Wednesday, October 22, 2014

ရောင်တော်ပြန်လား

စူပါပါဝါအင်အားကြီး အမေရိကန်ပြည်ထောင်စုကို အသေခံတိုက်ခိုက်ခဲ့သည့် အယ်လ်ကိုင်ဒါအဖွဲ့က မြန်မာကို ဂျီဟတ်ပစ်မှတ်အဖြစ် ကြေညာပြီး နှစ်လအတွင်း အကြမ်းဖက်သမား ၃၁ ဦးနှင့် ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည်။
ထို့အတူ တစ်ကမ္ဘာလုံး၏ ဘုံရန်သူဖြစ်လာသော အစ္စလာမ်မစ်နိုင်ငံအဖွဲ့ (IS)သို့ ပူးပေါင်းသွားသော နိုင်ငံခြားသား အကြမ်းဖက်တိုက်ခိုက်ရေးသမား ၇၈၁ ဦးအနက် မြန်မာနိုင်ငံက ၇၀ ကျော် ပါဝင်ကြောင်း နိုင်ငံတကာသတင်းအချို့က ဖော်ပြလာသည်။
ကမ္ဘာတစ်ဝန်း အစွန်းရောက်အယူရှိသည့် ပညာတတ်၊ သူဌေးသူကြွယ်များအပါအဝင် လူထုလူတန်းစားမျိုးစုံကို စည်းရုံးသိမ်းသွင်း၍ ကမ္ဘာ့တပ်ပေါင်းစု အကြမ်းဖက်အဖွဲ့ ဖြစ်လာနေပြီး ခေတ်မီလက်နက်များနှင့် နည်းပညာပါ အစစအရာရာ သာလွန်နေသော အိုင်အက်စ်၊ အယ်လ်ကိုင်ဒါတို့၏ရန်ကို ဖြိုခွဲဖို့ခက်ခဲလွန်းကြောင်း သမ္မတအိုဘားမားပင်လျှင် ကမ္ဘာသို့ ဝန်ခံပြောကြားခဲ့ရသည်။
မြန်မာနိုင်ငံကကော အယ်လ်ကိုင်ဒါနှင့် အိုင်အက်စ်တို့၏ရန်ကို ကာကွယ်ဖို့ အသင့်ရှိနေပါပြီလား။
သမ္မတဦးသိန်းစိန် လက်ထက်တွင် တစ်ကျော့ပြန် ခေါင်းထောင်လာသော ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ၏ အကျိုးဆက်အဖြစ် မြန်မာသည် အယ်လ်ကိုင်ဒါ၏ ပစ်မှတ်ဖြစ်လာစေခဲ့သည်။
အကြမ်းဖက်ဆိုင်ရာ သတင်းများက ပြည်သူလူထုကို သံသယဖြင့် ပူပန်စေခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲကလည်း နီးကပ်လာပြီး နိုင်ငံရေးပြကွက်များ ပြောင်းနေချိန်တွင် ထိုကိစ္စကပေါ်လာခြင်းကြောင့်ဖြစ်သည်။
အယ်လ်ကိုင်ဒါ၏ရန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် အခွင့်အာဏာအရ တပ်ကဦးဆောင်ပြီး တိုက်ဖျက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်ကြောင့်လည်း လူထုအတွက် နောက်အာရုံတစ်ခုလားဟု ဝေဖန်မေးခွန်းထုတ်လာခြင်း ဖြစ်သည်။ အကြမ်းဖက်သမားများ ဖမ်းမိသည်ဟု အစိုးရက သတင်းထုတ်နေသော်လည်း ပြည်ပအကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်မှု ရှိ၊ မရှိကိုမူ ယနေ့အထိ သက်သေမပြနိုင်ခြင်းကလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။
