid Matter) တွေကို ဖြတ်သန်းသွားနိုင်ခြင်းပဲ ဖြစ်ပါတယ်။
ချိဓာတ်တွေဟာ အများအားဖြင့် တံခါး၊ ပြူတင်းပေါက်တွေကနေ ဝင်ထွက်လှည့်ပတ်ပြီး တခါတရံမှာတော့ အုတ်နံရံတွေကိုလည်း ထိုးဖောက်ပြီး ရောက်လာတတ်သလို ထိုးဖောက် ထွက်ခွာသွားနိုင်ပါတယ်။ ကနဦး ဖုန်းရွှေပညာရှင်တွေဟာ ဒီလို ချိဓာတ်တွေရဲ့ ရွေ့လျားပုံ သဘောကို ကြည့်ပြီး “ဖုန်းရွှေ = လေ + ရေ” လို့ ရိုးစင်းစွာ အမည်နာမ ပြုခဲ့ခြင်း ဖြစ်ဟန်တူပါတယ်။ ဒီလို ချိဓာတ်တွေ တည်ရှိ ဖြစ်တည်နေတာကို ပညာရှင်တွေ ရှာဖွေ တွေ့ရှိခဲ့သည့်တိုင်အောင် ချိဓာတ်ဟာ ပုံသဏ္ဍာန်မဲ့ စွမ်းအင် (Formless Energy) တစ်မျိုးဆိုတာကို နားလည်ထားရပါမယ်။
ပညာရှင်တချို့က လူသားတွေရဲ့ တတိယ အရေပြားလို့ တင်စားကြတဲ့ အဆောက်အဦတွေကလည်း စီးဆင်းနေတဲ့ ချိဓာတ်တွေကို ပြောင်းလဲစေပါတယ်။ အဆောက်အဦတွေရဲ့ ပုံသဏ္ဍာန်၊ တံခါးပေါက်၊ ဆောက်လုပ်ရေးပစ္စည်း အသုံးပြုမှု စတာတွေပေါ် မူတည်ပြီး ချိဓာတ်တွေ ပြောင်းလဲပါတယ်။ ချိဓာတ်တွေဟာ အများအားဖြင့် တံခါး၊ ပြူတင်းပေါက်တွေက ဖြတ်သန်းသွားတာမို့ နေ၊ လေ စသည်တို့ကို ဦးတည် ဖန်တီးထားတဲ့ အဆောက်အဦတစ်ခုရဲ့ အနေအထားဟာ ချိဓာတ်တွေ ဝင်ရောက်လာတာကို အဆုံးအဖြတ် ပေးပါတယ်။
ကောင်းကင်က ကြယ်တွေ၊ ဂြိုဟ်တွေ ရွေ့လျားတာအပေါ်မှာ မူတည်ပြီး ချိဓာတ်တွေကလည်း လှုပ်ရှား ပြောင်းလဲလို့ နေပါတယ်။ ဒါကြောင့် နှစ်တိုင်း၊ လတိုင်း၊ နေ့တိုင်း နာရီတိုင်းမှာ ချိဓာတ်ပုံသဏ္ဍာန်တွေ ပြောင်းလဲ ဖြစ်တည်နေတာကို နားလည်ထားရပါမယ်။
အိမ်တစ်လုံးရဲ့ ပြင်ပ ပတ်ဝန်းကျင် ဖြစ်တဲ့ ရေကန်၊ သစ်တော၊ ကားလမ်း စတာတွေဟာလည်း အိမ်အတွင်းကို ဝင်ရောက်လာတဲ့ ချိဓာတ်တွေရဲ့ လမ်းကြောင်း ပုံသဏ္ဍာန်ကို ပြောင်းလဲ စေနိုင်ပါတယ်။ အကောင်းဆုံးနဲ့ အပြည့်စုံဆုံး အနေအထားတွေ ရှိတဲ့အခါမှာတော့ ချိဓာတ်တွေဟာ တစ်အိမ်လုံးကို စည်းစနစ်ကျန မျှတစွာနဲ့ လှည့်ပတ်ဖြတ်သန်းသွားပါတယ်။
ခုလောက်ဆိုရင်ဖြင့် ဖုန်းရွှေပညာရပ်ရဲ့ ပထမဆုံး အခြေခံ သဘောတရားဖြစ်တဲ့ “အရာရာတိုင်းဟာ သက်ဝင်လှုပ်ရှားနေတယ် - Everything is alive” ဆိုတာကို သိရှိပြီလို့ ယူဆပါတယ်။ နောက်အပိုင်းတွေမှာ နောက်ထပ် သဘောတရား တွေကို ဆက်လက်ရေးသားသွားပါ့မယ်။
ဒီ ဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါမှာ... ကောင်းမွန်တဲ့ အနှစ်သာရပြည့်တဲ့ ချိဓာတ်တွေ သင်နဲ့ သင့်ပတ်ဝန်းကျင်မှာ စီးဆင်းလှည့်ပတ် လွှမ်းခြုံ နေစေချင်တယ်၊ ပြီးတော့ သာယာတဲ့ ပျော်ရွှင်ကြည်လင်တဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းချင်တယ်၊ ပြီးတော့ လှပ သဘာဝကျတဲ့ စိတ်ကူးတွေ၊ ပြောင်းလဲမှုတွေကို ဖန်တီးချင်နေတယ် စတဲ့အတွေးတွေ ဖြစ်လာတယ် ဆိုရင်တော့ သင်ဟာ ဖုန်းရွှေပညာကို စိတ်ဝင်စားနေပြီလို့ပဲ ဆိုလိုက်ပါရစေ။
Friday, June 24, 2011
ဖုန်းရွှေပညာ.....(တရုတ်တော်ဝင်ပညာတခု)
“ဖုန်းရွှေ” ဆိုတာ လူနာမည် မဟုတ်ပါ။ တရုတ်လူမျိုးတို့၏ ရိုးရာ အမွေအနှစ် “ဂမ္ဘီရ” ပညာတစ်ခုဖြစ်ပါတယ်။ တရုတ်အသံထွက် အမှန် (အနီးစပ်) ဆုံးကတော့ “ဖန်းရှုရီ” (Feng shui) လို့ ထွက်ရမယ် ထင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီပညာကို ပထမဆုံး မိတ်ဆက်ပေးသူလို့ ဆိုနိုင်လောက်တဲ့ “ဆရာဟိန်းလတ်” က သူရဲ့ ပထမဆုံး (Feng shui) စာအုပ်ကို “ဖုန်းရွှေ” လို့ နာမည်ပေးလိုက်တဲ့ အတွက် မြန်မာနိုင်ငံမှာ ဒီပညာဟာ “ဖုန်းရွှေ” လို့ “နာမည်ပေါက်” သွားပါတော့တယ်။
“ဖုန်းရွှေ” ဆိုတာ ဘာလဲ? ။ ဘယ်လို ဂမ္ဘီရ ပညာလဲ? ။ ဟုတ်ကဲ့ – မှန်တဲ့အတိုင်း ပြောရင် ကျွန်တော်လည်း သိပ်မသိပါ။ ဒီပညာက ကျွန်တော် ကျွမ်းကျင်တဲ့ ပညာတစ်ခု မဟုတ်ပါ။
ဒီပညာနဲ့ ပတ်သက်ရင် ဆရာဟိန်းလတ် နဲ့ ဆရာသက်လုံ တို့ရဲ့ စာအုပ်တွေလောက်သာ ဖတ်ဘူးပြီး ဒီပညာအကြောင်း နှိုက်နှိုက် ချွတ်ချွတ် မလေ့လာဘူးပါ။ လက်တွေ့နဲ့ ယှဉ်ပြီးတော့ လည်း သုတေသန မပြုဘူးပါ။ “စာသိ” လောက်ဘဲ ရှိပါတယ်။
စာသိအရတော့ “ဖုန်းရွှေ” ပညာဟာ “နေအိမ်၊ အဆောက်အဦ အခင်းအကျင်း” တွေနဲ့ ဆိုင်တဲ့ ပညာဖြစ်ပြီး “နေအိမ် အဆောက်အဦပညာ” (ဂေဟာဗေဒ)လို့ ခေါ်ရမလား ထင်ပါတယ်။ အဆောက်အဦး တစ်ခု ဆောက်လုပ်တော့မယ်ဆိုရင် ဘယ်လိုမြေနေရာမျိုး ရွေးရမယ်၊ ဘယ်လို ပုံစံမျိုး ဆောက်ရမယ်၊ ဘယ်လို အခန်းဖွဲ့စည်းပုံမျိုး ဖွဲ့ရမယ်၊ ဘုရားစင်က ဘယ်နေရာ၊ ဧည့်ခန်းက ဘယ်နေရာ ၊ မီးဖိုဆောင်က ဘယ်နေရာ၊ အိမ်သာ ရေချိုးခန်းက ဘယ်နေရာ . . . စသည်ဖြင့် စနစ်တကျ နေရာချထားတဲ့ ပညာကို “ဖုန်းရွှေ” ပညာလို့ ခေါ်ပါတယ်။
အဆောက်အဦးရဲ့ ကျက်သရေ မင်္ဂလာကို တိုးတက်စေတဲ့ ပစ္စည်းများ ဖြစ်တဲ့ “ငါးကန်” လေးတွေ၊ နိမိတ်ကောင်းတဲ့ ပန်းပင်လေးတွေ၊ အသံချိုလွင်တဲ့ ပစ္စည်းလေးတွေကို နေရာချ ထားတဲ့ ပညာလည်း ဖြစ်ပါတယ်။ ဘယ်ပစ္စည်းကို ဘယ်နားမှာ ထားရမယ်၊ ဘယ်ပစ္စည်းကို ဘယ်နားမှာ မထားရဘူး ဆိုတာတွေလည်း ပါဝင်ပါတယ်။
ဒီလို နေရာချထားမှု မှန်ကန်ရင် ဒီ နေအိမ် ၊ အဆောက်အဦမှာ နေထိုင်တဲ့ သူများအတွက် ကျန်းမာရေး၊ စီးပွားရေး များတိုးတက်ကောင်းမွန် ပြီး အိမ်တွင်း အေးချမ်းသာယာမှုကို ရရှိနိုင်မှာ ဖြစ်တယ် လို့ (တရုတ်လူမျိုးများဟာ) ယုံကြည်ကြပါတယ်။
ဒီနေရာမှာ “လေကြော” နဲနဲ ရှည်ချင် ပါသေးတယ်။ တရုတ်လူမျိုးများဟာ အံ့သြစရာ ကောင်းတဲ့ လူမျိုးလို့ ပြောရမလား ? ချီးမွမ်းစရာ ကောင်းတဲ့ လူမျိုး လို့ ပြောရမလား မသိပါ ? ။ တရုတ်လူမျိုးတွေဟာ ကမ္ဘာပေါ်မှာ “လူ့ယဉ်ကျေးမှု (Human Civilization)” အစောဆုံး လူမျိုးကြီးတစ်မျိုး ဖြစ်ပြီး သူတို့ရဲ့ ယဉ်ကျေးမှုဟာ အနှစ် (၅၀၀၀)ကျော်လောက်ပြီလို့ ပညာရှင်တွေ ခန့်မှန်းကြပါတယ်။
သူနဲ့ ခေတ်ပြိုင် ယဉ်ကျေးမှုတွေ ၊ ခေတ်လွန် ယဉ်ကျေးမှုတွေ တစ်ခုပြီး တစ်ခု “ကျဆုံးပျောက်ကွယ်” သွားကြပေမယ့် သူတို့ ကတော့ ယနေ့တိုင် ကမ္ဘာပေါ်မှာ လူဦးရေလည်း အများဆုံး/ ယဉ်ကျေးမှု အမွေအနှစ်များကိုလည်း ထိန်းသိမ်းနိုင်စွမ်း အရှိဆုံး လူမျိုးစုကြီး တစ်ခုအဖြစ် ဆက်လက် ရပ်တည်လျှက် ရှိနေပါသေးတယ်။
အဲဒါ ဘာဖြစ်လို့လည်းဆိုတော့  တရုတ်လူမျိုးများဟု သူတို့ ရိုးရာယဉ်ကျေးမှုကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းခဲ့ကြလို့သာ ဖြစ်ပါတယ်။ ယနေ့ အလွန်တိုးတက်လှတဲ့ သိပ္ပံ နည်းပညာ ခေတ်ကြီးကို ရောက်လာပေမယ့် တရုပ်လူမျိုးများဟာ သူတို့ရဲ့ ရိုးရာအမွေအနှစ်များကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းလျှက် ရှိနေဆဲ ဆိုတာကို တွေ့မြင်ရပါလိမ့်မယ်။
ကွယ်လွန်ပြီးတဲ့ မိဘဘိုးဘွားတွေကို ကန်တော့တဲ့ ပွဲ၊ လ,နတ် ပူဇော်ပွဲ၊ ကွမ်ရင်မယ်တော် ပူဇော်ပွဲ ၊ တစ္ဆေကြီး ပူဇော်ပွဲ ၊ ရိုးရာ နှစ်သစ်ကူးပွဲ ၊ သင်္ချီုင်းနတ်ပူဇော်ပွဲ စတဲ့ စတဲ့ . . . မရေမတွက်နိုင်တဲ့ ရိုးရာပွဲလမ်းတွေ ကို တရုတ်လူမျိုးများဟာ ယနေ့ထက်တိုင်အောင် မြတ်မြတ်နိုးနိုး ထိန်းသိမ်းထားကြဆဲဖြစ်ပါတယ်။
တရုပ်ရိုးရာ အကောင် (၁၂)ကောင် ဗေဒင် ၊ ဘုတ်ကြီး (၈)ပါးဗေဒင် (ယိချင်း) ၊ ဘုတ်ကြီး ငါးပါးဗေဒင် ၊ ဖုန်းရွှေ ၊ ကွမ်ရင်မယ်တော် စာချခြင်း စတဲ့ ရိုးရာ ဗေဒင်ပညာများကိုလည်း ယနေ့တိုင် ယုံကြည်လိုက်နာလျှက် ရှိနေပါတယ်။
“ကွန်မြူနစ်ဝါဒ” ရဲ့ လက်အောက်ကို ကျရောက်ခဲ့ပြီး (မော်စီတုန်းခေတ်) အလွန်ဆိုးဝါးလှတဲ့ “ယဉ်ကျေးမှု တော်လှန်ရေးကာလ” ကြီးမှာ တရုပ်လူမျိုးတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ် များစွာဟာ ဖျက်ဆီးခံခဲ့ရပါတယ်။ ဒီလို “အမှောင်ကာလကြီး” ကို ဖြတ်သန်းခဲ့ရတဲ့ အချိန်မျိုးမှာ တောင်မှ တရုပ်လူမျိုးများဟာ သူတို့ ရိုးရာယဉ်ကျေးမှုများကို (အသက်နဲ့ရင်းပြီး) ပုန်းလျှိုးကွယ်လျှိုး ဆက်လက် ထိမ်းသိမ်းခဲ့ကြပါတယ်။
ဒီလို ရှေးရိုးရာ အစဉ်အလာတွေကို မြတ်မြတ်နိုးနိုး ယုံကြည်နေကြတာကြောင့် သူတို့ကို “ခေတ်နောက်ပြန်ဆွဲ ၊ ရှေးရိုးဝါဒီ” တွေလို့ သတ်မှတ်နိုင်ပါသလား ? ၊ “အယူသည်းသူ၊ ခေတ်နောက်ကျသူ” များအဖြစ် ခေါ်ဆိုနိုင်ပါသလား ? ။
ဒါဆိုရင် ယနေ့ ကမ္ဘာမှာ တရုတ်နိုင်ငံ / တရုတ်လူမျိုးများရဲ့ တိုးတက်မှုကို ကြည့်လိုက်ပါ။ ယနေ့ (၂၁)ရာစု တရုပ်လူမျိုးတို့ရဲ့ စီးပွားရေး နဲ့ နည်းပညာပိုင်းမှာ ကြောက်ခမန်းလိလိ တိုးတက် နေမှုကို ကြည့်ရင် သူတို့ကို ခေတ်နောက်ကျနေတဲ့ လူမျိုးဟု ခေါ်နိုင်ပါဦးမလား။ တရုပ်လူမျိုး တို့ရဲ့ စီးပွားရေး ၊ နည်းပညာ တိုးတက်မှုကို တစ်ကမ္ဘာလုံးက မျက်လုံး အပြူးသားနဲ့ စောင့်ကြည့် နေကြရပါပြီ။
ဒါပေမယ့် သန်းပေါင်းများစွာသော တရုပ်လူမျိုးများဟာ ယနေ့ထက်ထိအောင် ဂမ္ဘီရပညာများ နှင့် ရှေးရိုးရာအစဉ်အလာ များကို လိုက်နာ ကျင့်သုံးဆဲသာ ရှိပါသေးတယ်။ တရုတ်ရိုးရာ ဘုံကျောင်းများ၊ ကွမ်ရင် မယ်တော် ကျောင်းများတွင် နေ့စဉ်နှင့်အမျှ တရုတ်လူမျိုးများ ပြည့်နှက်လျှက် ရှိပါသေးသည်။
ကမ္ဘာ့ အချမ်းသာဆုံး စာရင်းဝင် တရုတ်သူဌေးကြီးများသည်လည်း တရုတ်ရိုးရာ ဂမ္ဘီရပညာရှင် များနှင့် တိုင်ပင်နှီးနှောလျှက် ရှိနေပါ သေးတယ်။ “ကွမ်ရင်မယ်တော်” ကျောင်းများ တွင်လည်း မိမိတို့၏ ရှေ့လုပ်ငန်းစဉ်များအတွက် “စာချ” လျှက်ရှိသော တရုပ်လူမျိုးများ အများအပြားကို တွေ့မြင်ရမည် ဖြစ်ပါသည်။ (၂၁)ရာစု အ၀င်ကာလမှာ စီးပွားရေး နှင့် နည်းပညာအရာမှာ ကမ္ဘာ့နံပါတ်(၁) အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေတဲ့ လူမျိုးကြီး တစ်မျိုးဟာ မိမိတို့ရဲ့ အနာဂါတ်ရည်မှန်းချက်များ အောင်မြင်မှုအတွက် “ဂမ္ဘီရပညာရပ်”များ အပေါ်တွင် လုံးဝ အားထားယုံကြည် လျှက်ရှိသည်မှာ ယုံကြည်နိုင်ဖွယ်ပင် မရှိပါ။ ဒါပေမယ့် သူတို့ လက်တွေ့ အောင်မြင်နေကြပါတယ်။
ဒါဟာ ဂမ္ဘီရ ပညာရပ်များကို ခေတ်နှင့် ဆီလျှော်မှု မရှိသော အယူသည်းမှုများအဖြစ် ရှုမြင်နေကြ သူများအတွက် စဉ်းစားဖွယ်ရာ ကိစ္စကြီး တစ်ခုပါ။ ကျွန်တော် လက်တွေ့လေ့လာ ကြည့်သလောက် တရုတ်လူမျိုး (၇၀)% လောက်ဟာ “ကွမ်ရင်” မယ်တော် ကျောင်းမှာ “စာချ” ခြင်း ကဲ့သို့သော ဂမ္ဘီရ ကိစ္စများနှင့် တိုင်ပင်ဆွေးနွေးမှု မပြုလုပ်ဘဲ ဘ၀ရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ပြုလုပ်လေ့မရှိကြပါဘူး။ “စာချ” လို့ ရတဲ့ အဖြေများကိုလည်း တသွေမတိမ်း လိုက်နာပြီး လုပ်ဆောင်လေ့ ရှိကြတာကို လေ့လာဘူးပါတယ်။
“ဖုန်းရွှေ” ဟာလည်း တရုတ်လူမျိုးများရဲ့ အားထားယုံကြည်ရာ ရိုးရာယဉ်ကျေးမှု ဂမ္ဘီရပညာ တစ်ခုဖြစ်ပြီး သန်းပေါင်းများစွာသော တရုတ် လူမျိုးများဟာ ရိုးရာယဉ်ကျေးမှုတစ်ခုအဖြစ် လိုက်နာလျှက် ရှိကြပါတယ်။
မြန်မာလူမျိုးများမှာလည်း “ဖုန်းရွှေ” ပညာနဲ့ အလားတူတဲ့ “မြန်မာ့ရိုးရာ အဆောက်အဦပညာ” ဆိုတာ ရှိခဲ့ပြီး ရှေးခေတ် အိမ်ဆောက် လက်သမားဆရာ တိုင်းလိုလို တတ်မြောက်ကြတဲ့ ပညာဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ခေတ် မြန်မာနိုင်ငံမှာ ဆောက်လုပ်နေကြတဲ့ အဆောက်အဦ အတော်များများမှာတော့ ဒီပညာရပ်တွေရဲ့ အရိပ်အငွေ့ တစ်ခုတစ်လေမှ မတွေ့ရတော့ပါဘူး။ တတ်မြောက်တဲ့ လက်သမား၊ ပန်းရံဆရာရယ်လို့လည်း သိပ်မရှိကြတော့ပါဘူး။
“ဖုန်းရွှေ” ပညာနဲ့ ပတ်သက်ပြီး ကိုယ်တွေ့ “ခံလိုက်ရတာ”လေးတစ်ခု ရှိလို့ ဖောက်သည်ချ ချင်ပါသေးတယ်။ လွန်ခဲ့တဲ့ (၇) နှစ်လောက်က ကျွန်တော် လမ်းမတော် (၁၉)လမ်း မှာ အခန်းငှားနေရာကနေ – အိမ်လခတွေ အရမ်းတက်လာလို့ ဘုရင့်နောင် (သီရိမွန်) အိမ်ယာ ကို ပြောင်းလိုက် ရပါတယ်။ အဲဒီ အိမ်ယာက အခန်းမှာ ဘုရားခန်း တစ်ခန်း ၊ ဧည့်ခန်း တစ်ခန်း ၊ အိပ်ခန်း (၂)ခန်း ပါ,ပါတယ်။ ဒါပေမယ့် ကျွန်တော့် မိသားစုက “ကြီး” တော့ ဘုရားခန်း တစ်ခန်း သပ်သပ် မပေးနိုင်ပါဘူး။ ဘုရားစင်ကို ဧည့်ခန်းထဲ ရွှေ့လိုက်ရပြီး ဘုရားခန်းကို လူနေလိုက်ရပါတယ်။ အဲဒီမှာ ဘုရားစင် နဲ့ နောက်ဖေး အိမ်သာပေါက်က တစ်တန်းတည်း ကျနေပါတယ်။ ဘယ်လိုမှ ရွှေ့လို့ရပါဘူး။ “ဖုန်းရွှေ” ပညာအရ လုံးဝ မအပ်စပ်တဲ့ အရာပါ။
စိတ်ထဲမှာ မသိုးမသန့်ဖြစ်လို့ ဒီကြားထဲကို သုံးထပ်သားနဲ့ (Partition) တစ်ခု “ကာ”ထား လိုက်ပါတယ်။ “စတိ ယတြာ” လုပ်ကြည့်တာပေါ့လေ။ မရပါဘူး ။ အိမ်ပြောင်းပြီး တစ်နှစ် မပြည့်ခင်အတွင်း ကျွန်တော် ကျန်းမာရေး အသည်းအသန်ဖြစ်ပြီး ဆေးရုံ တက်လိုက်ရပါတယ်။ ဒီအခန်းမှာ (၂)နှစ်ကျော် နေခဲ့တဲ့ ကာလမှာ ဆေးရုံ (၂)ကြိမ်တက်ရပါတယ်။ လူလည်း ကျန်းမာရေး ဂျုံးဂျုံးကျ ဖြစ်သွားပါတယ်။
ကျွန်တော်တို့ရဲ့ အောက်ထပ်အခန်းကလည်း နေရာချထားပုံက ကျွန်တော်တို့အခန်းအတိုင်း ပါဘဲ။ ဘုရားစင် နဲ့ အိမ်သာနဲ့ တစ်တန်း တည်း။ ကျွန်တော်တို့ ပြောင်းလာစ က အဲဒီ အခန်းငှားနေသူ “ကျောက်ကပ်ရောဂါ” ခံစား နေရပါတယ်။ (ဒီ အခန်းရောက်မှ ရောဂါ စ,ဖြစ်တာလို့ ပြောပါတယ်)။ နောက် ကျွန်တော်တို့ရောက်ပြီး (၁)နှစ်လောက်ရှိတော့ အဲဒီလူ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်သွားရှာ ပါတယ်။
“ဖုန်းရွှေ”က ဒီတင် မပြီးသေးပါဘူး။ မနှစ်က နွေရာသီ မတိုင်မှီလေးမှာ “စမ်းချောင်း” က သူငယ်ချင်းတစ်ယောက် “ကျွန်တော် အခုနေတဲ့ “အလုံ” ရပ်ကွက်ထဲ ကို ပြောင်းလာတယ် ကြားလို့ ကျွန်တော် သွားတွေ့ပါတယ်။ ဖြစ်ချင်တော့ သူငယ်ချင်းရဲ့ အခန်းမျာ နေရာချထားပုံက – ဘုရင့်နောင်မှာ ကျွန်တော် နေတုန်းက အိမ်ခန်း ဖွဲ့စည်းပုံအတိုင်း “ဘုရားစင်” နဲ့ “အိမ်သာ” က တစ်တန်းတည်း ဖြစ်နေပါတယ်။ ကျွန်တော် ဒီဘုရားစင်ကို နေရာ ချက်ခြင်း ရွှေ့လိုက်ဖို့ ပြောခဲ့ပါသေးတယ်။ သူ ယုံကြည်ဟန် မတူပါဘူး။ သိပ်မကြာလိုက်ပါဘူး။ အဲဒီ နွေရာသီမှာဘဲ သူငယ်ချင်းဖြစ်သူ “ကိုယ်တစ်ခြမ်း“ လေဖြတ်သွားလို့ အခု ဒီစာ ရေးနေချိန်မှာ အိပ်ယာထဲ လဲနေပါတယ်။
