အတွေးမှတ်စုလေးများ(၁)
- သင်ဘာလုပ်နေသလဲဆိုတာ ကမ္ဘာကြီးကို ပြောပြပါ။
- အုတ်ခဲတစ်ခဲမှာ ရှိသင့်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသောအုတ်ခဲကို အုတ်ခဲပီသတဲ့ အုတ်ခဲ၊ တနည်းအားဖြင့် ဂုဏ်သိက္ခာရှိသော အုတ်ခဲ ဟု ဆိုနိုင်သည်။
ပျဉ်တစ်ချပ်မှာ ရှိသင့်သည့် အရည်အသွေးများနှင့် ပြည့်စုံသော ပျဉ်ချပ်သည် ဂုဏ်သိက္ခာရှိသော ပျဉ်ချပ်ပင်။
လူမှာဆိုလျှင်??။
ဂုဏ်သိက္ခာရှိသော လူဆိုသည်မှာ တည်ကြည်ခိုင်ခံ့သည့် ကိုယ်ပိုင်အရည်အသွေး တသမတ်တည်း ပေးနိုင်သူသာဖြစ်သည်။
- မိမိကိုယ်ကိုလေးစားသူမှန်သမျှ ထိပ်တန်းရောက်အောင်ကြိုးစားမည်ဟူသော စိတ်မျိုး ရှိကြသည်။
- လူငယ်ဘ၀မှာ အမှား၊ လူလတ်ဘဝမှာ စွန့်စားရုန်းကန်မှု၊ လူအိုဘဝမှာ နောင်တ။
- လူငယ်ဘဝတွင် ပြုပြင်စီမံခဲ့ရသမျှ အိုမင်းချိန်အတွက် ကောင်းကျိုး ဆိုးကျိုးသာ ဖြစ်ရချေသည်။
- အသက်(၄၀)အရွယ်သည် လူငယ်တစ်ဦး၏ အိုမင်းချိန်။ အသက်(၅၀)အရွယ်သည် လူအိုတစ်ဦး၏ နုပျိုချိန်ဖြစ်သည်။
- လူငယ်တို့၏အားသည် ပျိုရွယ်မှု၊ လူအိုတို့၏အားသည် ရင့်ကျက်မှု။
- အချို့သည် ဘဝတွင် ကြီးကျယ်ခမ်းနားစွာ မွေးဖွားလာကြသည်။ သို့သော် သူတို့၏ ကြီးကျယ်မှုကို မမက်မော မခုံမင်ကြချေ။ တကယ်ဆိုတော့ သူတို့သည် သူတို့ကိုယ်သူတို့ ရာဇဝင်တွင်အောင် လုပ်သွားသူများသာ ဖြစ်ကြသည်။
- သင့်မှာ မွေးသည်မှ သေသည်အထိ နေသွားရမည့် တိုတောင်းသော ဘဝလေးတစ်ခု ရှိသည်။ ထိုဘဝသည် အညံ့စား ပန်းချီဆရာ၏ ပန်းချီကားတစ်ချပ်လို မထင်မရှားလည်း ပျောက်ကွယ်သွားနိုင်၏။ ဒါဗင်ချီ၏ မိုနာလီဇာပန်းချီကား၊ ရိုဒင်၏ တွေးတောသူ ပန်းပုရုပ်များကဲ့သို့လည်း ကြီးကျယ်သွားနိုင်ပါ၏။
- နပိုလီယန်က မဖြစ်နိုင်ဆိုသားစကား ငါ့အဘိဓာန်တွင်မရှိ ဟု ဆိုခဲ့သည်။ လောက၌ မဖြစ်နိုင်သောအရာတွေလည်း ရှိမှာ မုချဖြစ်သည်။ သို့သော် ဖြစ်နိုင်ပါ့မလား ဟူသော အတွေးမျိုး ခေါင်းထဲ အဝင်မခံသော သူအတွက်မူ မဖြစ်နိုင်ဟူသောအရာတွေသည် အခြားသူများထက်တော့ နည်းပါးနေမည်မှာ သေချာသည်။
- လူဦးရေ ၅၄ သန်းရှိတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ D.Sc ဘွဲ့ရ ပညာတတ် တစ်ယောက်မှမရှိသေးဘူး။ လူတွေကျောင်းမနေရ၊ အလုပ်အကိုင်မရကြတော့ သူခိုး သူဝှက်ဖြစ်သူဖြစ်၊ လူဆိုးလူမိုက် ဖြစ်သူဖြစ်နဲ့ တိုင်းပြည်ကို နှောက်ယှက်ဖျက်ဆီးကြတယ်။ ကျွန်တော်တို့နိုင်ငံကြီးကို ဒီလိုနဲ့တော့ အပျက်မခံနိုင်ဘူး။ ကျွန်တော်တို့ ဘယ်သွားရမလဲ၊ ဘာလုပ်ရမလဲ၊၊ မဖြစ်မနေသွားမယ်၊ လုပ်ရမယ်၊ ကျနော်တို့ ကြိုးစားရမယ်။
- တိုက်ရမည်လား ဆုတ်ရမည်လား မကွဲပြားသည့်အခါတိုင်း ကျွန်ုပ် တိုက်ရန် ဆုံးဖြတ်မည်။
- ပစ်မည်ဆိုလျှင် အဆီကို နှမြောမနေနှင့်၊ စားမည်ဆိုလည်း သဲကြောက်မနေနှင့်။
- မပြတ်သားသောသူသည် ခေါင်းဆောင်မဖြစ်နိုင်။
