Sunday, December 7, 2014

ပါရှန်း ပညာရှင်ကြီး အလ်-ဘီရူနီ (သို့) အလယ်ခေတ်ရဲ့ စွယ်စုံရ မွတ်စလင် သိပ္ပံ ပညာရှင်များမှ တဦး

- တမန်တော် မုဟမ္မဒ်သခင်ဟာ သူရဲ့နောက်လိုက်တွေကို အသိပညာကို ရှာဖွေဖို့ အမြဲတမ်းတိုက်တွန်းခဲ့ပါတယ်။ ကိုယ်တော့်ရဲ့ အဆိုအမိန့်တစ်ခုမှာ “ပုခက် အတွင်းမှ သင်္ချိုင်းအတွင်းအထိ ပညာရှာဖွေကြ” လို့ ပြောခဲ့တာကိုကြည့်ရင် ကိုယ်တော်ဟာ ပညာရေးကို ဘယ်လောက်ဦးစားပေးလဲဆိုတာ တွေ့နိုင်မှာပါ။
ဒီလိုသင်ကြားမှုက စောစောပိုင်း မွတ်စလင်လူ့အဖွဲ့အစည်းကို ထင်ထင်ရှားရှား အကျိုးသက်ရောက်မှုတွေရှိခဲ့ပါတယ်။ ပြန်ကျဲနေတဲ့ အာရပ်လူ့အဖွဲ့အစည်းဟာ စုစည်းမှုရှိလာပြီး နယ်မြေတွေချဲ့ထွင်နိုင်ခဲ့သလို ၀ိဇ္ဇာသိပ္ပံ ပညာရပ်တွေကို စိတ်ဝင်စားမှု စူးစမ်းရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ပြီး ထင်ရှားတဲ့ မွတ်စလင် တွေးခေါ်ပညာရှင်တွေ၊ ၀ိဇ္ဇာသိပ္ပံပညာရှင်တွေလည်း အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။
အဲဒီပညာရှင်တွေထဲက စွယ်စုံရပညာရှင်ကြီးတစ်ပါးဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ ထူးခြားတဲ့ ၀ိဇ္ဇာသိပ္ပံပညာရပ်တွေနဲ့ ဆေးပညာရပ်တွေကို ပထမဆုံး ကမ္ဘာသိအောင် ချပြခဲ့တဲ့ ပါရှန်း ပညာရှင်ကြီး အလ်-ဘီရူနီ ရဲ့ အကြောင်းကို ဖော်ပြလိုက်ပါတယ်။
ငယ်ဘဝ
———-
အမည်အရင်း အဘူရီဟန် မိုဟာမက် အစ်ဗနေ့ အလ်-ဘီရူနီကို ထိပ်ထိပ်ကြဲ မွတ်စလင် ပညာရှင်အချို့ မွေးဖွားခဲ့ရာ အလယ်အာရှက ခူရာဆန်ပြည်နယ် ခ၀ါရီဇမ်မြို့နားမှာ သက္ကရာဇ် ၉၇၃ ခုနှစ် စက်တင်ဘာလမှာ မွေးဖွားခဲ့ပါတယ်။ ခူရာဆန်ဟာ အဲဒီအချိန်အခါက ကြီးမားကျယ်ပြန်တဲ့ ပြည်နယ်တစ်ခုပါ။ ၀ိဇ္ဇာသိပ္ပံပညာရပ်တွေ ထွန်းကားတဲ့ အသိုင်းအ၀ိုင်းကမွေးလာတဲ့ ဘီရူနီဟာ စောစောပိုင်း ၂၅ နှစ်ကို ခ၀ါရီဇမ်မှာပဲ ကုန်ဆုံးခဲ့ပြီး အာရဗီနဲ့ ပါရှန်းဘာသာရပ်တွေ၊ အစ္စလာမ့်တရားဥပဒေ၊ ဘာသာသာရေး၊ သဒ္ဒါ၊ သင်္ချာ၊ နက္ခတဗေဒ၊ ဆေးပညာနဲ့ အခြားသိပ္ပံ ဘာသာရပ်တွေကို လေ့လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အစ္စလာမ့်သိပ္ပံ၊ ဂန္တ၀င်စာပေနဲ့ ရိုးရိုးသိပ္ပံ ပညာရပ်တွေကို ဆက်လက် သင်ယူခဲ့ပါတယ်။