‘‘အယ်လ်ကိုင်ဒါတို့၊ အိုင်အက်စ်တို့က ပြောပြီးရင် တကယ်လုပ်တဲ့ကောင်တွေပါ။ အစိုးရရော တပ်မတော်ကပါ ဒါကိုလှည့်ကွက်အဖြစ် သုံးလို့ကိုမရဘူး။ လိုအပ်ရင် တပ်အကူအညီလည်း ယူရမှာပဲ။ အဓိက,က ထောက်လှမ်းရေးတပ်ဖွဲ့မရှိတဲ့နောက်ပိုင်း သတင်းအချက်အလက်တွေရယူဖို့ အစိုးရက ကွန်ရက်တွေ အခုထက် ပိုပြီးချဲ့ထွင်ထားဖို့တော့ လိုနေပါပြီ။ နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီခြိမ်းခြောက်မှုဖြစ်ပြီးကတည်းက အစိုးရက ဘယ်လိုပဲ လုံခြုံရေးမစိုးရိမ်ဖို့ ပြောထားပြောထား လုံခြုံတယ်လို့ကို မခံစားရဘူး’’ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
‘‘အကြမ်းဖက်မှုတွေကို တန်ပြန်ခြင်း (Counter Terrorism)မှာ အဓိကယန္တရားက တပ်မတော်မဟုတ်ဘူး။ ထောက်လှမ်းရေးယန္တရားဖြစ်တယ်။ ထောက်လှမ်းရေးသတင်းတွေကို အခြေခံပြီးမှ တန်ပြန်တုံ့ပြန်မှုကိုလုပ်ရတယ်။ ပြည်တွင်းမှာ လက်နက်ကိုင်သူပုန်ထရင်တော့ တပ်ကဟန့်တားရမှာမို့ တပ်နဲ့ဆိုင်တယ်။ အကြမ်းဖက်မှုကျတော့ စစ်တပ်ကြီးတစ်တပ်လုံးချထားပြီး လုပ်ရတာမျိုးမဟုတ်ဘူး။ အကြမ်းဖက်သမားမဝင်ခင် ကာကွယ်ရ၊ လူမမွေးအောင် သတင်းထောက်လှမ်းရတာ ဖြစ်တယ်’’ဟု အကြမ်းဖက်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် နှစ်အတန်ကြာ နေထိုင်ခဲ့သည့် မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာနမှ ဒေါက်တာမင်းဇော်ဦးက ပြောသည်။
သို့သော် တပ်၏အခန်းကဏ္ဍကို မြှင့်တင်ရန် အကြမ်းဖက်မှုပြဿနာကို ဆွဲထုတ်ထားခြင်းဆိုသည်မှာ အခြေအမြစ်မရှိသည့် စွပ်စွဲချက်သာဖြစ်ပြီး အကြမ်းဖက်သံသယရှိသူများကို မြန်မာအစိုးရဘက်က ထုတ်မပြခြင်းမှာ နိုင်ငံတကာတွင်လည်း အမှုမပြီးဆုံးမီ မည်သူမျှသတင်းထုတ်ပြန်လေ့မရှိဟု ၎င်းကဆိုသည်။

ဘောလုံးကွင်းအတွင်းလုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များ/ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
လေဆိပ်၊ ရေဆိပ်၊ နယ်စပ်ဂိတ်ပေါက်အားလုံးတွင် လုံခြုံရေးအဆင့်မြှင့်ထားပြီး ရာဇဝတ်ကောင်အချက်အလက်များပါသော hard disk တစ်လုံးနှင့် နိုင်ငံတကာအလိုရှိသူများစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးနိုင်သောစက်ကို နိုင်ငံတကာရဲတပ်ဖွဲ့မှ လှူဒါန်းထားသည်ဟု နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ရဲမှူးချုပ်စိုးမြိုင်ကပြောသည်။
