Saturday, July 21, 2012

မြန်မာသက္ကရာဇ် ဖြစ်လာပုံ

သက္ကရာဇ်

သက္ကရာဇ်ဆိုသည်မှာ အချိန်ကာလကို အမှတ်အသားတစ်ခုအနေဖြင့် သတ်မှတ်ထားသော စံတစ်ခုဖြစ်ပေသည်။ အချိန် ၂၄-နာရီကို တစ်ရက်အဖြစ်သတ်မှတ်ပြီး ရက်ပေါင်း ၃၆၅-ရက်ကို တစ်နှစ်ဟုသတ်မှတ်သည်။ တစ်နှစ်ကို သက္ကရာဇ် တစ်ဟု သတ်မှတ်သည်။

သက္ကရာဇ် (၅)မျိုး

(၁) မဟာ သက္ကရာဇ် = ဂေါတမဘုရားရှင်၏ ဘိုးတော် (သီရိမဟာ မာယာဒေ၀ီ၏ ခမည်းတော်) ဒေ၀ဒဟ ပြည့်ရှင်ဘုရင် အဉ္စနမင်းကြီးသည် ဒိဗ္ဗစက္ခုအဘိညာဉ် ရ ဒေ၀ီလရသေ့နှင့် တိုင်ပင်ပြီး မိမိလက်ထက်၌ ရောက်ဆဲဖြစ်သော သက္ကရာဇ် (၈၆၄၅)ခုကို ထိုနှစ် တပေါင်းလကွယ် စနေနေ့ အထိ ဖြိုပြီးလျှင် တန်ခူးလဆန်း(၁)ရက် တနင်္ဂနွေနေ့ကို အစပြု၍ သက္ကရာဇ် တစ်ခု ထားလေသည်။ ထိုသက္ကရာဇ်ကို မဟာသက္ကရာဇ်ဟု ခေါ်တွင်လေ သည်။ ထိုအချိန်သည် မြတ်စွာဘုရား ဖွားတော်မမူမီ (၆၈)နှစ် အလိုဖြစ်သည်။ ဂေါတမ ဘုရားရှင် ၏ သက်တော် (၈၀)နှင့်ပေါင်းသော မဟာ သက္ကရာဇ်၏ သက်တမ်းမှာ (၁၄၈)နှစ်သာ ရှိသည်။ ထို ၁၄၈ နှစ်ကို ဖြိုပြီး သာသနာသက္ကရာဇ်ကို စ၍တွက်သည်။


(၂) သာသနာ သက္ကရာဇ် = မဟာ သက္ကရာဇ်၏ သက်တမ်းမှာ (၁၄၈)နှစ်သို့ ရောက်သော အခါ ဂေါတမဘုရားရှင်သည် ပရိနိဗ္ဗာန် စံတော်မူသည်။ ပရိနိဗ္ဗာန် စံတော်မူပြီး လေးလအကြာ ရာဇဂြိုဟ် ပြည့်ရှင်ဘုရင် အဇာတသတ် ကြီးကြပ်၍ ပထမသင်္ဂါယနာတင်တော်မူပြီးနောက် သက္ကရာဇ် (၁၄၈)ကို ဖြိုခွင်းပြီး သာသနာနှစ် သက္ကရာဇ်(၁)ခု ကြွင်းထားခဲ့သည်။ ထိုမှစ၍ သာသနာသက္ကရာဇ် ပေါ်ပေါက်လာသည်။


(၃) ကောဇာ သက္ကရာဇ်၊ မြန်မာ သက္ကရာဇ် = သရေခေတ္တရာ မင်းဆက် သုမုန္ဒရီမင်း လက်ထက်မှ စ၍ ရေတွက်သည်။ (လက်ရှိ မြန်မာ ပြက္ခဒိန်)

(၄) ခရစ် သက္ကရာဇ် (ဘီစီ) = ခရစ်တော် မပေါ်မီကာလ နောက်ကို ရေတွက်သည်။

(၅) ခရစ် သက္ကရာဇ် (အေဒီ) = ခရစ်တော် ပေါ်ပြီးနှစ်မှစ၍ အစဉ်အတိုင်း ရေ တွက်သော နှစ်များ ဖြစ်သည်။ (လက်ရှိ အင်္ဂလိပ် ပြက္ခဒိန်)


သက္ကရာဇ် ဖြိုခြင်း အစ

ဂေါတမဘုရားရှင်၏ ဘိုးတော် အဉ္ဇနမင်းကြီး လက်ထက်တွင် ဒိဗ္ဗစက္ခုအဘိညာဉ် ရ ဒေ၀ီလရသေ့နှင့် တိုင်ပင်ပြီး ရှိရင်းသက္ကရာဇ်(၈၆၄၇)နှစ်မှ (၈၆၄၅)နှစ်ဖြို၍ ကျန်နှစ်နှစ်ကို ဘိုးတော်အဉ္ဇနမင်း ဖြိုကြွင်းသော အဉ္ဇနသက္ကရာဇ် (မဟာသက္ကရာဇ်)အဖြစ် သုံးစွဲခဲ့လေသည်။

