Friday, June 24, 2011

ဆန်းကျမ်းဗေဒင်ထဲက လူ၊ နတ်၊ ဘီလူးများ

လူသိများ၊ နားယောင်ကြတာက အဲဒီ လူ၊ နတ်၊ ဘီလူးတွေကို နက္ခတ်တွေလို့ ဆိုတယ်။ အမှန်က နက္ခတ် မဟုတ်ဘူး။ မတူညီတဲ့ အုပ်စုတွေအဖြစ် ခွဲထားတာ။ ဒီတော့ လူတွေ၊ နတ်တွေ၊ ဘီလူးတွေတော့ ပေါ်လာ ပါပြီ။ သူတို့ရဲ့ စရိုက်နဲ့ ဘဝ အနေအထားတွေက ဘယ်လိုတွေလဲ ဆိုရင်...

မြန်မာခုနှစ်ကို ၃ နဲ့ စား၊ စားလိုက်လို့

၁ ကြွင်းရင် နတ်၊ ၂ ကြွင်းရင် လူ၊ ဝ ကြွင်းရင် ဘီလူး လို့ သတ်မှတ်မယ်။

လူသိများ၊ နားယောင်ကြတာက အဲဒီ လူ၊ နတ်၊ ဘီလူးတွေကို နက္ခတ်တွေလို့ ဆိုတယ်။ အမှန်က နက္ခတ် မဟုတ်ဘူး။ မတူညီတဲ့ အုပ်စုတွေအဖြစ် ခွဲထားတာ။ ဒီတော့ လူတွေ၊ နတ်တွေ၊ ဘီလူးတွေတော့ ပေါ်လာ ပါပြီ။ သူတို့ရဲ့ စရိုက်နဲ့ ဘဝ အနေအထားတွေက ဘယ်လိုတွေလဲ ဆိုရင်...

လူဆိုတဲ့ လူတွေ

ဘဝမှာ မြင့်မားတဲ့နေရာ ရမယ်။ အကြီးအကဲ၊ ဆရာ တစ်ကောင်ကောင်တော့ ဖြစ်မယ်။ ဘာသာတရား ကြည်ညို ရိုသေမယ်။ သတ္တိ ကောင်းမယ်၊ ခေါင်းဆောင်နိုင်မယ်။ လူမှုရေး သာရေးနာရေး တက်ကြွ ပါဝင်မယ်။ ဆန်းသစ်တီထွင်တတ်မယ်။ ပါးရိုက်ရင် နားကိုက်မယ်။ အကြောင်းအကျိုးနဲ့ ရှင်းပြတတ်ရင် လူအုပ်စုဝင်တွေက လူလို နားလည်ပေးနိုင်ကြသူတွေ ဖြစ်ပါတယ်။

နတ်ဆိုတဲ့ လူတွေ

နတ်တွေကျတော့ အနုလိုင်း။ နုနုရွရွ နေတတ်မယ်။ စိတ်ထားမွန်မြတ်ပြီး အလှူအတန်း ဝါသနာပါတယ်။ စာပေ၊ အနုပညာတွေ ဝါသနာပါ လိုက်စားမယ်။ အလှကြိုက်၊ အသန့်ကြိုက်မယ်။ စတိုင်ကျကျ နေတတ်မယ်။ ကူညီရိုင်းပင်းလိုစိတ် များမယ်။ ဘယ်တော့မဆို စိတ်ကြည်လင် ရွှင်ပျနေတတ်မယ်။ ငွေကြေး စုဆောင်းတာ ဝါသနာမပါဘူး။ စကားပြောတဲ့အခါ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ နုရွဥမွ၊ နုဖက် ဥအက်နေတာတွေသာပြော ၊ မြှောက်ပင့်ပြောရင် အဝှာတက်အောင် ကပြတတ်တယ်။

ဘီလူးဆိုတဲ့ လူတွေ

ဘီလူး ဆိုတဲ့အတိုင်း ဖြဲခြောက်တတ်လို့ အားလုံးက ရွံကြောက်ကြီး ဖြစ်တတ်တယ်။ စိတ်တို ဒေါသကြီးမယ်။ အသောက် အစားလည်း ကြမ်းမယ်။ အပျော်အပါးလည်း ပါမယ်။ ဟောက်စားခြောက်စား လုပ်မယ်။ ဥာဏ်နီဥာဏ်နက်ကလည်း ထွက်မယ်။ အငြိမ်မနေချင်ဘဲ ဟိုသွားဒီလာ လုပ်မယ်။ ဘီလူးတွေနဲ့ ပြောဆို ဆက်ဆံတဲ့အခါ အဆဲလေးပါ၊ ခပ်မာမာလေး ပြော၊ လိုအပ်ရင် စားပွဲကို လက်ဝါးနဲ့ရိုက်၊ ထိုင်ခုံကို ရိုက်ချိုးပြမှ ကြိုက်မယ်။