ဘီရူနီဟာ သင်္ချာပညာရပ်ကို အဲဒီအချိန်က ထင်ရှားတဲ့ နက္ခတ္တဗေဒနဲ့ သင်္ချာပညာရှင် အဘူနာဆာရန် အလ်-မန်ဆူရ်ရဲ့ ကြီးကြပ် မှုအောက် မှာ နှစ်ပေါင်း များစွာကြာ လေ့လာခဲ့ပါတယ်။ နောက်ပြီး အလ်-မန်ဆူရ်ရဲ့ ဆရာဖြစ်တဲ့ အဘူ ၀ါဖာ အလ်-ဘူဂျာဇ်နီရဲ့ လက်အောက် မှာလည်း ပညာဆည်းပူးခဲ့တယ်လို့ အချို့သမိုင်းပညာရှင်တွေက ဆိုပါတယ်။ ဒီအဆိုကို ပညာရှင်အများစုကတော့ လက်ခံခြင်း မရှိပါဘူး။
ဘူခါရာမြို့သို့တစ်ခေါက်
—————————-
သက္ကရာဇ် ၉၉၅ ခုနှစ်လောက်မှာ ဘီရူနီဟာ ဘူခါရာမြို့ကို သွားရောက် ပညာဆည်းပူးခဲ့ပြီး အလယ်အာရှမှာ ထင်ရှားတဲ့ သင်ကြားရေး စင်တာတွေကိုလည်း ရောက်ခဲ့ပါတယ်။ ၉၉၈ ခုနှစ်မှာတော့ ဘီရူနီဟာ ပါရှန်း မြို့တစ်မြို့ဖြစ်တဲ့ ဂျာဂျန်မြို့မှာ အခြေချခဲ့ပြီး ဘုရင် ရှမ်စ် အလ်-မာအလီ ကွာဘက်စ် အစ်ဗနေ့ ၀က်စ်ဟမ်ဂီရန်ထံမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဂျာဂျန်မှာ ဘီရူနီဟာ ၁၀ စုနှစ် တစ်ခုကျော်လောက် နေထိုင်ခဲ့ပြီး အဲဒီ့အချိန်က အဆင့်မြင့် သိပ္ပံပညာရပ်အားလုံးနဲ့ သင်္ချာပညာရပ်တွေကို လေ့လာခဲ့ပါတယ်။
ပထမဆုံးကျမ်း
—————–
အသက် ၂၇ နှစ်အရွယ်မှာတော့ ဘီရူနီဟာ သူရဲ့ ကျော်ကြားတဲ့ Kitab al-Athar al-Baqiyah an al-Quran al-Khaliyab (ရှေးခတ်နိုင်ငံများ၏ သမိုင်းစဉ်မှတ်တမ်း) စာအုပ်ကို ရေးသားပြုစုခဲ့ပါတယ်။ ဒီစာအုပ်မှာ သူဟာ သမိုင်းကြောင်းဆိုင်ရာ အဆင့်ဆင့် ပြောင်းလဲမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝနဲ့ ခေတ်ကာလအကြောင်းတွေကို ဖော်ပြခဲ့ပြီး၊ ရှေးခေတ် ပြည်သူတွေရဲ့ သဘာဝ၊ ကာလနဲ့ သူတို့ရဲ့ ကံကြမ္မာတို့ကိုလည်း အလေးထား ဖော်ပြခဲ့ပါတယ်။
သမိုင်းကြောင်းဆိုင်ရာ တိုးတက်မှုနဲ့ ပထ၀ီဗေဒဆိုင်ရာ ပြောင်းလဲမှုတွေကို စိတ်ဝင်တစား ရှင်းရှင်းလင်းလင်း ခွဲခြမ်းစိတ်ဖြာရာကနေ အဲဒီ လိုပြောင်းလဲမှုတွေက ရှေးခေတ်လူသားတွေရဲ့ ဘ၀တွေမှာ ဘယ်လိုသက်ရောက်ခဲ့သလဲဆိုတာကို ဘီရူနီက ထုတ်ဖော်ပြသနိုင်ခဲ့ ပါတယ်။ ဒီစာအုပ်မှာပဲ ဘီရူနီဟာ သူ့အရင်က ပညာရှင်တွေရဲ့ အချိန်နဲ့ ဖြစ်တည်မှုအပေါ် ထင်မြင်မှုတွေကိုလည်း ချေပရေး သားခဲ့ ပါသေးတယ်။
