အတွေးမှတ်စုလေးများ
- ကျေးဇူးပြုပြီး ကျွန်ုပ်တို့ အတွေးတွေကို ဘောင်ခတ်ဖို့ မကြိုးစားပါနဲ့။ သင့်ရဲ့အတွေးခြံစည်းရိုး တံခါးကိုလည်း အမြဲဖွင့်ထားပါ။
- ကောက်ရိုးပုံထဲမှာ လ သာ၊ ဝါးလုံးခေါင်းထဲ လ သာ၊ နွားခြေရာခွက်ကို သမုဒ္ဒရာထင် ကူးခက် မနေပါနဲ့ ပြတင်းပေါက်ကိုဖွင့်ပြီး အဝေးဆုံးထိ လှမ်းကြည့်ပါ။
- အမြင်မကျဉ်းတာ မကောင်းပါဘူး၊ တခြားသူတွေရဲ့ အကြံဥာဏ်တွေကိုလည်း အသိအမှတ်ပြု လေးလေးစားစား လက်ခံနားထောင်တတ်ဖို့လိုပါတယ်။
- မြင့်မြင့်တက်လို့ ဝေးဝေးကိုမြင်ရတာ မှန်ပေမယ့်၊ အမြင့်ကြီးက ပြုတ်ကျရင် ပိုပြီး အကျ နာတယ်ဆိုတာကိုလည်း မမေ့နဲ့။
- ချောင်းထက် မြစ်က ပိုကျယ်တယ်၊ မြစ်ထက် ပင်လယ်က ပိုကျယ်တယ်၊ ပင်လယ်ထက် သမုဒ္ဒရာက ပိုကျယ်တယ်၊ သမုဒ္ဒရာထက် စကြဝဠာက ပိုကျယ်တယ်။ စင်္ကြဝဠာထဲမှာ လှေစီးလို့မရတော့ဘူး။ မွေးကတည်းက ဖက်တွယ်လာပေမယ့်လည်း အသုံးမလိုတော့လို့ ထားခဲ့သင့်ရင် ထားခဲ့ရမယ်။
- ကောင်းကင်ကိုမော့ကြည့်ပြီး မြင့်တယ်လိုထင်တဲ့ အရာအားလုံးဟာ သူထက် မြင့်တဲ့အရာတွေနဲ့တွေ့တဲ့အခါ အားလုံးက နိမ့်သွားကြလိမ့်မယ်။
- အချိန်တိုင်း၊ အချိန်တိုင်းမှာ ကိုယ့်ကိုယ်ကို လုံခြုံအောင် ကြိုးစားနေရတဲ့ ပက်ဝန်းကျင်မှာ နေရတာထက် စာရင် မွေးရပ်မြေမှာ နေရတာက ပိုပြီး ဘဝ အဓိပ္ပါယ်ရှိတယ်။
- သင်္ချိုင်းအုတ်ဂူကို ရွှေပဲချချ၊ ထုံးပဲသုတ်သုတ် အရောင်သာပြောင်းသွားမယ် အုတ်ဂူရဲ့သဘာဝက ပြောင်းမသွားဘူး။
- လွတ်တဲ့ငါးက ပိုကြီးတယ်လို့ လူတိုင်းက ထင်ကြတယ်။ အဲ့လိုထင်တိုင်းလည်း သောကရောက်ရတယ်။ တကယ်တော့ လွတ်သွားတဲ့ငါး ထက် ရလိုက်တဲ့ငါးကို အာယုံစိုက်သင့်တယ်။
- ကျေးဇူးမရှိအောင် ကြိုးစားပြီးနေ။ ကျေးဇူးတရားဆိုတာ တင်ပြီးရင် ပြန်ဆပ်လို့မကုန်တော့ဘူး။
- တစ်ခုခုအတွက် လူတွေက ပေးဆပ်မှုတွေ လုပ်ကြတယ်။ ပေးဆပ်သလောက် ပြန်ရဖို့လဲ မျှော်လင့်ကြတယ်။ ကိုယ့်အတွက် ပေးဆပ်သူတွေ များလာတိုင်း အရမ်းမပျော်နဲ့၊ မကြာခင်မှာ ကိုယ့်ဆီက သူတို့ မျှော်လင့်သလောက် ပြန်ပေးရလိမ့်မယ်၊ သူတို့ မျှော်လင့်သလောက် ပြန်တောင်းကြလိမ့်မယ်၊ သူတို့ မျှော်လင့်သလောက် ပြန်ယူသွားကြလိမ့်မယ်။
- ဘဝဆိုတာ ကံစမ်းမဲလိုပဲ။ ကံစမ်းမဲ တစ်မဲတည်းပါတယ်လိုတော့မထင်နဲ့၊ ပေါက်ဖို့မပေါက်ဖို့က ဖေါက်ပေးတဲ့လူပေါ်မှာ မူတည်တယ်။ ပေါက်မဲကတော့ နှိုက်ကြည့်မှ သိမယ်။
- နှလုံးသားဆိုတာ အိမ်လိုမျိုး တစ်ယောက်ဆင်း၊ တစ်ယောက်တက် လုပ်လို့မရဘူး။ သင်ကိုတိုင် ဖျက်စီးဖြိုချခဲ့တဲ့ အိမ်မှာ သင်ပြန်နေလို့မရဘူး။
- မိုးခြိမ်းတိုင်း မိုးမရွာဘူး။ ပြီးတော့ မိုးကြိုးဆိုတာ တစ်နေရာတည်းမှာ နှစ်ကြိမ်မပစ်ဘူး။
- ကိုယ်အထင်မကြီးတဲ့ မိန်းမတစ်ယောက်ကို လက်တွဲဖို့ ဆုံးဖြတ်ချိန်ဟာ ကိုယ့်ဘဝကိုကိုယ် အဆုံးစီရင်လိုက်ချိန်ပဲ။
- သည်းခံခြင်းဆိုတာ အတိုင်းအတာ တစ်ခုတော့ ရှိတယ်။ မိမိရဲ့ သည်းခံမှု အတိုင်းအတာ ကို ပိုများအောင်ကြိုးစားပါ။ သူတပါးရဲ့ သည်းခံမှုအတိုင်းအတာကိုလည်း သတိထားပါ။
- အလျှင်စလို ဆုံးဖြတ်ပါက နောင်တနဲ့ရင်ဆိုင်ရမည်။ အမှားဝန်မခံတတ်ခြင်း၊ ကိုယ်လုပ်တာ တာဝန်မယူခြင်းကြောင့် သူရဲပေါကြောင်မှုကြောင့် အထင်သေးခံရမည်။ စိတ်တိုလွယ်ပါက မိတ်ဆွေနည်းပါးမည်။
- အောင်မြင်သူဆိုတာ တိုက်ရိုက်ဗျူဟာရော သွယ်ဝိုက်ဗျူဟာ အတတ်ပညာပါ ပြည့်စုံသူ ဖြစ်သည်။
- ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုး ကိုယ်၌ မြဲပါစေ။
No comments:
Post a Comment