ကဲ – တကယ်ဘဲ “ဖုန်းရွှေ” ပညာရဲ့ အကျိုးသက်ရောက်မှုလား ? တိုက်ဆိုင်မှုလား ဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့ဗျာ။ ကျွန်တော်ကတော့ “ဖုန်းရွှေ” နဲ့ ပတ်သတ်ပြီး သိပ်မပြောပြ နိုင်သေးပါဘူး။ ဒါပေမယ့် “ဖုန်းရွှေ” ပညာကို လေ့လာချင်သူများအတွက် “ဖုန်းရွှေ” သီးသန့် မြန်မာဘလော့လေးတစ်ခု ပေါ်ထွန်းလာပါပြီဗျာ။ “ကိုအုပ်စိုး” ရဲ့ MM FENG SHUI STUDY ပါတဲ့ဗျား။ အဲဒီမှာ သွားရောက် လေ့လာနိုင်ပါတယ်။ ဒီဆိုဒ်ကလေးကို မိတ်ဆက် ပေးချင်လို့ ယခု “ဖုန်းရွှေလာပြီ” ဆိုတဲ့ ဆောင်းပါးလေးကို ရေးလိုက်ခြင်း ဖြစ်ပါကြောင်း။
ဖုန်းရွှေအကြောင်း ဤတွင် အဆုံးသတ်ပါပြီ။

ဆေးလည်း အစာ ၊ ဘေးလည်း အစာ
ဒီဆောင်းပါးလေးကို သမိုင်းဖြစ်ရပ်ကလေး တစ်ခုနဲ့ စ, လိုက်ချင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀)ကျော် (၅၀) လောက်က မြန်မာနိုင်ငံမှာ “နေလ၀ိဇ္ဇာ” ဆေးပညာလို့ ကျော်ကြားခဲ့တဲ့ ဆေးပညာ တစ်ခု လျှမ်းလျှမ်းတောက် ကျော်ကြားအောင်မြင်ခဲ့ပါတယ်။ ဒီပညာကို တတ်ကျွမ်းတဲ့ ဆရာတစ်ဦးဟာ ရန်ကုန်မြို့ ၊ ကြည့်မြင်တိုင်မြို့နယ်မှာ “နေလ၀ိဇ္ဇာ” ဆေးခန်းဆိုပြီး မြန်မာ့ဆေးခန်းလေး တစ်ခု ဖွင့်လှစ် ကုသခဲ့တာ ဘယ်လောက်တောင်မှ အောင်မြင်သလဲဆိုရင် “အနောက်တိုင်း ဆေးပညာ” နဲ့ ကုသတဲ့ ဆေးရုံတွေဟာ “ကျီးနဲ့ဖုတ်ဖုတ်” ဖြစ်သွား ရပါတယ်။
နေ့စဉ် ကြိတ်ကြိတ်တိုးနေတဲ့ ရောဂါသည် လူအုပ်ကြီးကို နေလ၀ိဇ္ဇာ ဆရာကြီးဟာ အင်မတန် ရိုးရှင်းလွယ်ကူတဲ့ ဆေးပေးနည်း နဲ့ ကုသခဲ့ရာ လူနာ ထောင်ပေါင်းများစွာဟာ ရောဂါတွေကနေ ပျောက်ကင်းခဲ့ကြပါတယ်။ ဒီ နေလ၀ိဇ္ဇာ ဆေးပညာအကြောင်း အကျယ် မချဲ့ လိုပေမယ့် နေလ၀ိဇ္ဇာ ဆေးပညာရဲ့ ကျောရိုးကို ပြောပါဆိုရင်တော့ “ဓာတ်စာ” ပါဘဲ။
လူတိုင်း လူတိုင်းမှာ ကိုယ်နဲ့ တည့်တဲ့ အစာရှိသလို မတည့်တဲ့ အစာလည်း ရှိပါတယ်။ ဒါကို နေလ၀ိဇ္ဇာ ဆေးပညာက “ပညတ်” အပေါ်မှာ “ဘောင်တင်” လိုက်ပြီး လူနာရဲ့ ပညတ်ကို အစာ ပညတ် နဲ့ ကုသလိုက်တဲ့ အခါမှာ လူနာတွေဟာ ပကတိ ကျန်းမာချမ်းသာ ခြင်းသို့ ရောက်ရပါတော့တယ်။
ဒီလို နေလ၀ိဇ္ဇာ ဆရာကြီး နာမည် လျှမ်းလျှမ်းတောက်နေတော့ အနောက်နိုင်ငံတစ်ခုက ပါမောက္ခ ဆရာဝန်မကြီးတစ်ဦးက လာပြီး လေ့လာပါတယ်။ သူလေ့လာကြည့်သလောက်တော့ အထင်ကြီးစရာ ရယ်လို့ တစ်ကွက်မှ မတွေ့ပါဘူး။
ဆေးကုသပုံ အကျဉ်းချုပ်ကို ပြောရရင် ပထမဆုံး – လူနာတွေကို “နေ,အုပ်စု” နဲ့ “လ,အုပ်စု” ဆိုပြီး အုပ်စု (၂)စု ခွဲလိုက်တယ်။
ပြီးရင် “နေအုပ်စု” ထဲက လူနာတွေကို ဆေးတစ်ဖုံစာ ပေးမယ်။ ဓာတ်စာ စာရွက် တစ်ရွက်စီ ပေးမယ်။ “လအုပ်စု” ထဲက လူနာတွေ ကိုလည်း ဒီလိုဘဲ တူညီတဲ့ ဆေးတစ်ဖုံစီပေးမယ်မယ်။ ဓာတ်စာ စာရွက် တစ်ရွက်စီ ပေးမယ်။ အဲဒီမှာ ရောဂါ ကုသခြင်း ပြီးဆုံးလေ သတည်းပေါ့။
(စကားပြန်နဲ့) အနီးကပ် လေ့လာနေတဲ့ အနောက်တိုင်း ပါမောက္ခကြီးကတော့ တယ်ပြီး ဘ၀င်မကျ လှဘူးပေါ့ဗျာ။ သူတို့ အနောက်တိုင်း ဆေးပညာတွေကတော့ ဆယ်စုနှစ် တစ်ခုနီးပါး သင်အံရ၊ လက်တွေ့ လေ့လာရ၊ သုတေသနပြုရ ၊ ခွဲစိတ်ကုသရ တာတွေနဲ့ ယှဉ်လိုက်ရင် မြန်မာ့ဆေးပညာနဲ့ ဆေးကုတယ်ဆိုတာဟာ “ကလေး ကစားစရာ” လောက် သာ ဖြစ်နေတာကိုး။
နောက် လူနာတွေ ရှင်းသွားတော့ (စကားပြန်က တစ်ဆင့်) ဆရာဝန်မကြီးက နေလ၀ိဇ္ဇာ ဆရာကြီးကို မေးပါတယ်။ လူတွေကို ရောဂါဖြစ်စေတဲ့ အဓိက အကြောင်းရင်းက ဘာလဲ ? တဲ့ ။ ဆရာကြီးကလည်း တိုတိုတုတ်တုတ်ဘဲ ဖြေလိုက်ပါတယ်။ “စားတဲ့ အစာကြောင့်ပါ” တဲ့။ “စားတဲ့ အစာကြောင့် ရောဂါ ရရတာပါ” တဲ့။
အင်္ဂလိပ် ပါမောက္ခ ဆရာဝန်မကြီး လုံးဝ ဘ၀င်မကျပါဘူး။ အဲဒီ အချိန်ကလည်း ကမ္ဘာမှာ အလွန် အင်အားကောင်းတဲ့ “မိုက်ကရိုစကုပ်” တွေ ပေါ်ထွန်းလာပြီး မျက်စေ့နဲ့ မမြင်နိုင်တဲ့ “အဏုဇီဝ” ပိုးမျိုးတွေကို တွေ့ရှိလာကြချိန်လည်း ဖြစ်တယ်။ “ဗက်တီးရီးယား” “ဗိုင်းရပ်စ်” “ဖန်းဂတ်စ်” ဆိုတဲ့ စကားလုံးတွေ အင်အား ကောင်းနေချိန်လည်း ဖြစ်တယ်။ အနာရောဂါမှန်သမျှ “အဏုဇီဝ” ပိုးအမျိုးမျိုး ကြောင့်သာ ဖြစ်ရခြင်းဖြစ်တယ် ဆိုတဲ့ အယူအဆဟာ အနောက်တိုင်း ဆေးပညာလောကမှာ “ရေပန်းစား” နေချိန်လည်း ဖြစ်တယ်။
ဒါကြောင့် လူတွေ နေ့စဉ် စားသုံးနေရတဲ့ “အစာ” ကြောင့် ရောဂါဖြစ်ရတယ်ဆိုတဲ့ မြန်မာ့ ဆေးပညာရှင်ကြီးရဲ့ စကားကို အင်္ဂလိပ် ဆရာဝန်မကြီးက လုံးဝ ပယ်ချလိုက်ပါတယ်။ အဲဒီနောက် သူ့နိုင်ငံကို ပြန်သွားပြီး ဆေးကုသခြင်း နဲ့ သုတေသနတွေကို ဆက်လုပ် နေခဲ့ ပါတယ်။
ဒီလိုနဲ့ နောင် အနှစ် (၃၀)လောက် ကြာတဲ့အခါ - ပိုးမွှားတွေကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေက ကမ္ဘာမှာ ငြိမ်သက်သွားပြီး နာတာရှည် အနာရောဂါတွေ ဖြစ်တဲ့ “သွေးတိုး၊ ဆီးချို ၊ နှလုံး ၊ ကျောက်ကပ် ၊ အသည်း ၊ လေဖြတ် ၊ ကင်ဆာရောဂါ အမျိုးမျိုးကြောင့်” ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာ အသက်ဆုံးရှုံး လာရတဲ့ ခေတ်ကို ရောက်လာပါတယ်။ ဘယ်လို ပိုးမွှားဗိုင်းရပ်စ်မှ မပါဝင်တဲ့ ရောဂါတွေ ကြောင့် လူ့အသက်ပေါင်း များစွာ သေကြေပျက်စီးနေကြတဲ့ အချိန်ကို ရောက်လာပါတယ်။
အဲဒီအချိန်ကို ရောက်မှ မြန်မာပြည်ကို အလည်လာခဲ့ဘူးတဲ့ ပါမောက္ခဆရာဝန်မကြီးဟာ “လူတွေ ရောဂါရစေတဲ့ အကြောင်းရင်း” ဟာ “စားတဲ့အစာကြောင့်” ဆိုတာကို လက်ခံလာပါတော့တယ်။ ဒါကြောင့် မြန်မာ့နိုင်ငံက နေလ၀ိဇ္ဇာ သမားတော်ကြီးထံကို “ဆရာကြီးရဲ့ အယူအဆဟာ အမှန်ပင် ဖြစ်ကြောင်း သူလက်ခံသွားပြီဆိုတာ” စာတစ်စောင် ရေးပို့လိုက်ပါတယ်။ ဒါပေမယ့် အနောက်တိုင်းသူ ပါမောက္ခမကြီးထက် အနှစ်(၂၀)လောက် အသက်ပိုကြီးတဲ့ မြန်မာ့ သမားတော်ကြီးဟာ ကွယ်လွန်သွားပြီ ဖြစ်တာမို့ ဒီစာကို ဖတ်မသွား လိုက်ရပါဘူး။ (ဆရာကြီး၏ တပည့်ရင်းတစ်ယောက်မှ ပြောပြချက်)
နောက်တစ်ခု “အစာအဟာရ” နဲ့ “လူသားတို့ရဲ့ ကျန်းမာရေး” ဆက်စပ်မှု အကြောင်း စိတ်ဝင်စားစရာ သမိုင်းဖြစ်ရပ်လေး တစ်ခု ရှိပါသေးတယ်။
ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလာပြီး “နာဇီ ဂျာမဏီ” တို့ဟာ ဥရောပ တစ်တိုက်လုံးကို သိမ်းပိုက်လိုက်တဲ့ အချိန်ကပေါ့။ အဲဒီအချိန်မှာ “မဟာမိတ်” တပ်ပေါင်းစုတွေဘက်က “အင်္ဂလန်” တစ်နိုင်ငံသာ “နာဇီဂျာမဏီ” ရဲ့ လက်အောက်ကို မကျရောက်သေးဘဲ ကြံ့ကြံ့ခံ နေပါတယ်။ နာဇီ ဂျာမဏီဟာ အင်္ဂလန်နိုင်ငံကို စားနပ်ရိက္ခာပြတ်တောက်သွားအောင် ရေကြောင်း ၊ လေကြောင်း တွေကို အဖက်ဖက်က ပိတ်ဆို့ထားလိုက်ပါတယ်။ အင်္ဂလန်နိုင်ငံကို စားနပ်ရိက္ခာ ပုံမှန်တင်ပို့နေတဲ့ နိုင်ငံတွေရဲ့ သင်္ဘောတွေကို တားဆီး ပိတ်ပင်လိုက်တဲ့အတွက် အင်္ဂလန်ပြည်သူပြည်သားတွေဟာ “ပေါင်မုန့်လေးတစ်လုံး” ရဖို့အတွက် တစ်နေကုန် တန်းစီရတဲ့ ဘ၀ကို ရောက်သွားပါတော့တယ်။
ဒီလို တစ်တိုင်းပြည်လုံး စားနပ်ရိက္ခာ ပြတ်တောက်လုမတတ်ဖြစ်သွားတော့ နိုင်ငံအကြီးအကဲတွေ နဲ့ ကျန်းမာရေး အရာရှိတွေ အတော်လေး အထိတ်တလန့် ဖြစ်သွားကြပါတယ်။ ဆေးလောကထိပ်သီး ဆရာဝန်ကြီးတွေရဲ့ ပြောပြချက်အရ ဒီလိုသာ စားနပ်ရိက္ခာ ချို့တဲ့လာရင် ပြည်သူတွေရဲ့ ကျန်းမာရေးတော့ အကြီးအကျယ် ထိခိုက်တော့မယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးရုံ ဆေးခန်း နဲ့ ကျန်းမာရေး ဌာနတွေကို “တပ်လှန့်” ထားလိုက်ပါတယ်။ အဟာရချို့တဲ့မှုကြောင့် ဖြစ်ပွားနိုင်တဲ့ ရောဂါတွေအတွက် ကြိုတင်ပြင်ဆင် ထားလိုက်ကြပါတယ်။ ဆေးရုံတွေမှာ လူနာကုတင်တွေ ၊ ဆေးဝါးတွေကို အသင့်ပြင်ထားလိုက်ပါတယ်။
ဒါပေမယ့် . . . ဒါပေမယ့်ပေါ့ဗျာ ၊ လက်တွေ့မှာတော့ ဆရာဝန်ကြီးတွေ ကြိုတင်ခန့်မှန်းထားတွေနဲ့ တစ်ခြားစီ ဖြစ်နေပါတော့တယ်။ ဒီလို အင်္ဂလန်ကျွန်းကို နာဇီဂျာမဏီက အကြီးအကျယ် ပိတ်ဆို့ထားလိုက်လို့ အင်္ဂလန် ပြည်သူတွေ (၃)နှစ်လောက် အစာအဟာရ ၀,လင်အောင် မစားခဲ့ရတဲ့ အကျိုးရလဒ်ကတော့ -
“အင်္ဂလန်နိုင်ငံသားတွေရဲ့ ကျန်းမာရေးဟာ သိသိသာသာ တိုးတက်ကောင်းမွန်လျှက် ရှိပြီး နာတာရှည် ရောဂါတွေဖြစ်တဲ့ “နှလုံး ၊ ဆီးချို ၊ သွေးတိုး ၊ လေဖြတ် ၊ ကင်ဆာ . . ” စတဲ့ ရောဂါဖြစ်ပွားမှုတွေဟာ အဆမတန်ကို ကျဆင်း သွားပါ သတဲ့။”
စစ်အတွင်းကာလ ဖြစ်တာမို့ ထိခိုက် ဒဏ်ရာရသူတွေကလွဲရင် “ နှလုံး ၊ ဆီးချို ၊ သွေးတိုး ၊ လေဖြတ် ၊ ကင်ဆာ” ရောဂါတွေကြောင့် ဆေးရုံတက်ရသူဆိုလို့ အလွန်ရှားပါးခဲ့တယ်လို့ ဆိုပါတယ်။
အဲ – စစ်ကြီးလည်း ပြီးရော (၃)နှစ်လုံးလုံး ငတ်ပြတ်နေခဲ့တဲ့ အင်္ဂလန်နိုင်ငံသားတွေဟာ “ဆီဦးထောပတ် နဲ့ အသားငါးမျိုးစုံ ၊ စည်သွပ်ဗူး ၊ ကြက်ဥ ၊ ဒိန်ခဲ . . . စတဲ့ အစားမျိုးစုံကို အလျှံအပယ် အတိုးချပြီး “တွယ်” ကြတော့တာပေါ့ဗျာ။ အဲဒီမှာ ဒုတိယကမ္ဘာစစ် တစ်လျှောက်လုံးမှာ မဖြစ်သလောက်ရှိခဲ့တဲ့ “ နှလုံး ၊ ဆီးချို ၊ သွေးတိုး ၊ လေဖြတ် ၊ ကင်ဆာ” ရောဂါ ဖြစ်ပွားနှုန်းတွေဟာ ကြောက်ခမန်းလိလိ ပြန်လည် များပြားလာပါတော့တယ်။
ဒါက ကမ္ဘာ့သမိုင်းထဲက အဖြစ်အပျက်မှန် တစ်ခုဖြစ်ပါတယ်။ နောက်ထပ် သမိုင်းထဲက အဖြစ်အပျက် တစ်ခု ရှိပါသေးတယ်။ ဒဏ္ဍာရီလို့ ဆိုချင်လည်း ဆိုနိုင်ပါတယ်။ ဒီလိုပါ။
တစ်ခါတုန်းက တိုင်းပြည်တစ်ခုကို အုပ်စိုးနေတဲ့ ရှင်ဘုရင်ကြီးဟာ ကျန်းမာရေး အလွန်ချို့တဲ့သူဖြစ်ပြီး “တစ်နေ့ရွှေ ၊ တစ်နေ့ငွေ” ဆိုတာလို လူနဲ့ ဆေးဝါးနဲ့ ပြတ်ရတယ်ကို မရှိပါဘူး တဲ့။ သူ့ကိုယ်သူ ဒီလို ကျန်းမာရေး ချို့တဲ့နေလို့ အတော်ကို စိတ်ပျက်မိပါတယ် တဲ့။ သမားတော်အမျိုးမျိုးနဲ့ ကုသပေမယ့်လည်း ကျန်းမာတယ်ကို မရှိပါဘူးတဲ့။
ဒါနဲ့ တစ်နေ့တော့ အကြံတစ်ခုရလာပါတယ်။ သူ့အကြံက ဒီလိုပါ။ သူ့ တိုင်းပြည်ထဲမှာ နေထိုင်တဲ့ ပြည်သူတွေထဲက “အသက်လည်း အလွန်ရှည်ပြီး အလွန်လည်း ကျန်းမာတဲ့ သူ” ကို ရှာဖွေမယ် ၊ ပြီးရင် နန်းတော်ထဲကို ခေါ်ထားပြီး သူ့ရဲ့ နေထိုင်ကျင့်ကြံပုံတွေကို လေ့လာပြီး အတုယူမယ် ပေါ့။ ဒါဆို ကျန်းမာရေး နဲ့ အသက်ရှည်ရေးရဲ့ လျှို့ဝှက်ချက်ကို သိလာနိုင်ပြီး သူကိုယ်တိုင်လည်း ကျန်းမာ လာပြီး အသက်ရှည်ရှည် နေရမယ်ပေါ့။
ဒီလိုနဲ့ မင်းချင်းတွေကို အမိန့်ချပြီး လိုက်ရှာခိုင်းလိုက်တဲ့အခါ – မကြာပါဘူး တွေ့တော့တာပါဘဲ။ တိုင်းပြည်အစွန်အဖျားတစ်ခုမှာ အသက်(၁၀၀)ကျော်အောင် ကျန်းမာသန်စွမ်းလျှက်ရှိတဲ့ “အဘိုးအို” တစ်ယောက် ကို ရှာတွေ့လိုက်ရပါတယ်။ ဒီအဘိုးအိုဟာ ဟင်းသီးဟင်းရွက် ကလေးတွေ စိုက်ပျိုးရောင်းချ အသက်မွေးသူတစ်ဦးဖြစ်ပြီး “အစာကို ၀လင်အောင် မစားရရှာတဲ့ သူဆင်းရဲ” တစ်ဦး လည်း ဖြစ်ပါတယ်။ ဒီလို ဆင်းရဲရှာပေမယ့် သူ့တစ်သက်မှာ တစ်ကြိမ်တစ်ခါမှ “နေမကောင်း” မဖြစ်ဘူးဘူး” လို့ ဆိုပါတယ်။
ဒါနဲ့ မင်းချင်းတွေဟာ ဘုရင့်အမိန့်နဲ့ အဘိုးအိုကို နန်းတွင်းသို့ ခေါ်ဆောင်လာပါတယ်။ ဘုရင်ဖြစ်သူလည်း အလွန်ကျေနပ်အားရ နေတာပေါ့။ နန်းတွင်းမှာ အဘိုးအိုအတွက် နေရာထိုင်ခင်း တစ်ခု စီစဉ်ပေးပြီး ဘုရင်ကြီးဟာ အဘိုးကြီးကို အနီးကပ် လေ့လာ ပါတော့တယ်။ ဘာများ ထူးထူးဆန်းဆန်းတွေ့မလဲပေါ့။
အဘိုးကြီးလည်း ဘုရင့်ရွှေနန်းတော်ကို ရောက်ပြီး အတော့်ကို ဟန်ကျနေတာပေါ့လေ။ ရှင်ဘုရင်ရဲ့ V.I.P ပုဂ္ဂိုလ်ဆိုတော့ – အချိန်တန်ရင် “ဘုရင့် စားတော်အုပ် အကျ” ကို စားလိုက် ၊ စားပြီးရင် အိပ်လိုက် ၊ အိပ်ယာကနိုးရင် စားလိုက်နဲ့ ၊ သူ့ဘ၀မှာ တစ်ခါမှ မစားဘူးတဲ့ စားကောင်းသောက်ဖွယ် တွေစားပြီး စည်းစိမ်ရစ်နေတော့တာပေါ့။
အင်း – သိပ်မကြာလိုက်ပါဘူး။ တစ်သက်လုံး တစ်ကြိမ်တစ်ခါမှ နေမကောင်း မဖြစ်ဘူးတဲ့ အဖိုးအိုဟာ နန်းတွင်းရောက်ပြီး ဘုရင့်ပွဲတော်အုပ်ကျ စားကောင်းသောက်ဖွယ်တွေ စားရင်း စားရင်း နဲ့ နေမကောင်း ထိုင်မသာ ဖြစ်လာပါတယ်။ နောက်တော့ ဟိုရောဂါ ဖြစ်လာ ဒီရောဂါ ဖြစ်လာနဲ့ နန်းတွင်းကိုရောက်ပြီး (၆)လလောက်လည်းကြာရော အသက်တစ်ရာကျော် အဘိုးကြီး ဟာ ရောဂါမျိုးစုံနဲ့ “အနိစ္စရောက်” သွားပါတော့ တယ်။
ဒီတော့မှဘုရင်ကြီးလည်း သဘောပေါက်သွားပါတော့တယ်။ သြော် ငါ့ကျန်းမာရေးကို ဖျက်ဆီး နေတာ ငါနေ့စဉ် စားသောက်နေတဲ့ စားကောင်းသောက်ဖွယ်တွေ ကြောင့်ပါလား ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်သွားပါတော့တယ်။
စာဖတ်သူ မိတ်ဆွေ ခင်ဗျား - အသက်ရှည်ရာ ၊ အနာမဲ့ကြောင်းကို အမှန်တကယ် အလိုရှိတယ်ဆိုလျှင် ပထမဆုံး လိုက်နာရမည့် ဥပဒေသသည် “ဆေးဝါးအမျိုးမျိုးလည်း မဟုတ် ၊ ဆေးပညာလည်း မဟုတ် ၊ သမားတော်လည်း မဟုတ် ၊ အထူးကု ဆေးခန်းလည်း မဟုတ်ပါ” ။
မိမိနေ့စဉ် စားသုံးနေသည့် အစာအဟာရကို “အဆီ အအိမ့်” နည်းနိုင်သမျှ နည်းစေခြင်း နှင့် ထိုအစားအစာကို နေ့စဉ် “အလွန်အကျွံ (အ၀အပြဲ) စားသုံးခြင်း” မှ ရှောင်ကျဉ်ခြင်းကို “ပထမ ဥပဒေ အဖြစ်” လိုက်နာကျင့်သုံးခြင်းသည်သာ “အသက်ရှည်ရာ ၊ အနာမဲ့ကြောင်း” နည်းလမ်းကောင်း တစ်ခု အမှန်ဖြစ်ကြောင်းပါ ခင်ဗျား။
လူသားအားလုံး “ကျန်းမာခြင်း/အသက်ရှည်ခြင်း” ဆုလာဘ်ကို ရရှိနိုင်ကြပါစေ။

ဆန်းကျမ်းဗေဒင်ထဲက လူ၊ နတ်၊ ဘီလူးများ
လူသိများ၊ နားယောင်ကြတာက အဲဒီ လူ၊ နတ်၊ ဘီလူးတွေကို နက္ခတ်တွေလို့ ဆိုတယ်။ အမှန်က နက္ခတ် မဟုတ်ဘူး။ မတူညီတဲ့ အုပ်စုတွေအဖြစ် ခွဲထားတာ။ ဒီတော့ လူတွေ၊ နတ်တွေ၊ ဘီလူးတွေတော့ ပေါ်လာ ပါပြီ။ သူတို့ရဲ့ စရိုက်နဲ့ ဘဝ အနေအထားတွေက ဘယ်လိုတွေလဲ ဆိုရင်...
