Sunday, December 7, 2014

အမျိုးသမီးအရေးတူရကီသမ္မတအာဒိုဂန်ပြောကြားမှု အပေါ် မွတ် စလင် မိခင်များ အမြင်

နိုဝင်ဘာ ၂၄ ရက်နေ့က အစ္စတန်ဘူလ်မှာပြုလုပ်တဲ့ `အမျိုးသမီးနဲ့ တရားမျှတမှု ထိပ်သီးအစည်းအဝေး´ မှာ တူရကီသမ္မတ အာဒိုဂန်က `အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ မတူညီဘူးလို့´ ပြောခဲ့ပြီး ဒီစကားဟာ ကမ္ဘာ့သတင်းစာတွေရဲ့ခေါင်းကြီးပိုင်းမှာ ပါလာခဲ့ပါတယ်။
အာဒိုဂန်ရဲ့ အဲဒီမှတ်ချက်က အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေနဲ့ အတိုက်အခံတွေကို  ယမ်းပုံမီးကျဖြစ်စေခဲ့ပြီး အတုံးလိုက် အတစ်လိုက်ဝေဖန်မှုတွေ ကို ဖြစ်ပေါ်စေခဲ့ ပါတယ်။ ဒီလိုမှတ်ချက်ပေးပြီး ၂ ရက်လောက်အကြာမှာတော့ အာဒိုဂန်က မီဒီယာတွေဟာ သူ့ရဲ့ပြောဆိုမှုကို မှားယွင်းဖော်ပြခဲ့တယ်လို့ အပြစ်တင်ခဲ့ပြီး အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့အမြင်ကိုလည်း   ပြန်လည်ပြောပြ ခဲ့ပါတယ်။
`အမျိုးသမီးတွေနဲ့ အမျိုးသားတွေကို တူညီတဲ့ အခြေအနေတစ်ခုအပေါ်မှာ သတ်မှတ်လို့မရပါဘူး။ တူညီမှုဆိုတာထက် တန်းတူညီ မျှဖြစ်မှု ကိုသာ အမျိုးသမီးတွေ လိုအပ်တာပါ´ လို့ သူက ဆိုပါတယ်။
အာဒိုဂန်ရဲ့ပြောကြားမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေထဲက အဓိက ဝေဖန်မှုတစ်ခုကတော့ `အမျိုးသမီးနဲ့ အမျိုးသားတွေကို တန်း တူညီ မျှစွာ ဆက်ဆံလို့မရဘူး၊ ဒါမှမဟုတ် သူတို့ရဲ့ မတူညီတဲ့သဘာဝကြောင့် တူညီတဲ့ အလုပ်တွေမှာ ပါဝင်ဆောင်ရွက်လို့ မရဘူး´ဆိုတဲ့ သူ့ရဲ့ ရပ်တည်ချက်ပါပဲ။ အမျိုးသားတွေရဲ့ သာလွန်မှုကို အသားပေးခြင်းနဲ့ အတူ ကျား၊ မ မတူညီမှုနဲ့ပတ်သက်တဲ့ ဒီလိုအမြင်မျိုးဟာ တူရကီ နဲ့ အခြားသောနေရာတွေက ကွန်ဆာဗေးတစ် မွတ်စလင် (အမျိုသား၊ အမျိုးသမီး) တွေအကြားမှာ ကံမကောင်းအကြောင်း မလှစွာနဲ့ပဲ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတုန်းပါပဲ။
အစ္စလာမ်ကပြောသော အမျိုးသားနှင့် အမျိုးသမီးတို့၏ သဘာဝ
အာဒိုဂန်ရဲ့ ပေါ်လစီတွေကို သဘော မကျသူတွေထဲက တစ်ဦးဖြစ်ပြီး အစ္စလာမ့်ရေးရာတွေကို ရေးသားသူ နာမည်ကြီး ကွန်ဆာဗေးတစ် စာရေး ဆရာ အလီဘူတက်က အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ သဘာဝနဲ့ ပတ်သက်ပြီး အာဒိုဂန်ရဲ့ အဲဒီမှတ်ချက်အပေါ်မှာ လုံးဝဥဿုံ သဘော တူပါသတဲ့။ ဘူလ်တက်ဟာ `အိမ်မှုကိစ္စနိုင်နင်းပြီး မိခင်ကောင်း တစ်ယောက် ပါဝင်တဲ့ မိသားစု တည်ဆောက်ပုံ´ ကို တင်းပြည့် ကြပ်ပြည့် ထောက်ခံအားပေးသူ တစ်ဦးလည်း ဖြစ်ပါတယ်။
`အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့အကြားက ယထာဘူတ ဖြစ်တည်မှု အနှောင်အဖွဲ့ဟာ မတူညီမှုကို ဖြစ်ပေါ်စေပေမယ့် ဖန်ဆင်းခြင်းမှာ မတူကွဲပြားစွာ ညီညွတ်မှုနဲ့ ခြားနာတဲ့ ရလဒ်တွေကိုလည်း ရရှိစေတယ်´ လို့ သူက ဆိုပါတယ်။
နောက်ပြီး အမျိုသားနဲ့ အမျိုးသမီးအကြားမှာရှိတဲ့ ဒီအနှောင်အဖွဲ့ ပျဉ်သုဉ်းမှုအတွက် ခေတ်ဆန်လွန်းမှုကို သူက အပြစ်တင်ခဲ့ပါတယ်။ ပြီးတော့ အမျိုးသမီးတွေထက်သာတဲ့ အမျိုးသားတွေရဲ့ သန်မာမှုနဲ့ အားသားချက်တွေကိုလည်း သူက အသားပေး ပြောခဲ့ပါတယ်။
ဒါပေမယ့် မွတ်စလင် အသိုင်းအ၀ိုင်းအတွင်းမှာပဲ သူ့ရဲ့ယူဆချက်နဲ့ မတူတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါသေးတယ်။ အမျိုးသမီး အခွင့် အရေး ဆိုင်ရာနဲ့ ကုရ်အာန်ဖွင့်ဆိုမှုဆိုင်ရာ ပညာရှင် အမျိုးသမီးတစ်ဦးဖြစ်တဲ့ အက်စ်မာ ဘာလက်စ်ကတော့ ယောက်ျား သားတွေကြီး စိုးရေး တွေးခေါ်မှုဟာ `ကျား၊ မ၊ ဒွန်တွဲမှု/မတူညီမှုတွေနဲ့ အတူ လိင်ပိုင်းဆိုင်ရာ/ဇီဝဗေဒဆိုင်ရာ ရှုပ်ထွေးနေတဲ့ အယူအဆ အအပေါ် အခြေခံ ထားတယ်´ လို့ ဆိုပါတယ်။
ကုရ်အာန် ကျမ်းတော်မြတ်ကို လေ့လာကြည့်တဲ့အခါ သာတူညီမျှ စနစ်ကို တွေ့ရတယ်လို့လည်း သူမကပြောပါတယ်။ `ကုရ်အာန် အရ ပြောရမယ်ဆိုရင်တော့ လူသားတွေဟာ ဇီဝဆိုင်ရာအရ ကွဲပြားကြသော်ငြားလည်း ယထာဘူတနဲ့၊ ကျင့်ဝတ်၊ ကိုယ်ကျင့် တရားပိုင်း ဆိုင်ရာမှာ တူညီကြတယ်၊ ညီမျှကြတယ်´ လို့ သူမက ပြောခဲ့ပါတယ်။
ုကုရ်အာန်ရဲ့ ပါဒတော်တစ်ခုဖြစ်တဲ့ `အမျိုးသမီးနဲ့ အမျိုသားဟာ (နာဖ့်စ်) ၀ိဥာဏ် တစ်ခုတည်းကနေ စတင်တယ်။ တူညီတဲ့ သဘာဝတွေ ကို အပ်နှင်းခြင်းခံရတယ်။ ပြီးတော့ တစ်ခုတည်းသော စုံတွဲရဲ့ အစိတ်အပိုင်း ၂ ခုအဖြစ် ပြုလုပ်ခြင်းခံရတယ်´ ဆိုတာကိုလည်း ဘာလက်စ်က ထောက်ပြခဲ့ပါတယ်။
အခြား အမျိုးသမီး အစ္စလာမ့်ပညာရှင် တစ်ဦးဖြစ်သူ ဟိုင်ဒါယတ် တက်ဆဲလ်ကလည်း ဒီလိုပဲ ပြောဆိုပါတယ်။ နောက်ပြီး အမျိုးသမီး အခွင့်အရေး အတွက်ဆောင်ရွက်နေတဲ့ တက်ဆဲလ်က အာဒိုဂန်ရဲ့ပြောကြားမှုကို ဒီလို မှတ်ချက်ပေးခဲ့ပါတယ်။