မွေးရပ်မြေသို့တစ်ခေါက်
————————–
၁၀၁၂ ခုနှစ်မှာ ဘီရူနီဟာ မွေးရပ်မြေ ခ၀ါရီဇမ်ကို ပြန်လည်သွားရောက်ခဲ့ပြီး အဲဒီခေတ်ကာလက ကျော်ကြားတဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူ အလ်-စမဒ် အလ်-အောင်ဝလ်ရဲ့ လက်အောက်မှာ အခြားသော ကဏ္ဍတွေကို ဆက်လက် လေ့လာခဲ့ပါတယ်။
အဲဒီအချိန်လောက် မှာပဲ အလယ် အာရှရဲ့ နိုင်ငံရေးစနစ်ဟာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ဒေသတော်တော်များများဟာလည်း ဘုရင်သစ် ဆူလ်တန် မဟ်မူးဒ်ရဲ့ လက်အောက်ကို ရောက်ရှိခဲ့ပါတယ်။ ဘီရူနီရဲ့မွေးရပ်မြေ ခ၀ါရီဇမ်ဒေသကို ဆူလ်တန် မဟ်မူးဒ်ရဲ့ တပ်တွေက ၁၀၁၇ ခုနှစ်မှာ သိမ်းပိုက်ခဲ့ပြီး ဘီရူနီနဲ့ ဆရာဖြစ်သူ အလ်-အောင်ဝလ်တို့နှစ်ဦးကို သုံ့ပန်းတွေအဖြစ် ဂါဇနာကို ခေါ်ဆောင် သွား ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမြင်မတူမှုနဲ့ စွဲချက်တင်ခံခဲ့ရပြီး ဘီရူနီဟာ သေဒဏ်ပေးခြင်း ခံခဲ့ရပါတယ်။
ဒါပေမယ့် ဘီရူနီရဲ့ အစွမ်းအစကို သိရှိပြီး သူ့ကိုလေးစားအားကျတဲ့ ဆူလ်တန်ရဲ့ ထိပ်တန်း အကြံပေးတစ်ဦးရဲ့ ကြားဝင်အသနားခံပေး မှုကြောင့် ဘီရူနီဟာ အသက်ဘေးက လွတ်မြောက်ခဲ့ပြီး အကြီးတန်း နက္ခတဗေဒနဲ့ သိပ္ပံဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါ တယ်။
အဲဒီနောက်မှာတော့ ဘီရူနီဟာ ဆူလ်တန် မဟ်မူးဒ် ခရီးထွက်ရာနေရာတိုင်းနဲ့ တိုင်းပြည်ချဲ့ထွင်ရာ နေရာတွေကို လိုက်ခဲ့ရပါတော့တယ်။
ဘီရူနီဟာ ကျော်ကြားတဲ့ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်ရုံသာမက မတူညီတဲ့ ဘာသာစကားတွေ၊ ယဉ်ကျေးမှုတွေ၊ ရိုးရာဓလေ့ ထုံး တမ်းတွေ ကိုလည်း နှစ်သက် မြတ်နိုးသူ တစ်ယောက်ပါ။ ဒါ့ကြောင့် ဆူလ်တန် မဟ်မူးဒ် အိန္ဒိယကို သိမ်းပိုက်ပြီး နောက်ပိုင်းမှာ ဘီရူနီဟာ   အိန္ဒိယရဲ့ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်တွေကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းဖို့ ကြိုစားခဲ့ပါတော့တယ်။