မြန်မာခုနှစ်ကို ၃ နဲ့ စား၊ စားလိုက်လို့
၁ ကြွင်းရင် နတ်၊ ၂ ကြွင်းရင် လူ၊ ဝ ကြွင်းရင် ဘီလူး လို့ သတ်မှတ်မယ်။

လူဆိုတဲ့ လူတွေ
ဘဝမှာ မြင့်မားတဲ့နေရာ ရမယ်။ အကြီးအကဲ၊ ဆရာ တစ်ကောင်ကောင်တော့ ဖြစ်မယ်။ ဘာသာတရား ကြည်ညို ရိုသေမယ်။ သတ္တိ ကောင်းမယ်၊ ခေါင်းဆောင်နိုင်မယ်။ လူမှုရေး သာရေးနာရေး တက်ကြွ ပါဝင်မယ်။ ဆန်းသစ်တီထွင်တတ်မယ်။ ပါးရိုက်ရင် နားကိုက်မယ်။ အကြောင်းအကျိုးနဲ့ ရှင်းပြတတ်ရင် လူအုပ်စုဝင်တွေက လူလို နားလည်ပေးနိုင်ကြသူတွေ ဖြစ်ပါတယ်။
နတ်ဆိုတဲ့ လူတွေ
နတ်တွေကျတော့ အနုလိုင်း။ နုနုရွရွ နေတတ်မယ်။ စိတ်ထားမွန်မြတ်ပြီး အလှူအတန်း ဝါသနာပါတယ်။ စာပေ၊ အနုပညာတွေ ဝါသနာပါ လိုက်စားမယ်။ အလှကြိုက်၊ အသန့်ကြိုက်မယ်။ စတိုင်ကျကျ နေတတ်မယ်။ ကူညီရိုင်းပင်းလိုစိတ် များမယ်။ ဘယ်တော့မဆို စိတ်ကြည်လင် ရွှင်ပျနေတတ်မယ်။ ငွေကြေး စုဆောင်းတာ ဝါသနာမပါဘူး။ စကားပြောတဲ့အခါ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ နုရွဥမွ၊ နုဖက် ဥအက်နေတာတွေသာပြော ၊ မြှောက်ပင့်ပြောရင် အဝှာတက်အောင် ကပြတတ်တယ်။
ဘီလူးဆိုတဲ့ လူတွေ
ဘီလူး ဆိုတဲ့အတိုင်း ဖြဲခြောက်တတ်လို့ အားလုံးက ရွံကြောက်ကြီး ဖြစ်တတ်တယ်။ စိတ်တို ဒေါသကြီးမယ်။ အသောက် အစားလည်း ကြမ်းမယ်။ အပျော်အပါးလည်း ပါမယ်။ ဟောက်စားခြောက်စား လုပ်မယ်။ ဥာဏ်နီဥာဏ်နက်ကလည်း ထွက်မယ်။ အငြိမ်မနေချင်ဘဲ ဟိုသွားဒီလာ လုပ်မယ်။ ဘီလူးတွေနဲ့ ပြောဆို ဆက်ဆံတဲ့အခါ အဆဲလေးပါ၊ ခပ်မာမာလေး ပြော၊ လိုအပ်ရင် စားပွဲကို လက်ဝါးနဲ့ရိုက်၊ ထိုင်ခုံကို ရိုက်ချိုးပြမှ ကြိုက်မယ်။
လူ၊ နတ်၊ ဘီလူးတွေရဲ့ စရိုက်တွေကိုတော့ ကြားဖူး၊ ဖတ်ဖူးသလို ရေးပြလိုက်တယ်။ အမှန်ကတော့ မွေးခုနှစ် တစ်နှစ်လုံး ရက်ပေါင်း ၃၆၅ ရက်မှာ မွေးဖွားတဲ့ မတစ်ထောင်သားတွေ၊ မတစ်သောင်း သမီး တွေက လူဆိုလူ၊ နတ်ဆိုနတ်၊ ဘီလူးဆို ဘီလူး ဒီအဟောတွေချည်း ထပ်တူကျ နေမှာမို့ ဘဝင်ကျ စရာတော့ မရှိဘူး။ ကဲ ဗေဒင်ဆရာတွေ ဟောပြောနေကျ လူ၊ နတ်၊ ဘီလူးတွေ အိမ်ထောင်ဖက်ရင် ဘာတွေ ညာတွေ ဘာညာသာရကာတွေ ဖြစ်မယ် ဆိုတဲ့ ဟောကိန်းကို ဆက်ပြောပါမယ်။
လူ+လူချင်း လက်ထပ်ရင် နှစ်ဖက်မေတ္တာမျှလို့ ဖြန်းဖြန်းထကြသတဲ့။
လူ+နတ် ကျတော့ နားအေးပါးအေး စုံတွဲလို့ ဆိုတယ်။
လူ+ဘီလူး ဆိုရင်တော့ သေထား၊ ပျက်စီးဖို့သာ ပြင်ပေတော့ ဆိုပဲ။
နတ်+နတ် ဆိုရင် သက်ရှည်ကျန်းမာလန်းဖြာတယ်တဲ့။
နတ်+ဘီလူး ဆိုတော့ ဘေးဥပါဒ်ကင်းတယ်တဲ့။
ဘီလူး+ဘီလူး ဆိုရင်တော့ ဘုန်းကြီးလို့ သက်ရှည်မယ်တဲ့။
ကဲ ဘယ်လိုလုပ်မလဲ အထက်ပါအတွဲတွေထဲမှာ ကွက်ပြီး ဒုက္ခရောက်မှာက ဘီလူးနဲ့ လူ အတွဲပဲပေါ့။ ဒါ့ကြောင့်မို့လည်း လူအုပ်စုမှာ မွေးဖွားတဲ့ မိန်းခလေးတွေက ဘီလူးအုပ်စုမှာ မွေးတဲ့ ငနဲသားတွေကို သေးပါအောင် ကြောက်ကြတယ်တဲ့။ ယူဖို့ နေနေသာ တွဲမိရင်တောင် နစ်နာလှပြီ ဆိုပဲ။ ထားပါတော့ ဒီအယူအဆကို။ ပြောရရင် နတ်ထဲမှာလည်း ပါဝါ အားနည်းတဲ့ နတ်ရှိသလို၊ ဘီလူးထဲမှာလည်း ပန်းစားဘီလူးလို နတ်ဘီလူး ခန့်ချောကြီး တွေလည်း ရှိပါတယ်တဲ့။ ဘယ်သူတွေက နတ်ဘီလူး ဖြစ်ပြီး ဘယ်ဝါတွေက သားစားဘီလူး ဖြစ်တယ်ဆိုတာကတော့ ဆန်းကျမ်းဗေဒင်ပညာရဲ့ အကိုင်းအခက်တစ်ခုနဲ့ ချိတ်ဆက်လို့ နေပါတယ်။
မြန်မာမွေးသက္ကရာဇ်ကို ၇ နဲ့စား၊ ပြီးရင် ( ဇေယျတိုင် ထူတတ်သူများ ) ထုံးစံအတိုင်း အထွန်း (ဇေယျ ) ကနေ စချလိုက် ၊ မွေးနံက ဗျာယ၊ မရဏ၊ ကိစ္စဖွားတွေလည်း ဖြစ်၊ ဘီလူးလည်း ဖြစ်မယ်ဆိုရင် ဒါ တကယ့် လူသားစားဘီလူးလို့ ခေါ်နိုင်ပါတယ်။ မြန်မာခုနှစ်ကို ၃ နဲ့စားလိုက်လို့ ဘီလူးအုပ်စုမှာ မွေးတယ်ဆိုပေမယ့် ဇေယျ၊ ဝရ၊ လာဘဖွား ဖြစ်နေရင်တော့ နတ်ဘီလူး၊ တရားစောင့်တဲ့ ဘီလူးလို့ ဆိုပါတယ်။ ဒီလို ဘီလူးကောင်း၊ ဘီလူးမြတ်နဲ့ ယူမိတဲ့ လူအုပ်စုဝင်တွေအနေနဲ့ ဘာမှ စိုးရိမ် ပူပန်စရာ မရှိဘူးလို့ ဆန်းဆရာကြီးတွေက မှာကြားပါတယ်။ ဒီကြားထဲမှာ ရှိပါသေးတယ်။ ဒွါယဖွား ဘီလူးဆိုရင် လူကြောက်တယ်တဲ့။ လူကို ပြန်ကြောက်တဲ့ မာမီဘီလူးကြီးသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဥပမာ အနေနဲ့ မြန်မာသက္ကရာဇ် ၁၃၅ဝ ဖွား၊ တနင်္လာသားဆိုရင် ၁၃၅ဝ ခုနှစ် ကို ၃ နဲ့စားရင် ဝ ကြွင်းမယ်။ ဘီလူးပေါ့။ ဒါပေမဲ့ ဘယ်လို ဘီလူးလဲ။ ဒါပေမဲ့ ဇေယျတိုင်ကို ဆွဲ ကြည့်လိုက်ရင်
၅ ဇေယျ
၁ ဝရ
၎ လာဘ
ဝ ဒွါယ
၃ ဗျာယ
၆ မရဏ
၂ ကိစ္စ
တနင်္လာသား၊ ကိစ္စဖွားဆိုတော့ ဘီလူးမှ တကယ့် သားစားဘီလူး ဖြစ်နေပါတယ်။ ၁၃၅ဝ တစ်နှစ်လုံး မွေးတဲ့ ကျားရော မပါ ဘီလူးတွေ ဆိုပေမယ့် ဖော်ပြထားတဲ့ တန်းအောက်က အင်္ဂါ၊ သောကြာနဲ့ တနင်္လာ သားသမီးတွေကတော့ တကယ့် လူသားစားဘီလူးတွေ ဖြစ်နေပါတယ်။ အပေါ်ဖွားတွေ ဖြစ်တဲ့ ကြာသပတေး၊ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးတွေက အန္တရာယ်မပြုတဲ့ နတ်ဘီလူးတွေသာ ဖြစ်ပါတယ်။ ဒွါယမှာ ရှိတဲ့ စနေသားသမီးကတော့ ဘီလူးတော့ ဘီလူး ဒါပေမဲ့ လူကြောက်တဲ့ ဘီလူး အခြောက်ကြီးသာ ဖြစ်ပါတယ်။
ကဲ. ခုဆိုရင် ကိုယ်ဟာ လူလား၊ နတ်လား၊ ဘီလူးလား၊ ဘီလူးဆိုရင်တောင် အစွယ်မပါတဲ့ ဘီလူးလား၊ ဘီလူးနဲ့ ယူရင် ဘာဖြစ်မယ်ဆိုတာ ရှင်းသွားမယ်လို့ ထင်ပါတယ်။ ကျွန်တော့်ဘက်က တတ်နိုင်သမျှ တင်ပြပေးလိုက်ပါတယ်။ ဒီ လူ၊ နတ်၊ ဘီလူးဆိုတဲ့ အရိုးစွဲ အယူအဆကို မကြိုက်လှပေမယ့် ဆန်းကျမ်း ဗေဒင်နဲ့ ဆက်နွယ်လာတဲ့အခါ ဗဟုသုတအဖြစ်ရော၊ စဉ်းစား တွေးခေါ်မှုကိုပါ အကျိုးပြုနိုင်တာမို့ ရေးသား လိုက်တာပါ။ ဒီစာရေးတဲ့အခါ မြင်ဆရာတစ်ဦး ဖြစ်တဲ့ ဂမ္ဘီရဆရာလှမျိုးရဲ့ ဆောင်းပါး တစ်ပုဒ်ကို မှီငြမ်း ထားပါတယ်။ မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်ကို စွဲမက် လေးနက်သူတိုင်း အတွက် စိတ်ဝင်စားဖို့ ကောင်းတဲ့ စာစု ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

ဂန္ဓာရီဆန်ဆန် ပျံသန်းသော ငှက်များ
အနောက်တိုင်း ရှေးခေတ် အယူအဆမှာ ဂျူနိုနတ်ဘုရားမရဲ့ အချစ်တော်ငှက်ဟာ ဥဒေါင်းငှက် ဖြစ်သလို ဟိန္ဒူနတ်ဘုရားတွေထဲက သူရဿတီဒေဝီ အနားမှာ ဥဒေါင်းငှက် ရှိတတ်တာကလည်း အံ့အားသင့်ဖွယ် တိုက်ဆိုင်မှုလို့ ဆိုနိုင်ပါမည်လား။
ငှက်ဆိုလို့ စာကလေး ပိကျိ ပိကျိလုပ်ရင် နင့်ကိုတော့ ကျိန်နေပြီ ဆိုတဲ့ ငယ်ငယ်တုန်းက ကလေးစကား၊ ဟာ. ဟိုမှာ သပိတ်လွယ်ငှက် တစ်ကောင်တည်း ဒါဆို ငါ ကံမကောင်းဘူး ဆိုတဲ့ သူငယ်ချင်းတစ်ယောက် အယူစွဲ၊ အိမ်ရှေ့နားက သရက်ပင်ပေါ် နေ့ခင်းကြောင်တောင် ငုတ်တုတ်မေ့ပြနေတဲ့ ဇီးကွက်၊ ကျီးသာတယ် .ဧည့်လာဦးမလား မသိ ဆိုတဲ့ ဖွားအေကြီး အပြော .. ဒါတွေကို ခဏ ဘေးချထားပြီး ဆရာသက်လုံ ရေးသားခဲ့တဲ့ မေလထုတ် သူရဇ္ဇမဂ္ဂဇင်းပါ ဂန္ဓာရီဆန်သော ငှက်တွေအကြောင်းကို ပြောပြချင်ပါတယ်။
ကြိုးကြာငှက်
တရုတ်တွေ အယူအဆက ကြိုးကြာငှက်ဟာ အသက်ရှည်ခြင်း သရုပ်ကို ဆောင်တယ်လို့ ဆိုပါတယ်။ နေမင်းကြီးဆီ ပျံသန်း သွားနေတဲ့ ကြိုးကြာငှက်နှစ်ကောင် ပန်းချီကို လက်ဆောင်ရသူဟာ ဘဝမှာ တိုးတက် မြင့်မားလာတယ်။ ကြိုးကြာငှက်ဟာ ပညာကိုလည်း ကိုယ်စားပြုပါတယ်တဲ့။
လင်းယုန်ငှက်
လင်းယုန်ငှက်ဟာ အင်အားကို ကိုယ်စားပြုတယ်လို့ တရုတ်ပေါက်ဖော်တွေက ယူဆပြန်ပါတယ်။ သက်ကြီးရွယ်အို တစ်ဦးကို ထင်းရှူးပင်ပေါ် နားနေတဲ့ လင်းယုန်ငှက်ပုံ လက်ဆောင်ပေးရင် ခွန်အားရှိ၊ အသက်ရှည်ပါစေလို့ ဆုတောင်းပေးရာ ရောက်ပါတယ်တဲ့။
လင်းယုန်ငှက်အကြောင်း ဆက်လေရှည်ရရင်...