အဉ္ဇနသက္ကရာဇ် အတွင်းမှာပင် ဂေါတမဘုရားရှင် သည် သက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်တွင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ပါသည်။ ထိုနှစ်မှာပင် ၀ါခေါင်လ မှ စ၍ ပထမ သင်္ဂါယနာ တင်ရာ ၇ လကြာခဲ့သည်။ ထိုစဉ်က မဂဓတိုင်း၊ ရာဇဂြိုလ်ပြည်၌ စိုးစံသောဘုရင် အဇာတသတ် နှင့် အရှင်မဟာကဿပတို့ တိုင်ပင်ပြီး ရှိပြီး ၁၄၈-ခုနှစ် ကို ဖြို၍ ထိုနှစ်ကို ဗုဒ္ဓသာသနာနှစ် (သာသနာသက္ကရာဇ်) ၁ ခုနှစ် ဟု သတ်မှတ်ခဲ့သည်။


ထိုမှတစ်ဖန် အစဉ်အဆက် သာသနာသက္ကရာဇ် ကို ဆက်လက် သုံးစွဲလာခဲ့ကြရာ သာသနာသက္ကရာဇ် ၆၂၄-ခု ရောက်သောအခါ သရေခေတ္တရာပြည့်ရှင် သုမုန္ဒီရဇ် မင်းလက်ထက်တွင် ရှေးဆရာ ပညာရှိ ရသေ့ကြီးများ၏ နည်းအရ ဒေါဒေါရသ (ခေါ်) နှစ်ရှည် သက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်သဖြင့် ၆၂၄-ခုနှစ်မှ ၆၂၂-ခုနှစ်ကို ဖြို၍ အကြွင်း ၂ -နှစ်ကို ထားကာ သုမုန္ဒရဇ်(သရေခေတ္တရာ) သက္ကရာဇ် အဖြစ် မှတ်သားသုံးစွဲ ခဲ့ပြန်သည်။

သုမုန္ဒရဇ်သက္ကရာဇ် ၅၆၂-ခုသို့ ရောက်သောအခါ ပေါက္ကံပြည့်ရှင် ဆရာသင်္ဃရာဇ် ခေါ် ပုပ္ပါးစောရဟန်းမင်း(ပုဂံမင်းဆက် ၂၁ ဆက်မြောက်မင်း) လက်ထက် ခန်းဆပဉ္ဇာ (ခေါ်) နှစ်တို သက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်ပြန်သည်နှင့် ၅၆၂ ခုမှ ခန်းဆပဉ္ဇာ ၅၆၀ ခု ဖြိုပြီး ကျန်သော ၂ ခု ကို ပေါက္ကံသက္ကရာဇ် အဖြစ် ယနေ့ထိ အဖြိုမရှိတော့ဘဲ ဆက်လက်သုံးစွဲခဲ့သည်။ ထိုသုံး စွဲခဲ့သော ပေါက္ကံသက္ကရာဇ်သည် ယခုအခါ မြန်မာကောဇာသက္ကရာဇ် (ဂေါဇာသက္ကရာဇ်) ဟုခေါ်သည်။

ထိုအချိန် မှ စ၍ သာသနာသက္ကရာဇ် ဟူသော မူလ အခေါ် ပျောက်သွားကာ ကောဇာသက္ကရာဇ် (သို့) သက္ကရာဇ် ဟုသာ သုံးပါတော့သည်။ သိရိခေတ္တရာ ပြည် ဘုရင် သုမုန္ဒီရဇ်မင်း ဖြိုသော ၆၂၂ ကို ပုပ္ပား စောရဟန်း လက်ထက် ဖြိုသော ၅၆၀ နှင့် ပေါင်း လျှင် ၁၁၈၂ နှစ် ရပါသည်။ ယင်း ၁၁၈၂ ကို လက်ရှိ ရောက်နေသော ကောဇာ သက္ကရာဇ် တွင် ထည့်ပေါင်းပါက ပထမသင်္ဂါယနာတင် ချိန် က စခဲ့သော သာသနာ သက္ကရာဇ် ကို ရပါသည်။

