မေး။ အရှင်ဘုရား၊ လောက၌ အချို့သောသူတို့သည် ပစ္စည်းကောင်းရှိလျက် မသုံးဘဲ ပစ္စည်းညံ့ကိုသာ အကြောင်းအမျိုးမျိုးပြ၍ သုံးခြင်း၊ ဤသို့ ပစ္စည်းရှိလျက်နှင့် မသုံးစွဲခြင်းတို့ကို တွေ့နေရပါသည်။ အဘယ်ကြောင့် ဤသို့ ဖြစ်ရပါသနည်း။ ကံပိုင်းဆိုင်ရာနှင့် ဆက်စပ်မှု ရှိမရှိ ဖြေကြားပေးတော်မူပါဘုရား။
ဖြေ။ ပစ္စည်းကောင်းရှိလျက် အညံ့ကို သုံးသူ၊ ပစ္စည်းရှိလျက် မသုံးမစွဲ(တွန့်တို)သူ၊ နှမြောစေးနှဲသူတို့သည် အတိတ်ဘ၀က အလှူပေးခဲ့သော်လည်း အပရစေတနာ ပျောက်ကွယ်ခဲ့သူ(လှူပြီးသည့်နောက် မိမိလှူမိသည်ကို တွေး၍ နှမြောနေမိသူ)များ ဖြစ်ကြောင်း ဆိုပါသည်။ ယင်းသို့ စေတနာသုံးတန်ပျက်၍ မကောင်းကျိုးဖြစ်ရပုံကို မန်လည်ဆရာတော်က မဃဒေဝလင်္ကာ(ပိုဒ် ၂၈၅)တွင် ဤသို့ စပ်ဆိုခဲ့ပါသည်။
''ဒါနဟူသည်၊ ပြုအံ့ရည်သော်၊ မလည်မသုန်၊ သဒ္ဓါဟုန်ဖြင့်၊ မတုန်မလှုပ်၊ ထိန်းအုပ်မစ္ဆေ၊ မတွန့်စေနှင့် လှူထွေရှေ့ဖို့၊ ဉာဏ်မဲ့ချို့၍၊ တွန့်တိုတုံ့က၊ ပထမအရွယ်၊ နောင်ခါဝယ်၌၊ နွမ်းနယ်ချမ်းသာ၊ ဆိုးရုပ်ဝါနှင့်၊ မဟာကုသ၊ ပဉ္စပါပီ၊ မဟေသီသို့၊ ယက္ခီယက္ခ၊ တူတမျှဖြင့်၊ ရူပလက္ခဏာ၊ ပျက်တတ်စွာ၏။ နောက်မှာ တွန့်ငြား၊ သားသမီးမဲ့၊ ချို့တဲ့ယွင်းယို၊ ထန်းငုတ်တိုသို့၊ အိုခါဒုက္ခ၊ ရသည်ဆင်းရဲ၊ တိမ်းလွဲစည်းစိမ်၊ ဂုဏ်သိရ်နိမ့်ကျ၊ ဖြတ်တတ်ကြ၏။ ပဒုမဝတီ၊ ဒေဝီနေမြတ်၊ သန္ဓေနတ်နှင့်၊ ပညတ်မည်ထုတ်၊ အပုတ္တက၊ သူဋ္ဌေးစသည်၊ ထိုမျှဝတ္ထု၊ အစုစုကို၊ မျှော်ရှုနှိုင်းဆ၊ ထောက်အပ်စွရှင့်၊ မုဉ္စအခါ၊ တွန့်တိုပါသော်၊ အင်္ဂါချို့တဲ့၊ ဂုဏ်မဲ့မျိုးနွယ်၊ မတင့်တယ်ဘဲ၊ ငယ်၏တန်ခိုး၊ မပြည့်ဖြိုးသည်၊ နွမ်းညှိုးရော်ရ မည်ကိုကား''။
ယင်း၌ အပုတ္တက သူဋ္ဌေးဟူသည် ဘုရားရှင်လက်ထက်က သ၀တ္ထိပြည်တွင် ကုဋေပေါင်းများစွာ ချမ်းသာသော်လည်း မသုံးရက်၊ မစားရက်၊ ဆင်းဆင်းရဲရဲနေသွားရကား သားသမီးလည်း မရှိသဖြင့် သူသေ သော် ကုဋေပေါင်းများစွာသော ဥစ္စာဘဏ္ဍာတို့သည် မင်းဘဏ္ဍာဖြစ်သွားရသည်။ ထိုအပုတ္တက သူဋ္ဌေးသည် အပရစေတနာ ပျက်ကွက်ခဲ့၍ ဖြစ်ရကြောင်း ဘုရားဟော်တော်မူသည်။
No comments:
Post a Comment