လင်းယုန်ငှက်ဟာ ရှေးဟောင်းဘာလီလိုနီးယန်း၊ ပါရှားဘုရင်တွေရဲ့ တော်ဝင်အမှတ်တံဆိပ်၊ အိန္ဒိယ၊ ပါရှား၊ ဆီးရီးယား ရှေးခေတ်နိုင်ငံတွေရဲ့ ဒေဝတာပုရာဏ်တွေထဲက ဂုဏ်ထူးဆောင်နေရာ၊ ဂရိလူမျိုး တွေရဲ့ သိကြားမင်းလို့ ခေါ်ရမယ့် ဇုနတ်မင်းနားက ငှက်၊ ရောမတပ်မတော်ရဲ့ အမှတ်တံဆိပ် စသဖြင့် နေရာကောင်း များစွာမှာ တခမ်းတနား ရယူခဲ့ပါတယ်။
အနောက်တိုင်းမှာတော့ လင်းယုန်ငှက်ဟာ မိုးကောင်းကင်ရဲ့ ဘုရင်၊ လေမုန်တိုင်းနဲ့ မိုးကြိုးလက်နက်ကို ဆောင်ကြဉ်းပြီး နေမင်းဆီ မမှိတ်မသုန် စိုက်ကြည့်နိုင်တဲ့ သူ လို့ ယူဆကြပါတယ်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ သင်္ကေတအဖြစ် လင်းယုန်ငှက်ကို အသုံးပြုထားတာ တွေ့ရပါလိမ့်မယ်။
ဥဒေါင်းငှက်
ဒေါင်းကတော့ အရှေ့တိုင်းသားတွေ အယူအဆမှာ ကျက်သရေမင်္ဂလာ ရှိခြင်းကို ဖော်ညွှန်းပါတယ်။ မကောင်းမိစ္ဆာတွေကို နှင်ထုတ်တယ်။ အိန္ဒိယ အယူအဆမှာ စစ်နဲ့ဆိုင်တဲ့ နတ်ဘုရားဟာ ဥဒေါင်းကို စီးထားပါတယ်။ ဒါပေမဲ့ သူရဿတီကဗျာ နတ်ဘုရားမကလည်း ဥဒေါင်းနဲ့ ဆက်စပ်နေပြန်ပါတယ်။ လက်ရုံးရော နှလုံးပါ ပြည့်စုံတယ်လို့ ဆိုရမှာပါ။
အနောက်တိုင်းက ဒေဝတာပုရာဏ်ကျမ်းတွေမှာ ဥဒေါင်းငှက်အသားဟာ မပျက်စီးဘူးလို့ ယူဆသလို ရှေးဦးခရစ်ယာန်တွေက ဥဒေါင်းကို မသေခြင်းရဲ့ သင်္ကေတအဖြစ် သတ်မှတ်ကြပြန်ပါတယ်။ မြန်မာတွေ ကလည်း ကျက်သရေမင်္ဂလာ ရှိတဲ့ ဒေါင်းငှက်ရဲ့ အမြီးကို ဧည့်ခန်းမှာ ထားတတ်ကြပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်တွေကတော့ ဒေါင်းမြီးထားရင် လာဘ်မကောင်း၊ ကံမကောင်းလို့ ယူဆပြန်ပါတယ်။ အိမ်ထောင်ဦးစီး ကံမကောင်းဘူး၊ အိမ်က အပျိုလေးတွေ အိမ်ထောင်မကျတတ်ဘူးလို့ ဆိုပါတယ်။ သတိထားရမယ့် တစ်ချက်က မြန်မာ့အစဉ်အလာမှာ ဘီလူးမတွေဟာ ဒေါင်းတောင်ကို ကိုင်စွဲလာ တတ်တယ် ဆိုတာပါပဲ။
လူသားဆိုတာ ကမ္ဘာဦးတည်းက မြေကြီးနဲ့သာ တွဲဖက်နေရတာကြောင့် မိုးပေါ်က ပျံသန်းနေတဲ့ ငှက်တွေကို နတ်တွေရဲ့ စီးတော်ယာဉ်၊ နတ်တွေရဲ့ စေတမန်တွေအဖြစ် ယူဆခဲ့ကြပါတယ်။ ရှေးဟောင်းခေတ် ဘာသာရေးဘုန်းတော်ကြီးတွေဟာ ငှက်တွေရဲ့ အသံ၊ အပြုအမူတွေကို လေ့လာပြီး နိမိတ်တွေ ကောက်ယူ ဟောပြောခဲ့ကြပါတယ်။ ဒီထဲမှာ ထင်ရှားတဲ့ အယူအဆ၊ ( ရုပ်ရှင်တွေထဲမှာလည်း တခါတလေ တွေ့ရတတ်တဲ့ အယူအဆ ) တွေက ညဥ့်ငှက်တွေကို နေ့ဘက်မှာ တွေ့ရင် ကံမကောင်း သလို တစ်ကောင်တည်းသော ငှက်က ပြတင်းပေါက်ကနေ နူတ်သီးလာခေါက်တာ၊ ဒါမှမဟုတ် အိပ်ခန်းထဲ ဝင်ပျံတာ၊ ခေါင်တိုင်ကနေ အိမ်ထဲ ဆင်းပျံလာတာတွေကလည်း အိမ်ရှိ လူမမာ ဘဝကူးမယ့် နိမိတ်တွေလို့ ဆိုပါတယ်။
ဒီလို အယူအဆပေါင်းစုံတွေထဲမှာ ထူးခြားတဲ့တစ်ချက်ကတော့ အနောက်တိုင်း ရှေးခေတ် အယူအဆမှာ ဂျူနို နတ်ဘုရားမရဲ့ အချစ်တော်ငှက်ဟာ ဥဒေါင်းငှက် ဖြစ်သလို
ဟိန္ဒူနတ်ဘုရားတွေထဲက သူရဿတီ ဒေဝီ အနားမှာ ဥဒေါင်းငှက် ရှိတတ်တာ ကလည်း အံ့အားသင့်ဖွယ် တိုက်ဆိုင်မှုလို့ ဆိုနိုင်ပါမည်လား။

၂၀၁၁-၂၀၁၂ အတွက်လက်ကျန်ဟောကိန်းတချို့
မေ (၁၁) မှာ ငလျင်လှုပ်မယ် ဆိုတဲ့ ဟောကိန်း
လက်ကျန် ဟောကိန်းတွေ အဖြစ် ၂ဝ၁၁-၂ဝ၁၂ မှာ ငလျင်ကြီးတွေ လှုပ်မယ်ဆိုတဲ့ အတိတ်တဘောင် လိုလိုတွေ ကျယ်လောင်နေခဲ့ပါတယ်။
၁၉၇၉ ခုနှစ်တည်းက ကွယ်လွန်ခဲ့တဲ့ ရာဖေးလ်ဘင်ဒန်ဒီ အမည်ရှိ နက္ခတ်ပညာရှင်တစ်ဦးက အခု လာမယ့် မေလ ၁၁ ရက်နေ့ (၁၁.၅.၂ဝ၁၁) ကျရင် အီတလီနိုင်ငံ၊ ရောမမြို့တော်မှာ ဧရာမငလျင်ကြီး တစ်ခု လှုပ်ခတ်လိမ့်မယ်၊ တစ်မြို့လုံး ပြားပြားဝပ်သွားမယ်လို့ ကြိုတင် ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒီဟောကိန်းနဲ့ ပက်သက်ပြီး အီတလီက ဝက်ဘ်ဆိုဒ်တွေ၊ ဘလော့ဂ်တွေမှာ ဟိုးအရင်လတွေတည်းက ပွက်လောက်ရိုက်အောင်ကို ငြင်းခုံစရာတွေ ဖြစ်နေခဲ့ပါတယ်။
အီတလီနိုင်ငံသား နက္ခတ္တဗေဒပညာရှင်လည်း ဖြစ်၊ မြေငလျင်ပညာရှင်လည်း ဖြစ်တဲ့ ရာဖေးလ်ဘင်ဒန်ဒီကို ၁၈၉၃ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ နေလ၊ နက္ခတ်တာရာတွေနဲ့ ကမ္ဘာမြေပြင်မှာ ဖြစ်ပွားတဲ့ ငလျင်တွေအကြားမှာ ဆက်နွယ်မှု ရှိတယ်လို့ အခိုင်အမာ ယုံကြည်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ လေ့လာတွေ့ရှိချက်တွေ၊ ဟောကိန်းတွေကိုတော့ သိပ္ပံပညာရှင် အသိုင်းအဝိုင်းက လက်မခံနိုင်ခဲ့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဘင်ဒန်ဒီဟာ ဆရာ မပါဘဲ ကိုယ်တိုင် ကြိုးစား အားထုတ်မှုနဲ့ ပညာတွေ သင်ယူခဲ့သူ ဖြစ်သလို သူ့ရဲ့ သီအိုရီတွေကိုလည်း သိပ္ပံနည်းကျကျ ရှင်းလင်း ဖော်ထုတ် တင်ပြခဲ့ တာမျိုး မရှိခဲ့လို့ပါပဲ။
ရာဖေးလ်ဘင်ဒန်ဒီရဲ့ အံ့မခန်း ဟောကိန်းများ
ဘင်ဒန်ဒီဟာ ၁၉၁၅ ၊ ဇန်နဝါရီ၊ ၁၃ ရက်နေ့က အီတလီနိုင်ငံ၊ အက်ဗဇာနိုဒေသမှာ ရစ်ချတ်တာစကေး ၇ ဒသမနဲ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်၊ ၁၉၇၆၊ မေ၊ ၆ ရက်နေ့က အီတလီနိုင်ငံ၊ ဖရိုလီဒေသမှာ အင်အား ၆.၄ နဲ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေကို ရက်အနည်းငယ် ခြားပေမဲ့ ဒေသမလွဲဘဲ ကြိုတင် ဟောကိန်းထုတ်နိုင်ခဲ့ပါတယ်။ အဲဒီငလျင်တွေကြောင့် အီတလီနိုင်ငံသား သောင်းနဲ့ချီပြီး ကိစ္စတုံးခဲ့ရပါတယ်။ ဘင်ဒန်ဒီရဲ့ ဟောကိန်းတွေက ဘယ်ရက်၊ ဘယ်နေရာဘယ်ဒေသမှာ ဖြစ်ပွားမယ်ဆိုတာ အတိအကျ နီးပါး ဖော်ထုတ် ဟောပြောနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ၁၉၃၃ ၊ ဇန်နဝါရီ၊ ၂ ရက်နေ့မှာ အက်ဒီရက်တစ်ပင်လယ်ကမ်းရိုးတန်းက မာကေးဒေသမှာ ငလျင်ကြီး လှုပ်ခတ်မယ် ဆိုတာကို ၁၉၂၃ တည်းက ကြိုတင် ဟောကိန်း ထုတ်နိုင်ခဲ့ပါတယ်။ ဟောကိန်းနဲ့ နှစ်ရက်တည်း လွဲချော်ခဲ့ပေမဲ့ ဖြစ်မယ့် ဒေသကို ကွက်တိ ဟောချက် ထုတ်နိုင်ခဲ့တာမို့ အဲဒီခေတ်က နာမည်ကျော် အီတလီသတင်းစာတစ်စောင်က ငလျင်တွေရဲ့ ဖန်ဆင်းရှင်အဖြစ် ချီးမွမ်းထောပနာ ပြုခဲ့ပါတယ်။ ဒါ့အပြင် အဲဒီခေတ်က အီတလီအဓိပတိကြီး မူဆိုလီနီကတောင် နာမည်ကျော်လာတဲ့ နက္ခတ်ပညာရှင် ဘင်ဒန်ဒီကို သူရဲကောင်းဆုတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။
ဒီလို အစဉ်အလာနဲ့ နာမည်ကြီးခဲ့တဲ့ ဘင်ဒန်ဒီရဲ့ ဟောချက်အရ လာမယ့် မေလ ၁၁ ရက်နေ့ကျရင် ရောမမြို့မှာ ငလျင်ကြီး လှုပ်တော့မယ် ဆိုလို့ မြို့သူမြို့သားတွေ ဆောက်တည်ရာမရ ဖြစ်နေတာ သိပ်တော့ အံ့သြစရာ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဘင်ဒန်ဒီ ကွယ်လွန်ပြီးနောက်မှာ သူ့ရဲ့ ရှေ့ဖြစ် ဟောကိန်းတွေဟာ မလိုတမာငနဲသားတွေရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အတွက် တစ်ချို့တစ်ဝက်သာ ကျန်ရစ် ခဲ့ပါတယ်။
ဒီထဲကမှ လက်ကျန် ဟောကိန်းတွေ အဖြစ် ၂ဝ၁၁-၂ဝ၁၂ မှာ ငလျင်ကြီးတွေ လှုပ်မယ်ဆိုတဲ့ အတိတ် တဘောင်လိုလိုတွေ ကျယ်လောင်နေခဲ့ပါတယ်။ ဘယ်ဒေသမှာ ဖြစ်မယ်ဆိုတာတော့ မပါပါဘူး။ ဒါပေမဲ့ အားလုံး မြင်သိပြီးတဲ့ အတိုင်းပါပဲ။ ၂ဝ၁၁ နှစ်ဦးမှာ တစ်ကမ္ဘာလုံး တုန်လှုပ်သွားရတဲ့ ဂျပန်ငလျင်ကို မြင်တွေ့ခဲ့ရပါတယ်။ လာမယ့် ၁၁ ရက်နေ့ ရောမငလျင်ကတော့ ဘင်ဒန်ဒီရဲ့ တကယ့် နူတ်ထွက် ဟောကိန်း စစ်စစ် ဖြစ်မလား၊ ကြားကနေ ဖန်တီးဖောင်းပွလာတဲ့ ပေါက်ကရဟောကိန်း ဖြစ်မလား ဆိုတာ စောင့်ကြည့်ဖို့ပဲ ကျန်ပါတော့တယ်။
ရောမမြို့ နည်းတူပဲ ထိုင်ဝမ်မှာလည်း မေလ ၁၁ ရက်နေ့မှာ အင်အားပြင်း ငလျင်နဲ့ ဧရာမဆူနာမီလှိုင်းတွေ ရိုက်ခတ်လိမ့်မယ် ဆိုတဲ့ ကောလာဟလတွေ အုံးအုံးကျွက်ကျွက် ထွက်ပေါ်နေတယ်လို့ သတင်းတွေမှာ ဖတ်ရှုရပါတယ်။ ရောမနဲ့ ထိုင်ဝမ်ကတော့ ဟောကိန်းတွေအောက်မှာ မျက်ခုံးတလှုပ်လှုပ်နဲ့ စားသတိ၊ သွားသတိ ဖြစ်နေမှာ မြင်ယောင် မိပါတယ်။ ဒီသတင်းနဲ့ အချက်အလက်တွေ အားလုံးကို အင်တာနက် ဆိုဒ်ပေါင်းများစွာကနေပဲ ဘာသာပြန်ဆို ဖော်ပြပေးထားပါတယ်။ ဟောကိန်း မှန်တာ မှားတာထက် ဟောဒီလောကကြီးမှာ ဟောသလို ပညာရပ်တွေ၊ ပညာရှင်တွေ ရှိခဲ့တယ်ဆိုတာ လူသူလေးပါး သိသွားအောင်လို့ပါ။

ဆောင်ချင်ရာဆောင်ကိုဘညှောင်
ဆောင်ချင်ရာဆောင် မောင်ဘညောင်
မိတ်ဆွေ ခင်ဗျားအနေနဲ့ ဘာသာရေးလိုလို၊ ဗေဒင်လိုလို၊ မှော်လိုလို မဂ္ဂဇင်းတွေမှာ ဖော်ပြလေ့ရှိတဲ့ အင်းကွက်တွေ၊ စမအက္ခရာတွေကို မြင်ဖူးမယ် ထင်ပါတယ်။ အဲဒီမဂ္ဂဇင်းတွေက အဲလို ဆောင်းပါးတွေမှာ ဖော်ပြထားတဲ့ ဟောဒီ့ အင်းစမ အဆောင်တွေကို မိတ္တူကူး ကော်ပီပွားပြီး ဆောင်လိုက်ရုံနဲ့ ခင်ဗျားဆီကို ရွှေငွေဥစ္စာ ရတနာတွေ ဟိုက ဝင်၊ ဒီကဝင် သပိတ်ဝင် အိတ်ဝင် ဝင်လာမယ်လို့ မစားရဝခန်း ပြောလေ့၊ ရေးလေ့ရှိတာကိုလည်း တွေ့ရနိုင်ပါတယ်။
အဲဒီအင်းစမတွေကို လူအတော်များများက ဘုမသိ၊ ဘမသိနဲ့ ခုပဲ ရတနာပုံ ဆိုက်တော့မလိုလို၊ ခုပဲ ဖုတ်သွင်းရထားက အိမ်ရှေ့တံခါးမကြီးကို ပြေးဆောင့်မလိုလို အဟုတ်မှတ်ပြီး မိတ္တူကူး၊ ကော်ပီပွား၊ ဘုရားစင် ပြေးကပ်၊ အိမ်ရှေ့ကပ်၊ တချို့ကျ အလုပ်စားပွဲကပ်၊ ကပ်ချင်တိုင်း ကပ်လိုက်ကြတာ အဲဒီ အဆောင်တွေ ကူးလိုက်၊ ကပ်လိုက် လုပ်နေသူတွေတော့ မသိဘူး။ မိတ္တူဆိုင်၊ ကွန်ပျူတာဆိုင်တွေတော့ တော်တော်လေး အလုပ်ဖြစ်ခဲ့တာ တွေ့ဖူးပါတယ်။
တချို့ ရှားရှားပါးပါး ပညာရှင်တွေ ကတော့ မဂ္ဂဇင်းမှာ ရေးဖြစ်ခဲ့ရင်တောင် ဒီအဆောင်ကို ပြုလုပ်ရတာ ခက်ခဲ ပင်ပန်းလွန်းလှကြောင်း၊ ကော်ပီကူး ဆောင်ရုံနဲ့ ထူးလာမှာ မဟုတ်ကြောင်း ရိုးရိုးသားသား အသိပေး တတ်ကြပါတယ်။ ဒါပေမဲ့ ရှိတယ်၊ ရှားတယ်ဆိုတဲ့ ဆောင်းပါးကောင်းတွေ ဖြစ်ပါတယ်။
အော် ဒါဆို အဲဒီမဂ္ဂဇင်း စာမျက်နှာတွေပေါ်က အင်းမစရုပ်တွေ၊ အဆောင်ပလောင်တွေက မစွမ်းလို့လား၊ အဓိပ္ပါယ် မရှိ လျှောက်ပြီး လက်ကမြင်းထားတာလား၊ အားတိုင်းယားတိုင်း စာမူခ ရအောင် လျှောက်ရေး နေတာလားလို့ မေးခွန်း ထုတ်စရာ ရှိပါမယ်။
စွမ်းတယ်၊ မစွမ်းဘူး ဆိုတာ ကျွန်တော် မဖြေပါဘူး။ အဲလို မဂ္ဂဇင်းက အဆောင်တွေကို ဟိုကပ်ဒီကပ် အမြတ် မထွက်ချင်နေ၊ အရှုံးတော့ မရှိလောက်ဘူး ဆိုပြီး ဆောင်ခဲ့ဖူးသူများ ရှိခဲ့ရင် ကျွန်တော် မေးတာလေး ပြန်ဖြေပါ။ အဲဒီအဆောင်က ဘယ်နှလ အတွင်း အစွမ်းပြခဲ့သလဲ။ လောက်လောက်လားလား ချမ်းသာ သွားသလား၊ ထူးထူးခြားခြား ရွှေထုပ်ငွေထုပ်တွေ ရခဲ့ကြ သလား၊ ငုတ်တုတ်ထိုင်နေရင်း ပိုက်ဆံသိန်းသန်းချီ ဝင်လာပါသလားလို့။
အင်းတစ်ချပ်မှာဆိုရင် အင်းကျိုး၊ အင်းကန်း၊ အင်းပေါက် အစရှိတဲ့ စည်းမျဉ်းပေါင်းများစွာ ရှိနေသလို အင်းတစ်ကွက် စီရင်ဖို့ အချိန်အခါ၊ နက္ခတ် သင့်မသင့်၊ စီရင်သူရဲ့ သီလ၊ သမာဓိအင်အား၊ လုပ်နည်း လုပ်ဟန် တိကျမှန်ကန်မှုတွေ ပြည့်စုံအောင် လေ့လာဆည်းပူး အားထုတ်ပြီးမှ စီရင်ကြပါတယ်။ ပညာကို ပညာနဲ့ တူအောင် လေ့လာလိုက်စားဖူးသူတိုင်း ကျွန်တော် ဘာကို ပြောနေသလဲ သဘောပေါက် လွယ်မှာပါ။
တချို့သော စမအက္ခရာတွေဆိုရင်လည်း အဲဒီလိုပါပဲ။ ပန်းချီတတ်တိုင်း၊ လက်ရေးလှတိုင်း လျှောက်ရေးဆွဲလို့ မရတဲ့၊ ကော်ပီကူး၊ အိတ်ထဲထည့်၊ ဟိုထည့် ဒီထည့် ဆောင်လို့ မရတဲ့ အဆောင်တွေ၊ စီရင်တည်းက ခက်ခက်ခဲခဲ ဖန်တီးရေးဆွဲရတဲ့ စမတွေ ရှိပါတယ်။ ဥပမာ ပဋ္ဌာန်းနဂါး ဆိုတဲ့ စမရုပ်ပုံတော်ကြီးဆိုရင် ဆွဲသားရတာကအစ ၊ စီရင်ပုံအဆုံး သိပ်ကို ခက်ခဲ လွန်းပါတယ်။
သူရိယသဟာယပညာမှာ ဆိုရင်လည်း စီရင်မယ့်နေ့ဟာ နှစ်ဆန်းတစ်ရက်နေ့လည်း ဖြစ်၊ လဆန်း တစ်ရက်လည်းဖြစ်၊ တနင်္ဂနွေလည်း ဖြစ်ရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆွဲမယ့် ရွှေပြားပေါ်မှာ အက္ခရာ တစ်လုံးချင်းကို နေထွက်ချိန်၊ မွန်းတည့်ချိန် ကနေ ကြယ်ကြွေချိန်အထိ တိတိကျကျ အဆုံးသတ် ပေးရပြန်ပါတယ်။ ဆွဲမယ့်ဒေသကလည်း မိုးကုတ်စက်ဝိုင်းကို ရှင်းလင်း ပြတ်သားစွာ မြင်နိုင်မယ့်နေရာ ဖြစ်ရမယ်လို့ ဆိုထားပါတယ်။
စဆွဲရာကနေ ကညစ် မကြွ၊ အသက်အောင့်ထားရင်း၊ အဆုံးထိ တရစပ် ရေးဆွဲရတဲ့ စမ၊ မုဆိုးထိုင် ထိုင်ပြီး ဆွဲရတဲ့ စမ၊ ဂါထာအစကနေ အဆုံးထိ အပြီးမှ တပြိုင်တည်း ဆွဲသား ပြီးစီးရတဲ့ စမ၊ ငှက်ပျောအူတိုင်ထဲ မန္တန် ရွတ်ပြီး ရိုက်ထည့်ရတဲ့ စမ၊ မေတ္တသုတ်တော် ရွတ်ရင်း ဝအက္ခရာနဲ့ ဖန်တီးသွားတဲ့ စမ အစရှိသဖြင့် စုံလင် ကျယ်ပြန့်လှပါတယ်။ ဒီလို ထူးဆန်းတဲ့ စည်းမျဉ်းတွေ၊ ပုံသဏ္ဍာန်တွေကို ရှေးပညာရှင်တွေက အပျင်းပြေ လျှောက်ရေးခဲ့တာတော့ မဟုတ်လောက်ဘူးလို့ ကျွန်တော် ယူဆပါတယ်။
တခါတလေ အဆောင်တွေ ဆောင်ရပြုရတာ ဝါသနာထုံတဲ့ ၊ အဆောင်မှ အဆောင်ဆိုတဲ့ အထီးအမ ပုပုရှည်ရှည် လူတွေကို ဆုံရတိုင်း အဘမင်းသိင်္ခရဲ့ ဖြစ်ချင်ရာဖြစ် မောင်ဘချစ် စကားအတိုင်း ပြန်ထေ့ မိပါတယ်။ ဒီအဆောင်လေးက ငွေခေါ်တယ်၊ လာဘ်ရွှင်တယ်၊ ဒီအင်းချပ်ကတော့ ဆော်ကြည်တဲ့ ပီယသျှို အဆောင်၊ ဒီစမကဖြင့် ဘေးရန်ကင်းတယ် ဆိုတဲ့ မယောင်ရာဆီလူး ပုဂ္ဂိုလ်တွေကို ကျွန်တော် ပြန်ပြော မိတာက ဆောင်ချင်ရာဆောင် မောင်ဘညောင်.. တဲ့။
မိတ်ဆွေ ခင်ဗျားကော အဲဒီမောင်ဘညောင်တွေထဲ ပါနေသလားဗျာ။ ပါနေတယ်ဆိုရင်တော့ ခင်ဗျားဟာ အလိမ်ခံရဖို့ ၉၉.၉၉ ရာခိုင်နှုန်း ကျိန်းသေနေပြီလို့ ဝမ်းပန်းတနည်း ပြောလိုက်ပါရစေ။
ကြိုက်ရင်လည်းဆောင်ပေါ့လေ..ထူးရင်လဲပြောဦးနော်..soemoe.moe69@gmail.com ကိုနော်...

Wednesday, June 22, 2011
မေတ္တာပွားနည်းများ....
နေ့တိုင်းပွားရင်း ပျော်ရွင်နိုင်ကြပါစေ......
*မေတ္တာပွားနည်း*
ဒို့ပြည်မြန်မာ အိမ်တကာ ကွန်ပျူတာ ရှိပါစေ......
မရှိသူများ ဆိုင်မှာသွား တော်ကီ (talking) ပွားနိုင်စေ...။
ပီစီ (PC) တစ်လုံး ကိုယ်စီသုံး ရွှင်ပြုံးကြပါစေ....
ပီစီ (PC) ၏ ရန် ဗိုင်းရပ်(စ်)ဒါဏ် တွန်းလှန်နိုင်ပါစေ.....။
“ အွန်လိုင်း” တက်လာ များသူငါ “ကြူ” နိုင်ကြပါစေ.....
“ ကြူ သူ”တိုင်းဟာ အမြဲသာ ရင်ထဲရှိပါစေ။
“chatting” ထိုင်စဉ် ပြုံးပျော်ရွှင် အဆင်ပြေပါစေ....
“ချက်ချိန်”တိုင်းတွင် အမြဲပင် “ကွန်နက်ရှင်” (connection) ကောင်းပါစေ။
“ ဘလော့ဂ် ” ရောက်လာမိတ်သဟာ ကျန်းမာကြပါစေ...
စပ်မိစပ်ရာ ဗလချာ ....ရေးနိုင်ကြပါစေ....။
“ ဘလော့ဂ်ဂါ ”အချင်းချင်း ရန်စောင်ခြင်း လွတ်ကင်းကြပါစေ.....
“ ချိန်း၊ချက် ” ရန်ရှာ၊ ပြဿနာ...ရှောင်နိုင်ကြပါစေ...။
ခြိမ်းခြောက်လိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ....
ကိုယ့်ထက်သာသူ...ကိုယ့်အောက်လူ ကူညီနိုင်ပါစေ...။
ဒို့ မေတ္တာစွမ်း နှစ်ခါနမ်း... (အာ...ရောကုန်ပီ sorry) ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ....။

ဦးနှောက်ကိုပျက်သုန်းစေသောအကြောင်း....