အိန္ဒိယဗေဒရဲ့ ဖခင်
————————–
ဘီရူနီဟာ အိန္ဒိယမှာ သက္ကရာဇ် ၁၀၂၁ ခုနှစ်နေ ၁၀၃၁ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုကြာ နေထိုင်ခဲ့ပြီး အဲဒီအချိန်အတောအတွင်းမှာ သူရဲ့ အားလပ်ချိန်တွေအားလုံးနဲ့ စွမ်းရည်တွေကို အိန္ဒိယရဲ့ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီအချိန်က အိန္ဒိယမှာအသုံးပြုတဲ့ သက္ကတ ဘာသာစကားကို ဘီရူနီဟာ ထဲထဲဝင်ဝင် လေ့လာခဲ့ပြီး အဲဒီလေ့လာမှုကပဲ အိန္ဒိယရဲ့ တန်းဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖော်ထုတ်ဖို့ အထောက်အကူဖြစ်ခဲ့ပါတယ်။
ဘီရူနီဟာ အိန္ဒိယကို ပထမဆုံးရောက်ရှိခဲ့တဲ့ မွတ်စလင်ပညာရှင်တစ်ဦးဖြစ်ပြီး သူရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လက်လှမ်းမီရာ အသိ ပညာတွေကို အကုန်လုံး လေ့လာခဲ့ပါတယ်။ အိန္ဒိယမှာရှိတဲ့ ရှေးဟောင်းဘာသာစကားတွေ၊ ယဉ်ကျေးမှု၊ သမိုင်း၊ ဘာသာတရား၊ ပထ၀ီရေး ရာ၊ အနုပညာနဲ့ ဒဿနိကဗေဒဆိုင်ရာ ကဏ္ဍစုံကို ဘီရူနီက လေ့လာရှာဖွေ ဖော်ထုတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူရဲ့   လေ့လာတွေ့ရှိချက်တွေ အားလုံးကို ဖော်ပြထားတဲ့ ကီသဗ် တာရစ်က် အလ်-ဟင်ဒ်(အိန္ဒိယသမိုင်း) ကို ဘီရူနီက ရေး သားပြုစုခဲ့ ပါတယ်။ ဒီစာအုပ်ဟာ သူ့ရဲ့ ကျော်ကြားဆုံး စာအုပ်တွေထဲက တစ်အုပ်လည်း ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ဘီရူနီဟာ သူတွေ့ရှိခဲ့တဲ့ အိန္ဒိယက ဘာသာတရား၊ သမိုင်း၊ ပထ၀ီအနေအထား၊ ဘူမိဗေဒ၊ သိပ္ပံနဲ့ သင်္ချာပညာရပ်တွေ ကို ဖော်ထုတ်တင်ပြထားပါတယ်။
ဒီစာအုပ်ဟာ ရှေးဟောင်းအိန္ဒိယနဲ့ ပတ်သက်တဲ့ စာအုပ်သမိုင်းမှာ ယနေ့အချိန်အထိ ပြိုင်ဘက်ကင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီး၊ လူ့ယဉ်ကျေးမှုကို လေ့လာတဲ့နေရာမှာ ရှေ့ဆောင်ကျမ်းတစ်ဆူလို့လည်း ပညာရှင်တွေက သတ်မှတ်ကြပါတယ်။
