Friday, June 24, 2011

၂၀၁၁-၂၀၁၂ အတွက်လက်ကျန်ဟောကိန်းတချို့

မေ (၁၁) မှာ ငလျင်လှုပ်မယ် ဆိုတဲ့ ဟောကိန်း

လက်ကျန် ဟောကိန်းတွေ အဖြစ် ၂ဝ၁၁-၂ဝ၁၂ မှာ ငလျင်ကြီးတွေ လှုပ်မယ်ဆိုတဲ့ အတိတ်တဘောင် လိုလိုတွေ ကျယ်လောင်နေခဲ့ပါတယ်။


၁၉၇၉ ခုနှစ်တည်းက ကွယ်လွန်ခဲ့တဲ့ ရာဖေးလ်ဘင်ဒန်ဒီ အမည်ရှိ နက္ခတ်ပညာရှင်တစ်ဦးက အခု လာမယ့် မေလ ၁၁ ရက်နေ့ (၁၁.၅.၂ဝ၁၁) ကျရင် အီတလီနိုင်ငံ၊ ရောမမြို့တော်မှာ ဧရာမငလျင်ကြီး တစ်ခု လှုပ်ခတ်လိမ့်မယ်၊ တစ်မြို့လုံး ပြားပြားဝပ်သွားမယ်လို့ ကြိုတင် ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒီဟောကိန်းနဲ့ ပက်သက်ပြီး အီတလီက ဝက်ဘ်ဆိုဒ်တွေ၊ ဘလော့ဂ်တွေမှာ ဟိုးအရင်လတွေတည်းက ပွက်လောက်ရိုက်အောင်ကို ငြင်းခုံစရာတွေ ဖြစ်နေခဲ့ပါတယ်။



အီတလီနိုင်ငံသား နက္ခတ္တဗေဒပညာရှင်လည်း ဖြစ်၊ မြေငလျင်ပညာရှင်လည်း ဖြစ်တဲ့ ရာဖေးလ်ဘင်ဒန်ဒီကို ၁၈၉၃ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ နေလ၊ နက္ခတ်တာရာတွေနဲ့ ကမ္ဘာမြေပြင်မှာ ဖြစ်ပွားတဲ့ ငလျင်တွေအကြားမှာ ဆက်နွယ်မှု ရှိတယ်လို့ အခိုင်အမာ ယုံကြည်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ လေ့လာတွေ့ရှိချက်တွေ၊ ဟောကိန်းတွေကိုတော့ သိပ္ပံပညာရှင် အသိုင်းအဝိုင်းက လက်မခံနိုင်ခဲ့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဘင်ဒန်ဒီဟာ ဆရာ မပါဘဲ ကိုယ်တိုင် ကြိုးစား အားထုတ်မှုနဲ့ ပညာတွေ သင်ယူခဲ့သူ ဖြစ်သလို သူ့ရဲ့ သီအိုရီတွေကိုလည်း သိပ္ပံနည်းကျကျ ရှင်းလင်း ဖော်ထုတ် တင်ပြခဲ့ တာမျိုး မရှိခဲ့လို့ပါပဲ။

ရာဖေးလ်ဘင်ဒန်ဒီရဲ့ အံ့မခန်း ဟောကိန်းများ

ဘင်ဒန်ဒီဟာ ၁၉၁၅ ၊ ဇန်နဝါရီ၊ ၁၃ ရက်နေ့က အီတလီနိုင်ငံ၊ အက်ဗဇာနိုဒေသမှာ ရစ်ချတ်တာစကေး ၇ ဒသမနဲ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်၊ ၁၉၇၆၊ မေ၊ ၆ ရက်နေ့က အီတလီနိုင်ငံ၊ ဖရိုလီဒေသမှာ အင်အား ၆.၄ နဲ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေကို ရက်အနည်းငယ် ခြားပေမဲ့ ဒေသမလွဲဘဲ ကြိုတင် ဟောကိန်းထုတ်နိုင်ခဲ့ပါတယ်။ အဲဒီငလျင်တွေကြောင့် အီတလီနိုင်ငံသား သောင်းနဲ့ချီပြီး ကိစ္စတုံးခဲ့ရပါတယ်။ ဘင်ဒန်ဒီရဲ့ ဟောကိန်းတွေက ဘယ်ရက်၊ ဘယ်နေရာဘယ်ဒေသမှာ ဖြစ်ပွားမယ်ဆိုတာ အတိအကျ နီးပါး ဖော်ထုတ် ဟောပြောနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ၁၉၃၃ ၊ ဇန်နဝါရီ၊ ၂ ရက်နေ့မှာ အက်ဒီရက်တစ်ပင်လယ်ကမ်းရိုးတန်းက မာကေးဒေသမှာ ငလျင်ကြီး လှုပ်ခတ်မယ် ဆိုတာကို ၁၉၂၃ တည်းက ကြိုတင် ဟောကိန်း ထုတ်နိုင်ခဲ့ပါတယ်။ ဟောကိန်းနဲ့ နှစ်ရက်တည်း လွဲချော်ခဲ့ပေမဲ့ ဖြစ်မယ့် ဒေသကို ကွက်တိ ဟောချက် ထုတ်နိုင်ခဲ့တာမို့ အဲဒီခေတ်က နာမည်ကျော် အီတလီသတင်းစာတစ်စောင်က ငလျင်တွေရဲ့ ဖန်ဆင်းရှင်အဖြစ် ချီးမွမ်းထောပနာ ပြုခဲ့ပါတယ်။ ဒါ့အပြင် အဲဒီခေတ်က အီတလီအဓိပတိကြီး မူဆိုလီနီကတောင် နာမည်ကျော်လာတဲ့ နက္ခတ်ပညာရှင် ဘင်ဒန်ဒီကို သူရဲကောင်းဆုတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။