၁) စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။
၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။
၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက် စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။
၎) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း
ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။
၅) အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မားလာစေပါတယ်။
၆) လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။
၇) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်။
၈) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ ဖြစ်လာနိုင်ပါတယ်။
၉) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။
၁၀) မနက်စာမစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတတ်ပါတယ်။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ်။

ဒါက ကျန်းမာရေးအတွက်ဗဟုသုတ
လူတိုင်းကျန်းမာရေးကို အထူးသတိထားရန် လာကြည့်လှည့်ပါ
သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ
ကမောက်ကမဖြစ်တတ်သည်။
အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊
ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်
ရောဂါများပိုမိုဖြစ်တတ်သည်။
ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏
ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ
အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။
ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏ
အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊
အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့်
နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ
ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။
နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င်သည်။ ဆောင်းရာသီပြီးလျှင်
နွေရာသီရောက်လေသည်။ သဘာဝလောကကြီးသည် အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။
လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်းချက်ကျကျ
လှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။
ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန်
ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန်
(အလယ်တန်းအောက်ကလေးသူငယ်များသည်
ရောဂါခုခံကာကွယ်စနစ်တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်
အိပ်နိုင်လျှင်ကောင်း၏)
ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်
နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်
နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်
နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း
အနှေးဆုံးအချိန်
(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။
လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊
သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။ ထို့ကြောင့်
အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)
နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်
နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)
နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်
နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)
နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်
(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ - သို့မဟုတ်က အစာအိမ်ရောဂါ
လေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)
ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်
(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)
ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်
ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန်
(ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)

မကောင်းသောအားနာခြင်းမျိုးများ
မကောင်းသော အားနာခြင်းမျိုးများ
(၁) စိတ်ထဲ၌ ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုး
စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုးသည်
မကောင်းသော အားနာခြင်းမျိုးဖြစ်သည်။ အောက်ပါ ဥပမာများကို ကြည့်ပါ။
(က) လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ၀ိုင်းထိုင်၍ နေ့လည်စာ စားချိန်တွင်
မျက်နှာချင်းဆိုင် ထိုင်စားနေသူတဦး၏ မေးစေ့တွင် ထမင်းလုံးကပ်နေသည်။
သင်ကပြောရမှာကို အားနာနေသည်။ သင်ပြောလိုက်လျှင် ထိုသူ ရှက်သွားမှာကိုလည်း
စိုးရိမ်နေသည်။
သို့သော် ထိုထမင်းစေ့ ကပ်နေခြင်းကို မြင်နေရသူတိုင်း၏စိတ်တွင်
ကသိကအောက်နှင့် မသက်သာ။
ဤကိစ္စမျိုးတွင် အားနာနေ၍ မပြောခြင်းသည်မကောင်း။
ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းဖြင့်အားလုံးပြေလည်သွားနိုင်သည်။
(ခ) တစုံတယောက်က သင့်ထံမှ ပိုက်ဆံချေးငှားသည်။ တကယ်တော့ သင်က မချေးချင်။
သို့သော် ငြင်းရမှာ အားနာ၍ ချေးလိုက်သည်။ (ပြီးတော့ သင်က
ငွေပြန်တောင်းရမှာကိုလည်း အားနာနေဦးမည် ဖြစ်သည်။) ထိုနေ့မှစ၍
ငွေပြန်မရမချင်း သင်မပျော်တော့။
ဤနေရာတွင်လည်း အားနာခြင်းသည် သင်၏ပကတိစိတ်အရင်းခံကို
ကွယ်ဝှက်၍ မပြတ်မသား ဆုံးဖြတ်ခြင်းမျိုးဖြစ်ရာ
ကုသိုလ်မရသည့်အပြင် အကုသိုလ်အား ၀ယ်ယူသကဲ့သို့ဖြစ်သော အားနာခြင်းမျိုး
ဖြစ်သည်။
ဤနေရာတွင် စကားစပ်လျဉ်း၍ အတွေ့အကြုံတခုကို
ပြန်လည်ဖောက်သည်ချချင်ပါသည်။
တနေ့တွင် မိတ်ဆွေတယောက်အား
စင်ကာပူလေဆိပ်သို့ လိုက်ပို့ရာတွင် မြန်မာလူမျိုးတဦး၏ ငြီးတွားသံကို
အောက်ပါအတိုင်း ကြားခဲ့ရပါသည်။
“စိတ်ညစ်တယ်ဗျာ။ သူ့အိမ်က လမ်းကြုံ ထည့်ပေးလိုက်လို့ 
တလမ်းလုံး လက်မောင်ပြုတ်မတတ် ဆွဲလာရတယ်”
ထိုစကားကို ကြားရသည့်အချိန်မှစ၍ အိမ်ပြန်ရောက်သည်အထိ ကျမ..မှာ
တွေးမိတိုင်း အူယားလှသဖြင့် အသံထွက်၍ မရယ်မိအောင် အောင့်ထားရ၏။
လူကြုံပေးသူကလည်း အားမနာပ ထည့်ပေးပြီး၊ သယ်သူကလည်း အားအနာလွန်ကာ
သယ်လာခဲ့ပြီးမှ ကွယ်ရာတွင် စကားတင်းဆို ငြီးတွားနေခြင်း ဖြစ်သည်။
(၂) ကိုယ်ရသင့်ရထိုက်သည်ကို တောင်းဆိုရမှာ အားနာခြင်းမျိုး
ဤသည်မှာ မြန်မာအများစုတွင် ဖြစ်တတ်သော အားနာမှုမျိုး ဖြစ်သည်။
အကြွေးပြန်တောင်းရမည်ကို တွန့်ဆုတ်နေကြသည်။
မိမိ၏ အားလပ်ရက်ခွင့်ကို ယူရန်တွန့်ဆုတ်နေကြသည်။
ကျူတန်းစီရာ၌ မိမိရှေ့တွင် ကြားဖြတ်၍ တန်းစီသူကိုမလုပ်ရန်ပြောဖို့ ၀န်လေးကြသည်။
မိမိနှင့် ချိန်းဆိုထားသောအချိန်တွင်
တိကျစွာ ရောက်မလာသူအား ထောက်ပြသတိပေးရန် တွန့်ဆုတ် အားနာနေတတ်ကြသည်။
ဤအားနားခြင်းသည် လောဘနည်းခြင်းကြောင့်လည်းမဟုတ်၊
ခန္တီပါရမီနှင့်ပြည့်ဝနေခြင်းကြောင့်လည်းမဟုတ်။
မြန်မာ့ယဉ်ကျေးမှုဟုကား လုံးလုံးမျှပင်မဆိုသင့်။
ဤအားနာခြင်းမျိုးသည် လူပုဂ္ဂိုလ်တဦးချင်း၏
ကိုယ်ရည်ကိုယ်သွေးနှင့်သာ ဆိုင်ပေသည်။
တခြားအကြောင်းကြောင့် မဟုတ်ဘဲမိမိရသင့်ရထိုက်သည်ကို
မသိလောက်အောင် ထူံ၍ အ၍ န၍သာ ဖြစ်နိုင်ပေသည်။
မိမိတွင် ထိုသို့သော အားနာမှုမျိုးရှိက သတိထား၍ ချေဖျက်သင့်သည်ဟု
ထင်ပါသည်။
(၃) မိမိတာဝန်နှင့် အားနာခြင်းကို မခွဲခြားတတ်ခြင်း
လူတို့သည် အဖွဲ့အစည်း၊ အသိုင်းအ၀ိုင်းနှင့် နေထိုင်၍
အလုပ်လုပ်ကိုင်သောအခါ မိမိ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်တို့ကို
ဘေးချိတ်၍ မိမိ၏ တာဝန်ကို ကျေပွန်အပ်၏။
သင်၏ အလုပ်ကို ထမ်းဆောင်ရာတွင်အားနာခြင်းကို ဘေးချိတ်ထားရမည်။
သင်သည် ရဲအမှုထမ်းဖြစ်ပါက သင်၏ ဆွေမျိုး၊
မိတ်ဆွေ ရာဇ၀တ်မှု ကျူးလွန်သည်ကို တွေ့လျှင် သင် အားနာ၍မရ၊ ဖမ်းရမည်။
သင်သည် ကျောင်းဆရာဖြစ်က သင့်သူငယ်ချင်း၏သား စာမေးပွဲမဖြေဆိုနိုင်သည်ကို
အားနာသည်ဆိုကာ အအောင်ပေး၍ မဖြစ်။
သင်သည် တရားသူကြီးဖြစ်က သင့်မိတ်ဆွေကိုအားနာ၍ အပြစ်လျှော့ပေါ့ခြင်း
လွှတ်ပေးခြင်း မပြုရ။ တာဝန်နှင့်
အားနာခြင်းကို အထက်ပါအတိုင်း ခွဲခြားသင့်သည်ဟု ယူဆမိပါသည်။
ယခုအခါ......့ မြန်မာပြည်တွင် နည်းမမှန်သော အားနာမှုများက နေရာအနှံ့
ကြီးစိုးနေရာ ရံဖန်ရံခါ အမှားနှင့် အမှန်ကိုပင် ဝေဖန်ပိုင်းခြားမှု
မရှိနိုင်လောက်အောင်အထိ ဖြစ်နေသည်ကိုပင် ကြုံကြရပေသည်။
သင်သည် ဘတ်စ်ကားစပယ်ယာက နည်းမကျ လမ်းမကျ ဟိန်းဟောက်သည်ကို
မျက်နှာအောက်ချ၍ ခံနေပေမည်။
သင်သည် ဈေးတွင် အသားသည်က အလေးခိုးသည်ကို
သိသိနှင့် ပြန်မပြောဝံ့ဘဲ ငုံ့ခံနေမည်။
သင်သည် ကျောင်းဆရာဖြစ်ကတိုင်းပညာရေးမှူး၏ သမီးမင်္ဂလာဆောင်အတွက်
လက်ဖွဲ့ရန်ဆိုကာ သင့်လစာမှဖြတ်တောက်လိုက်ခြင်းကို ပြန်မပြောဘဲ
ငြိမ်ခံနေမည်။
သင်သည် သာသနာရေးအတွက်
အကြောင်းပြကာ ဘယ်ကမှန်းမသိ၊ ဖြတ်ပိုင်းနှင့် လာရောက် အလှူခံလျှင်
စိတ်မပါဘဲနှင့်လည်း အားနာ၍ ထည့်လိုက်ပေမည်…
.........................စသည့် စသည့် နည်းမမှန်သော
အားနာမှု့ ကြောင့်........... မြန်မာ့လူ့အဖွဲ့အစည်းတွင် အကျည်းတန် အရုပ်ဆိုးသော
အဖြစ်အပျက်များနှင့် ကြုံတွေ့နေရခြင်း ဆိုလျှင်ပင် လွန်မည်မထင်။
ဤသို့လျှင် မိမိရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းရကောင်းမှန်းမသိ၊
စူးစမ်းရကောင်းမှန်းမသိ၊ မေးမြန်းရကောင်းမှန်းမသိ၊ နည်းမမှန်သော
အားနာမှုနှင့် ကြောက်ရွံ့မှုတို့၏ ပိန်းပိတ်မှုအောက်တွင်
နှစ်ကာလရှည်မြင့်စွာ နေထိုင်လာကြရသောအခါ အင်မတန် ဆိုးညစ်သော လူတစုက
ဤပျော့ကွက်များကို အသုံးချ၍ မိမိတို့၏ အခွင့်အရေးများကို ထိပါးလာသောအခါ
မိမိတို့မှာ တွန်းလှန်နိုင်သော သတ္တိမရှိတော့သော အခြေအနေသို့
ဆိုက်ရောက်သွားတတ်ချေသည်။
ထို့ကြောင့် မြန်မာတို့အနေနှင့် တမျိုးသားလုံးအကျိုးစီးပွားကိုမျှော်တွေးကာ
နည်းမှန် လမ်းမှန် အားနာသင့်ကြောင်းတိုက်တွန်းရေးသားလိုက်ပါသည် ။

ကန်တော်ကြီးပတ်လမ်းမှာသရဲခြောက်လို့တဲ့ဗျာ
ကန်တော်ကြီးပတ်လမ်းမှာ ညည သူရဲခြောက်နေတယ်တဲ့
ကြာတော့ကြာခဲ့ပါပြီ မတင်ဖြစ်ပဲ့မေ့နေလို့ အားလုံးကို တောင်းပန်ပါတယ် ။
သင်္ကြန်အကြတ်နေ့..X2o မဏ္ဍပ်ရှေ့ မှာ ဗုံးပေါက်ပီးကတည်းက....လူတော်တော်များများ
ပြောနေကြတယ် .... ကန်တော်ကြီးပတ်လမ်းမှာ.....ဖြတ်သွားဖြတ်လာကားတွေကို ...မကျွတ်
မလွတ်သေးတဲ့ ... သူတွေ ခြောက်လှန့်နေတယ်ဆိုပြီး..ကြားပါတယ် ....ဒါပေမယ့်
မဖြစ်နိုင်ဘူး
လို့ စိတ်ထဲက ထင်ထားပေမယ့် ...တကယ်လက်တွေ့ ကြုံခဲ့ရတဲ့သူတွေကတော့
...အခုလိုပြောပြကြတယ်။
တာမွေမြို့ နယ်က...ညဘက်တက္ကစီမောင်းသမားတစ်ယောက်.......
ကျုပ်..ဆယ်နာရီခွဲလောက်....တာမွေကနေ...မြို့ ထဲကစားသောက်ဆိုင်တစ်ခုက ၀န်ထမ်းတွေကို
ကြိုပို့လုပ်ဖို့
...ကန်တော်ကြီးပတ်လမ်းအတိုင်း....မောင်းလာခဲ့တယ်ဗျ...အဲဒီနေ့မှထူးထူးဆန်းဆန်း
အဲဒီ ဗုံးပေါက်တဲ့နေရာလည်း ရောက်ရော... ကားက ရှေ့ မှာရော
နောက်မှာရောတစ်စီးမှမရှိအောင်
ကို ပြတ်နေတယ် ... ဒီအချိန်မှာ ....သိမ်ဖြူကွင်းဘေးအရိပ်တစ်ခုအောက်က
အမျိုးသမီးတစ်ယောက်
ပြေးထွက်လာပီး ...ကျွန်တော့်ကားကိုတားပါတယ် ..ကောင်မလေးက
ခပ်ငယ်ငယ်ဘောင်းဘီတိုနဲ့ပါ။
ကျွန်တော်လည်း ရပ်ပေးလိုက်တယ်... သူက တောင်ဥက္ကလာကို ဘယ်လောက်ပေးရမလဲတဲ့
ဟာ ...ဒါဆိုလိုက်တော့ဘူး....ကျွန်တော်က
ဟိုဘက်မှာသွားကြိုစရာရှိသေးလို့ပါလို့ပြောလိုက်တယ်
သူက လိုက်ပို့ပေးပါ အစ်ကို ရယ် ....သမီးတို့ချမ်းနေပြီလို့ ပြောပါတယ်
..ဘယ်လောက်ပေးရမလဲလို့လဲ
မေးလာတယ် ....ကျွန်တော်လည်း ... ကြိုရမှာစောနေသေးတယ်ဆိုပြီး
မြန်မြန်လိုက်ပို့လိုက်မယ်လေ
ဆိုပြီး ကဲ ...၂၅၀၀ ပဲပေး ဆိုပြီး..ကားပေါ်ပေးတတ်ခိုင်းလိုက်တယ် ..အဲဒီမှာ
အမှောင်အရိပ်ထဲက
သူသူငယ်ချင်းသုံးယောက်ကို လှမ်းခေါ်လိုက်တော့ ...အမှောင်ထဲက နောက်ထပ်သုံးယောက်ထပ်
ထွက်လာခဲ့ပါတယ် ....လေးယောက်လုံး ..ကားနောက်ခန်းမှာချည်စုထိုင်လိုက်ကြတယ် ....
ကျွန်တော် လည်း ....ရှေ့ ကားဘီလေးငါး ဆယ်လိမ့်လောက်ဆို
...လမ်းဖြတ်တစ်ခုရှိတယ်လေ ...အဲဒီကနေ
တောင်ဥက္ကလာဘက်ကို ကွေ့ ဖို့ ...ဒဲ့လာတဲ့ကားကိုစောင့်ရင်း....အသံမကြားလို့
ဘက်မှန်ထဲကနေကြည့်
လိုက်တော့ လေးယောက်လုံး မရှိတော့ပါဘူး ...ကျွန်တော်လည်း
ကားအတင်းမောင်းပြီး....မင်္ဂလာဈေးနားက
ညဘက်ဖွင့်တဲ့လမ်းဘေးလဘက်ရည်ဆိုင်လေး ရှေ့ မှာရပ်လိုက်တယ်
....အဲဒီကားပေါ်ကို ပြန်မတတ်ရဲတော့ဘူး
ဒါကြောင့် ..ကျွန်တော်ယောက်ဖကို လှမ်းခေါ်ပြီး ကားကိုမောင်းခိုင်းပြီး
ကျွန်တော် အိမ်ပြန်လာခဲ့ရတယ်
ယောက်ဖကိုပြောပြတော့လဲ ...မယုံဘူးတဲ့ ...ဒါပေမယ့်သူက
ယုံသလိုခေါင်းညိတ်ပြီး ကားကိုယူသွားပါတယ်။
ကိုယ်တိုင်ကြုံခဲ့ရလို့ မယုံလည်း မတတ်နိုင်ဘူး ..လဘက်ရည်ဆိုင်မှာ
လဘက်ရည်မှာပြီး...လက်ဖက်ရည်ခွက်ကို
ထိုင်ကြည့်နေမိရင်း ....စောစော ကအဖြစ်ကို ပြန်စဉ်းစားလိုက် တာ
တစ်နာရီလောက်ဘယ်လိုကြာသွားမှန်းတောင်
မသိလိုက်ပါဘူး ဗျာ တဲ့ ...
ကျွန်တော်သူငယ်ချင်းတစ်ယောက်ရဲ့ အစ်ကို
ဘဲဘဲ ရေ ...ငါတော့ တစ်သက်မှာတစ်ခါမှကိုမကြုံစဖူး ကြုံရတာပါတဲ့ ..ငါ မြို
့ထဲက အပြန် ကန်တော်ပက်လမ်းက
ဗုံးကွဲတဲ့နေရာကနေ ဖြတ်ပြီးပြန်လာတော့ ...ငါ ဂျစ်ကား က
အမိုးဖွင့်ထားတယ်လေ.... ဘက်မှန်ထဲ မှာ ရိပ်ကနဲတွေ့လို့
မှန်ထဲကို ကြည့်လိုက်တော့ ... ကောင်မလေးတစ်ယောက်နဲ့ ယောင်္ကျားလေးတစ်ယောက်
..ငါဂျစ်ကားနောက်က ခုံမှာ
ထိုင်နေတယ် ကွာ .... လမ်းမီးကြောင့် ငါသေချာ ရှင်းရှင်းလင်းလင်းကို
မြင်လိုက်ရတာ .... ငါလည်း ဘယ်ရမလဲ
နောက်ကို ဇက်ကနဲ လှည့်ကြည့်လိုက်တာ ပေါ့
.....လှည့်ကြည့်လိုက်တဲ့အချိန်မှာ .....မီးခိုးလိုလိုဘာလိုလို
တွေ...ကားနောက်ကို
လိမ့်ဆင်းသွားတာတွေ့ လိုက်ရတယ် .... ငါလည်းချက်ချင်းပဲ ရှေ
့ပြန်လှည့်လိုက်တော့ ...ဆေးလိပ်ကွမ်းယာဗမ်းနဲ့ ...ကောင်မလေးတစ်ယောက် က
ကားရှေ့ ကဖြတ်ပြေးပါလေရေလား ....သေပြီဆရာ ...ငါချက်ချင်း ကားကို
ညာဘက်ဆွဲလှည့်လိုက်တာ .... ကား ဘီးနှစ်ဖက်
ပလက်ဖောင်းပေတတ်သွားပါလေရောကွာ... ငါလည်း ကလေးဘာဖြစ်လဲ
ဆိုပြီးလှည့်ကြည့်တော့ အဲဒီ ကွမ်းယာဆေးလိပ်ရောင်းတဲ့ကလေးမ မရှိတော့ဝူး
ငါလည်း ...ဘေးဘောင်နဲ့ခေါင်းနဲ့စောင့်တာ
မျက်ခုံးကွဲသွားတယ်တဲ့ ......