    လက်ရှိ ခရစ်နှစ် က (၆၃၈) ကို နှုတ်လျှင် မြန်မာသက္ကရာဇ် ကို ရမည်။

    မြန်မာ ပြက္ခဒိန်နှစ် ကို (၁၁၈၂) ပေါင်းပါက သာသနာနှစ် ကို ရမည်။



သက္ကရာဇ်ဖြိုရာ အင်္ဂါ ၃-ပါး

သက္ကရာဇ်ဖြိုခြင်း ဟူသည်ကား ဂဏန်းသင်္ချာအရေအတွက်တွေ များလာသည်ကို လွယ်ကူစွာ သိမှတ်နိုင် စေရန်ရည်သန်၍ အသစ်အတို ပြုခြင်းပင်ဖြစ်၏၊ သို့သော် အောက်ပါ အင်္ဂါ၃-ပါးနှင့် ညီညွတ်မှ ဖြိုအပ်သည်၊ဖြိုကောင်းသည်ဟု ပညာရှိတို့တွက်ကိန်းပုံစံ ထားကြကုန်၏၊ ကံနီ အတွင်းဝန်မင်းကမူ ကိန်းခမ်းညီးအောင်ဖြိုခြင်းသာ လိုရင်းပဓာနမှတ် ဟု ဆိုလေသည်။

    ရောက်ဆဲသက္ကရာဇ်တည်၇-ခုနှင့်စား၊ အကြွင်းမဲ့ပြတ်၊
    ရောက်ဆဲ သက္ကရာဇ်တည်၁၉-ခုစား၊ အကြွင်းမရှိပြတ်၊
    ရောက်ဆဲသက္ကရာဇ်တည် ၉၅-ခုစား၊ အကြွင်းမရှိပြတ်။

သက္ကရာဇ်ဖြိုမင်း  ၇ မင်း


(၁) အာကာရဋ္ဌမင်းကြီး လက်ထက် ကမ္ဘာဦးကာလမှစ၍ ``မဟာသုဒ္ဓ၀ယပ္ပ´´ဟူသော ပိဋကသင်္ချာနှင့်အညီ သက္ကရာဇ် (၁၁၄၉၇၈၅) ခုနှစ်တို့ကိုဖြိုခဲ့သည်။

(၂) ကုသမင်းကြီးလက်ထက်မှာ ``နာတိမဇ္ဇလဒ္ဓံဝိယ´´ ဟူသော ပိဋကသင်္ချာကိန်းခမ်းနှင့်အညီ သက္ကရာဇ် (၁၄၉၃၈၅၆၀) သော ခုနှစ်တို့ကိုဖြိုခဲ့လေသည်။

(၃) ဘိုးတော်အဉ္စနမင်းကြီးသည် ဒေ၀ီလရသေ့နှင့်တိုင်ပင်ကာ ``မာဃစန္ဒေ၊ သို့မဟုတ်ဏ၀စန္ဒေ ´´ ဟူသော ပိဋက သင်္ချာ ကိန်းခမ်းနှင့်အညီ သက္ကရာဇ် (၈၆၄၅) ခုနှစ်တို့ကို ဖြိုခဲ့လေသည်။


(၄) အဇာတသတ် မင်းကြီးနှင့် ရှင်မဟာကဿပထေရ် တိုင်ပင်ကာ ``ဒေ၀ီယ´´ ဟူသော ပိဋကသင်္ချာ ကိန်းနှင့်အညီ သက္ကရာဇ် (၁၄၈)ခုနှစ်တို့ကို ဖြိုလိုက်ပြန်လေသည်။

ထိုနောက် သာသနာသက္ကရာဇ် ၆၂၄-ခုနှစ်သို့ရောက်သောအခါ-

(၅) သုမုန္ဒရီမင်းကြီးသည် သီရိခေတ္တရာပြည်ကြီး၌ ``ဒေါဒေါရသ ´´ကိန်းခမ်းအရ ၂-ခုကြွင်းထား ၍ သက္ကရာဇ် (၆၂၂)နှစ် တို့ကို ဖြိုကာ ၂ က ပြန်စသည်။

ထိုနောက် ၅၆၂-ခုနှစ်သို့ရောက်ပြန်သောအခါ-

(၆) ပုပ္ပါးစောရဟံ မင်းကြီးသည် ပုဂံပြည်၌ ``အလံဗိက´´ ကိန်းကြုံ၍ ``ခဆပဉ္စန်း´´  ခေါ်(၅၆၀) တို့ကို ၂ ခုကြွင်းထားလျက် ဖြိုကာ ၂ က ပြန်စသည်။ ယနေ့ မြန်မာသက္ကရာဇ်ဖြစ်လာသည်။

ထိုမှနောက် သက္ကရာဇ် (၈၀၀)ခုနှစ်သို့ရောက်သော အခါ

(၇) မိုးညှင်း မင်းတရားကြီးသည်၊ ``အဋ္ဌန၀ သတ္တကိန်း´´ သို့မဟုတ် ``ဗသျှုဆိဒ္ဒမုနိကိန်း ´´ အရ (၇၉၈) ခုနှစ်တို့ကို ဖြိုပြန်သော်လည်း ကိန်းခမ်း မရောက်၍ မပြို မကြေဟု ပညာရှိတို့ ဆိုကြ ကုန်၏၊

ထိုနောက်ကား သက္ကရာဇ်ဖြိုမင်း မရှိ မပေါ်သေးပေ။

No comments:

Post a Comment