Saturday, August 16, 2014

ဂရုဏာရှင်ဆရာမ နှင့် လုံလရှင်တပည့်မလေး



လူ့လောက၌ သက်ရှင်ရပ်တည်ရန်ပင် မဖြစ်နိုင်လောက်အောင် နွမ်းပါးနိမ့်ကျလှသည့် နှစ်ထပ်ကွမ်း ဒုက္ခိတဘ၀မှ တစ်ကမ္ဘာလုံး လေးစားရ အံ့သြချီးမွမ်းရသည့် ဧရာမ ပုဂ္ဂိုလ်ထူးဘ၀သို့ တက်လှမ်းနိုင်ခဲ့သော အမျိုးသမီးကြီး တစ်ယောက်ရှိသည်။

သူ့အမည်က ဟယ်လင်ကဲလား (Helen Keller) ဖြစ်သည်။

သူမကို အမေရိကန်ပြည်ထောင်စု အယ်ဘားမား ပြည်နယ် တပ်စ် ကမ်ဘီယာမြို့ကလေးတွင် ၁၈၈၀ ခုနှစ်က မွေးသည်။ အသက် တနှစ်ခွဲခန့်တွင် ဦးနှောက်အာရုံကြောများ ထိခိုက်သည့် အဖျားရောဂါတခုကြောင့် အမြင်အာရုံရော အကြားအာရုံပါ လုံးဝပျောက်ကွယ်သွားခဲ့သည်။

နားမကြား၍ ဆွံ့အ ရသူသည် Lip reading ခေါ် နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ဖတ်သောနည်းဖြင့် သူတပါးစကား ကို နားလည်နိုင်၏။ ဆရာ၏ အာလျှာနှုတ်ခမ်းလှုပ်ရှားမှုများကို ကြည့်ကာ စကားပြောတတ်အောင် သင်ယူနိုင်၏။ မျက်စိမမြင်သူသည်လည်း အကြားအာရုံဖြင့် လောကကို ခံစားနားလည်နိုင်၏။ စကားအလွယ် တကူတတ်၏။ လက်ဖြင့် စမ်းသပ်ဖတ်ရှုရသည့် မျက်မမြင် စာဖတ်နည်း (Braille System)ကို သင်ယူကာ စာရေးစာဖတ်နိုင်၏။

မျက်စိလည်းမမြင် နားလည်းမကြားသူအားမူ စာသင်ပေးရန် (၀ါ) လောကကြီးကို အဓိပ္ပါယ်ဖွင့်ပေးရန် လုံးဝ မဖြစ်နိုင်သလောက် ခက်ခဲလေသည်။

ဟယ်လင်ကဲလားတယောက် အကြားနှင့် အမြင်အာရုံများကို ဆုံးရှုံးလိုက်ရပြီးနောက် သူမ၏ အသိဉာဏ်ဖွံ့ထွားမှုလည်း ရပ်ဆိုင်းသွားသဖြင့် သူမ၏အိမ်ကို လာလည်ကြသူများက သူမအား ကျပ်မပြည့်သူဟု ထင်မြင်ယူဆကြသည်။ ထို့ကြောင့် ထိုစဉ်က သူမ၏အခြေအနေကို သူမက ဤသို့ရေးသည်။

“မပီကလာ စကားလေး တစ်ခွန်းနှစ်ခွန်း တဖြည်းဖြည်း ဆွံ့ရှားပျောက်ကွယ်ပြီး သိစိတ်အာရုံကလည်း အမှောင်ထုနှင့် တိတ်ဆိတ်မှုကြီးထဲတွင် နှောင်တည်းခံလိုက်ရသည်။ အသက်အလျောက် ကြီးထွားလာနေသည့် ကျွန်မ၏ ခန္ဓာကိုယ်သည် သတ္တ၀ါ၏ အလိုအလျောက် တုံ့ပြန်မှုယန္တရားများဖြင့်သာ အဓိက ထိန်းချုပ်အုပ်စိုးထားသကဲ့သို့ ရှိနေရာ အခြားသူများ၏ အထင်အမြင်ကိုလည်း အပြစ်မဆိုသာပါချေ။

ကျွန်မ၏ သိစိတ်အာရုံကို တစ်ဖန်ပြန်၍ လွတ်လပ်ခွင့်ပေးခဲ့သောအရာသည် ကံကြမ္မာမဟုတ်။ ပါရမီထူးလှသည့် မွေးရာပါ ဆရာမတစ်ဦးဖြစ်သည် အင်နီဆာလီဗန်သာဖြစ်သည်။

အင်နီကား ကျွန်မဖတ်ဖူးသည့် စာအုပ်အချို့တွင် ပါတတ်သည့် ဆရာမကြီးမျိုးမဟုတ်။ သွက်လက်ထက်မြက် သော အမျိုးသမီးငယ်တစ်ယောက်သာ ဖြစ်ပြီး၊ သူမ၏ စိတ်အာရုံကမူ ကျွန်မတည်းဟူသော မျက်မမြင် နားမကြား သတ္တ၀ါမလေးအား သာမန်လူအများနည်းတူ ဘ၀ကို ပြည့်ပြည့်၀၀ ခံစားခွင့်ရသူတစ်ယောက် ဖြစ်လာအောင် မည်သို့ ပုံသွင်းဖန်တီးလိုက်မည်ဟူသော စိတ်ကူးရည်မှန်းချက်များဖြင့် အမြဲ လှုပ်ရှားတက်ကြွ လျက်ရှိသည်။