လူ၊ နတ်၊ ဘီလူးတွေရဲ့ စရိုက်တွေကိုတော့ ကြားဖူး၊ ဖတ်ဖူးသလို ရေးပြလိုက်တယ်။ အမှန်ကတော့ မွေးခုနှစ် တစ်နှစ်လုံး ရက်ပေါင်း ၃၆၅ ရက်မှာ မွေးဖွားတဲ့ မတစ်ထောင်သားတွေ၊ မတစ်သောင်း သမီး တွေက လူဆိုလူ၊ နတ်ဆိုနတ်၊ ဘီလူးဆို ဘီလူး ဒီအဟောတွေချည်း ထပ်တူကျ နေမှာမို့ ဘဝင်ကျ စရာတော့ မရှိဘူး။ ကဲ ဗေဒင်ဆရာတွေ ဟောပြောနေကျ လူ၊ နတ်၊ ဘီလူးတွေ အိမ်ထောင်ဖက်ရင် ဘာတွေ ညာတွေ ဘာညာသာရကာတွေ ဖြစ်မယ် ဆိုတဲ့ ဟောကိန်းကို ဆက်ပြောပါမယ်။

လူ+လူချင်း လက်ထပ်ရင် နှစ်ဖက်မေတ္တာမျှလို့ ဖြန်းဖြန်းထကြသတဲ့။

လူ+နတ် ကျတော့ နားအေးပါးအေး စုံတွဲလို့ ဆိုတယ်။

လူ+ဘီလူး ဆိုရင်တော့ သေထား၊ ပျက်စီးဖို့သာ ပြင်ပေတော့ ဆိုပဲ။

နတ်+နတ် ဆိုရင် သက်ရှည်ကျန်းမာလန်းဖြာတယ်တဲ့။

နတ်+ဘီလူး ဆိုတော့ ဘေးဥပါဒ်ကင်းတယ်တဲ့။

ဘီလူး+ဘီလူး ဆိုရင်တော့ ဘုန်းကြီးလို့ သက်ရှည်မယ်တဲ့။

ကဲ ဘယ်လိုလုပ်မလဲ အထက်ပါအတွဲတွေထဲမှာ ကွက်ပြီး ဒုက္ခရောက်မှာက ဘီလူးနဲ့ လူ အတွဲပဲပေါ့။ ဒါ့ကြောင့်မို့လည်း လူအုပ်စုမှာ မွေးဖွားတဲ့ မိန်းခလေးတွေက ဘီလူးအုပ်စုမှာ မွေးတဲ့ ငနဲသားတွေကို သေးပါအောင် ကြောက်ကြတယ်တဲ့။ ယူဖို့ နေနေသာ တွဲမိရင်တောင် နစ်နာလှပြီ ဆိုပဲ။ ထားပါတော့ ဒီအယူအဆကို။ ပြောရရင် နတ်ထဲမှာလည်း ပါဝါ အားနည်းတဲ့ နတ်ရှိသလို၊ ဘီလူးထဲမှာလည်း ပန်းစားဘီလူးလို နတ်ဘီလူး ခန့်ချောကြီး တွေလည်း ရှိပါတယ်တဲ့။ ဘယ်သူတွေက နတ်ဘီလူး ဖြစ်ပြီး ဘယ်ဝါတွေက သားစားဘီလူး ဖြစ်တယ်ဆိုတာကတော့ ဆန်းကျမ်းဗေဒင်ပညာရဲ့ အကိုင်းအခက်တစ်ခုနဲ့ ချိတ်ဆက်လို့ နေပါတယ်။