- မနေ့ကငါထက် ဒီနေ့ငါက ပိုသာရမည်။
- လူအများစုတို့သည် မိမိတို့မှာရှိသည့် တီထွင်ကြံဆမှုစွမ်းရည်နှင့် အလုပ်လုပ်မှုစွမ်းရည်တို့၏ ဆယ်ပုံတစ်ပုံမျှကိုသာ အသုံးပြုနေကြသည်။ အကယ်၍ မိမိ စွမ်းအားရှိသမျှသာ ပြည့်ပြည့်ဝဝ အသုံးချမည်ဆိုက မိမိ၏ စွမ်းဆောင်မှုများအတွက် မိမိကိုယ်တိုင်ပင် အံ့အားသင့်ရလိမ့်မည်။
- အတော်ဆုံး လူများထံ အကြီးမားဆုံး ပြဿနာများ ရောက်ရှိလာစမြဲဖြစ်သည်။
- "အကယ်၍…..ခဲ့လျှင်” ဆိုတာမျိုးမတွေးနှင့်။
"အဲ့ဒါသာ ငါမလုပ်ခဲ့မိလျှင်”၊ "ဒီကိစ္စကြီးသာ ငါ့မှာမဖြစ်ခဲ့လျှင်”၊ ”ငါသာ……လို ကံကောင်းခဲ့လျှင်” စသည့် အကျိုးမရှိ၊ အကြောင်းမထူးသည့် အတွေးများဖြင့် အချိန်ကုန်မခံနှင့်။
"ဘယ်လို” လုပ်မလဲဆိုတာကိုပဲ စဉ်းစားပါ။
- အိပ်တယ်ဆိုတာ မူးရစ်ဆေးဝါး သုံးစွဲသလိုပဲ၊ များများအိပ်လေ ပိုပြီးအိပ်ချင်လေပဲ။ အိပ်တဲ့အတွက် အချိန်ကုန်တယ်၊ ခွန်အားယုတ်လျော့တယ်၊ အခွင့်အရေးတွေ ဆုံးရှုံးတယ်။
- စာမဖတ်သူ အကန်းနှင့်တူ၊ စာမဖတ်က လူ့ဗာလ။
- လူမျိုးတစ်မျိုး၏ အဆင့်အတန်းကို သိလိုလျှင် စာတတ်မတတ်ကိုကြည့်။
- စာအုပ်တွေနှင့် ပြည့်နေသောအိမ်သည် ပန်းပေါင်ဝေစာနေသော ဥယျာဉ်ကြီးနှင့် တူသည်။
- ပညာရေးဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို မရမနေ တည်ဆောက်ရမည်။
- စာဖတ်ခြင်းသာလျှင် ဘဝတိုးတက်ရေးအတွက် နည်းလမ်းကောင်းဖြစ်သည်။
- မိန်းမဟာ ဆေးလိပ်ထက် ကျုပ်တို့အတွက် သစ္စာရှိတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းမဟာ ဘယ်အခြေအနေရောက်ရောက် မိန်းမပါပဲ။ ဒါပေမယ့် ဆေးလိပ်ကတော့ နောက်ဆုံးမှာ အန္တရာယ်ဘဝသို့ ပြောင်းသွားတယ်။
- ပုခက်လွှဲသောလက်များသည် ကမ္ဘာကို စိုးပိုင်ထားနိုင်၏။
- မိန်းမများသည် ယောင်္ကျားတို့ထက် မှတ်ဥာဏ်ကောင်း၏။ အဘယ်ကြောင့်ဆိုသော် သူတို့်သည် နည်းနည်းသိ၍ များများနားလည်သောကြောင့် ဖြစ်၏။
- က္ကတ္ထိယ မိန်းမဓာတ်သည် ကျွန်ုပ်တို့အား ရှေ့သို့ တွန်းတင်ပေးနိုင်၏။
- ယောင်္ကျားမှာ အတွေး၊ မိန်းမမှာ အမြင်။
- လူတို့သည် တစ်ခါတစ်ရံ ကလေးများနှင့် တူကြသည်။ မည်မျှပညာတက်တက်၊ မည်မျှ အသက်ကြီးကြီး ကလေးအတွေးမျိုး တွေးကြသည်။ ကလေးသည် မိမိလက်က ကစားစရာကို ကောင်းသည်မထင်။ အခြားကလေးလက်က ကစားစရာကိုမှ အကောင်းထင်သည်။ လိုချင်သည်။ မိမိလက်ငင်းရယူနိုင်သော အရာကို အကောင်းမမြင်။ အဆိုးများ၊ အပျက်များ၊ ချွတ်ယွင်းချက်များကိုသာ မြင်ကြ၏။ သူတပါး၏ အနေအထားကို အကောင်းတွေချည်း၊ အနှစ်သာရတွေချည်းဟု မြင်ကြ၏။
- တစ်ဦးတစ်ယောက်အတွက် မရည်ရွယ်ဘဲ ပြုလုပ်သောအလုပ်သည် လူသားအားလုံးအတွက် မြင့်မြတ်သော အလှူဒါန မျိုးပင်ဖြစ်သည်။
- ကမ္ဘာကြီးတစ်ခုလုံး ရေတွေ ပြည့်နေသော်လည်း သောက်သုံးရန် ရေတစ်ပေါက်က ရှားလွန်းလှသည်။
No comments:
Post a Comment