သို့သော် ထိုစက်မှာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင်သာရှိပြီး ပြည်တွင်းလေဆိပ်များတွင် မတပ်ဆင်နိုင်သေးပေ။ ပင်လယ်ရေပြင်နယ်နိမိတ်တွင်လည်း မကြာခင်ကမှ ဖွဲ့စည်းလိုက်သည့် ရေကြောင်းရဲတပ်ဖွဲ့မှာ အင်အားနှင့် လက်နက်ကိရိယာမပြည့်စုံ၍ တပ်မတော်(ရေ)အကူအညီကို ယူထားရသည်။ အခြေခံအကျဆုံး ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ရဲတပ်ဖွဲ့အရေးပေါ်ဖုန်းလိုင်း ၁၉၉ မှာလည်း ယခုထိ အလုပ်ကောင်းကောင်းမလုပ်သေး။
ပြည်သူတစ်သိန်းလျှင် ရဲ ၁၆၆ ဦးဖြင့် ရဲအင်အားခုနစ်သောင်းကျော်သာရှိပြီး ရဲအသုံးအဆောင်ပစ္စည်းများကအစ ခေတ်မမီသေး။ အရေးကြီးဆုံးလိုအပ်ချက်မှာတော့ ၂၀၀၄ နောက်ပိုင်း တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ (MI)ကို ဖျက်သိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံတွင်း အမျိုးသားလုံခြုံရေးအတွက် သတင်းအချက်အလက်များကို အစိုးရ ဘယ်လိုရယူနေလဲဆိုတာပင် ဖြစ်သည်။
‘‘ဂျီဟတ်စစ်ဆင်ရေးဆိုတာ နိုင်ငံတော်တော်များမှာ ကြုံနေရတယ်။ မြန်မာနဲ့အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဖြစ်နေတာတွေရှိတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ ထောက်လှမ်းရေးယန္တရားက အရေးကြီးလာတယ်။ ပြည်တွင်းလက်နက်ကိုင်တွေစွမ်းရည်က ကိုယ့်အချင်းချင်းသာ တိုက်ဖူးတာ။ အသေခံတွေနဲ့ ရင်ဆိုင်ဖူးတာ မဟုတ်ဘူး။ ထောက်လှမ်းရေးယန္တရားကို ပိုပြီးအရည်အသွေးမြင့်အောင်လုပ်ရမှာ’’ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ(AAPP)မှ ဦးဘိုကြည်က ပြောကြားသည်။
အထူးသဖြင့် အကြမ်းဖက်သမားများဖြစ်လာအောင် နိုင်ငံတစ်ခုအတွင်းသို့ စိမ့်ဝင်စည်းရုံးသည့်စနစ်ဖြင့် ချဉ်းကပ်သော အိုင်အက်စ်၊ အယ်လ်ကိုင်ဒါ၏ရန်ကို ကာကွယ်ရန် သတင်းအချက်အလက် ရယူစုစည်းမှုက အသက်တမျှအရေးကြီးနေကြောင်း လတ်တလော မလေးရှားနှင့် ဩစတြေးလျနိုင်ငံဖြစ်စဉ်များက သက်သေပြနေသည်။
ဩစတြေးလျတွင် အိုင်အက်စ်နှင့်ဆက်နွှယ်သည်ဟု သံသယရှိသူများနေအိမ်ကို ဝင်ရောက်စီးနင်းသည့်အခါ အကြမ်းဖက်သမားအယောက် ၂၀ ခန့် ဖမ်းမိခဲ့သည်။ မလေးရှားတွင် ပြီးခဲ့သည့်ရက်က အိုင်အက်စ်သို့ သွားပူးပေါင်းမည့် အကြမ်းဖက်သမား ၁၄ ဦးကို သတင်းပေးများကြောင့် ဖမ်းမိခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် FBI, CIA စသည့် ကမ္ဘာကျော်ထောက်လှမ်းရေးအဖွဲ့များရှိသည့်ကြားက နိုင်းအလဲဗင်း အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် အမိမြေလုံခြုံရေး (Motherland Security)ကို သမ္မတဘုရှ်အစိုးရက ထပ်မံဖွဲ့စည်းပြီး အကြမ်းဖက်သမားချေမှုန်းရေး တိုက်စစ်အရှိန်မြှင့်ခဲ့သည်။