`သမ္မတကြီးဟာ ဘာသာရေးဆိုင်ရာ အမှတ်သညာကို လေးစားအားကျပြီး ပြောတာဖြစ်မှာပါ။ ဒါပေမယ့် ကုရ်အာန်ကျမ်းတော်မြတ် ထဲမှာ အမျိုးသမီးနဲ့ အမျိုးသားတွေရဲ့ သဘာဝကို ရှင်းရှင်းလင်းလင်း အဓိပ္ပါယ် သတ်မှတ်ထားတာမျိုး မပါပါဘူး။ ဒါပေမယ့် လူ့သဘာဝကို အဓိပ္ပါယ် ဖွင့်ဆိုထားတာကတော့ ထင်ထင်ရှားရှားကို ရှိနေပါတယ်´ လို့ ပြောခဲ့ပါတယ်
ဘယ်ဘာသာတရားမှာမဆို ကျား၊ မ ဆိုင်ရာကိစ္စနဲ့ ပတ်သက်ပြီး သေသေချာချာဖြေရှင်းရာမှာ ဘာသာရေး ယုံကြည်ပေါ်မှာ ရိုက်ခတ်တဲ့ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းတွေကိုလည်း နားလည်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ လူမှုရေးရာ လက်တွေ့ လုပ်ဆောင်မှုတွေကို ပုံဖေါ်ပေးတဲ့ တုံ့ပြန်မှု နည်းလမ်းတွေကိုလည်း နားလည်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် မွတ်စလင် အမျိုးသမီးတွေရဲ့ တွေ့ကြုံ ခံစားရ မှုဟာ နေရာဒေသ၊ မိသားစုရဲ့ သွန်သင်ဆုံးမမှု၊ အဆင့်အတန်းနဲ့ ပညာရေးတွေလို တစ်ကိုယ်ရေ တွေ့ကြုံခံစားရမှုကိုလိုက်ပြီး အတိုင်းထက်အလွန် ပြောင်းလဲတတ်ပါတယ်။
ယဉ်ကျေးမှုဓလေ့ထုံးတမ်းနဲ့ ဘာသာတရားရဲ့ကြားက ကွဲပြားခြားနားမှုကို မွတ်စလင်အများစုရှိရာ နိုင်ငံများက ခေါင်းဆောင်တွေနဲ့ လူ့အဖွဲ့အစည်းတွေက အမြဲတမ်းလိုလို လစ်လျူရှုတတ်ကြပါတယ်။
သူတို့တွေက ဖန်ဆင်းရှင်ဟာ အမျိုးသမီးတွေကို မတူညီတဲ့ တာဝန်ဝတ္တရားတွေနဲ့ အခွင့်အရေးတွေကို ပေးထားတယ်ဆိုတဲ့ အယူ အဆပေါ်မှာ ယောင်္ကျား၊ မိန်းမ မတူညီဘူးဆိုတဲ့ အချက်ကို အခြေပြုကြပါတယ်။ ဘာလက်စ်တို့လို တွေးခေါ်မျှော်မြင်ကြ သူတွေ ကတော့ ဒီမဟာဖိုဝါဒရဲ့ အကျိုးဆက်တွေကို ပယ်ချပါတယ်။
`အတိတ်အချိန်တွေက အမျိုးသားလွှမ်းမိုးတဲ့ ယဉ်ကျေးမှုကို အကြောင်းပြတာဟာ ပြီခဲ့တဲ့ရာစုက လူမှုသိပ္ပံပညာရှင်တွေ ထွင်ခဲ့တဲ့ အယူသည်းမှုပါပဲ။ ဒီလိုအတွေးအမြင်တွေကြောင့်ပဲ အစ္စလာမ်ကို မိန်းမမုန်းတဲ့အယူဝါဒအဖြစ် ဖော်ပြမှုတွေ ဆက်လက်ရှိနေတာပါပဲ´
ဘာလက်စ်က ကုရ်အာန်ကျမ်းတော်မြတ်ဟာ အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ မတူညီမှုကို အသိအမှတ်ပြုပြီး မဟာဖိုဝါဒအတွင်းမှာ အမျိုးသမီးအခွင့်အရေးကို ကာကွယ်ပေးထားတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
အစ္စလာမ့်ကပြောသော မိခင်ဘဝ
