Saturday, July 2, 2011

ဘိုးတော်ဦးဝိုင်းနဲ့မထမံဦးအောင်

သက္ကရာဇ် ၁၁၁၂-ခုနှစ် ဒုတိယအင်းဝပြည်ကြီး ပျက်စီးတိမ်းယိမ်းခါနီးအချိန်တွင် မောင်စံသာ, မောင်ဝိုင်း, မောင်အောင်ဆိုသော ကလေးငယ်သုံးဦးတို့ စစ်ကိုင်းမြို့ ထူပါရုံမင်းကျောင်းဆရာတော်ထံ ရောက်ရှိလာကြသည်။ သူတို့သုံးဦးသည် ရှေးက တစ်ဦးနှင့်တစ်ဦး မတွေ့ဖူးကြဘဲ တွေ့တွေ့ချင်း ညီရင်းအစ်ကိုလို ခင်မင်သွားကြသည်။ တစ်နေ့ စစ်ကိုင်းကောင်းမှုတော်ဘုရား ရင်ပြင်တော်ပေါ်တွင် စုဝေကြပြီး “တစ်ဦးကိုတစ်ဦး အသက်ပေး၍ ကာကွယ်စောင့်ရှောက်ကြစတမ်း၊ တစ်ဦး၏အသက်ကို တစ်ဦးက အန္တရယ်မပြုကြစတမ်း၊ တစ်ယောက်ကောင်းစားလျှင် တစ်ယောက်ကို ကူညီမ-စကြစတမ်း၊ ကတိသစ္စာ တည်ခဲ့ပါလျှင် ကြံစည်သမျှ ပြီးမြောက်၍ နိဗ္ဗာန်တိုင်ရောက်ပါစေသား၊ ကတိသစ္စာမတည်ခဲ့ပါလျှင် ဆင်းရဲဒုက္ခအဖုံဖုံ တွေ့ကြုံရ၍ ငရဲအ၀ီစိထိကျရောက်ပါစေသား” ဟု သစ္စာအဓိဋ္ဌာန် ပြုခဲ့ကြလေသည်။

ထိုကလေးငယ်သုံးဦးအနက် မောင်စံသာသည် ‘ရှင်ဇောတိက’ဟူသော အမည်ဖြင့် သာသနာ့ဘောင်သို့ ၀င်ရောက်သွားပြီး မောင်ဝိုင်းမှာ ခမည်းတော်အလောင်းမင်းတရားကြီး အထွဋ်အထိပ်ရောက်သောအခါ ပဒုံမြို့စားမင်းသားဖြစ်လာသည်။ မောင်အောင်ကမူ ထွက်ရပ်ပေါက်လမ်းစဉ်ကို လိုက်စားခဲ့ရာမှ သိဒ္ဓိများပေါက်ပြီး ပထမံဦးအောင်ဖြစ်လာခဲ့သည်။

၁၁၄၃-ခုနှစ်တွင် ပဒုံမင်းသားမောင်ဝိုင်း မင်းဖြစ်သောအခါ မိမိကို ပခုံးနှင့်ထမ်း၍ နန်းပေါ်တင်ပေးခဲ့သော ညီတော် ပင်းတလဲမင်းသားအပါအ၀င် ဆွေတော်မျိုးတော်များကို ကွပ်မျက်သုတ်သင်ပစ်ပြီးနောက် ငယ်သူငယ်ချင်း မောင်အောင်ကိုပါ ထီးနန်းအတွက် အန္တရယ်ရှိသူဟုမှတ်ယူလာသည်။ ထို့ကြောင့် ကလေးအရွယ် ငယ်စဉ်တန်ုးက သဘောတူ ထားရှိခဲ့သော ကတိနှင့်သစ္စာကို မစောင့်နိုင်တော့ဘဲ လယ်ဝေးမြို့နယ် စမတောင်တော်တွင် အဓိဋ္ဌာန်စခန်း ၀င်နေသော ပထမံဦးအောင်ကို သွားရောက်ဖမ်းဆီးစေပြီး နေပြည်တော် အမရပူရသို့ ခေါ်ဆောင်လာကာ နန်းတော်မုခ်ဦးအနီး အသင့်တူးထားသော မြေကျင်းကြီးထဲသို့ တွန်းချပြီး မြေဖို့၍သတ်စေသည်။ “ငါ့လို့ ဘုန်းရှင်ကံရှင်တစ်ယောက်ကို ငအောင်တို့လို ဘုန်းကံမဲ့သူက တုပြိုင်လို့ ရရိုးလား”ဟုလည်း အားပါးတရ ကြုံးဝါးလိုက်သေးသည်။

