သျှိဝဘုရားကျောင်းအနီး သူတော်စင်တစ်ဦး နေထိုင်ပါတယ်။ သူတော်စင်ရဲ့အိမ်နှင့်
မျက်နှာချင်းဆိုင်မှာ မိန်းမပျက်တစ်ယောက်နေထိုင်ပါတယ်။ မြောက်မြားစွာသော ယောက်ျားတွေ
သူမထံကို ဝင်ထွက်နေခြင်းကို သူတော်စင် တွေ့မြင်ပါတယ်။ ထိုအခါ သူမကို စကားပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“မင်းဟာ ဒုစရိုက်ကောင်ကြီးပဲ” လို့ မျက်နှာထားတည်တည်နဲ့ သူတော်စင်
ပြောလိုက်ပါတယ်။
“မင်းရဲ့အပြုအမှုက ဘုရားသခင်ကို နေ့နေ့ညည ရိုသေလေးစားမှုမရှိဘူးဆိုတာကို
ပြနေတယ်။ မင်းရဲ့လုပ်ရပ်တွေကို ခဏရပ်ပြီး၊ သေပြီး နောက်ဘဝ ဘာဖြစ်မယ်ဆိုတာကို စဉ်းစားမိရဲ့လား။”
သနားစရာမိန်းမဟာ
သူတော်စင်ရဲ့စကားကို နာကြားအပြီး တုန်လှုပ်ခြောက်ခြားသွားပါတယ်။ ဘုရားသခင်ကို တကယ်ရိုကျိုးမှုနဲ့
စိတ်ပါလက်ပါ ဆုတောင်းပါတယ်။ အပြစ်တွေကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ သူမဘဝရှင်သန်ဖို့
အခြားအသက်မွေးဝမ်းကျောင်းမှုတစ်ခုရရှိရန် ကူညီပေးဖို့လည်း ဘုရားသခင်ထံမှာ ဆုတောင်းပါတယ်။
သို့သော်လည်း
အခြားအလုပ်ကို ရှာဖွေလို့ မတွေ့ပါဘူး။ တစ်ပါတ်ကြာ ငတ်ပြတ်ပြီးနောက် ပြည့်တန်ဆာအလုပ်ကိုပဲ
သူမ ပြန်လုပ်ပါတော့တယ်။
သူမကိုယ်ခန္ဓာကို
လူစိမ်းတစ်ယောက်ထံ အပ်နှံပျော်ပါးလိုက်တိုင်း၊ သူမကို ခွင့်လွှတ်ဖို့ ဘုရားသခင်ထံ ဆုတောင်းပါတယ်။
သူတောင်စင်ဟာ
သူ့ရဲ့အကြံပေးချက် မထိရောက်ကြောင်း သိရှိတဲ့အခါ စိတ်ရှုပ်သွားပါတယ်။ ပြီးတော့ ဒီလိုတွေးပါတော့တယ်။
“ဒီအချိန်မှစလို့ ဒီမိန်းမအိမ်ကို ယောက်ျား ဘယ်နှစ်ယောက်ဝင်ထွက်သလဲဆိုတာကို
ရေတွက်တော့မယ်။ နောက်ဆုံး ဒီအပြစ်သားသေတဲ့အချိန်အထိပေါ့။”
အဲဒီအချိန်မှစလို့
သူတော်စင်ဟာ အခြားအလုပ်ကို မလုပ်တော့ပါဘူး။ မိန်းမပျက်ရဲ့အိမ်ကို ဝင်ထွက်မှုတွေကို စောင့်ကြည့်နေပါတယ်။
ယောက်ျားတစ်ယောက် အိမ်ထဲကို ဝင်သွားတိုင်း ကျောက်တုံးတစ်တုံး သူ့ဘေးမှာ ချထားလိုက်ပါတော့တယ်။
အချိန်ကြာတဲ့အခါ
သူတော်စင်သည် မိန်းမပျက်ကို နောက်ထပ်တစ်ခါ စကားပြောပါတယ်။
“ကျောက်တုံးပုံကို မင်းမြင်ရဲ့လား။ ကျောက်တုံးတစ်တုံးဟာ မင်းလုပ်ထားတဲ့
စာရိတ္တအပြစ်တစ်ခု။ ငါ့ရဲ့သတိပေးချက်တွေကို ဆန့်ကျင်ပြီးလုပ်တဲ့အပြစ်တွေ။ နောက်ထပ်တစ်ခါ