မိခင်တွေနဲ့ ပတ်သက်ပြီး အာဒိုဂန်က `ကျွန်တော်တို့ဘာသာတရားဟာ အမျိုးသမီးတွေအတွက် အဆင့်တစ်ခုသတ်မှတ်ပေးထားပြီ ဒါဟာ   မိခင်ဘ၀ဆိုတာပါပဲ´ လို့ ဆိုခဲ့ပြီး ဒီမှတ်ချက်ဟာလည်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေကြားမှာ ပေါက်ကွဲစေခဲ့ပါတယ်။
အစ္စလာမ့်ရှုထောင့် အရ ကြည့်မယ်ဆိုရင်တော့ အာဒိုဂန်ပြောတာ မှန်ပါတယ်။ မိခင်ဘ၀ကို အစ္စလာမ်မှာ မြှင့်တင်ပေးထားပါတယ်။ ကုရ်အာန် ကျမ်းတော်မြတ်မှာဆိုရင် မိခင်တွေ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတာတွေ၊ ကလေးတစ်ယောက်ကြီးပြင်းလာဖို့ အတွက် ဒုက္ခသုက္ခခံပြီး ပြုစုပျိုးထောင်ရတာတွေကို အထူးတလည်ဖော်ပြထားပြီး၊ သူမတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုကို သားသမီးတွေက ကျေးဇူး ဆပ်ဖို့ တာဝန်ရှိတယ်ဆိုတာကိုလည်း ဖော်ပြထားပါတယ်။
`ထိုမှတစ်ပါး ငါအလ္လာဟ်အရှင်မြတ်သည် မနုဿလူသားအား ၎င်း၏ မိဘနှစ်ပါးနှင့်ပတ်သက်၍ (ဤသို့) လေးနက်စွာ အမိန့်ပေးတော် မူခဲ့၏။ ၎င်း၏ မိခင်မှာ အင်အားချိနဲ့မှုအပေါ်၌ အင်အားချိနဲ့မှုကိုခံစားလျက် ၎င်းအား (မိမိဝမ်းတွင်း၌) လွယ်ပိုက်ခဲ့လေ၏ ထိုမှတစ်ပါး ၂ နှစ်မြောက်သော အခါ၌သာလျှင် ၎င်းအား နို့ဖြတ်လေ၏။ (သို့ဖြစ်ပေရာ) အသင်သည် ငါအရှင်မြတ်အားလည်းကောင်း၊ အသင်၏ မိဘနှစ်ပါးတို့အားလည်းကောင်း ကျေးဇူးတင်လော့´ (ကုန်အာန် ၃၁၊ ၁၄)
`မိခင်ဖြစ်သူမှာ ဆင်းရဲဒုက္ခပင်ပန်းကြီးစွာနှင့် (မိမိဝမ်းတွင်းဝယ်) သယ်ပိုးလွယ်ပိုက်ခံ၏။ ထို့ပြင် ဆင်းရဲဒုက္ခပင်ပန်းကြီးစွာဖြင့် ၎င်းအား မွေးဖွားခဲ့၏´ (ကုန်အာန် ၄၆၊ ၁၅)
ဒါတင်မကသေးဘဲ မိခင်တွေကို `မိဘအခွင့်အရေး´ ဆိုတာမျိုးနဲ့ ကုရ်အာန် အခွင့်ထူးတွေ ချီးမြှင့်ထားပြီး၊ တမန်တော်မြတ်ရဲ့ သြ၀ဒ   တော်တွေမှာလည်း မိခင်အားပြုစုစောင့်ရှောက်ခြင်း အတွက် အံဖွယ် အကျိုးကျေးဇူးတွေရမယ်လို့လည်း ဖော်ပြထားပါသေးတယ်။
ဒါပေမယ့် ဒီမိခင်ဖြစ်မှုက အမျိုးသမီးတွေရဲ့ တစ်ခုတည်းသော လုပ်ငန်းနဲ့ တစ်ခုတည်းသော ထိုက်တန်ရာအဖြစ် အစ္စလာမ်က သတ်မှတ်ထားတယ်လို့ စဉ်းစားမယ်ဆိုရင်တော့ လုံးဝ မှားသွားပါလိမ့်မယ်။
ကလေးမရတဲ့အမျိုးသမီးတွေ၊ ဒါမှမဟုတ် ကလေးမယူချင်တဲ့ အမျိုးသမီးတွေ အတွက် ဘယ်လိုရှိမလဲ? ဖန်းဆင်းရှင်ရဲ့ အရှုနဲ့ သူတို့ဟာ မထိုက်တန်တော့ဘူးလား?