ဘီရူနီဟာ အိန္ဒိယမှာရှိတဲ့ ရာသီဥတုအခြေအနေတွေ၊ လူတွေရဲ့ မွေးဖွားသေဆုံးမှု အခြေအနေတွေကို လေ့လာကောက်ယူခဲ့ပြီး အိန္ဒိယမှာရှိတဲ့ အဓိက မြို့ကြီးတွေ၊ မြို့ငယ်တွေ၊ မြစ်ချောင်းအင်းအိုင်တွေရဲ့ အကျယ်အ၀န်း အလျားအနံကို၊ တိုင်းတာခဲ့ပါတယ်။   ခေတ်မီ ပစ္စည်းကိရိယာတွေမရှိဘဲ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ ကျော်က တိုင်းတာခဲ့မှုဟာ ဒီနေ့ခေတ် တိုင်းတာမှုတွေနဲ့ အံသြလောက်အောင် နီးစပ်နေပါတယ်။
နိုင်ငံခြားသားတွေကို မယုံကြည်ကြတဲ့ အိန္ဒိယတိုက်ငယ်ရဲ့ ဓလေ့ကြောင့် ဘီရူနီကို အစပိုင်းမှာ အနည်းငယ် သံသယ၀င် ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဟိန္ဒိုပညာရှင်တွေက ကြိုဆိုခဲ့ကြပါတယ်။ ဘီရူနီဟာ ဟိန္ဒိုပညာရှင်တွေဆီက စာအုပ်တွေ ကိုစုဆောင်း ကာ လေ့လာခဲ့ပြီး နောက်ပိုင်းမှာတော့ ၁၁ ရာစု အိန္ဒိရဲ့ သိပ္ပံ၊ သင်္ချာ၊ ဆေးပညာ၊ နက္ခတဗေဒပညာနဲ့ အခြားသော ပညာရပ်တွေကို အာရဗီဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။
အိန္ဒိယနဲ့ ပတ်သက်ပြီး ပြောင်မြောက်တဲ့ စွမ်းဆောင်ချက်တွေကြောင့် ဘီရူနီကို အိန္ဒိယဗေဒဘာသာရပ်ကို တည်ထောင်သူလို့ သတ် မှတ်ကြပါတယ်။
အရေးသွက်သူ ဘီရူနီ
————————
ဗဟုသုတ နှံ့စပ်သူတစ်ဦးဖြစ်တဲ့ ဘီရူနီဟာ နက္ခတဗေဒ၊ သိပ္ပံ၊ သင်္ချာနဲ့ဆိုင်တဲ့ ကျမ်းပေါင်းများစွာနဲ့ စာအုပ်ပေါင်းများစွာကိုလည်း   ရေး သားခဲ့ပါတယ်။ အချို့သော စာအုပ်တွေဟာ အခုအချိန်မှာ မရှိတော့တာကြောင့် ဘီရူနီရေးခဲ့တဲ့ စာအုပ် အရေအတွက်ကို အတိအကျ မပြောနိုင်ပေမယ့် အချို့သမိုင်း ပညာရှင်တွေ ကတော့ ဘီရူနီဟာ သိပ္ပံဆိုင်ရာ ကျမ်းပေါင်း ၁၈၀ လောက်ကို ရေးသား ခဲ့တယ်လို့ဆိုပြီး၊ အချို့ကတော့ ၂၀၀ လောက်ရှိတယ်လို့ ဆိုကြပါတယ်။
အဓိကအားဖြင့် နက္ခတဗေဒအကြောင်းကို ရေးသားခဲ့တာဖြစ်ပြီး ကမ္ဘာကြီး လည်ပတ်နေမှုအကြောင်းကိုလည်း ဘီရူနီက ခန့်မှန်း ရှင်းလင်း ခဲ့ပါတယ်။ နေကြတ်တာနဲ့ ပတ်သက်ပြီးတော့လည်း ဘီရူနီက လေ့လာမှုတွေပြုလုပ်ခဲ့ပြီး သူရဲ့မှတ်တမ်းတွေက ရူပ ဘူမိဗေဒနဲ့ နက္ခ တ္တဗေဒ တို့မှာ ယနေ့အချိန်အထိ အသုံးဝင်နေဆဲပါ။
ရူပဗေဒ
———