သို့ရာတွင် ပထမံတန်ခိုးကြောင့် သတ်၍မရ၊ “မောင်အောင် ငါ့ကိုသတ်ရန်မဆိုထားနှင့်၊ ငါရေးသည့် ၀-တစ်လုံးကိုပင် မင်းပျက်အောင် ဖျက်နိုင်မည်မဟုတ်”ဟု ဦးအောင်က ပြောပြီး ၀-တစ်လုံး ရေးပေးသည်ကို ဦးဝိုင်းက ဖျက်ရာ ဖျက်၍မရနိုင်ဘဲ ဖျက်လိုက်တိုငး တစ်ဆတိုးလာပြီး နန်းရင်ပြင်တစ်ခုလုံး ၀-လုံးများနှင့်ပြည့်သွားသဖြင့် နောက်ဆုံးတွင် ဦးဝိုင်းက လက်မြှောက်အရှုံးပေးရသည်။ ထိုအခါကျမှ ပထမံဦးအောင်က “မောင်ဝိုင်း လူမိုက်၊ ကတိသစ္စာ မတည်သည့် လူ့ဒုဿီလ၊ ယခုက ရှေ့လျှောက် မင်းကို ငါမကူညီတော့၊ မင်း အပါယ်ငရဲက လွတ်ချင်ရင် ကျန်ရှိသည့်အသက်ပိုင်းမှာ ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်ပေတော့၊ ငါ့ကိုတော့ မင်းတွေ့ရတော့မည်မဟုတ်”ဟု ပြောကာ အင်းဝမြို့ဘက် ထွက်ခွာသွားလေတော့သည်။

(ထိုအခါမှ ဘိုးတော်ဦးဝိုင်းသည် မှားမှန်းသိပြီး စိတ်မကောင်းဖြစ် ကျန်ရစ်ခဲ့သည်။ ပထမံဦးအောင်၏ တိုက်တွန်းချက်အ ဘိုးတော်ဦးဝိုင်းသည် အပါယ်လေးပါးမှ လွတ်မြောက်စေရန် ၁၁၅၅-ခုနှစ်ဝန်းကျင်တွင် မင်းကွန်းဒေသ၌ ပုထိုးတော်ကြီး၊ ခေါင်းလောင်းတော်ကြီး၊ မင်္ဂလာကန်တော်ကြီး၊ ခြင်္သေ့ကြီး-ဟူသော ကြီးလေးကြီးကို တည်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ပထမံဦးအောင်ကို “ဘိုးဘိုးအောင်”ဟုလည်း ရိုသေသမူဖြင့် ခေါ်ကြသေးသည်။ ပထမံတန်ခိုးကြောင့် ဘိုးဘိုးအောင် မသေဆိုသည်မှာ ရာဇ၀င်များအဆိုဖြစ်သည်။ သေ၍ ဘ၀ပြောင်းပြီးမှ ဘိုးတော်ဦးဝိုင်းထံ ရောက်လာခြင်းလည်းဖြစ်နိုင်ပေသည်။

ဘိုးတော်ဦးဝိုင်းကား ကုန်းဘောင်ဆက်မင်းများတွင် ဘုန်းတန်ခိုးကြီးမားသလောက် ကတိသစ္စာမတည်သောမင်းပင်ဖြစ်သည်။ ထိုကြောင့် သူ့ကို “ကျားကဲ့သို့ ရက်စက်ကြမ်းကြုတ်သူ”ဟု ကင်ပွန်းတပ်ခဲ့ကြခြင်းဖြစ်ပေသည်။)

ကတိသစ္စာ၊ တည်သောခါ၌၊ သြဇာလေးနက်၊ ပေါ်စီတက်၍၊ နွယ်မြက်သစ်ပင်၊ ဘေးဘက်ဝင်၏။ (ရှင်မဟာသီလ၀ံသ)

မင်းပြစ်မလွတ်၊ ကျင့်ဝတ်မတည်၊ ယွင်းသွေဖည်က၊ ပြည်မချမ်းသာ၊ နာကြီးနာလျက်၊ များစွာပြည်သူ၊ အိုးနှယ်ဆူ၍၊ ဗိုလ်လူရုတ်ရက်၊ စစ်ကြီးထွက်၏။

No comments:

Post a Comment