မြန်မာနိုင်ငံတွင် တပ်မတော်ထောက်လှမ်းရေး (Military Intelligent) ပြိုကွဲပြီးနောက် သတင်းရဲတပ်ဖွဲ့ (SB)နှင့် စစ်ဘက်ဆိုင်ရာလုံခြုံရေး (စရဖ)တို့က သတင်းထောက်လှမ်းမှုများလုပ်နေပြီး နယ်မြေတိုင်းတွင် ဒေသခံသတင်းပေးများကို ကျစ်ကျစ်လျစ်လျစ် စုစည်းထားကြောင်း ရဲသတင်းတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးက ပြောသည်။
‘‘ဆယ်အိမ်စုစနစ်နဲ့ ကွင်းဆင်းစောင့်ကြည့်ပြီး သတင်းစုဆောင်းပါတယ်။ ဆယ်အိမ်စုဆိုတာ မြို့နယ်တစ်မြို့နယ်က ရပ်ကွက်တစ်ခုရဲ့ လမ်းကြိုလမ်းကြားပါမကျန်  စုံစမ်းထောက်လှမ်း သတင်းစုဆောင်းတာပါ။ နယ်မြေတွေထဲ၊ အိမ်တွေထဲမှာကိုနေပြီး လုပ်နေတာဖြစ်တယ်။ ဒါကြောင့်လည်း အခုအကြမ်းဖက်သမားတွေကို ဖမ်းမိတာပေါ့’’ဟု ၎င်းကဆိုသည်။
ယခုရက်ပိုင်းအတွင်း အကြမ်းဖက်သမားများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုဖြစ်စဉ်များမှာ ထောက်လှမ်းရေးမရှိတော့သော်လည်း ယခင်ထောက်လှမ်းရေးဟောင်းများ၊ ရဲအရာရှိဟောင်း၊ ဒေသခံသတင်းပေးများနှင့် ဖွဲ့စည်းထားသည့် ထောက်လှမ်းရေးကွန်ရက်တစ်ခုကြောင့် ဖြစ်နိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဇာဂနာက ပြောသည်။
 ‘‘အဲဒီအဖွဲ့ထဲမှာ အရင်က ထောက်လှမ်းရေးဟောင်းတွေကို ဆရာကြီးတွေအဖြစ် ပြန်သုံးထားတယ်။ ပြီးတော့ ကောင်းကောင်းလေ့ကျင့်ထားတဲ့ Well Trained ဖြစ်တဲ့ ရဲတွေ၊ တပ်ကလူတွေပါ ပါတယ်။ ပင်စင်ယူသလိုလို၊ ခွင့်ယူသလိုလိုနဲ့၊ မြို့ခံလိုလိုနဲ့ သတင်းထောက်လှမ်းနေတာ။ သူတို့တွေနဲ့ လားရှိုးပဋိပက္ခတုန်းက တစ်ခါကြုံဖူးတယ်။ အဲဒီတုန်းက ဘယ်သူဘယ်ဝါ၊ အိမ်နံပါတ်ဘယ်လောက်က ဘယ်မှာရှိနေတယ်ဆိုတာကိုပါ သူတို့ပြောနိုင်တယ်။ အဲဒီလူတွေကို သူတို့အချင်းချင်းကြားမှာ ‘‘ခရု’’လို့ခေါ်တယ်။ ထောက်လှမ်းရေးမရှိတော့ပေမယ့် အဲဒီကွန်ရက်ကို အစိုးရက တည်ဆောက်ထားတာတော့ သေချာတယ်’’ဟု ၎င်းက ထင်မြင်ချက်ပေးသည်။
မကြာသေးမီက မင်္ဂလာတောင်ညွန့်တွင် ဖမ်းဆီးရမိခဲ့သော ပိုတက်စီယမ် အပါအဝင် အကြမ်းဖက်ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများမှာ ဒေသခံသတင်းပေးများကြောင့် ရမိခြင်းဖြစ်ကြောင်း တပ်မတော်အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။
