Monday, October 20, 2014

အရေးရောက်တော့ဘူးသီးခြောက်ကိုမေ့


ဟိုးရှေးတုန်းက ချင်းတွင်းမြစ်အညာမှာ ကျောက်မော်ရွာ
ဆိုတာရှိတယ်။ အဲဒီရွာကမောင်ပိန်ဆိုသူဟာ အချိန်တန်
တော့ တစ်ရွာတည်းနေမလိန်ဆိုသူနဲ့ အိမ်ထောင်ကျသ
တဲ့။
အိမ်ယာတည်ထောင်လူ့ဘောင်ရောက်တဲ့အခါ စားဝတ်
နေရေးအတွက် အသက်မွေးဝမ်းကျောင်းဖို့မောင်ပိန်
ဟာ ဆီရောင်းထွက်တယ်။ ရွာပတ်လည်ဆီရောင်းထွက်
ပေမယ့် ရိုးလွန်းအလွန်းတဲ့ မောင်ပိန်ဟာဆီမရောင်းရ
ဘဲ အိမ်ပြန်လာခဲ့ရတာများတယ်။ တစ်ခါတစ်လေဆီ
ရောင်းရရင်လည်း မောင်ပိန်ဟာ ရိုး အ အားနာတတ်
တာမို့ အမြတ်ငွေမကျန်တဲ့အပြင် အရင်းတောင်ရှုံး
တတ်သတဲ့။
အဲဒီအခါအိမ်သူသက်ထားဇနီးမယား မလိမ်က သြော်
ကိုပိန်နှယ် ရပ်ရွာလှည့်ပြီး ဆီရောင်းတာပဲ သူတော်
ကောင်းကြီးလုပ်ပြီး မဟုတ်တာတစ်လုံး မပြောချင်
တွင်တွင်လည်းမရောင်းရ၊ လောကဆိုတာ လီဆယ်
နိုင်မှ တော်ခါရှိတာ။ အခုတော့ ကိုပိန်ဆီရောင်းသွား
တာက အေးလိုက်တဲ့ဘ၀ အ လိုက်တဲ့အကောင်၊
တော်ဒီလောက်တောင်ငရဲရှောင်ချင်ရင် သင်္ကန်းဝတ်
ပြီးနေပါလားလို့ မြည်တွန်ကြိမ်းမောင်းသတဲ့။
မောင်ပိန်လည်း ဒီတစ်ခါ ကောင်းကောင်းရောင်းပြ
လိုက်ဦးမယ် မယ်လိန်က ငါ့ကိုများ အလိုက်တဲ့
အကောင်တဲ့။ ဒီတစ်ခါသိစေရမယ်လို့ ကြုံးဝါးပြီး
အောက်ပြည်အောက်ရွာကိုဆီရောင်းသွားတယ်။
မောင်ပိန်ဟာ အောက်ပြည်အောက်ရွာမှာဆီတွေ
ကို လိမ်ညာလို့တစ်မျိုး ရောနှောလို့တစ်ဖုံနည်း
မျိုးစုံသုံးပြီး ရောင်းတဲ့အခါ နှစ်ရက်သုံးရက်အတွင်း
မှာပဲ ငွေလေးငါးရာမြတ်သတဲ့။
အဲဒီအမြတ်ငွေ ငါးရာကိုကျစ်ကျစ်ပါအောင်ထုပ်ပြီး
မောင်ပိန်ဟာ ကျောက်မော်ရွာကို ၀မ်းသာအားရ
ပြန်လာခဲ့တယ်။ ဒါပေမယ့်အပြန်လမ်းမှာ ချင်းတွင်း
မြစ်ကို လှေနဲ့ဖြတ်အကူး လှေလူးပြီးလှေမှောက်
တာကြောင့် ရေနစ်ပြီး မသေရုံတမယ်ပဲရှိတယ်။
ပါလာတဲ့ငွေထုတ်ဟာချင်းတွင်းမြစ်ထဲကို စုန်းစုန်း
မြှုပ်သွားတာမို့ ပြန်ရှာလို့မရတော့ဘူးတဲ့။ ဒီလိုနဲ့
အိမ်ပြန်လာခဲ့ရတဲ့ မောင်ပိန်ဟာ အိမ်ရောက်တဲ့
အခါမှာ မလိန်ရဲ့အဆူအဆဲကိုခံရပါတော့တယ်။
အဲဒီအခါမောင်ပိန်က အေးမင်းကတော့ အိမ်မှာ
ထိုင်နေပြီး ငါ့ကိုဆူဆဲတယ်။ ငါ့မှာတော့မင်းအဆဲ
သန်လို့ ငရဲပဲကျန်တော့တယ်ဗျလို့ ညည်းညူလိုက်
သတဲ့။
အဲဒီလိုဆီရောင်းတာအဆင်မပြေတဲ့ မောင်ပိန်ဟာ
တခြားအလုပ်တစ်ခုလုပ်ဖို့ ရှာဖွေတဲ့အခါ မြစ်ရိုး