ရူပဗေဒ နယ်ပယ်မှာတော့ ဘီရူနီဟာ မက်ကဲနစ်နဲ့ ပတ်သက်တဲ့ သိပ္ပံဆိုင်ရာ စမ်းသပ်လေ့လာမှုကို မိတ်ဆက်ပေးခဲ့ပြီး၊ တည်ငြိမ် မှုနဲ့ ရွေ့လျားမှုနိယာမကိုလည်း မက်ကဲနစ်ပညာရပ်ထဲကို ထည့်သွင်းပေးခဲ့ပါတယ်။ နောက်ပြီး တည်ငြိမ်ရေအားကို   ရွေ့လျားမှုနဲ့   ပေါင်းစပ်ပေး ခဲ့ပြီး ရေအားနဲ့ဆိုင်တဲ့ ရွေ့လျားမှုနိယာမတစ်ခုကိုလည်း ဖန်တီးပေးခဲ့ပါတယ်။
ပထ၀ီ
——
ကမ္ဘာကြီးရဲ့ အချင်းကိုတိုင်းတာဖို့ ဘီရူနီဟာ တောင်တွေရဲ့ အမြင့်ကို တိုင်းတာခြင်း၊ လူများနေထိုင်မှု၊ ဖွားနှုန်းသေနှုန်းတို့ကို တွက် ချက်ခြင်း စတဲ့ ကိုယ်ပိုင်နည်းလမ်းတစ်ခုကို တီထွင်ခဲ့ပါတယ်။
တွင်းထွက်သတ္ထုဗေဒ
———————-
သူကိုယ်တိုင်ဖန်တီးခဲ့တဲ့ ကိရိယာနဲ့ ဘီရူနီဟာ သတ္ထုအချို့နဲ့ တွင်းထွက်ကျောက်တွေရဲ့ အလေးချိန် သိပ်သည်းဆတွေကို အံသြဖွယ်   ကောင်းလောက်အောင် တိကျစွာ တိုင်းတာနိုင်ခဲ့ပါတယ်။
ဘာသာတရားများ၏ သမိုင်း
——————————–
ဘီရူနီဟာ ဘာသာရေးသမိုင်းမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ဘာသာရေးဆိုင်ရာ နှိုင်းယှဉ်လေ့လာမှုကို ဘီရူနီက စွန့်ဦးလုပ်ဆောင်ခဲ့တာပါ။ ဇိုရိုအက်စတာ၊ ဂျူး၊ ဟိန္ဒူ၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်နဲ့ အခြားသော ဘာသာတရားတွေကို ဘီရူနီက ဓမ္မဓိဌာန် ကျကျ လေ့လာခဲ့ပါတယ်။ အဲဒီဘာသာတရားတွေကို မှားနေတယ်လို့ သက်သေပြတာမျိုးမဟုတ်ဘဲ သူတို့ရဲ့ ကိုယ်ပိုင်ပုံစံ ကိုသာ သဘောပေါက်အောင် လေ့လာခဲ့တာပါ။
စာအုပ်များ
———–
ဘီရူနီရဲ့ ကျော်ကြားတဲ့ စာအုပ်တွေကတော့ အလ်-ကွာနန် အလ်-မတ်စ်အူဒီ (မတ်စ်အုဒ်နိယာမကျမ်း)၊ ကီသဗ် တာရစ်က် အလ်-ဟင်ဒ် (အိန္ဒိယသမိုင်းကျမ်း)၊ ကီသဗ် အလ်-ရှာမီလ် (အထွေထွေဗဟုသုတကျမ်း)၊ ကီသဗ် အလ်-သဖ်ဟင် (ပေါက်မြောက်မှုကျမ်း)၊ ကီသဗ် သဟ်ဒီဒ် နီဟာယသ် အလ်-အမာကင် (ကိုသြဒိနိတ်မျဉ်းများနှင့် မြို့များ၏ နယ်နမိတ် သတ်မှတ်ရေးကျမ်း)၊ ကီသဗ် အလ်-အသ်ဟာရ် အလ်-ဘာကွီယာ (ရှေးဟောင်းနိုင်ငံများ သမိုင်းကျမ်း) တွေဖြစ်ပါတယ်။