‘‘ထောက်လှမ်းရေးပြိုကွဲပြီး လွန်ခဲ့တဲ့ငါးနှစ်လောက်အထိ သတင်းရယူဖို့ အခက်အခဲရှိပေမယ့် အခုတော့ ထောက်လှမ်းရေးအဖွဲ့ထက်ပိုပြီးသာတဲ့ လုံခြုံရေးအဖွဲ့အစည်းရှိနေပါပြီ။ နည်းပညာပိုင်းမှာ အိုင်အက်စ်တို့၊ အယ်လ်ကိုင်ဒါတို့ကို မမီပေမယ့် ဖြစ်လာရင် တပ်မတော်က အင်အားပြည့်ချေမှုန်းနိုင်ပါတယ်။ အခုထိလည်း သတင်းတွေရနေတာပဲ။ မအုပ်မိတာမရှိဘူး’’ဟု ၎င်းကပြောသည်။
ကမ္ဘာ့နိုင်ငံအားလုံး၏ ဘုံရန်သူဖြစ်သည့်အတွက် အကြမ်းဖက်သမားသတင်းဖလှယ်ရေးကို နိုင်ငံစုံတပ်မတော်များနှင့် သတင်းဖလှယ်နေကြောင်း ၎င်းကဆိုသည်။
အိုင်အက်စ်အဖွဲ့သို့ နိုင်ငံခြားတိုက်ခိုက်ရေးသမားများ ပူးပေါင်းမသွားစေရန် ယခုရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အာဆီယံဒေသ မွတ်စလင်နိုင်ငံများနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခရီးစဉ်တွင် ပြောကြားခဲ့သည်။ လက်ရှိ အိုင်အက်စ်ဆန့်ကျင်ရေးတွင် အမေရိကန်နှင့် ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ခန့် ထိုးစစ်ဆင်နေသည်။
အာဆီယံအတွင်း အင်ဒိုနီးရှားနှင့် မလေးရှားမှာ မွတ်စလင်အများစုနေထိုင်ကြသည့်နိုင်ငံများဖြစ်ပြီး ယခုမြန်မာနိုင်ငံသား ၇၀ ခန့်ကပါ အိုင်အက်စ်သို့ ပူးပေါင်းသွားသည်ဆိုသောကြောင့် လာမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အိုင်အက်စ်အရေးမှာ ထိပ်တန်းဆွေးနွေးမှုတစ်ခုဖြစ်လာမည်ဖြစ်သည်။
‘‘အယ်လ်ကိုင်ဒါပဲဖြစ်ဖြစ်၊ ဘယ်ပြဿနာပဲဖြစ်ဖြစ် ဖြေရှင်းကျော်လွှားနိုင်ဖို့က အမျိုးသားသွေးစည်းညီညွတ်ရေးက အရေးကြီးတယ်။ ညီညွတ်မှုမရှိရင် ဘာပြဿနာကိုမှ ရင်မဆိုင်နိုင်ဘူး’’ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောကြားသည်။
အမိမြေလုံခြုံရေးအတွက် အခြေခံဥပဒေက ပေးအပ်ထားသည့်  အခွင့်အာဏာအတိုင်း ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံစုံရန်သူအပေါ် အထင်မသေးဘဲ နိုင်ငံနှင့် လူမျိုးအရေးကို မှန်ကန်သည့်အမြင်ဖြင့်သာ ကြည့်စေလိုပြီး ပြည်သူများကပါ ပူးပေါင်းပါဝင်စေလိုကြောင်း တပ်မတော်အရာရှိကြီးက ယခုကဲ့သို့ မှတ်ချက်ပြုသည်။
‘‘တပ်မတော်အင်အားပြချင်လို့ အကြမ်းဖက်ခေါင်းစဉ် ဆွဲတင်တာလို့ပြောရင်တော့ အဲဒါပြောတဲ့ သူရဲ့ စဉ်းစားတွေးခေါ်မှုအဆင့်ကို ပြနေတာပဲ။ အယ်လ်ကိုင်ဒါ၊ အိုင်အက်စ်ဆိုတာ တစ်ကမ္ဘာလုံးရဲ့ဘုံရန်သူပါ’’

No comments:

Post a Comment