Wednesday, June 29, 2011

ဖုန်းရွှေပညာ...၂.(တရုတ်တော်ဝင်ပညာတခု)

ကျွန်တော်တို့ နယ်မြို့လေးမှာ တိုက်အိမ်ကြီးတစ်လုံး ရှိပါတယ်။ တိုက်အိမ်ကြီးက မထူးခြားပါဘူး။ ဟိုးအရင်ခေတ်က ဆောက်ခဲ့တဲ့ ခပ်တောင့်တောင့် တိုက်ကြီးဖြစ်တာက လွဲရင် ဘာမှ ထူးခြားလှတယ် မဟုတ်ပါဘူး။ ထူးခြားတာက တိုက်တည်နေရာပါပဲ။ ဒီတိုက်မျက်နှာစာ ဘက်ဟာ မြန်မာတွေ အခေါ် လှေဦးတိုက်၊ လှည်းဦးတိုက်၊ လမ်းဦးတိုက် ဆိုတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ တိုက်မျက်နှာစာဖက်မှာ လမ်းမရှည်ကြီး တစ်ခု ရှိနေပြီး တိုက်ရှေ့တည့်တည့်ရောက်မှ ဘယ်ညာကို ခွဲထွက် သွားတဲ့ လမ်းနှစ်ခု ကလည်း ရှိနေပါတယ်။

ဒီတော့ ဘာဖြစ်လဲ။ လှေဦး လှည်းဦးမကလို့ မော်တော်ကားပါ ဦးတိုက်လာတော့ အဲဒီတိုက်ပိုင်ရှင် သူဌေးကြီးခမျာ လှော်ရင်းက နစ်သလို လုပ်ရင်းကိုင်ရင်းကကို မွဲရာက ပြာကျလာလို့ သူပိုင်တဲ့ တိုက်ကြီးကို တခြားသူဌေးတစ်ယောက်ဆီ လက်လွှဲရောင်းချလိုက်ရပါတယ်။ သူနဲ့ သူ့သားသမီးတွေက ဒီလို လှေဦးလှည်းဦးကို ဘယ်နည်းနဲ့မှ ပြန်ဖြေရှင်းသွားတာ မတွေ့ရပါဘူး။ အယုံအကြည်လည်း ရှိဟန် မတူခဲ့ပါဘူး။ တိုက်ပိုင်ရှင်အသစ် ဖြစ်လာတဲ့ သူဌေးကတော့ လှေဦးလှည်းဦးကို ယုံကြည်သလို ဘယ်လို ကာကွယ်ရမယ် ဆိုတာကိုပါ ပညာရှင်တစ်ယောက်နဲ့ တိုင်ပင်ခဲ့တယ်လို့ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ကြားရပါတယ်။

ဟုတ်လည်း ဟုတ်ပါတယ်။ တိုက်ပိုင်ရှင်အသစ်က အိမ်တက်ပွဲ လုပ်တဲ့နေ့မှာပဲ လှည်းဦးတိုက် ဖြစ်နေတဲ့ သူ့တိုက် အိမ်ရှေ့ မျက်နှာစာမှာ သောက်ရေအိုးစင်တစ်ခုကို ကျကျနန ဆောက်လိုက်ပြီး ဧရာမမှန်ချပ်ကြီး တစ်ခုကိုလည်း ခြံဝန်းမျက်နှာစာ ဘက်မှာ ကပ်ထားလိုက်ပါတယ်။ မှန်ချပ်ပေါ်မှာကတော့ လက်ရာကောင်းနဲ့ ဆွဲထားတဲ့ မာန်ဖီနေတဲ့ ကျားဖြူသဏ္ဍာန်ကို ခပ်ပါးပါးလေး ဆွဲသားထားပါတယ်။

အဲဒီအစီအမံတွေ ပြုလုပ်အပြီး နောက်ပိုင်းကာလတွေမှာ ဒီတိုက်အိမ်ပေါ် တက်လာတဲ့ သူဌေးဟာ ပထမသူဌေးလို မွဲပြကျဖို့ နေနေသာ၊ စီးပွားတက်လာလို့ လုပ်ငန်းတွေတောင် တိုးချဲ့ရတယ်လို့ ပြန်ကြားရပါတယ်။

ဒါဟာ တိုက်ဆိုင်မှုလား၊ အစီအရင်တွေရဲ့ အစွမ်းသတ္တိလား မေးခွန်းထုတ်ချင်စရာ ကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။ ပထမသူဌေးကြီးဟာ လမ်းဦးတိုက်တာနဲ့ မဆိုင်ဘဲ သူ့ဖာသာ ကံဇာတာအရ စီးပွားကျကိန်း ကြုံနေလို့ ဒုက္ခရောက် သွားတာလား။ ဒုတိယသူဌေးဟာ အစီအရင်တွေ လုပ်လို့ လမ်းဦးတိုက်တာကို ကျော်ဖြတ်ရင်း စီးပွားတက် သွားတာလား။ ဒါမှမဟုတ် သူ့ကံအရ တက်ချိန်ရောက်လို့ တက်သွားတာလား။ ဒီပညာတွေကိုမှ စူးနစ်မူးရစ်လေသူ ကျွန်တော့်မှာ မေးခွန်းတွေ အလိုလို ထုတ်မိလျက်သား ဖြစ်ခဲ့ရပါတယ်။

လှေဦးလှည်းဦးလမ်းဦး တိုက်တဲ့ ဖြစ်ရပ်တွေ၊ ထောင့်စွန်းထွက် တိုက်တွေကနေ တခြားအိမ်တွေကို စီးပွားယိမ်းယိုင်စေတာတွေ၊ ခေါင်ချွန်းဆောက်ထားတဲ့ အိမ်တွေက မျက်နှာချင်းဆိုင် အိမ်တွေကို အနိဌ ဖြစ်စေတာတွေ မြင်ရတွေ့ရ ကြုံရ လာတဲ့အခါ တရုတ်ပေါက်ဖော်ကြီးတွေရဲ့ ( မြန်မာသံအခေါ် ) ဖုန်းရွှေဆိုတဲ့ ဂေဟဗေဒပညာရပ်တစ်ခုကို ကျွန်တော် လေ့လာဖြစ်ခဲ့ပါတယ်။

No comments:

Post a Comment