က လှေထိုးသားတွေအဆွယ်ကောင်းတာနဲ့လှေ
ကြီးတစ်စင်းဝယ်ပြီး လှေသူကြီးလုပ်ဖို့ပြင်ပြန်ပါ
တယ်။ လှေသူကြီးလုပ်ပေမယ့်မောင်ပိန်ဟာရေ
မကူးတတ်တာမို့ အကျဉ်းအကျပ်ဖြစ်လို့ လှေ
ပျက်ရင် အသက်အန္တရာယ်ကို ကာကွယ်ဖို့
ဘူးသီးခြောက်ကြီးတစ်လုံးရှာရသတဲ့။
ရှေးတုန်းကတော့ ယခုခေတ်လို လှေနစ်ရင်
အသက်ကယ်အင်္ကျီဆိုတာလည်းမရှိ။ အသက်
ကယ်လှေ၊ အသက်ကယ်ဘောကွင်းဆိုတာ
ကြားတောင်ကြားဖူးတာမဟုတ်သေးဘူး။
ဒီတော့ ဘူးသီးကြီးတစ်လုံးကိုသွေ့ခြောက်
အောင် နေပူလှမ်းပြီးရင်အထဲကအဆာတွေ
အစေ့တွေထုတ်ထွင်ကာ ကြိုးတစ်ချောင်းနဲ့
ရစ်ပတ်ချည်ငင်ပြီး ပဲ့စင်မှာချိတ်ထားရပါ
တယ်။ တကယ်လို့လှေနစ်ပြီဆိုရင်ဒီဘူးသီး
ခြောက်ကြီးကိုဖက်တွယ်ပြီး ရေမနစ်အောင်
ကာကွယ်တာပေါ့။
ဒီလိုနဲ့မောင်ပိန်ဟာ ဘူးသီးခြောက်ကြီးအား
ကိုးနဲ့ ချင်းတွင်းမြစ်တစ်ရိုးမှာ စုန်ချည်ဆန်
ချည်လှေသူကြီးလုပ်ပြီး ကူးသန်းရောင်းဝယ်
လိုက်တာ အတော်အတန်ချမ်းသာကြွယ်ဝ
လာသတဲ့။ ဒီအခါစုမိဆောင်းမိသမျှ ရွှေတို
ရွှေစကလေးတွေကို လှေကြီးအတွင်းလုံခြုံ
တဲ့နေရာတစ်နေရာမှာသေတ္တာငယ်တစ်ခုနဲ့
ထည့်ပြီးဝှက်ထားလိုက်တယ်။ လှေသူကြီး
ဦးပိန်ဟာ ချင်းတွင်းမြစ်ရိုးတစ်လျှောက်
လှေလှော်နေစဉ်ကာလတွေမှာ သူ့ဘူးသီး
ခြောက်ကြီးကိုပဲ ယုယုယယ တသသနဲ့
လုပ်နေတတ်ပါတယ်။ သူခမျာလှေသူကြီး
ဖြစ်ပေမယ့် ရေမကူးတတ်ဘူးဆိုတော့
လည်း အရေးရောက်ရင် ဘူးသီးခြောက်
ကြီးသာအားကိုးရမှာကိုး။
ဒီလိုနဲ့လှေသူကြီးဦးပိန်ဟာ ချင်းတွင်းမြစ်ရိုးမှာ
စုန်ချည်ဆန်ချည် ကူးသန်းနေရင်း တစ်နေ့
တော့ မြစ်လယ်မှာ မုန်းတိုင်းနဲ့တိုးသတဲ့။
မုန်တိုင်းက အလွန်ကြမ်းလွန်းတာမို့ရွက်တိုင်
တွေလည်းကျိုး ပဲ့စင်ကိုလည်းထိန်းမရဖြစ်လာ
ပါတယ်။ ဒီအတိုင်းဆိုမကြာခင်မှာလှေနစ်
တော့မှာကို ရိပ်မိတဲ့ ဦးပိန်ဟာ ပဲ့စင်မှာချိတ်
ထားတဲ့အသက်သခင်ဘူးသီးခြောက်ကြီးကို
သတိမရတော့ဘူး။
သူသတိရလိုက်မိတာက လှေကြီးထဲမှာဝှက်
ထားတဲ့ ရွှေသေတ္တာပဲတဲ့။ အဲဒါနဲ့လှေသူကြီး
ဦးပိန်ဟာ လောဘဇောတွေဝင်လာပြီးလှေ
မနစ်ခင် ရွှေသေတ္တာကို ပြေးဝင်ယူနေတုန်း
ဖြုန်းခနဲလှေမှောက်သွားတာမို့ရေအောင်
ရောက်ပြီး အသက်ဆုံးရှုံးရသတဲ့။
ဒီအဖြစ်အပျက်ကလေးဟာ ပုံပြင်တစ်ပုဒ်
အနေနဲ့ဖတ်ရင်ပြုံးချင်စရာဖြစ်ပေမယ့်သင်ခန်း
စာယူစရာအနေနဲ့တွေးတောမိရင်တော့ရင်မော
စရာလည်းဖြစ်နိုင်ပါတယ်။ တကယ်တော့ပုံပြင်