အလွန်မြင့်မြတ်သော စိတ်စေတနာဖြင့် ရောက်ရှိလာခဲ့သူ အင်နီအဖို့ ရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာက ကြီးလွန်းလှသည်။ ဘာအနက်အဓိပ္ပါယ်မှ ကျွန်မ ဖော်မရနိုင်သည့် စကားလုံးများကို ကြေးနန်းရိုက်သလို ပုံစံမျိုးဖြင့် ကျွန်မလက်ကလေးထဲသို့ အကြိမ်ကြိမ် အထပ်ထပ် စားလုံးပေါင်းပြီး ထည့်ပေးသည်ကို ကျွန်မ အမှတ်ရမိပါသည်။

အစပိုင်းမှာ သူကြိုးစားသမျှအတွက် ဘာရလဒ်မျှ မမြင်ခဲ့ရ။ သူ ကျွန်မကို စာသင်ပေးနေတာပဲဟူ၍ လုံးဝ သဘောမပေါက်နိုင်ခဲ့။ သို့သော် သူမရောက်ပြီး တစ်လခန့်အကြာ မှတ်မှတ်ရရ ၁၈၈၇ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာတော့ ကျွန်မ၏ သိစိတ်အတွင်းသို့ “ရေ” ဟူသော စကားလုံးဖြင့် ဆရာမ စတင် ထိုးဖောက် ၀င် ရောက်နိုင်ခဲ့သည်။

ထိုနေ့က ရေဘုံဘိုင်မှာ ကျွန်မ မတ်ခွက် တစ်ခုဖြင့် ရေခံရသည်။ အင်နီက ရေကျအောင် မောင်းတံကို ဆွဲသည်။ ခွက်ကိုင်ထားသော လက်ပေါ် ရေတွေ ဒလဟော စီးကျလာနေစဉ် ကျွန်မ၏ အခြားလက် တစ်ဖက်ထဲသို့ သူက “ရေ” (W.A.T.E.R)....ဟူသော စကားလုံးကို အကြိမ်ကြိမ် စာလုံးပေါင်းပြီး ထည့်ပေး သည်။

ရုတ်တရက် ကျွန်မ သဘောပေါက်သွားသည်။ ၀မ်းသာလှိုက်လှဲစိတ်ဖြင့် အင်နီ့လက်ကို ကျွန်မ တအား ဖမ်းဆုပ်ထားလိုက်မိသည်။ နေမကောင်းဖြစ်ပြီးသည့်နောက်ပိုင်းတွင် ကျွန်မအဖို့ ပထမဆုံးအကြိမ်အဖြစ် တကယ် ၀မ်းသာကြည်နူးရခြင်းဖြစ်သည်။ သည့်နောက်တွင်တော့ ကျွန်မ ထိမိကိုင်မိသည့် အရာမှန်သမျှကို စကားလုံးလေးများဖြင့် အဓိပ္ပါယ် ဖော်ပေးရန်သာ ကျွန်မ ဆက်၍ဆက်၍ တောင်းခံနေမိတော့သည်။

အင်နီ့လက်ကလည်း အမြဲအဆင်သင့်။ အင်နီ၏ လက်မှသည် ကျွန်မလက်ဆီသို့.....အဓိပ္ပါယ်ကြယ်ပွင့်လေးတွေ လင်းပြက် ၀င်ရောက်ခဲ့သည်။ သူနှင့် ကျွန်မအကြား ချစ်ခင်မြတ်နိုးမှုတစ်ရပ် အံ့သြဖွယ် လျှင်မြန်စွာ ပေါက်ဖွားခဲ့သည်။

ရေဘုံဘိုင်မှ အိမ်သို့ အပြန်လမ်းတွင် ကျွန်မတို့ နှစ်ယောက်လုံး ၀မ်းသာပီတိတွေဖုံးကာ “ဟယ်လင်”....“ဆရာမ” ဟူ၍ တစ်ယောက်ကို တစ်ယောက် ထပ်တလဲလဲ အပြန်အလှန် ခေါ်ဝေါ်နေမိကြတော့သည်။

ထိုအချိန်က စတင်သိကျွမ်းခွင့် ရလိုက်သည့် စကားလုံးကလေးများသည် ပထမဆုံး နေခြည်က ဆောင်းတွင်း ဆီးနှင်းများကို အရည်ဖျော်ချလိုက်သည့်ပမာ ကျွန်မ“ မသိခြင်း အမှောင်ထုကို ထိုးခွဲဖျော်ချခဲ့သည်။ ရုပ်ဝတ္ထုပစ္စည်း အမည်နာမများကို သင်ကြားပြီးသည့်နောက် နာမ၀ိသေသနများ၊ ထို့နောက် ကြိယာများကို သိလာရသည်။ အမှောင်ထု လွင့်ပြယ်နှုန်းက ပို၍ လျှင်မြန်လာသည်။ ကျွန်မ ထိတွေ့ရသမျှ အရာအားလုံးပင် ပြောင်းလဲသွားသည်။ ဆရာမ၏ တီထွင် ဖန်တီးတတ်သော လက်များအောက်တွင် ရေ-လေ-မြေတို့ ပို၍ အသက်ဝင် ရှင်သန်လာကြသည်။ လူ့ဘ၀၏ အဓိပ္ပါယ် အနှစ်သာရတွေ ကျွန်မအပေါ် ဒလဟော သွန်ဖြာကျလာသည်။”

Credit - Original Author

No comments:

Post a Comment