မင်းကို ငါ သတိပေးလိုက်မယ်။ အပြစ်တွေ ထပ်မလုပ်ပါနဲ့တော့။”
သူမရဲ့အပြစ်အစုအပုံကြီးကို
တွေ့မြင်တဲ့အခါ အရမ်းတုန်လှုပ်ခြောက်ခြားသွားပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ နောင်တတရားကြောင့်
မျက်ရည်တွေကျနေပါတယ်။ ဘုရားသခင်ထံမှာ ဆုတောင်းပါတယ်။
“အို၊ အဖဘုရားသခင် အဖရဲ့ဂရုဏာတော်နဲ့ ဒီလိုစိတ်ပျက်စရာဘဝမှ
လွတ်မြောက်ခွင့်ကို ဘယ်အချိန်မှာ အကျွန်ုပ်ရနိုင်မှာလဲ။”
သူမရဲ့ဆုတောင်းချက်ကို
ဘုရားသခင်ကြားသွားပါတယ်။ ထိုနေ့မှာပဲ သေမင်းဟာ သူမထံကို ရောက်လာပြီး၊ ခေါ်ဆောင်သွားခဲ့ပါတယ်။
ဘုရားသခင်ရဲ့အမိန့်တော်အရ သူတော်စင်ကိုလည်း မိန်းမပျက်နှင့်အတူ ခေါ်ဆောင်သွားခဲ့ပါတယ်။
မိန်းမပျက်ရဲ့ဝိဥာဉ်ဟာ
ကောင်းကင်ဘုံကို တိုက်ရိုက်ရောက်သွားပါတယ်။ သူတော်စင်ကိုတော့ ငရဲပြည်ကို ဆွဲခေါ်သွားပါတယ်။
သူတို့ကို ခေါ်ဆောင်သွားရာလမ်းခရီးမှာ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံကြပါတော့တယ်။ သူတော်စင်ဟာ
ဒီအဖြစ်အပျက်ကို မြင်တွေ့တဲ့အခါမှာ အော်ဟစ်ပါတော့တယ်။
“ဒီဟာ တရားမျှတပါရဲ့လား၊ အဖဘုရားသခင်။ အကျွန်ုပ်ရဲ့ဘဝတစ်လုံးလုံး
အရှင့်ကို ရိုသေကိုးကွယ်ပြီး ဆင်းဆင်းရဲရဲနေထိုင်ခဲ့ပါတယ်။ အခုတော့ အကျွန်ုပ်ကို ငရဲသို့
ပို့ပြီး၊ တစ်ဘဝလုံး အပြစ်တွေပြည့်နေတဲ့ ဒီမိန်းမပျက်ကို ကောင်းကင်ဘုံကို ပို့ဆောင်လိုက်ပါပြီ။”
သူတော်စင်ရဲ့စကားကို
ကြားရတဲ့အခါ နတ်သမီးတစ်ဦးက ပြန်လည် ဖြေကြားပါတယ်။
“ဘုရားသခင်ရဲ့လုပ်ဆောင်ချက်ဟာ အမြဲမျှတပါတယ်။ ဘုရားသခင်ရဲ့မေတ္တာတော်ဟာ
သင့်အိမ်နီးနားချင်းရဲ့ အပြုအမူအတိုင်း အဆုံးအဖြတ်ပြုမယ်လို့ သင် ထင်မြင်ယူဆပါသလား။
သင့်နှလုံးအိမ်ကို အခြားသူတစ်ဦးရဲ့အပြစ်တွေနဲ့ ဖြည့်နေချိန်မှာ၊ ထိုအမျိုးသမီးက နေ့နေ့ညည
စိတ်ပါလက်ပါ ဆုတောင်းသမှုပြုနေပါတယ်။ သူမကျခဲ့တဲ့မျက်ရည်တွေကြောင့် နှလုံးသားဟာ အရမ်းကို
ပေါ့ပါးနေပါတယ်။ ဒါကြောင့် ငါတို့ သူ့ကို ကောင်းကင်ဘုံကို သယ်ဆောင်သွားလို့ရတာပါ။ သင့်ဝိဥာဉ်ကတော့
ကျောက်တုံးတွေနဲ့ အင်မတန်လေးလံလို့ မ မတင်နိုင်အောင်ဖြစ်ရပါတယ်။”
( The monk and the prostitute by Paulo Coelho ကို ဘာသာပြန်ဆိုပါသည်။ )
No comments:
Post a Comment