မြန်မာမွေးသက္ကရာဇ်ကို ၇ နဲ့စား၊ ပြီးရင် ( ဇေယျတိုင် ထူတတ်သူများ ) ထုံးစံအတိုင်း အထွန်း (ဇေယျ ) ကနေ စချလိုက် ၊ မွေးနံက ဗျာယ၊ မရဏ၊ ကိစ္စဖွားတွေလည်း ဖြစ်၊ ဘီလူးလည်း ဖြစ်မယ်ဆိုရင် ဒါ တကယ့် လူသားစားဘီလူးလို့ ခေါ်နိုင်ပါတယ်။ မြန်မာခုနှစ်ကို ၃ နဲ့စားလိုက်လို့ ဘီလူးအုပ်စုမှာ မွေးတယ်ဆိုပေမယ့် ဇေယျ၊ ဝရ၊ လာဘဖွား ဖြစ်နေရင်တော့ နတ်ဘီလူး၊ တရားစောင့်တဲ့ ဘီလူးလို့ ဆိုပါတယ်။ ဒီလို ဘီလူးကောင်း၊ ဘီလူးမြတ်နဲ့ ယူမိတဲ့ လူအုပ်စုဝင်တွေအနေနဲ့ ဘာမှ စိုးရိမ် ပူပန်စရာ မရှိဘူးလို့ ဆန်းဆရာကြီးတွေက မှာကြားပါတယ်။ ဒီကြားထဲမှာ ရှိပါသေးတယ်။ ဒွါယဖွား ဘီလူးဆိုရင် လူကြောက်တယ်တဲ့။ လူကို ပြန်ကြောက်တဲ့ မာမီဘီလူးကြီးသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဥပမာ အနေနဲ့ မြန်မာသက္ကရာဇ် ၁၃၅ဝ ဖွား၊ တနင်္လာသားဆိုရင် ၁၃၅ဝ ခုနှစ် ကို ၃ နဲ့စားရင် ဝ ကြွင်းမယ်။ ဘီလူးပေါ့။ ဒါပေမဲ့ ဘယ်လို ဘီလူးလဲ။ ဒါပေမဲ့ ဇေယျတိုင်ကို ဆွဲ ကြည့်လိုက်ရင်

၅ ဇေယျ
၁ ဝရ
၎ လာဘ
ဝ ဒွါယ
၃ ဗျာယ
၆ မရဏ
၂ ကိစ္စ

တနင်္လာသား၊ ကိစ္စဖွားဆိုတော့ ဘီလူးမှ တကယ့် သားစားဘီလူး ဖြစ်နေပါတယ်။ ၁၃၅ဝ တစ်နှစ်လုံး မွေးတဲ့ ကျားရော မပါ ဘီလူးတွေ ဆိုပေမယ့် ဖော်ပြထားတဲ့ တန်းအောက်က အင်္ဂါ၊ သောကြာနဲ့ တနင်္လာ သားသမီးတွေကတော့ တကယ့် လူသားစားဘီလူးတွေ ဖြစ်နေပါတယ်။ အပေါ်ဖွားတွေ ဖြစ်တဲ့ ကြာသပတေး၊ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးတွေက အန္တရာယ်မပြုတဲ့ နတ်ဘီလူးတွေသာ ဖြစ်ပါတယ်။ ဒွါယမှာ ရှိတဲ့ စနေသားသမီးကတော့ ဘီလူးတော့ ဘီလူး ဒါပေမဲ့ လူကြောက်တဲ့ ဘီလူး အခြောက်ကြီးသာ ဖြစ်ပါတယ်။

ကဲ. ခုဆိုရင် ကိုယ်ဟာ လူလား၊ နတ်လား၊ ဘီလူးလား၊ ဘီလူးဆိုရင်တောင် အစွယ်မပါတဲ့ ဘီလူးလား၊ ဘီလူးနဲ့ ယူရင် ဘာဖြစ်မယ်ဆိုတာ ရှင်းသွားမယ်လို့ ထင်ပါတယ်။ ကျွန်တော့်ဘက်က တတ်နိုင်သမျှ တင်ပြပေးလိုက်ပါတယ်။ ဒီ လူ၊ နတ်၊ ဘီလူးဆိုတဲ့ အရိုးစွဲ အယူအဆကို မကြိုက်လှပေမယ့် ဆန်းကျမ်း ဗေဒင်နဲ့ ဆက်နွယ်လာတဲ့အခါ ဗဟုသုတအဖြစ်ရော၊ စဉ်းစား တွေးခေါ်မှုကိုပါ အကျိုးပြုနိုင်တာမို့ ရေးသား လိုက်တာပါ။ ဒီစာရေးတဲ့အခါ မြင်ဆရာတစ်ဦး ဖြစ်တဲ့ ဂမ္ဘီရဆရာလှမျိုးရဲ့ ဆောင်းပါး တစ်ပုဒ်ကို မှီငြမ်း ထားပါတယ်။ မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်ကို စွဲမက် လေးနက်သူတိုင်း အတွက် စိတ်ဝင်စားဖို့ ကောင်းတဲ့ စာစု ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

No comments:

Post a Comment