ကဲမသေကောင်းမပျောက်ကောင်း .... ပရလောကသားတွေ ဒီလောက်ကြည်စားရလား
မယုံလို့လည်းမရဘူး ....ဘာပဲဖြစ်ဖြစ်ဂရုစိုက်သင့်တယ်...အခန့်မသင့်ရင်အသက်အန္တာရယ်ပါ
ရှိလာနိုင်တယ် .... မေတ္တာညွှန်ရက်ကွက်ထဲက ဘုန်းတော်ကြီးတစ်ပါးကတော့
...ဖြစ်နိုင်ပါတယ်တဲ့
ဒါတွေက အစိမ်းသေတွေဆိုတော့ .... မကျွတ်မလွှတ်နိုင်သေးလို့
...အကူအညီတောင်းတဲ့သဘောတွေပါ
ဒါကို ဆွေးမျိုးသားချင်းတွေ.....ဒါမှမဟုတ် သက်ဆိုင်ရာကပဲဖြစ်ဖြစ်
ကုသိုလ်အမျှအတမ်းတွေပေးပြီး
နိုင်ငံတော်အမိန့်ပြန်တမ်း ထုတ်ပြီးမောင်းထုတ်သင့်တယ်တဲ့
...ဒါမျိုးတွေကမဖြစ်သင့်ဘူးလေ ...မြို့ လည်ခေါင်မှာ
ဆိုတော့ ပိုဆိုးပါတယ် ....မဖြစ်သင့်ပါဘူးလို့ မှတ်ချက်စကားပေးသွားပါတယ် ။

Tuesday, June 21, 2011
mp3 သီချင်းဖိုင်မှာ ပုံထည့်ချင်ရင်တော့
AudioShell ဆိုတဲ့ Software အသုံးပြုပြီး ထည့်နိုင်ပါတယ်။ AudioShell ကိုတင်လိုက်ပါ။ ပြီးရင် ပုံထည့်မယ့် MP3 သီချင်းပေါ် Right Click နှိပ်ပါ။ Properties ကို ရွေးပါ။ AudioShell Tag Editor ကို ရွေးပါ။ Add Cover ကို နှိပ်ပါ။ ကိုယ်ကြိုက်တဲ့ပုံကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် ရသွားပါလိမ့်မယ်။ အဲဒီ MP3 ကို ဘယ်ကွန်ပျူတာမှာပဲကြည့်ကြည့် ပုံလေးက အမြဲတမ်း ပေါ်နေပါလိမ့်မယ်။ သူက MP3 ထဲကို embed လုပ် ထည့်တာမို့လို့ပါပဲ။
အဖိုးအိုရဲ့ဆွမ်းတင်ပုံ
တစ်ခါတုန်းကအိမ်တစ်အိမ်မှာ အဘိုးအိုကြီးတစ်ယောက်ရှိသတဲ့။
ဗုဒ္ဓဘာသာအဘိုးအိုကြီးပါ။ ခါးက ခပ်ကုန်းကုန်း။
ဒါကြောင့် အရပ်ထဲက ကလေးတွေက သူ့ကို မကြားတကြားစကြတယ်။
"အဘိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့ဦး။ နောင်နှစ်ခါ တန်ဆောင်မုန်းပွဲကြည့်ပါဦး"
သူကိုယ်တိုင် မျက်စိက ခပ်မှုန်မှုန်ဆိုတော့ သူများတွေလဲ သူ့လိုဘဲ မှုန်ဝါးဝါးဖြစ်နေကြမယ်လို့ ထင်ပုံရပါတယ်။
လူတွေကို ကြည့်ရင်လဲ နဖူးပေါ်လက်ဖမိုးလေး အုပ်ပြီးမှ စိုက်ကြည့်တတ်တယ်။
တစ်နေ့မှာသူ့မြေးမတစ်ယောက်က မနက်ဈေးကနေ ပုဇွန်ဆိတ်ကလေးတွေ ၀ယ်လာတယ်။
အိမ်မှာ ကြော်စားကြတာပေါ့။ မြင်ဖူးတယ်မဟုတ်လား။ ပုဇွန်ဆိတ်ဆိုတာ ရဲရဲနီလေးတွေလေ။
ဗုဒ္ဓဘာသာဆိုတော့လဲ ဘုရားဆွမ်းမတင်ဘဲ မစားတတ်ကြဘူး။ ဦးဦးဖျားဖျားတင်လေ့ရှိကြတယ်။
မိရိုးဖလာ ဗုဒ္ဓဘာသာဆိုတော့လဲ သိပ်ပြီး ကြည်ညိုတတ်ပုံတော့မရဘူး။
သူစားခါနီးမှာ ဘုရားဆွမ်းတင်ဖို့ပြင်ဆင်တယ်။ ပုဇွန်ဆိတ်ကြောက်နီနီရဲလေးတွေကို ဆွမ်းတင်ခွက်ထဲထည့် ကလပ်ပေါ်တင်လိုက်တယ်။ ဘုရားစင်ရှေ့ သွားပြီး ဒူးတုတ်ထိုင်ကာ ပါးစပ်ကလဲ ဒီလိုဆိုတယ်။
"အရှင်ဘုရား ရဲရဲနီနီလေးတွေ ဖြစ်နေတဲ့အတွက် ငရုပ်သီးနီတောင့်လေးတွေထင်ပြီး မဘုဉ်းပေးဘဲ မနေပါနဲ့။
ဒါ ပုဇွန်ဆိတ်ကြော် စစ်စစ်ပါဘုရား။ အရှင်ဘုရားမယုံရင် တပည့်တော် အရင်စားပြပါ့မယ်ဘုရား"
ပါးစပ်ကပြောပြီး ဘုရားဆွမ်းတင်ခွက်ထဲက ပုဇွန်ဆိတ်ကြော်တစ်ကောင်ကို နှိုက်စားလိုက်တယ်။
ဘုရားရှင်ကိုလဲ သူလိုဘဲ မျက်စိခပ်ဝါးဝါးဖြစ်နေမယ်လို့ ထင်ပုံရပါရဲ့ ။
နောက်ဆုံးမှာတော့အဲဒီလိုခဏခဏပြောပြီး ဘုရားမယုံမှာစိုးလို့ ဆွမ်းတင်ခွက်ထဲက
ပုဇွန်ဆိတ်ကြော်တွေ အားလုံး အဘိုးအိုတစ်ယောက်ထဲ စားလိုက်လို့ ကုန်သွားပါတော့သတဲ့။
မှတ်ချက်။
စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့ လေးတစ်မြို့ က ကြားခဲ့ရတဲ့ ရယ်စရာ ဟာသပုံပြင်လေးပါ။

လောကနီတိ
'နီတိ' ဟူသော ဝေါဟာရသည် သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ်၍ 'လမ်းညွှန်'ဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပေသည်။ လောကလူသားတို့ လိုက်နာအပ်သည့် လူမှုကျင့်ဝတ် နှင့် လူမှုစည်းကမ်းများ ဆိုင်ရာလမ်းညွှန်ထားချက်များ ကို ပေါင်းရုံး၍ လောကနီတိ ဟုခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်။ ရှေးလူကြီးတွေ ထားရစ်ခဲ့သော စကားပုံများ၊ မှတ်သားလိုက်နာဖွယ် အဆိုအမိန့်များ၊ သင်ခန်းစာရယူဖွယ် ဇာတ်ကြောင်း ပုံပြင်တွေကနေ ကောင်းနိုးရာရာတွေကို စုစည်းထားတဲ့ လူမှုဆိုင်ရာ လောကနီတိကျမ်းသည် ဘာသာမရွေး၊ လူမျိုးမရွေး၊ အရွယ်သုံးပါး လိုက်နာဖွယ် ကောင်းလှပါသည်။
လောကနီတိသည် ဘုရားဟောဟု မဆိုနိုင်သော်လည်း ဘုရားဟောကျမ်းဂန်များစွာမှ လောကီရေးရာများနှင့် ပတ်သက်သည့် အဆိုအမိန့်များကို ထုတ်နှုတ်၍ ထည့်သွင်းပြုစုထားသော ကျမ်းဖြစ်သည်။ နီတိသည် ပါဋ္ဌိဝေါဟာရဖြစ်သည်။ မြန်မာလို လမ်းညွှန်ဟု အဓိပ္ပါယ်ရသည်။ လောကနီတိသည် လောကအကြောင်းနှင့် စပ်လျဉ်း၍ ကြီးပွားတိုးတက်စေရန် ညွှန်ကြားသော လမ်းညွှန်ကျမ်းဖြစ်သည်။ စင်စစ် ဤကျမ်းသည် လောက၌ လူသားတို့၏ အနှစ်လည်းမည်၏။ မိဘလည်းမည်၏။ ဆရာလည်းမည်၏။ အဆွေခင်ပွန်း လည်းမည်၏။ ထိုကြောင့် ဤနီတိကျမ်းကို သင်ကြားတတ်မြောက်သော ယောက်ျားသည် အကြားအမြင်များသော၊ မြင့်မြတ် သော ပညာတတ်ယောက်ျား ဖြစ်၏။
အခန်း( ၁ )
(၁)။ ပျင်းသောသူအား အတတ်ပညာ အဘယ်မှာ တတ်အံ့နည်း။ အတတ်ပညာ မရှိသောသူအား ဥစ္စာအဘယ်မှာ ရအံ့နည်း။ ဥစ္စာမရှိသောသူအား အဆွေခင်ပွန်းအဘယ်မှာ ရအံ့နည်း။ အဆွေခင်ပွန်းမရှိသောသူအား ချမ်းသာ အဘယ်မှာ ရအံ့နည်း။ ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာ ရအံ့နည်း။ ကောင်းမှုမရှိသောသူအား နိဗ္ဗာန် အဘယ်မှာ ရနိုင်အံ့နည်း။
(၂)။ အတတ်နှင့်တူသော ဥစ္စာသည်မရှိ။ အတတ်ကိုခိုးသူတို့သည် မယူနိုင်ကုန်။ ဤလောက၌ အတတ်သည်ကား အဆွေခင်ပွန်းဖြစ်၏။ တမလွန်ဘ၀၌ ချမ်းသာကို ဆောင်တတ်၏။
(၃)။ အကြားအမြင်ပညာကို နည်း၏ဟူ၍ မအောက်မေ့ရာ။ မိမိစိတ်ထဲ၌ သွင်းထားရာ၏။ တောင်ပို့၌ ရေပေါက်သည် ကျဖန်များစွာ ကြာရှည်သဖြင့် ပြည့်သကဲ့သို့တည်း။
(၄)။ နှုတ်မှုပညာကိုလည်းကောင်း၊ လက်မှုပညာကိုလည်းကောင်း ငယ်သည်ဟူ၍ မအောက်မေ့ရာ။ ကုန်စင်အောင်တတ်မူကား တစ်ခုသော အတတ်သည်လည်း အသက်မွေးဝမ်းကျောင်း ဖြစ်ပါသည်သာလျှင်တည်း။
(၅)။ သုတနှင့်ပြည့်စုံသော ပညာရှိသည် အကြင်အရပ်၌ ရှိ၏ဟူ၍ ကြားငြားအံ့၊ ထိုအရပ်သို့ သုတရှာသော အမျိုးကောင်းသား သည် သည်းစွာအားထုတ်၍ သွားရာသည်သာလျှင်တည်း။
(၆)။ အတတ်ကို ဖြည်းဖြည်းသင်ရာ၏၊ ဥစ္စာကို ဖြည်းဖြည်းရှာရာ၏၊ တောင်ကို တက်သောသူသည် ဖြည်းဖြည်းတက်ရာ၏၊ ကာမဂုဏ်ကို ဖြည်းဖြည်းလိုရာ၏၊ အမျက်ကို ဖြည်းဖြည်းထွက်ရာ၏၊ ဤငါးပါးတို့ကို ဖြည်းဖြည်းအလိုရှိရာ၏။
(၇)။ အကြားအမြင်အတတ်သည်လည်းကောင်း၊ ဓမ္မအတတ်သည်လည်းကောင်း၊ သင်္ချာဂဏန်းအတတ်သည် လည်းကောင်း၊ တံစည်းစူးဆောက် အတတ်သည်လည်းကောင်း၊ နီတိကျမ်းအတတ်သည် လည်းကောင်း၊ ယာယီယတြာစသော ဗျာကရိုဏ်း အတတ်သည် လည်းကောင်း၊ စောင်းစသော ကဗျာအတတ်သည်လည်းကောင်း၊ လက်ပစ်အတတ်သည် လည်းကောင်း၊ ဒူးလေး လင်းလေး အတတ်သည် လည်းကောင်း၊ စကားဟောင်း အတတ်သည်လည်းကောင်း၊ ဆေးအတတ် သည်လည်းကောင်း၊ ရယ်ရွှင်မှု အတတ်သည်လည်းကောင်း၊ ဗေဒင်အတတ်သည်လည်းကောင်း၊ လှည့်ပတ်တတ်သော အတတ်သည်လည်းကောင်း၊ ဆန်းကျမ်းအတတ်သည် လည်းကောင်း၊ သံတမန်အတတ်သည်လည်းကောင်း၊ မန္တန်အတတ် သည်လည်းကောင်း၊ သဒ္ဒါကျမ်းအတတ်သည် လည်းကောင်း ဤသည်တို့ကား ဆယ့်ရှစ်ပါးသော အတတ်တို့တည်း။
(၈)။ လောက၌ ပညာရှိသူသည် မမေးမူကား စည်ကြီးသဖွယ်ဖြစ်၏။ သူတည်း မေးမူကား မိုးကြိုးသဖွယ်ဖြစ်၏။ လူမိုက်သည် မေးသော်လည်းကောင်း၊ မမေးသော်လည်းကောင်း အခါခပ်သိမ်းများစွာလည်း ဟောတတ် ပြောတတ်သည်သာလျှင်တည်း။
(၉)။ လောက၌ ပေတို့၌ အကြင်အတတ်သည်လည်းကောင်း၊ သူတပါးတို့၏ လက်တို့၌ အကြင်ဥစ္စာသည်လည်းကောင်း ရှိ၏။ ပြုဖွယ်ကိစ္စသည် ဖြစ်လတ်သော် ထိုပေ၌ရှိသော အတတ်သည်လည်းကောင်း၊ အတတ်မမည်။ ထိုသူတစ်ပါးတို့၏ လက်၌ရှိသော ဥစ္စာသည်လည်း ဥစ္စာမမည်။
(၁၀)။ လောက၌ ရေတိမ်ရေနက်ကိုကား ပုဒ္ဒမာကြာကိုမြင်သဖြင့် သိအပ်၏။ အမျိုးယုတ်မြတ်ကိုကား ကိုယ်အမူအရာ၊ နှုတ်အမူအရာအားဖြင့် သိအပ်၏။ မြေကောင်းမကောင်းကိုကား မြက်ညှိုးမညှိုးကိုမြင်သဖြင့် သိအပ်၏။
(၁၁)။ လောက၌ နည်းသောသုတရှိသူသည် နည်းသော သုတကို အများအောက်မေ့တတ်၏။ မာန်မာနရှိတတ်၏။ အဘယ်သို့နည်းဟူမူကား သမုဒ္ဒရာရေပြင်ကို မမြင်ဘူးသော ဖားသူငယ်သည် တွင်းဝ၌ ရေကို အများထင်သကဲ့သို့တည်း။
(၁၂)။ လောက၌ ပထမအရွယ်၌ကား အတတ်မရတုံအံ့။ ဒုတိယအရွယ်၌ကား ဥစ္စာမရတုံအံ့။ တတိယအရွယ်၌ကား တရားမရတုံအံ့။ စတုတ္တအရွယ်တိုင်မှာကား အဘယ်မူစအံ့နည်း။
(၁၃)။ ချစ်သားတို့ ... အတတ်ပညာသင်ကုန်လော့။ အဘယ်ကြောင့် ပျင်းရိဘိသနည်း။ ချစ်သားတို့ နေ့တိုင်း နေ့တိုင်း အတတ်ပညာသင်ကုန်လော့။ အတတ်ပညာ မရှိသောသူသည် သူ၏၀န်ထမ်းဖြစ်တတ်၏။ အတတ်ပညာရှိသူကို လောက၌ သူတစ်ပါးတို့ ပူဇော်အပ်၏။
(၁၄)။ အကြင်အမိသည် သားငယ်ကို အတတ်ပညာသင်မပေး။ အတတ်ပညာသင်၍ မပေးသော အမိသည် ရန်သူမည်၏။ အကြင်အဖသည် အတတ်ပညာ သင်၍မပေး။ အတတ်ပညာသင်၍ မပေးသော အဖသည် ရန်သူမည်၏။ ထိုအတတ်ပညာ မရှိသောသူသည် ဟင်္သာတို့အလယ်၌ ဗျိုင်းကဲ့သို့ သဘင်အလယ်တွင် မတင့်တယ်။
(၁၅)။ တောင်ချောက်ကြား၌ ရောက်သောဆူးကို ဘယ်သူထက် စိမ့်ချွန်သနည်း။ မိမိအလိုလိုသာလျှင် ထက်ပချေ၏။ သမင်တို့၏ မျက်စိ၌ ဘယ်သူမျက်စဉ်းခတ်၍ ကြည်သနည်း။ မိမိအလိုလိုသာလျှင် ကြည်ပချေ၏။ ညွန်၌ကြာကို ဘယ်သူအနံ့ကောင်း ထည့်ပေးချေသနည်း။ အလိုလိုသာလျှင် အနံ့ကောင်းထုံ၏။ အမျိုးကောင်းသား၏ သဘောသည် ဘယ်သူပြု၍ ဖြစ်သနည်း။ မိမိအလိုသာ ဖြစ်ပချေ၏။
(၁၆)။ ထုံးမရှိသော ကွမ်းသည် အရသာမရှိ။ ဥစ္စာမရှိသူ၏ တန်ဆာဆင်ခြင်သည်လည်း အရသာမရှိ။ ဆားမရှိသော စားဖွယ်သည်လည်း အရသာမရှိ။ အတတ်မရှိသောသူ၏ ပျို့ကဗျာဖွဲ့ခြင်းသည်လည်း အရသာမရှိ။
(၁၇)။ နာခြင်း မှတ်ခြင်း၌ ကောင်းစွာ အားတုတ်သော သူသည် သုတဖြင့် ပြည့်စုံ၏။ သုတပညာဖြင့် ပွား၏။ သုတပညာဖြင့် အနက်ကိုသိ၏။ သိအပ်သော အနက်သည် ချမ်းသာကို ဆောင်၏။
(၁၈)။ လောက၌ အစာစားခြင်းသည် လည်းကောင်း၊ မေထှန်မှီဝဲခြင်းသည် လည်းကောင်း၊ အိပ်ခြင်းသည်လည်းကောင်း၊ နွား၌လည်းကောင်း၊ ယောက်ျား၌ လည်းကောင်း ရှိ၏။ အတတ်ပညာ ဟူသည်ကား ယောက်ျားအား အထူးပေးတည်း။ အတတ်ပညာမှ ယုတ်ခဲ့မူကား နွားနှင့်တူသည် ဖြစ်၏။
(၁၉)။ လောက၌ အတတ်ပညာနှင့်တူသော အဆွေခင်ပွန်းသည် မရှိ။ အနာနှင့်တူသော ရန်သူသည် မရှိ။ ကိုယ်နှင့်တူသော ချစ်သော သူမည်သည် မရှိ။ ကံနှင့် တူသော အားသည်မရှိ။
(၂၀)။ လောက၌ ဟင်္သာသည် ကျီးတို့၏အလယ်၌ မတင့်တယ်။ ခြေင်္သေ့သည် နွားတို့၏အလယ်၌ မတင့်တယ်။ မြင်းသည် မြည်းတို့၏ အလယ်၌ မတင့်တယ်။ လူမိုက်တို့၏ အလယ်၌ ပညာရှိသည် မတင့်တယ်။
(၂၁)။ သူမိုက်သည် အသက်ထက်ဆုံးလည်း ပညာရှိကို အကယ်၍ ဆည်းကပ်ငြားအံ့၊ ထိုသူမိုက်သည် တရားကိုမသိ။ အဘယ်ကဲ့သို့ နည်းဟူမူ ယောက်မသည် ဟင်း၏ အရသာကို မသိသကဲ့သို့တည်း။
(၂၂)။ ပညာရှိသည် ခဏမျှလည်း ပညာရှိကို အကယ်၍ ဆည်းကပ်ငြားအံ့။ တရားကိုသိ၏။ အဘယ်ကဲ့သို့ နည်းဟူမူကား လျှာသည် ဟင်း၏ အရသာကို သိသကဲ့သို့တည်း။
(၂၃)။ ရဲရင့်သောသူသည် လက်နက်ကိုကင်း၍ စစ်မြေအရပ်သို့ မသွားရာ။ ထို့အတူ ပညာရှိသည် ကျမ်းဂန်ကို ကင်း၍ စကားမဆိုရာ။ အဓွန့်ရှည်သော ခရီးသို့ သွားသောကုန်သည်သည် အဖော်ကင်း၍ မသွားရာ။ အရပ်တစ်ပါးသို့ သွားသောသူသည် အဖော်ကို ကင်း၍ မသွားရာ။
(၂၄)။ လောက၌ ဥစ္စာပျက်ခြင်းသည် လည်းကောင်း၊ နှလုံးပူပန်ခြင်းသည် လည်းကောင်း၊ အိမ်၌ မကောင်းမှုကိုကျင့်ခြင်းတို့ကို လည်းကောင်း၊ လှည့်ပတ်ခြင်းကိုလည်းကောင်း၊ မထီမဲ့မြင်ပြုခြင်းကိုလည်းကောင်း၊ ပညာရှိသည် ထင်ရှားမပြရာ။
(၂၅)။ လောက၌ အရေးအခွင့်ရောက်သည်နှင့် လျော်သောစကားကိုလည်းကောင်း၊ ကိုယ်အား လျောက်ပတ်သော ချစ်အပ်သောသူကို လည်းကောင်း၊ ကိုယ်နှင့် တန်ရုံသော အမျက်ကိုလည်းကောင်း အကြင်သူသည် သိတတ်၏။ ထိုသူသည် ပညာရှိမည်၏။
(၂၆)။ ဥစ္စာမရှိဘဲလျက် အရသာ စားကြူးသောသူ၊ ခွန်အားမရှိဘဲလျက် အသတ်အပုတ် ကြိုက်တတ်သောသူ၊ ပညာမရှိဘဲလျက် စကားလိုလား သောသူ၊ ဤသူတို့ကား သူရူးနှင့် တူကုန်၏။
(၂၇)။ သူမခေါ်ဘဲ သူ့အိမ်သို့ သွားဖန်များသောသူ၊ သူမမေးဘဲ စကားများများပြောတတ်သောသူ၊ မိမိဂုဏ်ကျေးဇူးကို ပလွှားတတ်သောသူ၊ ဤသုံးပါးသည် သူယုတ်၏ လက္ခဏာတည်း။
(၂၈)။ အဆင်းမလှသော သူသည် စကားများတတ်၏။ ပညာနည်းသောသူသည် ထင်ရှားပြတတ်၏။ ရေမပြည့်သောအိုးသည် ချောက်ချားတတ်၏။ နို့ရည်မထွက်သော နွားမသည် ကျောက်ကန်တတ်၏။
(၂၉)။ ဖားသူငယ်သည် ဆောင့်ကြောင့်ထိုင်တတ်ကာမူ ခြင်္သေ့ဟုထင်၏။ ကျီးတည်းချီးမူကား ချစ်ဆွေ ချစ်ဆွေဟု မြည်တတ်၏။ ပညာမရှိသော သူမိုက်သည်လည်း မိမိကိုယ်ကို ပညာရှိထင်ခြင်းကြောင့် ပညာရှိတို့သည် မေးလတ်သော် ငါ့ရှင်ငါ့ရှင်ဟု ချစ်စဖွယ်သော စကားကို ဆိုတတ်၏။
(၃၀)။ ဖားသူငယ်သည်လည်း ဆောင့်ကြောင့်ထိုင်ခြင်းတူမူကား ခြင်္သေ့ တူကောင်းအံ့လော။ ၀က်သည်လည်း အုတ်အုတ်မြည်တတ်ကာမူ ကျားသစ် တူကောင်းအံ့လော။ ကြောင်သည်လည်း အဆင်းသဏ္ဌာန်တူကာမူ ကျားတူကောင်းအံ့လော။ ပညာရှိတို့သည်လည်း အတတ်ချင်း တူကောင်းအံ့လော။
(၃၁)။ မင်းတို့သဘော မည်သည့်ဥစ္စာ၌ ရောင့်ရဲခြင်းမရှိ။ မျက်စိသည်လည်း ချစ်သောသူကို မြင်ခြင်း၌ ရောင့်ရဲခြင်းမရှိ။ သမုဒ္ဒရာသည် ရေ၌ ရောင့်ရဲခြင်း မရှိ။
(၃၂)။ အဆင်းအရွယ်နှင့် ပြည့်စုံခြင်းမူလည်း၊ ပြန့်ပြောကြွယ်ဝသော အမျိုး၌ ဖြစ်လျှင်မူလည်း အတတ်ပညာမှ ယုတ်ခဲ့မူကား မတင့်တယ်ကုန်။ ပေါက်ပန်းတို့သည် အနံ့ကင်းကုန်သကဲ့သို့တည်း။
(၃၃)။ လောက၌ အမျိုးယုတ်သောသူ၏ သားဖြစ်လျက် မင်း၏ အမတ်ဖြစ်တတ်၏။ လူမိုက်၏သားဖြစ်လျက်လည်း ပညာရှိဖြစ်တတ်၏။ ဥစ္စာမရှိသောသူ၏ သားဖြစ်လျက်လည်း ဥစ္စာများတတ်၏။
