Tuesday, June 28, 2011

ဆရာဝန်ရဲ့အဖြေ

အသက် (၉၀)အရွယ်ရှိ အဘိုးအိုတစ်ဦးဟာ သူ့မိသားစု ဆရာဝန်ဆီရောက်လာပြီး
ဆရာရယ်၊ ကျွန်တော် ဘယ်တုန်းကနဲ့မှ မတူအောင် အားအင်တွေ ရှိနေလိုက်တာဗျာ။ အခုဆိုရင် အသက် (၁၈)နှစ် ရှိတဲ့ ကျွန်တော့် ဇနီးကလေး ကိုယ်ဝန်ရှိနေပြီဆရာ၊ ဘယ်လိုသဘော ရသလဲ .. ..
လို့ ခပ်ကြွားကြွားလေး မေးလိုက်ပါတယ်။ ဆရာဝန်က အဘိုးအိုရဲ့ မွေးခွန်းကို ခဏစဉ်းစားပြီး
ကျွန်တော့်မှာ အဘိုးလိုပဲ အသက်အရွယ် ကြီးရင့်တဲ့ မိတ်ဆွေ တစ်ဦး ရှိပါတယ်။ သူက မုဆိုးပါ။ သူ့ဘ၀မှာ တစ်ခါမှ သားကောင် လွတ်သွားတယ် ဆိုလို့ မရှိခဲ့ဖူးပါဘူး။ တစ်နေ့မှာတော့ သားကောင် ပစ်ဖို့ တောထဲ ထွက်လာ ရာမှာ သေနတ်အစား ထီးကောက်ကို မှားပြီး ယူသွားမိပါတယ်။ ချောင်းကလေး တစ်ခုကို ရောက်တော့ တစ်ဖက်ကမ်းမှာ ယုန်လေး တစ်ကောင်ကို မုဆိုးအဘိုးအိုက လှမ်းတွေ့လိုက်တယ်။ ဒါနဲ့ သူက ထီးကောက်ကို မြှောက်လိုက်ပြီး ဒိုင်း .. ဒိုင်း .. နဲ့ ပစ်လိုက်တာ ယုန်ကလေး ခင်မျာ သေသွားပါ လေရော။ အဲဒီ အဖြစ်အပျက်နဲ့ ပတ်သက်လို့ အဘိုး ဘယ်လို ထင်ပါသလဲ
လို့ ဆရာဝန်က ပြန်မေးလိုက်ပါတယ်။ ဒီအခါမှာ အဘိုးအိုက
ဒါတော့ ဘယ်ဖြစ်နိုင်မလဲ၊ ယုန်ကို တစ်ယောက်ယောက်က ပစ်လိုက်တာ နေမှာပေါ့
လို့ ဖြေလိုက်တဲ့အခါမှာ ဆရာဝန်က
ကျွန်တော့်အဖြေကလည်း အဲဒါပါပဲ လို့ ဆိုလိုက်ပါတယ်။

No comments:

Post a Comment