မွတ်စလင်တွေအနေနဲ့ ကိုယ်တော်မြတ်ရဲ့ ဇနီးကြင်ရာတစ်ပါးဖြစ်တဲ့ အာအေရှာသခင်မရဲ့ အကြောင်းကို ပြန်လည်တွေးတောရပါလိမ့် မယ်။ သခင်မကြီးဟာ ကလေးမွေးဖွားခြင်းမရှိပေမယ့် သူမရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်သိက္ခာနဲ့ လုပ်ရပ်တွေကြောင့် တမန်တော်မြတ်ကြီးနဲ့ လူ့အဖွဲ့အစည်းအတွက် အတိုင်းအထက်အလွန် အရေးပါတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါတယ်။
အစ္စလာမ်ကပြောတဲ့ မိခင်ဘ၀နဲ့ ပတ်သက်ပြီး မွတ်စလင်လောကမှာ အများဆုံးပြောကြတာကတော့ `ဂျန္နသ်သုခဘုံဟာ မိခင်ရဲ့ခြေ ဖ၀ါးအောက် မှာရှိတယ်´ ဆိုတဲ့ ကိုယ်တော်မြတ်ရဲ့ သြ၀ါဒတော်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီသြ၀ါဒတော်ကို အစ္စလာမ့် တွေးခေါ် ပညာရှင်တွေဟာ မိခင်ဘ၀ အမျိုးမျိုးသော တွေ့ကြုံခံစားရမှုတွေနဲ့၊ အမျိုးသမီးတွေရဲ့ ဘ၀မှာ ဒီမိခင်တွေရဲ့ ပြောင်း လဲမှု အခန်းကဏ္ဍတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ကောင်းအောင် အဓိပ္ပါယ်ဖွင့်ဆို ဖော်ပြတာမျိုးတော့ မရှိပါဘူး။
ကျား၊ မ ဆိုင်ရာ ပြဿနာတွေနဲ့ စပ်လျဉ်းပြီး မွတ်စလင်ကမ္ဘာရဲ့အဓိက ပြဿနာကတော့ အမျိုးသားကြီးစိုးတဲ့ ပတ်ဝန်းကျင်တွေကို ဖြစ်ပေါ်စေတဲ့ အလယ်ခေတ် ရေးသားချက်တွေ၊ ဇီဝဆိုင်ရာ အရေးပါမှုအပေါ်မှာ အခြေခံထားတာတွေဟာ အစ္စလာမ်နဲ့ ပတ်သက်နေတာပါပဲ။
မိမိတို့ရဲ့ အိမ်တွေမှာ၊ လုပ်ငန်းခွင်တွေမှာ တွေ့ကြုံရတဲ့ အမျိုးသမီးတွေရဲ့ ခက်ခဲမှုတွေကို ဖော်ပြခြင်းမရှိဘဲ မိခင်ဘ၀ကို သိဒ္ဓိတင်နေခြင်း ဟာ မွတ်စလင်အမျိုးသမီး အားလုံးရဲ့ တွေ့ကြုံခံစားရမှုကို လေးလေးနက်နက် မတွေးတောတာပဲလို့ ဆိုရပါလိမ့်မယ်။ မိခင်ဘ၀ဆို  တာ မွေးဖွားခြင်းဆီကို ဦးတည်သွားတဲ့ ဇီဝဖြစ်စဉ်တစ်ခုတည်း မဟုတ်ပါဘူး။ အရမ်းရှုပ်ထွေးတဲ့ အခန်းကဏ္ဍတွေလည်း ပါဝင်ပါတယ်။ ဥပမာအားဖြင့် တူရကီမှာဆိုရင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု၊ ကလေး သတို့သမီး၊ နည်းလမ်းတကျမဟုတ်တဲ့ အလုပ်လုပ်ကိုင်မှု၊   မုဆိုးမဘ၀၊ ပြည်သူ့လုံခြုံရေးဝန်ဆောင်မှု စတဲ့ အခန်းကဏ္ဍတွေပါပဲ။
