Friday, July 1, 2011

ခေါင်းငြိမ့်ခေါင်းခါတွေးကြပါ...

အလွန် ရိုးသားတဲ့ လယ်သမားကြီး တစ်ဦးမှာ လင်ယောက်ျားကို အလွန်အနိုင် ကျင့်တဲ့ ဇနီးမယား တစ်ယောက် ရှိပါတယ်။ အဲဒီ အမျိုးသမီးဟာ မနက်လင်း အိပ်ယာထ မှစပြီး အိပ်ရာဝင် ချိန်အထိ လင်ယောက်ျား အပေါ် ရက်ရက် စက်စက် ဝေဖန် ပြောဆိုပြီး တဖျစ် တောက်တောက် နဲ့ မြည်တွန် တောက်တီး နေလေ့ရှိပါတယ်။ လယ်သမားကြီး အနေနဲ့ နားအေးပါးအေး နေရတဲ့အချိန် ဆိုလို့ သူ့ရဲ့ မြည်းအိုကြီးနဲ့ လယ်ထွန် နေရတဲ့အချိန်ပဲ ဖြစ်ပါတယ်။

တစ်နေ့မှာတော့ လယ်သမားကြီး လယ်ထွန်နေချိန်မှာ ဇနီးဖြစ်သူက ထမင်းလာပို့တယ်။ ဒါနဲ့ လယ်သမား ကြီးက မြည်းကို အရိပ်အာဝါသ ကောင်းတဲ့ နေရာကို မောင်းယူသွားတယ်။ လယ်သမားကြီး ကိုယ်တိုင် ကတော့ သစ်ငုတ်တို တစ်ခုအပေါ်မှာထိုင်ပြီး နေ့လည်စာ ထမင်းကို စားသုံးနေလိုက်တယ်။ အဲဒီအချိန်မှာပဲ ဇနီးဖြစ်သူက သူမရဲ့ ၀သီအတိုင်း ခင်ပွန်းဖြစ်သူကို တစ်ချိန်လုံး ပြစ်တင်ပြောဆို နေလေတော့တယ်။

ဗြုန်းကနဲဆိုသလိုပဲ သူမရပ်နေတဲ့နေရာကို မြည်းအိုကြီး ရုတ်တရက် ရောက်လာပြီး မြည်တွန် တောက်တီး နေတဲ့ လယ်သမားကြီးရဲ့ ဇနီးသည်ကို အနောက်ဘက်ကနေ ခွာနှစ်ဘက်နဲ့ စုံကန်လိုက်တာ ဦးခေါင်းရဲ့ ဦးအုတ်ဆက် ကိုထိမိပြီး ဇနီးဖြစ်သူခမျာ ပွဲချင်းပြီး သေသွားရှာပါတယ်။

ဇနီးဖြစ်သူရဲ့ အသုဘ ရည်လည်တဲ့နေ့မှာ တရားဟောနေတဲ့ ဘုန်းတော်ကြီးဟာ လယ်သမားကြီးရဲ့ ထူးခြား ချက်ကို မြင်တွေ့နေရတယ်။ အဲဒီ ထူးခြားချက်ကတော့ ရွာထဲ ရပ်မျိုး ဆွေမျိုး တွေထဲက အမျိုးသမီးတွေ လယ်သမားကြီးဆီ လာပြီး စကားပြောရင် နားထောင်ပြီးတာနဲ့ လယ်သမားကြီးက ခေါင်းညိတ်ပြလေ့ရှိတယ်။ အဲ အမျိုးသားတွေ စကားလာပြောပြီး စကားဆုံး သွားရင်တော့ လယ်သမားကြီးခမျာ ခေါင်းကို တွင်တွင် ခါယမ်း ပြီး အကြောက်အကန် ငြင်းဆန်လေ့ရှိတယ်။

နောက်ဆုံးမှာတော့ ခရစ်ယာန် ဘုန်းတော်ကြီးဟာ အဲဒီကိစ္စကို သိလိုစိတ် ပြင်းပြလွန်းတာမို့ လယ်သမားကြီး ကို ခေါ်မေးရတော့တယ်။ လယ်သမားကြီးရဲ့ အဖြေကတော့…….

ဒီလိုပါခင်ဗျာ၊ အမျိုးသမီးတိုင်းက တပည့်တော်ရဲ့ ဇနီးဟာ ချောကြောင်း၊ လှကြောင်း၊ အိမ်ထောင်မှု နိုင်နင်း ကြောင်း၊ ၀မ်းနည်းကြောင်း လာပြောလေ့ ရှိကြတဲ့အတွက် ကျွန်တော်က မှန်ကြောင်း ခေါင်းညိတ်ပြ ခြင်း ဖြစ် ပါတယ်။ အဲ အမျိုးသားတွေကျတော့ မြည်းအိုကြီးကို ရောင်းမလားဆိုပြီး တစ်ချိန်လုံး လာမေးနေကြလို့ မရောင်းနိုင်ဘူး ဆိုတဲ့အကြောင်းကို ခေါင်းခါပြ နေရခြင်းဖြစ်ပါတယ် လို့ ရှင်းပြပါတယ်။

( လယ်သမားကြီးက ဘာအတွက်နဲ့ သူရဲ့ မြည်းအိုကြီးကို ယောက်ျားသားတွေဆီ မရောင်းနိုင်အောင် ခါးခါး သီးသီး ကြီး ငြင်းဆန်နေရသလဲ ဆိုတာတော့ ဆက်စပ် တွေးကြည့် ပေးပါအုန်း)

No comments:

Post a Comment