(၃၄)။ အကြင်တပည့်သည် အတတ်ပညာလိုသဖြင့် အထူးထူးအပြားပြားများစွာ သင်တတ်၏။ ထိုတပည့်လည်း အတတ်ကို အိပ်မက်ကိုမြင်သော သူအကဲ့သို့ ပြန်ဆိုခြင်းငှာ မစွမ်းနိုင်ရာ။
(၃၅)။ အိုးထိန်းသည်သည် အိုးကို ကွဲစိမ့်သောငှာ မခတ်၊ တင့်တယ်စိမ့်သောငှာ ခတ်၏။ ဆရာသည် တပည့်တို့အား အပယ်ဆင်းရဲသို့ ကျစေခြင်းငှာ မပုတ်ခတ်၊ အတတ်ပညာ အစီးအပွားဟူသော အကြောင်းကြောင့် ပုတ်ခတ်၏။
(၃၆)။ အကြင်သူသည် တောင်ဇလပ်ပန်းကိုလျှင် ပေါက်ဖက်နှင်ထုပ်၏။ ထိုသူ၏ တောင်ဇလပ်ပန်းသူသည်လျှင် ကောင်းသောအနံ့ကို လှိုင်စေသည်ကား မဟုတ်၊ ပေါက်ဖက်တို့သည်လည်း ကောင်းသော အနံ့ကို လှိုင်စေကုန်၏။ ထို့အတူ ပညာရှိနှင့် ပေါင်းဖက်မှီဝဲရသောသူတို့ကို မှတ်အပ်၏။
အခန်း( ၂ )
(၃၇)။ သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖက်ရာ၏။ သူတော်ကောင်းတို့နှင့် ပေါင်းဖက်ခြင်းကို ပြုရာ၏။ သူတော်ကောင်းတို့၏ တရားကိုသိ၍ မြတ်သည်ဖြစ်၏။ ယုတ်မာသည် မဖြစ်။
(၃၈)။ သူယုတ်တို့နှင့် ပေါင်းသင်းခြင်းကို စွန့်လော့။ ပေါင်းဖတ်အပ်သော သူတော်ကောင်းသို့ ဆည်းကပ်လေ့။ နေ့စဉ်ပတ်လုံး ကောင်းမှုကို ပြုလော့။ သင်္ခါရတရားတို့၏ မမြဲသောအဖြစ်ကို အမြဲအောက်မေ့လော့။
(၃၉)။ ရေသဖန်းသီးမှည့်တို့သည် နီစွာသာလျှင်ကတည်း။ အတွင်း၌ကား ပိုးအတိပြည့်ကုန်သည်ဖြစ်သကဲ့သို့ ထို့အတူ သူယုတ်တို့၏ နှလုံးတို့သည် ဖြစ်ကုန်၏။
(၄၀)။ ပိန္နဲသီးတို့သည်ကား အပ၌ ဆူသာထင်ကုန်၏ အတွင်း၌ကား အမြိန်အရသာတို့နှင့် ပြည့်စုံကုန်သည် ဖြစ်ကုန်သကဲ့သို့ ထို့အတူ သူတော်ကောင်းတို့သည်လည်း ဖြစ်ကုန်၏။
(၄၁)။ လောက၌ စန္ဒကူးပင်သည် ခြောက်သွေ့သော်လည်း အနံ့ကိုမစွန့်။ ဆင်ပြောင်သည် စစ်မြေပြင်ကို့ရောက်သော်လည်း လူတို့၏ မျက်မှောက်၌ တင့်တင်ခြင်းကို မစွန့်။ ကြံသည် ယန္တရားစက်၏ အ၀သို့ရောက်သော်လည်း ချိုသောအရသာကို မစွန့်။ ပညာရှိသူတော်ကောင်းသည်လည်း ဆင်းရဲခြင်းသို့ ရောက်သော်လည်း သူတော်ကောင်းတရားကို မစွန့်သာလျှင်ကတည်း။
(၄၂)။ ခြသေ့င်္သည် မွတ်သိပ်သော်လည်း သစ်ရွက်စသည်တို့ကို မစား။ ခြင်္သေ့မည်သည်ကား ကြုံလှီသော်လည်း ဆင်သားကို မစား။
(၄၃)။ မြတ်သော အမျိုး၌ဖြစ်ထသော အမျိုးအနွယ်ကို စောင့်ထသော အမျိုးကောင်းသားသည် မိမိသည် ဆင်းရဲခြင်းကို ရောက်သော်လည်း ယုတ်သော အမှုကို မပြုရာ။
(၄၄)။ လောက၌ စန္ဒကူးသည် ချမ်းမြေ့စွာ၏။ ထိုစန္ဒကူးချမ်းမြေ့သည်ထက် လသည်သာလျှင် ချမ်းမြေ့၏။ စန္ဒကူးနှင့် လတို့ ချမ်းမြေ့သည်ထက် ကောင်းစွာဆိုအပ်သော သူတော်ကောင်းတို့၏ စကားသည် ချမ်းမြေ့စွာ၏။
(၄၅)။ ရောင်ခြည်တစ်ထောင်ဆောင်သော နေမင်းသည် အနောက်မျက်နှာ၌ တက်ရာ၏။ မြင်းမိုရ်တောင်မင်းသည် ညွတ်ရာ၏။ အကယ်မလွဲ ငရဲမီးသည် ချမ်းမြေ့ရာ၏။ တောင်ထပ်၌လည်း ကြာသည် ပွင့်ရာ၏။ သူတော်ကောင်းတို့၏ စကားသည် တရံတဆစ်မျှ မဖောက်ပြန်ရာ။
(၄၆)။ သစ်ပင်၏ အရိပ်သည်လျှင် ချမ်းသာ၏ ထိုသစ်ပင်အရိပ်၏ ချမ်းသာသည်ထက် ဆွေမျိုးမိဘ၏ အရိပ်သည် ချမ်းသာ၏။ ထိုဆွေမျိုးမိဘ အရိပ်ချမ်းသာသည်ထက် ဆရာသမား၏ အရိပ်သည် ချမ်းသာ၏။ ထိုဆရာသမားတို့၏ အရိပ်ချမ်းသာသည်ထက် မင်း၏ အရိပ်သည် ချမ်းသာ၏။ ထိုမင်း၏ အရိပ်ချမ်းသာသည်ထက် မြတ်စွာဘုရား၏အရိပ်ဟု ဆိုအပ်သော တရာသည် များစွာသော အပြားအားဖြင့် ချမ်းသာ၏။
(၄၇)။ ပိတုန်းတို့သည် ပန်းကို အလိုရှိကုန်၏။ သူတော်ကောင်းတို့သည် ဂုဏ်ကျေးဇူးကို အလိုရှိကုန်၏။ ယင်တို့သည် အပုပ်ကို အလိုရှိကုန်၏။ သူယူတ်တို့သည် အမျက်ကို အလိုရှိကုန်၏။
(၄၈)။ အမိယုတ်သောသူကား မကောင်းသောစကား ရှိသည်ဖြစ်၏။ အဘယုတ်သောသူကား မကောင်းသော အမူအကျင့်ရှိသည်ဖြစ်၏။ မိဘနှစ်ပါး စုံယုတ်မူကား မကောင်းသောစကား ရှိသည်လည်းဖြစ်၏ မကောင်းသောအမူအကျင့် ရှိသည်လည်းဖြစ်၏။
(၄၉)။ အမိမြတ်သောသူကား ကောင်းသောစကားရှိ၏။ အဘမြတ်သောသူကား ကောင်းသောအမှုအကျင့်ရှိ၏။ မိဘနှစ်ပါး စုံမြတ်မူကား ကောင်းသောစကားလည်းရှိ၏။ ကောင်းသောအမူအကျင့်လည်းရှိ၏။
(၅၀)။ စစ်မြေပြင်၌ ရဲရင့်သောသူကို အလိုရှိကုန်၏။ ခိုက်ရန်ဖြစ်သောအခါတွင် စကား၌ လိမ္မာသူကို အလိုရှိကုန်၏။ ထမင်း အဖျော်စားသောက်သော အခါ၌ ချစ်သောသူကို အလိုရှိကုန်၏။ အနက်သဒ္ဒါခက်ခဲစွာသော အရေးအရာ အမှုကိစ္စရှိသော ကာလတို့၌ ပညာရှိသော သူကို အလိုရှိကုန်၏။
(၅၁)။ ခွေးတစ်ကောင်သည် ခွေးတစ်ကောင်ကိုမြင်၍ ချုပ်ချယ်လျက် ညှဉ်းဆဲအံ့သောငှာ သွားကိုပြ၏။ သူယုတ်သည် သူတော်ကောင်းကို မြင်လျှင် ချုပ်ချယ်လျက် ညှင်းဆဲခြင်းအမှုကို ပြုခြင်းငှာ အလိုရှိ၏။
(၅၂)။ လျင်စွာ အမှုကိစ္စဟူသမျှကို မိမိလည်း မပြုသင့်။ သူတစ်ပါးကိုလည်း မပြုစေလင့်။ အဆောတလျင်ပြုမူကား ပညာနည်းသူသည် နောက်မှ ပူပန်ရတတ်သည်။
(၅၃)။ လောက၌ အမျက်ကို ဖျောက်နိုင်မူကား တစ်ရံတစ်ဆစ်မျှ မစိုးရိမ်ရ။ သူ့ကျေးဇူးကို ဆိုတတ်သောသူကို ဘုရားစသော သူတော်ကောင်းတို့သည် ချီးမွမ်းကုန်၏။ ခပ်သိမ်းကုန်သောသူတို့၏ ကြမ်းကြုတ်သောစကားကို သည်းခံလော့။ ဤသို့သော သည်းခံခြင်းကို မြတ်၏ဟူ၍ သူတော်ကောင်းတို့သည် ဆိုကုန်၏။
(၅၄)။ လောက၌ မစင်အတိပြည့်သော ကျဉ်းမြောင်းသောအရပ်၌ နေရခြင်းသည် ဆင်းရဲ၏။ ထိုထက် မချစ်မနှစ်သက်လိုသော ရန်သူထံ၌ နေရခြင်းသည် ဆင်းရဲ၏။ ထိုထက်လည်း သူ့ကျေးဇူးကို မသိတတ်သော သူနှင့်နေရခြင်းသည် ဆင်းရဲ၏။
(၅၅)။ ဆုံးမသင့်သောအရာ၌ ဆုံးမရာ၏။ မပြတ်ဆုံးမရာ၏။ ယုတ်မာသော အကျင့်မှလည်း တားမြစ်ရာ၏။ ထိုစကား သင့်စွ။ ထိုဆုံးမတတ်သောသူကို သူတော်ကောင်းတို့သည် ချစ်ခင်အပ်သည် ဖြစ်၏။ သူတော်မဟုတ် သူယုတ်တို့သည် မချစ်ခင်အပ်သည် ဖြစ်၏။
(၅၆)။ ကိုယ့်ထက် မြတ်သောသူကို ကိုယ့်ကို နှိပ်ချသဖြင့် အောင်ရာ၏။ ရဲရင့်သောသူကို သင်းခွဲသဖြင့် အောင်ရာ၏။ ကိုယ့်အောက်နိမ့်သောသူကို တစိုးတစိ ပေးခြင်းဖြင့် အောင်ရာ၏။ ကိုယ်နှင့်တူသောသူကို လုံ့လပြုခြင်းနှင့် အောင်ရာ၏။
(၅၇)။ လောက၌ အဆိပ်ကို အဆိပ်ဟူ၍ မဆိုကုန်။ သံဃာ၏ ဥစ္စာကို အဆိပ်ဟူ၍ ဆိုအပ်၏။ အဆိပ်သည် တစ်ကြိမ်သာလျှင် သတ်တတ်၏။ သံဃာ၏ ဥစ္စာသည်ကား အကြိမ်ကြိမ် အဖန်ဖန် သတ်တတ်၏။
(၅၈)။ လျင်မြန်ခြင်းဖြင့် မြင်းကောင်း ကျေးဇူးကို သိကုန်၏။ လေးလံသောဝန်ကို ရွက်ဆောင်သဖြင့် နွားကျေးဇူးကို သိကုန်၏။ နို့ညှစ်ခြင်းဖြင့် နို့ထွက်နွားမ၏ ကျေးဇူးကို သိကုန်၏။ ကြံစဉ်လျှို့ဝှက်ရာ၌ ပြောဆိုနိုင်ခြင်းဖြင့် ပညာရှိကျေးဇူးကို သိကုန်၏။
(၅၉)။ သူတော်ကောင်းတို့၏ ဥစ္စာသည် အနည်းငယ်သော်လည်း တွင်းဝ၌ရေကဲ့သို့ သူတစ်ပါးတို့ မှီခိုရာ၏။ သူတော်ကောင်း မဟုတ်သော သူတို့၏ ဥစ္စာသည်များ သော်လည်း သမုဒ္ဒရာ၌ ရေကဲ့သို့ သောက်ချိုးရာမှီရာ မရ။
(၆၀)။ ရေကိုမြစ်တို့သည် မသောက်ကုန်။ သစ်ပင်တို့သည် အသီးကို မစားကုန်။ မိုးသည် အချို့သောအရပ် တို့၌ မရွာကုန်။ သူတော်ကောင်း တို့၏ ဥစ္စာသည်လည်း သူတစ်ပါးတို့ အကျိုးမှာသာတည်း။
(၆၁)။ မတောင့်တအပ်သည်ကို မတောင့်တရာ။ မကြံအပ်သည်ကို မကြံရာ။ တရားသဘောနှင့် ကောင်းစွာယှဉ်သူတို့သာ ကောင်းစွာ ကြံရာ၏။ အချဉ်းနှီးသော ကာလကို အလိုမရှိရာ။
(၆၂)။ မကြံဘဲနှင့်လည်း ဖြစ်တတ်၏။ ကြံသော်လည်း ပျက်တတ်၏။ ထိုစကားသည် သင့်စွ။ မိန်းမအား လည်းကောင်း၊ ယောက်ျားအား လည်းကောင်း၊ စည်းစိမ်တို့သည် ကြံတိုင်းလည်း မပြီးကုန်။
(၆၃)။ အကြင်သူသည် သူတော်မဟုတ်သောသူအား ချစ်အပ်သည်ဖြစ်၏။ သူတော်ကောင်းကို ချစ်ခြင်းကိုမပြု။ မသူတော်တို့၏ တရားကိုသာလျှင် နှစ်သက်၏။ ထိုသူ၏ အမူအကျင့်သည် ပျက်စီးအပ်သည်၏ အကြောင်းတည်း။
အခန်း ( ၃ )
(၆၄)။ မြွေသည် အမျက်လွန်၏။ သူယုတ်သည်လည်း အမျက်လွန်၏။ မြွေထက် သူယုတ်သည်ကား အမျက်လွန်၏။ ထိုမြွေကိုကား မန္တယားဆေးဝါးတို့ဖြင့် ငြိမ်းစေနိုင်၏။ သူယုတ်ကိုကား အဘယ်မည်သော ဆေးဖြင့် ငြိမ်းစေနိုင်အံ့နည်း။
(၆၅)။ အကြင်လူမိုက်သည် မိမိမိုက်သောအဖြစ်ကို သိ၏။ ထိုသို့သိခြင်းကြောင့် ထိုသို့ မိုက်သောသူဖြစ်လျက်လည်း ပညာရှိမည်၏။ အကြင်လူမိုက်သည်ကား မိုက်လျက်လျှင် မိမိကိုယ်ကို ပညာရှိဟု ထင်၏။ ထိုသူမိုက်သည်သာလျှင် စင်စစ် သူမိုက်ဟူ၍ ဆိုအပ်၏။
(၆၆)။ သူမိုက်သည် အကြင်မျှလောက် မိမိပြုသောမကောင်းမှုသည် အကျိုးမပေးသေး။ ထိုမျှလောက်ပျားရည်ကဲ့သို့ အောက်မေ့တတ်၏။ အကြင်အခါ၌ကား မိမိပြုသော မကောင်းမှုသည် အကျိုးပေး၏။ ထိုအခါ၌ ဆင်းရဲခြင်းသို့ ရောက်၏။
(၆၇)။ သူမိုက်သည် ကိုယ်အားရှိမှု မကောင်း၊ အနိုင်အထက် သူ၏ဥစ္စာကို ရအောင်ယူတတ်၏။ ပညာနည်းသော ထိုသူမိုက်သည် ကိုယ်ခန္ဓာပျက်သည်မှ နောက်၌ ငရဲသို့ ရောက်တတ်၏။
(၆၈)။ အိမ်၌ ဖျက်ဆီးတတ်သည်ကား ကြွက်တည်း။ တော၌ ဖျက်ဆီးတတ်သည်ကား မျောက်တည်း။ ငှက်၌ ဖျက်ဆီးတတ်သည်ကား ကျီးတည်း။ လူ၌ ဖျက်ဆီးတတ်သည်ကား ပုဏ္ဏားတည်း။
(၆၉)။ နိုးကြားသောသူအား ညဉ့်သည်ရှည်၏။ ခရီးပန်းသောသူအား တစ်ယူဇနာခရီးသည် ရှည်၏။ သူတော်ကောင်းတရားကို မသိကုန်သော သူမိုက်အား သံသရာသည် ရှည်၏။
(၇၀)။ ယုတ်သော သဘောရှိသောသူသည် သူတစ်ပါးတို့၏ နှမ်းစေ့ခန့်မျှသာရှိသော အနည်းငယ်သော အပြစ်ကိုသာလျှင် မြင်တတ်၏။ အုန်းသီးလောက်ရှိသော မိမိအပြစ်ကိုကား မမြင်တတ်။
(၇၁)။ လူမိုက်သည် ပညာရှိအား ချီးမွမ်းခြင်းဖြင့် ဒဏ်ကို ပေးသည်မည်၏။ ပညာရှိကို ပညာရှိသည်သာလျှင် ချီးမွမ်းခြင်းသည် ကောင်းစွာ ချီးမွမ်းခြင်းမည်၏။
(၇၂)။ လိုချင်တတ်မက်ခြင်းရှိသောသူကို တန်စိုးလက်ဆောင်ပေးခြင်းဖြင့် ယူရာ၏။ မာနခက်ထန်သောသူကို လက်အုပ်ချီသဖြင့် ယူရာ၏။ သူမိုက်ကိုကား အလိုသို့လိုက်သဖြင့် ယူရာ၏။ ပညာရှိကို အဟုတ်အမှန်ဆိုသဖြင့် ယူရာ၏။
အခန်း( ၄ )
(၇၃)။ စီးပွားကိုဆောင်သည်ရှိသော် သူတစ်ပါးသည်လည်း အဆွေမည်၏။ စီးပွားကို မဆောင်မူ အဆွေသည်လည်း သူတစ်ပါးမည်၏။ အနာသည် ကိုယ်၌ဖြစ်လျက် စီးပွားကိုမဆောင်လေ။ ဆေးကား တော၌ဖြစ်လျက် စီးပွားကို ဆောင်လေသလျှင်ကတည်း။
(၇၄)။ မျက်ကွယ်၌ ကျေးဇူးကို ချေတတ်သော၊ မျက်မှောက်၌ ချစ်ဖွယ်သော စကားကို ဆိုတတ်သော ထိုသို့သဘောရှိသော အဆွေခင်ပွန်းကို အဆိပ်အိုး၌ ပျားတို့ကြဉ်ရာသကဲ့သို့ ကြဉ်ရာ၏။
(၇၅)။ ဥစ္စာတည်းယုတ်မူကား အဆွေခင်ပွန်းသည် စွန့်တတ်၏။ သားမယားတို့သည် လည်းကောင်း၊ ညီသား အစ်ကိုတို့သည် လည်းကောင်း၊ စွန့်တတ်ကုန်၏။ ဥစ္စာရှိသောသူတို့ကိုသာလျှင် မှီဝဲကုန်၏။ ထို့ကြောင့် ဥစ္စာသည်သာလျှင် လောက၌ ခင်ပွန်းကြီးတည်း။
(၇၆)။ လောက၌ ကျွန်သူခစားကို စေပါးခိုင်းခန့်မှသာလျှင် ကောင်းမကောင်း သိရာ၏။ ဆွေမျိုးတို့ကိုလည်း ဘေးရောက်သောအခါ၌ သိရာ၏။ အဆွေခင်ပွန်းကို ဥစ္စာနည်းသောအခါ သိရာ၏။ မယားကိုလည်း စည်းစိမ်ကုန်မှသာလျှင် သိရာ၏။
(၇၇)။ အကြင်သူသည် အစီးအပွား၌ ယှဉ်စေတတ်၏။ ထိုသူသည် အဆွေခင်ပွန်းမည်၏။ အကြင်သူသည် ကျွေးမွေးတတ်သည် ဖြစ်၏။ ထိုသူသည် မိဘမည်၏။ အကြင်သူသည် ချစ်ကျွမ်းဝင်၏။ ထိုသူသည် ခင်ပွန်းမည်၏။ အကြင်သူသည် နှလုံးငြိမ်း၏။ ထိုသို့ ငြိမ်စေတတ်သော သူသည် မယားမည်၏။
(၇၈)။ ရန်သူနှင့်လည်း အကျွမ်းမ၀င်ရာ။ အဆွေခင်ပွန်းနှင့်လည်း အကျွမ်းမ၀င်ရာ။ အဆွေခင်ပွန်းသည် အမျက်ထွက်လတ်သော် ခပ်သိမ်းသော အပြစ်ကို ထင်ရှားပြသ၏။
(၇၉)။ အကြင်သူသည် ခင်ပွန်းနှင့် တစ်ကြိမ် အမျက်ထွက်ဖူး၏။ ထိုသူသည် တစ်ဖန်စေ့စပ်ခြင်းငှာ အလိုရှိငြားအံ့။ ကိုယ်ဝန်သည် အဿထိုရ်မြင်းကို ဖွားအံ့သော မြင်းမကဲ့သို့ သေမင်းနိုင်ငံသို့ ဆောင်၏။
(၈၀)။ အကြင်မျှလောက် မိမိ၏ အကြံကာလသည် မရောက်သေး။ ထိုရွေ့လောက် ရန်သူကိုလျှင် ပခုံးဖြင့် ရွက်ဆောင်ရာ၏။ မိမိ၏ အကြံကာလသည် ပြည့်စုံခြင်းသို့ ရောက်လေပြီးသော် ထိုရန်သူကိုလျှင် ကျောက်၌ ရွက်ဆောင်သော အိုးကို ခွဲသကဲ့သို့ ဖျက်ရာ၏။
(၈၁)။ မြီကြွင်းသည် လည်းကောင်း၊ မီးကြွင်းသည် လည်းကောင်း၊ ရောဂါကြွင်းသည် လည်းကောင်း အဖန်တလဲလဲ ပွားတတ်ကုန်၏။ ထို့ကြောင့် အကြွင်းကို မပြုရာ။
(၈၂)။ အကြင်သူ၏ မျက်နှာကား ပဒုမ္မာကြာကဲ့သို့ ရွှင်၏။ ဆိုသောစကားသည်လည်း စန္ဒကူးကဲ့သို့ ချမ်းအေး၏။ နှလုံး၌ကား သေစေတတ်သော အဆိပ်ကဲ့သို့ ရှိ၏။ ထိုသို့သော သဘောရှိသောသူကို မမှီဝဲရာ။
(၈၃)။ ကြမ်းကြုတ်သော အရှင်ကို မမှီဝဲရာ။ ထိုထက် ၀န်တိုသော အရှင်ကို မမှီဝဲရာ။ ထိုထက် မချီးမြှင့်တတ်သော အရှင်ကို မမှီဝဲရာ။ ထိုထက် နှိပ်စက်တတ်သော အရှင်ကို မမှီဝဲရာသာလျှင်တည်း။
(၈၄)။ ဦးချိုရှိသော သတ္တ၀ါကို အတောင်ငါးဆယ် အရပ်မှ ကြဉ်ရာ၏။ မြင်းကိုကား အတောင် တစ်ရာမှ ကြဉ်ရာ၏။ အစွယ်ရှိသော ဆင်ကိုကား အတောင် တစ်ထောင်ကသာလျှင် ကြဉ်ရာ၏။ သူမကောင်းကိုကား အရပ်ကိုစွန့်သဖြင့် ကြဉ်ရာ၏။
(၈၅)။ မကောင်းသော အရပ်ကို လည်းကောင်း၊ မကောင်းသော ခင်ပွန်းကို လည်းကောင်း၊ မကောင်းသော အမျိုးကို လည်းကောင်း၊ မကောင်းသော အဆွေခင်ပွန်းကို လည်းကောင်း၊ မကောင်းသော မယားကို လည်းကောင်း၊ မကောင်းသော ကျွန်ကို လည်းကောင်း၊ ဝေးစွာရှောင်ကြဉ်ရာ၏။
(၈၆)။ အကြင်ခင်ပွန်းတို့သည် အနာနှိပ်စက်သော ကာလ၌လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးသော ကာလ၌လည်းကောင်း၊ စည်းစိမ်ပျက်စီးသော ကာလ၌လည်းကောင်း၊ ရန်သူမိသော ကာလ၌လည်းကောင်း၊ မင်းအိမ်တံခါး၌ လည်းကောင်း၊ သုသာန်တစပြင်၌ လည်းကောင်း တည်ရပ်ပေကုန်၏။ ထိုခင်ပွန်းတို့သည်သာလျှင် ခင်ပွန်းကောင်း မည်၏။
(၈၇)။ နှုတ်ခွန်းချိုသော စကားရှိသောသူသည် များသော အဆွေခင်ပွန်းရှိ၏။ ကြမ်းကြုတ်သောသူသည် နည်းသော ခင်ပွန်းရှိ၏။
အခန်း ( ၅ )