ဒီလို အစဉ်အလာနဲ့ နာမည်ကြီးခဲ့တဲ့ ဘင်ဒန်ဒီရဲ့ ဟောချက်အရ လာမယ့် မေလ ၁၁ ရက်နေ့ကျရင် ရောမမြို့မှာ ငလျင်ကြီး လှုပ်တော့မယ် ဆိုလို့ မြို့သူမြို့သားတွေ ဆောက်တည်ရာမရ ဖြစ်နေတာ သိပ်တော့ အံ့သြစရာ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဘင်ဒန်ဒီ ကွယ်လွန်ပြီးနောက်မှာ သူ့ရဲ့ ရှေ့ဖြစ် ဟောကိန်းတွေဟာ မလိုတမာငနဲသားတွေရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အတွက် တစ်ချို့တစ်ဝက်သာ ကျန်ရစ် ခဲ့ပါတယ်။

ဒီထဲကမှ လက်ကျန် ဟောကိန်းတွေ အဖြစ် ၂ဝ၁၁-၂ဝ၁၂ မှာ ငလျင်ကြီးတွေ လှုပ်မယ်ဆိုတဲ့ အတိတ် တဘောင်လိုလိုတွေ ကျယ်လောင်နေခဲ့ပါတယ်။ ဘယ်ဒေသမှာ ဖြစ်မယ်ဆိုတာတော့ မပါပါဘူး။ ဒါပေမဲ့ အားလုံး မြင်သိပြီးတဲ့ အတိုင်းပါပဲ။ ၂ဝ၁၁ နှစ်ဦးမှာ တစ်ကမ္ဘာလုံး တုန်လှုပ်သွားရတဲ့ ဂျပန်ငလျင်ကို မြင်တွေ့ခဲ့ရပါတယ်။ လာမယ့် ၁၁ ရက်နေ့ ရောမငလျင်ကတော့ ဘင်ဒန်ဒီရဲ့ တကယ့် နူတ်ထွက် ဟောကိန်း စစ်စစ် ဖြစ်မလား၊ ကြားကနေ ဖန်တီးဖောင်းပွလာတဲ့ ပေါက်ကရဟောကိန်း ဖြစ်မလား ဆိုတာ စောင့်ကြည့်ဖို့ပဲ ကျန်ပါတော့တယ်။

ရောမမြို့ နည်းတူပဲ ထိုင်ဝမ်မှာလည်း မေလ ၁၁ ရက်နေ့မှာ အင်အားပြင်း ငလျင်နဲ့ ဧရာမဆူနာမီလှိုင်းတွေ ရိုက်ခတ်လိမ့်မယ် ဆိုတဲ့ ကောလာဟလတွေ အုံးအုံးကျွက်ကျွက် ထွက်ပေါ်နေတယ်လို့ သတင်းတွေမှာ ဖတ်ရှုရပါတယ်။ ရောမနဲ့ ထိုင်ဝမ်ကတော့ ဟောကိန်းတွေအောက်မှာ မျက်ခုံးတလှုပ်လှုပ်နဲ့ စားသတိ၊ သွားသတိ ဖြစ်နေမှာ မြင်ယောင် မိပါတယ်။ ဒီသတင်းနဲ့ အချက်အလက်တွေ အားလုံးကို အင်တာနက် ဆိုဒ်ပေါင်းများစွာကနေပဲ ဘာသာပြန်ဆို ဖော်ပြပေးထားပါတယ်။ ဟောကိန်း မှန်တာ မှားတာထက် ဟောဒီလောကကြီးမှာ ဟောသလို ပညာရပ်တွေ၊ ပညာရှင်တွေ ရှိခဲ့တယ်ဆိုတာ လူသူလေးပါး သိသွားအောင်လို့ပါ။

No comments:

Post a Comment