ဒီစာအုပ်တွေအားလုံးမှာ ဘာသာရပ်တစ်ခုချင်းစီအတွက် စနစ်ကျပြီး ကျယ်ပြန့်တဲ့ ဆန်းစစ်လေ့လာမှုတွေကနေ ရရှိခဲ့တဲ့ ရလဒ်တွေကို ဘီရူနီက ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။ သူရဲ့ ထက်မြက်တဲ့ဥာဏ်၊ ရင့်သန်တဲ့တွေးခေါ်မှု၊ ထူးခြားတဲ့ ဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှု စတာတွေက မတူညီတဲ့ ရင်းမြစ်တွေကနေ မတူညီတဲ့ အသိပညာတွေကို ရရှိစေခဲ့ပြီး သူ့ခေတ်သူ့အခါက သိပ္ပံပညာရပ် အားလုံးနဲ့ သက်ဆိုင်တဲ့ စာအုပ်စာတမ်းတွေကို ပြုစုရေးသားနိုင်ခဲ့ပါတယ်။
ဒါ့ကြောင့် ဘီရူနီကို ပညာရပ်တစ်ခုတည်း လေ့လာသူ၊ ပို့ချသူအဖြစ် သတ်မှတ်လို့မရပါဘူး။ တိုတောင်းလှတဲ့ သူရဲ့ဘ၀သက်တမ်း တစ်လျှောက်မှာ အသိပညာရပ်တွေအများကြီးကို ရှာဖွေဆည်းပူးနိုင်ခဲ့တာကိုက သူ့ရဲ့ ထူးခြားပြောက်မြောက်တဲ့ စွမ်းရည်တစ်ခုဖြစ်ပြီး အခုအချိန်အထိ သူ့လို ဘယ်သူမှ မအောင်မြင်သေးပါဘူး။
နောက်ပြီး ဘီရူနီရဲ့ ထူးခြားတဲ့စွမ်းရည်တစ်ခုကတော့ ဘာသာစကားတော်တော်များများကို တစ်ဖက်ကမ်းခတ် တက်မြောက်တာပါပဲ။ ပါရှန်း၊ အာရဗီနဲ့ သက္ကတဘာသာစကားတွေကို ဘီရူနီဟာ ရေလည်အောင် ပြောနိုင်သလို၊ ကျွမ်းကျင်စွာလည်း ရေးတတ်၊ ဖတ် တတ် ပါတယ်။ သူ့ခေတ်သူ့အခါမှာတော့ ဘီရူနီဟာ ဘာသာစကားဆိုင်ရာ ဘုရင်တစ်ဆူပါပဲ။
လက်တွေ့ကျတဲ့ မွတ်စလင်
——————————
ဘီရူနီဟာ အစ္စလာမ့်ရဲ့ ယုံကြည်ချက်တွေ၊ သွန်သင်ချက်တွေကို လက်တွေ့ကျကျ လိုက်နာကျင့်သုံးသူတစ်ဦးပါ။ အဲဒီခေတ် အခါက   ဖြစ်ပွားနေ ခဲ့တဲ့ စွန်နီ၊ ရှီယာ အားပြိုင်မှုတွေမှာလည်း ဘီရူနီဟာ မပါဝင်ခဲ့ဘဲ၊ သူရဲ့ အသိပညာရှာဖွေဖော်ထုတ်မှုကိုသာ တစ်စိုက် မတ်မတ် ဇောက်ချလုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။
အစ္စလာမ့်ရှရီအသ်ဥပဒေကို ဘီရူနီဟာ ကျနစွာ နားလည် သဘောပေါက်ပေမယ့် သီအိုရီပိုင်းဆိုင်ရာ အကျိုးမရှိတဲ့ ငြင်းခုံမှုတွေမှာလည်း ပါဝင်ခြင်းမရှိခဲ့ဘဲ ခပ်ကင်းကင်းသာ နေခဲ့ပါတယ်။ သမိုင်းပညာရှင်တွေကတော့ ဘီရူနီဟာ စွန်နီတစ်ယောက်ဖြစ် တယ်လို့   ဖော်ပြကြ ပါတယ်။
ဘ၀နိဂုံး
———-
အိန္ဒိယမှာ ဆယ်စုနှစ်တစ်ခုအထိ ကျင်လည်ပြီးတဲ့နောက်ပိုင်း အသက် ၅၈ နှစ်အရွယ် ၁၀၃၁ ခုနှစ်မှာတော့ ဘီရူနီဟာ ဂါဇနာ ကို ပြန် ခဲ့ပါတယ်။ ဆူလ်တန် မဟ်မူဒ်ရဲ့ အရိုက်အရာကို ဆက်ခံသူ ဘုရင် ဆူလ်တန် မတ်စ်အူးဒ်က ဘီရူနီကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုခဲ့ပါ တယ်။