ဒါ့ကြောင့် အမျိုးသမီးတွေရဲ့ တွေ့ကြုံခံစားမှုတွေနဲ့ ပတ်သက်ပြီး အသိပေးတာမျိုးတွေကို ဆက်လက်ချဲ့ထွင် လုပ်ဆောင်သွား ရပါမယ်။   နောက်ပြီး အတွေ့အကြုံ အသစ်တွေကို ဖော်ပြရမှာဖြစ်သလို စိန်ခေါ်မှုအသစ်တွေကိုလည်း ရင်ဆိုင်ဖြေရှင်းသွားရပါလိမ့်မယ်။ ဒါ့ကြောင့် ဘာသာရေး ပညာရှင်တွေဟာ မိခင်တွေရဲ့ ကိုယ်ကျိုးမဲ့မေတ္တာနဲ့ စံပြုထိုက်တဲ့ ပေးဆပ်အနစ်အနာခံမှုတွေကို အမွှမ်းတင် မှုတွေ  မှာပဲ ရပ်နေလို့မရတော့ပါဘူး။
ကွန်ဆာဗေးတစ်မွတ်စလင်အမျိုးသားတွေမှာရှိနေတဲ့ အယူအဆဖြစ်တဲ့ အာဒိုဂန်ရဲ့ မိန့်ခွန်းထဲက အဓိကပြဿနာတစ်ခုကတော့ အမျိုးသားအမျိုးသမီး တန်းတူညီမှုဝါဒဟာ ကျား၊ မ မတူသူတွေအကြားမှာ ရှိနေတဲ့ ဇီဝဆိုင်ရာ ခြားနားမှုကို လစ်လျူရှုထားတယ်ဆိုတာနဲ့ ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းကို မလေးမစားလုပ်တယ်လို့ မှတ်ယူတာပဲဖြစ်ပါတယ်။
ဒါပေမယ့် မိမိကိုယ်ကိုယ် အစ္စလာမ့်မစ် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများလို့ ကြေညာတဲ့ (ဟီဒါယတ် တက်ဆဲလ်လို) လူတွေရှိနေပြီး သူတို့ကတော့ အမျိုးသမီးအခွင့်အရေး တန်ုးတူညီမျှမှုဝါဒဟာ ကျား၊ မ တန်းတူညီမျှမှုကို ပညာပေးတဲ့ လှုပ်ရှားမှုတစ်ခုသာ ဖြစ်တယ်ပြီး အမျိုးသမီးတွေရဲ့ ဘ၀နဲ့ အခွင့်အရေးတွေကို လေးစားခြင်းခြင်း၊ အစ္စလာမ်သာသနာကို တိုးမြှင့်လေ့လာမှုလည်း မျှဝေဆောင်ရွက်မယ်လို့ဆိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောကြရင် မိခင်တွေ၊ အဲဒီလိုပဲ မိခင်မဖြစ်နိုင်တဲ့၊ မဖြစ်ချင်ကြတဲ့ အမျိုးသမီးတွေရဲ့ အန္တရာယ်ကင်းမှုနဲ့   ကောင်းမွန် စွာအသက်ရှင်နေထိုင်နိုင်မှုဟာ ဘာသာတရား၊ ယဉ်ကျေးမှုအမြင်တွေနဲ့ မဆိုင်ဘဲ ကမ္ဘာတစ်ဝှမ်း နိုင်ငံအားလုံးက အစိုးရတွေရဲ့ စိုးရိမ်မှုတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် ကျား၊ မ တန်းတူညီမျှမှု တိုက်ပွဲဟာ မိမိကိုယ်ကိုယ်တိုင် စဉ်းစဉ်းစားစားနဲ့ ဝေဖန်မှုတွေလုပ်ပြီး၊ ယဉ်ကျေးမှုတွေကြားထဲမှာ ဘယ်သူက ဘယ်သူ့ထက်သာတယ်ဆိုတာမျိုးတွေ မရှိမှသာ အောင်မြင်နိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ တိုက်ပွဲတစ်ပွဲပဲ ဖြစ်ပါတော့တယ်။
Al Jazeera Opinion ကဏ္ဍတွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် Riada Asimovic Akyol ၏ “On Erdogan and Muslim mothers ” ဆောင်ပါးကို လေးမောင်(M-Media) မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

No comments:

Post a Comment