(၈၈)။ ဥသြတို့၏ အဆင်းကား အသံလျှင်တည်း။ မိန်းမတို့၏ အဆင်းကား လင်ကို မြတ်နိုးခြင်းတည်း။ မကောင်းသော ရုပ်သဏ္ဌာန်ရှိသောသူ၏ အဆင်ကား အတတ်တည်း။ ရသေ့တို့၏ အဆင်းကား သည်းခံခြင်းတည်း။
(၈၉)။ မိန်းမတို့၏ ဥစ္စာကား အဆင်းတည်း။ ယောက်ျားတို့၏ ဥစ္စာသည် အတတ်လျှင်တည်း။ ရဟန်းတို့၏ ဥစ္စာကား သီလတည်း။ မင်းတို့၏ ဥစ္စာသည်ကား ရဲမက်ဗိုလ်ပါတည်း။
(၉၀)။ ရသေ့ ရဟန်းတို့သည်ကား ကြုံမှသာလျှင် တင့်တယ်ကုန်၏။ ခြေလေးခုရှိသော သတ္တ၀ါတို့သည်ကား ဆူကုန်မှသာလျှင် တင့်တယ်ကုန်၏။ ယောက်ျားတို့သည်ကား အတတ်ပညာရှိမှသာလျှင် တင့်တယ်ကုန်၏။ မိန်းမတို့သည်ကား လင်သားရှိမှ တင့်တယ်ကုန်၏။
(၉၁)။ တတ်လှစွာသော စောင်းသမားသည် ငါးရက်မျှ စောင်းနှင့်ကင်းမူ ပျက်၏။ တတ်လှစွာသော လေးသမားသည် ခုနစ်ရက်မျှ လေးနှင့်ကင်းမူ ပျက်၏။ တော်မှန်လှစွာသော မယားဖြစ်လျှင်မူလည်း လင်နှင့် တစ်လကင်းမူ ပျက်၏။ တပည့်တို့ကား လခွဲကားမူ ပျက်၏။
(၉၂)။ ကျွဲကား ညွန်ရှိမှသာလျှင် မွေ့လျော်၏။ ဟင်္သာငှက်သည် ရေကန်ရှိမှသာလျှင် မွေ့လျော်၏။ မိန်းမကား ယောက်ျားရှိမှသာ မွေ့လျော်၏။ ရဟန်းကား တရားရှိမှသာလျှင် မွေ့လျော်၏။
(၉၃)။ ထမင်းကိုကား အစာကျေမှ ချီးမွမ်းရာ၏။ မယားကိုလည်း အရွယ်လွန်မှ ချီးမွမ်းရာ၏။ ရဲမက်ကိုကား စစ်အောင်၍ ပြန်မှ ချီးမွမ်းရာ၏။ ကောက်ကို အိမ်သို့ရောက်မှ ချီးမွမ်းရာ၏။
(၉၄)။ နှစ်လင် သုံးလင် ကွာပြီးသော မိန်းမသည်လည်းကောင်း၊ နှစ်ကျောင်း သုံးကျောင်း ပြောင်းပြီးသော ရဟန်းသည်လည်းကောင်း၊ ကျော့ကွင်းမှ နှစ်ကြိမ် သုံးကြိမ် လွတ်ပြီးသော ငှက်သည်လည်းကောင်း ပြုအပ်သော မာယာများသည်သာလျှင်တည်း။
(၉၅)။ သူယုတ်ကို ပုတ်ခတ်သဖြင့် ယဉ်စေရာ၏။ မကောင်းသော ခင်ပွန်းကို စကားဆိုမြဲ မဆိုသဖြင့် ယဉ်စေရာ၏။ မကောင်းသော မိန်းမတို့ကို စည်းစမ်းကို မအပ်နှင်းသဖြင့် ယဉ်စေရာ၏။ အစာ၌ တပ်မက်သောသူကို အစာကို ယုတ်စေသဖြင့် ယဉ်စေရာ၏။
(၉၆)။ လ မှကင်းသော ညသည် မတင့်တယ်။ လှိုင်းတံပိုးမှကင်းသော သမုဒ္ဒရာသည်လည်း မတင့်တယ်။ ဟင်္သာမှကင်းသော ရေကန်သည်လည်း မတင့်တယ်။ လင်မှကင်းသော အမျိုးသမီးသည်လည်း မတင့်တယ်။
(၉၇)။ လင်သည်သာလျှင် စည်းစိမ်ဥစ္စာကို ဖြစ်စေအပ်၏။ မိန်းမမူကား လုံစေသည်သာလျှင်တည်း။ ထိုစကားသည် သင့်စွ။ ယောက်ျားသည်သာလျှင် ပဓာနတည်း။
(၉၈)။ ခပ်သိမ်းသော မြစ်တို့သည် မြစ်ကောက်သာ ရှိကုန်၏။ ခပ်သိမ်းသော တောတို့သည် ထင်းဖြင့်သာ ပြီးကုန်၏။ ခပ်သိမ်းသော မိန်းမတို့သည် ဆိတ်ငြိမ်သော အရပ်ကို ရသည်ရှိသော် မကောင်းမှုကို ပြုမြဲတည်း။
(၉၉)။ အကြင်မိန်းမသည် ငြင်းခုံတတ်သော အလေ့ရှိ၏။ ငြူစူစောင်းမြောင်း၍ ပြောလေ့ရှိ၏။ မြင်တိုင်းကိုလည်း တပ်၏။ များစွာသည်လည်း ချက်၍စားတတ်၏။ လင်၏ အဦးစားတတ်သော အလေ့ရှိ၏။ သူ့အိမ်သို့ သွားတတ်နေတတ်သော အလေ့ရှိ၏။ ထိုမိန်းမသည် သားတစ်ရာပင် မြင်ငြားသော်လည်း ယောက်ျားသည် စွန့်အပ်၏။
(၁၀၀)။ အကြင်မိန်းမသည် စားသောအခါ၌လည်းကောင်း၊ အ၀တ်တန်ဆာ ပြုပြင်ဆင်ယင်သောအခါ၌ လည်းကောင်း၊ အမိကဲ့သို့ နှစ်သက်ဖွယ် ပြုပြင်တတ်၏။ လျှို့ဝှက်အပ်ကုန်သော မကျစ်မလျစ်သောအရာတို့၌ နှမကဲ့သို့ လွန်စွာ ရှက်တတ်၏။ အမှုလုပ်သောအခါတို့၌ လည်းကောင်း၊ လင်၏ အပါး၌သွားလာသော အခါ၌လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုတတ်၏။ ဘေးရှိသောအခါတို့၌ တိုင်ပင်ဖက်ဖြစ်ရာ၏။ အိပ်သောအခါတို့၌လည်း မွေ့လျော်စေတတ်၏။ အရောင်အဆင်းတို့ကို ပြုပြင်ခြင်းတို့၌ တင့်တယ်စွာ၏။ အမျက်ထွက်သောအခါတို့၌ သည်းခံတတ်၏။ ထိုမိန်းမကို မြတ်၏ဟူ၍ ပညာရှိတို့သည် ဆိုကုန်၏။ ထိုမိန်းမသည် သေသည်၏ အခြားမဲ့၌လည်း နတ်ပြည်၌ ဖြစ်ရာ၏။
(၁၀၁)။ အကြင်မိန်းမငယ်သည် ရွှေသော အသားရှိ၏။ သမင်မျက်စိကဲ့သို့ ညိုသောမျက်စိလည်းရှိ၏။ ခါးစည်းတင်ကျယ် ငယ်သောဝမ်းလည်း ရှိ၏။ ဆင်နှာမောင်းကဲ့သို့ အရင်းမှ အဖျားတိုင်အောင် သွယ်သော ပေါင်ရှိ၏။ ဖြေ၍ နောက်သို့လန်သော ရှိသော အဖျားကော့တတ်သော ဆံပင်လည်းရှိ၏။ ကြီးငယ်မထင် ညီညွတ်သော သွားအစဉ်လည်းရှိ၏။ နက်သောချက်လည်းရှိ၏။ ကောင်းသော အလေ့အထသည်လည်း ရှိ၏။ ထိုသို့သော မိန်းမငယ်ကို ယုတ်သော အမျိုးတို့၌ဖြစ်သော်လည်း ထိုမိန်းမပျိုကို ဆက်ဆံ ထိမ်းမြားရာ၏။
(၁၀၂)။ အကြင်မိန်းမသည် ဖြစ်တိုင်းဖြစ်တိုင်း အဖန်တလဲလဲ ယောက်ျား၏ အဖြစ်ကို အလိုရှိငြားအံ့၊ ထိုမိန်းမသည် သိကြားမင်း၏ မယားသည် သကြားမင်းကို အရိုအသေ လုပ်ကျွေးသကဲ့သို့ လင်ကိုအရိုအသေ လုပ်ကျွေးရာ၏။
(၁၀၃)။ အကြင်ယောက်ျားသည် ဖြစ်တိုင်းဖြစ်တိုင်း အဖန်တလဲလဲ ယောက်ျားအဖြစ်ကို အလိုရှိငြားအံ့၊ ထိုယောက်ျားသည် ခြေဆေးပြီးသော ယောက်ျားသည် ညွန်ကို ရှောင်ကြဉ်သကဲ့သို့ သူတစ်ပါး၏ မယားကို ရှောင်ကြဉ်ရာ၏။
(၁၀၄)။ အရွယ်လွန်ပြီးသောယောက်ျားသည် တည်သီးမျှငယ်သော သားမြတ်ရှိသော မိန်းမပျိုကို ယူဆောင်သိမ်းဆည်း၏။ မိမိအလိုရှိရာ မပါသည်ဖြစ်၍ စောင်းမြောင်းငြူစူတတ်၏။ လင်အိုတစ်ယောက်၌သာ မွေ့လျော်လတ္တံဟု မယုံကြည်။ ထိုကြောင့် ထိုငယ်သောမယားကို သိမ်းဆည်းခြင်းသည် ပျက်စီးအံ့သည်၏ အကြောင်းတည်း။
အခန်း ( ၆ )
(၁၀၅)။ မင်းကား တစ်ယာမ်သာ အိပ်ရာ၏။ ပညာရှိကား နှစ်ယာမ်သာအိပ်ရာ၏။ အိမ်ရာထောင်သောလူ အပေါင်းကား သုံးယာမ်သာ အိပ်ရာ၏။ ဖုန်းတောင်းယာစကာကား လေးယာမ်လုံးသာလျှင် အိပ်ရာ၏။
(၁၀၆)။ အကြင်အရပ်၌ ဥစ္စာရှိသောသူသည်လည်းကောင်း၊ အကြားအမြင်များသော ပညာရှိသည်လည်းကောင်း၊ မင်းသည်လည်းကောင်း၊ မြစ်သည်လည်းကောင်း၊ ဆေးသမားသည်လည်းကောင်း၊ ဤငါးပါးတို့သည် မရှိကုန်။ ထိုအရပ်၌ တစ်နေ့တစ်ရက်မျှ မနေရာ။
(၁၀၇)။ အကြင်အရပ်၌ မြတ်နိုးခြင်းလည်းမရှိ၊ ချစ်ခြင်းလည်းမရှိ၊ အဆွေခင်ပွန်းလည်းမရှိ၊ တစ်စုံတစ်ယောက်မျှ အတတ်ပညာ သင်စိမ့်သော သူလည်းမရှိ၊ ထိုအရပ်၌ တစ်နေ့တစ်ရက်မျှ မနေရာ။
(၁၀၈)။ လောက၌ သားမရှိသော အိမ်သည် ဆိတ်ငြိမ်၏။ မင်းမရှိသော တိုင်းပြည်သည် ဆိတ်ငြိမ်၏။ အတတ်မရှိသော သူ၏ခံတွင်း ဆိတ်ငြိမ်၏။ ဆင်းရဲခြင်းကား အလုံးစုံ ဆိတ်ငြိမ်၏။
(၁၀၉)။ ကောင်းသော ဥစ္စာကို အလိုရှိငြားအံ့၊ ကုန်သွယ်ရာ၏။ အတတ်လို အလိုရှိမူကား အကြားအမြင်ရှိသော ပုဂ္ဂိုလ်ကို ဆည်းကပ်ရာ၏။ မင်းအမတ်ဖြစ်ခြင်းကို အလိုရှိမူကား မင်း၏ အလိုသို့ လိုက်ရာ၏။
(၁၁၀)။ ရဟန်းသည် မရောင့်ရဲမူ ပျက်၏။ ပြည့်ရှင်မင်းသည်လည်း ရောင့်ရဲတတ်မူ ပျက်၏။ ပြည့်တန်ဆာမသည် ရှက်တတ်မူ ပျက်၏။ အမျိုးကောင်းသမီးသည် မရှက်တတ်မူ ပျက်၏။
(၁၁၁)။ ငှက်တို့၏ အားကား ကောင်းကင်တည်း။ ငါးတို့၏ အားကား ရေတည်း။ အားနည်းသူတို့၏ အားကား မင်းတည်း။ သူငယ်တို့၏ အားကား ငိုခြင်းတည်း။
(၁၁၂)။ သည်းခံခြင်း၊ နိုးကြားခြင်း၊ ထကြွလုံ့လရှိခြင်း၊ ဝေဖန်ပေးကမ်းခြင်း၊ သနားခြင်း၊ မျှော်မြင်ခြင်းစသည့် ဤခြောက်ပါးတို့ကား မင်းစသော လူကြီးမိဘတို့၏ အလိုရှိအပ်သော ဂုဏ်ကျေးဇူးတို့တည်း။
(၁၁၃)။ လောက၌ ပျင်းသော အိမ်ရာထောင်သူသည် မကောင်း။ ကိုယ်နှုတ်နှလုံး မစောင့်သော ရဟန်းသည် မကောင်း၊ မဆင်မခြင်ပြုလေ့ ရှိသော မင်းသည် မကောင်း။ အမျက်ထွက်သော ပညာရှိသည် မကောင်း။
(၁၁၄)။ လောက၌ နေမင်းကို ကျောဖြင့် ကပ်ရာ၏။ မီးကို ၀မ်းဖြင့်သာလျှင် ကပ်ရာ၏။ အရှင်သခင်ကို နည်းမျိုးစုံဖြင့် ကပ်ရာ၏။ တမလွန်ကိုကား မမိုက်သဖြင့် ကပ်ရာ၏။
(၁၁၅)။ လောက၌ မီးကိုလည်းကောင်း၊ ရေကိုလည်းကောင်း၊ မိန်မကိုလည်းကောင်း၊ သူမိုက်ကိုလည်းကောင်း၊ မြွေကိုလည်းကောင်း၊ မင်းမျိုးကိုလည်းကောင်း ရှောင်ရှားသဖြင့် သွားအပ်၏။ လတ်လလော အသက်ကို ချတတ်ကုန်၏။
(၁၁၆)။ လောက၌ မကောင်းသောမယားနှင့် ပေါင်းဖော်သူသည်လည်းကောင်း၊ ကြမ်းတမ်းလှစွာသော စိတ်ရှိသော ကျွန်ကို စေသောသူသည် လည်းကောင်း၊ မြွေရှိသောအိမ်၌ နေသောသူသည်လည်းကောင်း၊ သေအံ့သည်သာလျှင် အမှန်တည်း။ ယုံမှားမရှိရာ။
(၁၁၇)။ လောက၌ မိုက်မဲလှစွာသော တပည့်ကို အတတ်ပညာ သင်ကြားသဖြင့်လည်းကောင်း၊ မိန်းမယုတ်ဖြင့် ပေါင်းဖက်သဖြင့်လည်းကောင်း၊ မသူတော်နှင့် ပေါင်းဖက်သဖြင့်လည်းကောင်း၊ ပညာရှိသောသူပင် ဖြစ်သော်လည်း နစ်တတ်ချေသာလျှင်တည်း။
(၁၁၈)။ လောက၌ ပေးကမ်းခြင်းသည် ချစ်စေတတ်သော ဆေးတည်း။ ၀န်တိုခြင်းကား မုန်းစေတတ်သောဆေးတည်း။ ပေးကမ်းခြင်းကား အခြွေအရံများသော ဆေးတည်း။ ၀န်တိုခြင်းကား အထီးကျန်သော ဆေးတည်း။
အခန်း( ၇ )
(၁၁၉)။ မိန်းမနှင့် နှီးနှောသောရဟန်း၌ အဘယ်မှာ သီလရှိအံ့နည်း။ အသားစားကြူးသောသူ၌ အဘယ်မှာ သနားရှိအံ့နည်း။ သေသောက်ကြူးသည့်သူ၌ အဘယ်မှာ စကားမှန်အံ့နည်း။ အလိုရမ္မက်ကြီးသောသူ၌ အဘယ်မှာ အရှက်ရှိအံ့နည်း။ အပျင်းကြီးသောသူ၌ အဘယ်မှာ အတတ်ရှိအံ့နည်း။ အမျက်ကြီးသောသူ၌ အဘယ်မှာ ဥစ္စာရှိအံ့နည်း။
(၁၂၀)။ သေသောက်ကြူးသောသူသည်လည်းကောင်း၊ အခါမဟုတ်သည်၌ သွားလေ့ရှိသောသူသည်လည်းကောင်း၊ သဘင်အသွားများသော သူသည်လည်းကောင်း၊ ကြွေအန် အစရှိသော လောင်းကစားကြူးသောသူသည်လည်းကောင်း၊ မကောင်းသော အဆွေခင်ပွန်းရှိသောသူသည်လည်းကောင်း ပျင်းရိဖင့်နွဲ့သော သူသည်လည်းကောင်း၊ ဤသူတို့ကား စည်းစိမ်းတို့သည် ပျက်ဆီးအံ့သော အကြောင်းတည်း။
(၁၂၁)။ အသက်ရှင်လျက်လည်း သေသောသူ ငါးဦးမှာ ဆင်းရဲသောသူ၊ အနာနှိပ်စပ်သောသူ၊ မိုက်မဲသောသူ၊ မြီများသောသူ၊ မင်းဝယ်ကိုယ်ကြပ် ခစားသောသူ .. ဤသူတို့တည်း။
(၁၂၂)။ ပညာရှိတို့သဘောကား မရောက်သေးသော ဘေးကို မြင်သည်ရှိသော် အဝေးကလျှင် ကြဉ်ရာ၏။ ရောက်ပြီး ရောက်ဆဲသော ဘေးကို မြင်မူကား ကြောက်ရွံ့တတ်သော သဘောမရှိသည် ဖြစ်၏။
(၁၂၃)။ လောက၌ အအိပ်ကြူးသောသူ၊ မေ့လျောသောသူ၊ ချမ်းသာစွာနေတတ်သောသူ၊ အနာရှိသောသူ၊ ပျင်းသောသူ၊ အလိုကြီးသောသူ၊ အမှုသစ်၌ မွေ့လျော်သောသူ။ ဤခုနစ်ယောက်သောသူတို့သည် ကျမ်းဂန်မှ ကင်းကုန်၏။
(၁၂၄)။ လောက၌ လဲသည် ပေါ့၏။ ထိုထက် လျှပ်ပေါ်သောသူသည် ပေါ့၏။ ထိုထက် ဆရာမိဘတို့၏ အဆုံးအမကို မခံသောသူသည် ပေါ့၏။ ထိုထက် မြတ်ဗုဒ္ဓ၏ သာသနာတော်၌ မေ့လျော့သောသူသည် ပေါ့၏။
(၁၂၅)။ လောက၌ ကျောက်ထီးသည် လေး၏။ ထိုထက် ဆရာမိဘတို့၏ အဆုံးအမသည် လေး၏။ ထိုထက် ဗုဒ္ဓမြတ်စွာ၏ စကားသည် လေး၏။
(၁၂၆)။ လောက၌ ခြင်္သေ့သည်လည်းကောင်း၊ ဆင်သည်လည်းကောင်း၊ သူတော်ကောင်းသည်လည်းကောင်း၊ ဤသူတို့သည် အကျိုးမရှိသော အရပ်ကို စွန့်၍ သွားကုန်၏။ ကျီးသည်လည်းကောင်း၊ သမင်းသည်လည်းကောင်း၊ ယုတ်မာသောယောက်ျားသည် လည်းကောင်း၊ ဤသတ္တ၀ါတို့သည် မိမိတို့ ကျင်လည်ရာ အရပ်၌သာလျှင် ပျက်စီးခြင်းသို့ ရောက်ကုန်၏။
(၁၂၇)။ ပညာရှိသော်ကား လှမ်းသော ခြေတစ်ဖက်နှင့်တူသော အရပ်သစ်ကို မျှော်တင်းသောစိတ်ဖြင့် သွား၏။ ရပ်သော ခြေတစ်ဖက်နှင့် တူသော အရပ်ဟောင်းကို မခွာသောစိတ်ဖြင့် ရပ်၏။ အရပ်သစ်ကို မစူးစမ်းဘဲ နေရာဟောင်းကို မစွန့်ရာ။
(၁၂၈)။ လောက၌ ရောင်းဝယ်သောအခါ၌လည်းကောင်း၊ အတတ်သင်သောအခါ၌လည်းကောင်း၊ အစေအပါးခံသောအခါ၌ လည်းကောင်း၊ မေထုန်မှီဝဲသောအခါ၌လည်းကောင်း၊ အရှက်အကြောက်ကို စွန့်သည် ဖြစ်ရာ၏။
(၁၂၉)။ မိန်းမတို့၏ အစာစားခြင်းကား ယောက်ျားတို့ထက် နှစ်ဆလွန်သည်ဖြစ်ရာ၏။ ပညာသည်လည်း လေးဆလွန်၏။ လုံလက ခြောက်ဆ လွန်သည်လည်းဖြစ်၏။ ကာမဂုဏ်တပ်မက်ခြင်းက ရှစ်ဆလွန်၏။
လောကနီတိကျမ်း
စတုရင်္ဂဗလ အမတ်ကြီးသည် လောကနီတိကျမ်းအား ဓမ္မပဒ ၊ သံယုတ် ၊ ဇာတ် ၊ သုတ္တနိပါတ် စသော ဘုရားဟော ကျမ်းဂန်များမှ လည်းကောင်း ၊ စာဏကျနီတိ ၊ ဟိတောပဒေသ စသော သက္ကတကျမ်းများမှ လည်းကောင်း ရွေးထုတ်၍ အပိုင်း (၇) ပိုင်း ခွဲကာ ပြုစုခဲ့ပါသည်။ လောကနီတိကျမ်း၏ မှီရာ နိသယကို ဘကြီးတော်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၁၉၆ တွင် စက္ကိဒ္ဓဘီသီရိသဒ္ဓမ္မ ဓဇ မဟာရာဇဓိရာဇ ဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဦးပုတ်က မြန်မာပြန်ဆိုခဲ့သည်။

Monday, June 20, 2011
icon ပေါ်ကမျှားလေးတွေဖျောက်ကြည့်မယ်..
ရှုပ်ရှုပ် ရှက်ရှက်တွေ ကို မကြိုက်တဲ့ လူတွေ အတွက် shortcut icon ကလေးတွေ မှာ မြှားလေးတွေ နဲ့ ဆိုတာကိုကြည့်ရတာ ရှုပ်ပါတယ် ဆိုတဲ့လူတွေ အတွက် ပေါ့ဗျာ.. အဲဒီမြှား ကလေးတွေ ကို ဖျောက်ကြည့်ရအောင်ပါ ...
စပြီးတော့ ဖျောက်မယ် ဆိုရင်တော့ regedit ကို ဖွင့်လိုက်ပါ .. ပြီးရင် တော့ အောက်ကအတိုင်းလေး ပဲ သွားလိုက်ကြရအောင် . ...
၁ ။ HKEY_CLASSES_ROOT ကို သွားလိုက်ပါ ။
၂ ။ LNKFILE ဆိုတာလေးကိုဖွင့်လိုက်ပါ ။
၃။ IsShortcut ဆိုတာလေးကို ဖြတ်လိုက်ပါ ။
၎။ PIFFILE ဆိုတာလေးကို ဖွင့်လိုက်ပါဦး ။
၅။ IsShortcut ဆိုတာလေး ကို ထပ်ပြီးတော့ ဖျက်လိုက်ပါ ။
သူ့ ရဲ့ effect ကတော့ reboot ပြီးမှ ပဲ တွေ့ရမယ်နော် .. ( ဒါမှမဟုတ်ရင် ) run => cmd => ကနေပြီးတော့ gpupdate ဆိုပြီးရိုက်ရင်လည်း ရနိုင်ပါတယ် ...
အဲဒါကိုမှ မရသေးဘူး ဆိုရင်တော့ Ctrl+Alt+Del ဆိုနှိပ်ပြီးတော့ Task Manager ကိုခေါ်လိုက်ပါဦး .. ပြီးရင်
Process မှာ Explorer.exe ဆိုတာကလေးကို End process ပေးလိုက်ပါ .. အဲဒီ့ အခါ ကျရင် အကုန်ပျောက်သွားပါလိ့မ်မယ်။ စိတ်မပူနဲ့နော် .. ပြီးတော့ Applicktion ကနေပြီးတော့ New task ဆိုတာကိုနှိပ်လိုက်ပါ ။ ပြီးရင်တော့ တက်လာတဲ့ Box ထဲမှာ Explorer ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ .. ရပါပြီ အဲဒါဆိုရင် မြှားကလေးတွေ ပျောက်ကုန်ပါပီ ..
အဆင်ပြေပါစေဗျာ ..အဆင်မပြေရင်တော့ မန့်ခဲ့ ပါဦး ...
Read more: http://mglhulin.blogspot.com/2009/08/shortcut-icon.html#ixzz1PpLlGs2p
ကြိုးစားကြည့်ပါ..