ဒီဘုရင်လက်အောက်မှာ ဘီရူနီဟာ သိပ္ပံဆိုင်ရာ စာအုပ်တွေနဲ့ ကျမ်းတော်တော် များများကို ပြုစုခဲ့ပါတယ်။ နက္ခတဗေဒဆိုင်ရာ ကျမ်း တစ်ဆူဖြစ်တဲ့ အလ်-ကွမ်နန် အလ်-မတ်စ်အူဒီကို ဆူလ်တန်မတ်စ်အူးဒ်က အကြိုက်တွေ့ခဲ့တာကြောင့် ဘီရူနီဆီကို ငွေဒင်္ဂါး ဆင်တစ်စီးတိုက် ပို့ပေးခဲ့ပေမယ့် ဘီရူနီကတော့ အသိပညာ ရှာဖွေဖော်ထုတ်မှုကို နှစ်သက်မှုတစ်ခုအတွက် လုပ်ခဲ့တာဖြစ်ပြီး ပစ္စည်းဥစ္စာအကျိုးအမြတ်အတွက် မဟုတ်ဘူးလို့ ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ငြင်းဆန်ခဲ့ပါတယ်။
ဂါဇနာမှာ နှစ် ၂၀ လောက်နေထိုင်ခဲ့ပြီးတဲ့နောက် အသက် ၇၈ နှစ်အရွယ်မှာ စွယ်စုံရ သိပ္ပံပညာရှင်ကြီး ဘီရူနီဟာ ကွယ်လွန် အနိစ္စရောက် ခဲ့ပါတယ်။
အလ်ဘီရူနီဟာ အလယ်ခေတ် အစ္စလာမ့်သမိုင်းမှာ အကျော်ကြားဆုံး ပညာရှင်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး ရူပဗေဒ၊ သင်္ချာ၊ နက္ခတဗေဒနဲ့ သမိုင်းပညာရပ်တို့ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်သူလည်းဖြစ်ပါတယ်။ ပြီးတော့ ဘီရူနီဟာ ဘာသာ စကားဆိုင်ရာမှာလည်း ပါရမီရှိသူတစ်ဦးပါတယ်။ ခ၀ါရက်ဇ်မီယမ် ဘာသာစကား၊ ပါရှန်း၊ အာရဗီ၊ သက္ကတ ဘာသာ စကား တို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ ရေးသားပြောဆိုနိုင်ပြီး ဟီဘရူး၊ ဂရိနဲ့ ဆီရီအက် ဘာသာစကားကိုလည်း တတ် ကျွမ်းပါသေး တယ်။
အလ်ကင်ဒီ၊ အလ်-ရာဇီ၊ အလ်-ဖာရာဘီ၊ အစ်ဗနေ့ဆီနာ၊ အလ်-ဂါဇာလီနဲ့ မတူတဲ့ အချက်ကတော့ ဘီရူနီရဲ့ သိပ္ပံဆိုင်ရာ   လေ့လာတွေ့ ရှိချက်တွေကို မကြာခင်အချိန်ကအထိ ဥရောပဘာသာသို့ ပြန်ဆိုနိုင်ခဲ့ခြင်း မရှိခဲ့တာပါပဲ။ ဒါ့ကြောင့် သူရဲ့ အတွေးအခေါ် ယူဆချက်တွေ ဟာ အလယ်ဥရောပကို လွှမ်းမိုးခဲ့ခြင်း မရှိပေမယ့် အရှေ့ပိုင်းတစ်ခွင်မှာတော့ ဘီရူနီဟာ လွှမ်းမိုးမှုရှိတဲ့ မွတ်စလင် စွယ်စုံရ ပညာ ရှင်ကြီးတွေ ထဲက တစ်ဦးပဲ ဖြစ်ပါတော့တယ်။
ကိုးကား – Wiki၊ The Muslim 100 by Muhammad Mojlum Khan

No comments:

Post a Comment