ထဲက ဘ၀နဲ့ ဘ၀ထဲကပုံပြင်တွေဟာ အပြင်မှာ
တော့အတူတူပါပဲ။
သဒ္ဓါနဲ့တဏှာဆိုတာ လူ့ဘ၀အရင်းအမြစ်တွေ
ကို ဆွဲလုနေတဲ့ အင်အားနှစ်ခုပါ။ တွယ်တာ
တပ်မက်မှုဆိုတဲ့တဏှာလောဘဆွဲအားက
ပြင်းပြလာတဲ့အခါ လူ့ဘ၀ရဲ့တဒင်္ဂခဏအငှါး
တွေကို ထာဝရအပိုင်လို့ထင်နေတတ်ပြီးအပိုင်
တွေကိုလည်း အငှါးလို့ထင်ကာ အမြင်တွေ
မှားနေတတ်ပါတယ်။ ယုံကြည်သိမြင်မှုသဒ္ဓါ
ပညာဆွဲအားက အားကောင်းပါမှ အပိုင်နဲ့
အငှါးကို ခွဲခြားသိမြင်ပြီး အငှါးကိုအပိုင်နဲ့ရ
အောင်လဲယူတတ်ပါတယ်။
တကယ်တော့ လူ့ဘ၀ရပိုင်ခွင့်တွေထဲမှာ
ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာ၊ ဆွေညာမိဘ
ဘ၀ခန္ဓာအဖြာဖြာတွေဟာ တဒင်္ဂ၊ ခဏဆိုင်
ခွင့်သာရပြီး ပိုင်ခွင့်မရတဲ့အငှါးတွေပါ။ ဒါန
သီလ၊ ဘာဝနာကိုသိုလ်ကောင်းမှုတွေသာ
ကိုယ်နဲ့ထာဝရသက်ဆိုင်တဲ့ တကယ့်အပိုင်
ပစ္စည်းတွေပါ။
တဏှာက အငှါးတွေကို အပိုင်ထင်ပြီးဆွဲလု
ပေမယ့် ရလာတဲ့အခါကျတော့ လောက်ကျွမ်း
ပြစ်တာမို့ အပူကလွဲလို့ ဘာမျှမကျန်ရစ်တော့
ပါ။ သဒ္ဓါက အပိုင်နဲ့အငှါးကို ခွဲခြားပြီးအငှါး
တွေကို အပိုင်အဖြစ်ပြောင်းလဲရယူတတ်တာ
မို့ အပူငြိမ်းအကြောက်ပြေကာထာဝရစိတ်
အေးရပါတယ်။
ဒါပေမယ့်လူအများဟာ သဒ္ဓါဆွဲအားလေး
ကောင်းနေတုန်းသာ လောကမှာ ဘုရား၊
တရား၊ သံဃာရတနာသုံးပါးကလွဲလို့ကိုး
ကွယ်ရာမရှိဘူး။ သေရင်ကိုယ့်နောက်ကို
ဒါန၊ သီလ၊ ဘာဝနာကုသိုလ်ကောင်းမှု
တွေကသာ လိုက်ပါနိုင်တာ။ ဘ၀သံသရာ
မှာ တရားမှတစ်ပါး တခြားဘာမှအားကိုး
စရာမရှိပါဘူးလို့နှလုံးသွင်းနိုင်ကြပေမယ့်
တဏှာလောဘက၀င်နှောက်လာပြီဆိုရင်
ဘာတရားမှကိုသတိမရနိုင်တော့ဘဲလှေ
သူကြီးဦးပိန်လှေပျက်တဲ့အခါ ရွှေမက်တာ
နဲ့ရေနစ်ပြီး ပျက်စီးရသလို လောကီအာရုံ
ကာမဂုဏ်တွေကိုပဲ ဖက်တွယ်ပြီးပျက်စီး
တတ်ကြတာပါ။
ဒါကြောင့်ဒီဓမ္မပုံပြင်ကလေးနဲ့ ၁။ လူ့ဘဝ
ရဲ့အပိုင်နဲ့အငှါးကို ခွဲခြားသိမြင်ဖို့လိုအပ်
ကြောင်း၊ ၂။ သဒ္ဓါတဏှာ ဆွဲအားနှစ်ခုမှာ
တဏှာဆွဲအားနောက်ကိုလိုက်ရင် ပူလောင်
ရတတ်ပြီး သဒ္ဓါဆွဲအားနောက်ကိုလိုက်ပါ
နိုင်မှ စိတ်အေးရကြောင်းနဲ့၊ ၃။ တဏှာ
ဆွဲအားနောက်ပါသွားရင် ကုသိုလ်ကောင်းမှု
တွေကို မေ့လျော့ပြီးအပါယ်လေးပါးမှာနစ်
မြှုပ်ပျက်စီးရတယ်ဆိုတဲ့အကြောင်းတို့ကို
ပြောပြလိုတာပါ။
တော်ဝင်နွယ်
အပ္ပမာဒဓမ္မပုံပြင်များ

No comments:

Post a Comment