Wednesday, June 29, 2011

အပ်ချမတ်ချအောင်ကြောင်းတဲ့ဗျာ...

အစီအရင်လုပ်ပုံကတော့ မခဲယဉ်းလှပေမယ့် အလွယ်တကူကြီးလည်း မဟုတ်ပါဘူး။ လိုအပ်တာကလည်း သိပ်များများစားစားမဟုတ်ပါဘူး။ ငွေတွေ တစ်ပုံကြီး သုံးရတဲ့ အစီအရင်လည်း မဟုတ်ပါဘူး။


မြန်မာပြည်မှာ စကားပုံလား၊ဘာလားတော့ မသိဘူး။ ဓာတ်စကားတစ်ခုရှိပါတယ်။ အပ်ချ၊ မတ်ကျတဲ့။ ဘာသာစကား ပညာရှင်မဟုတ်တော့ ဒီစကားလုံးလေးရဲ့ ဖြစ်စဉ်ကို မသိပါဘူး။ ကျွန်တော်သိတာကတော့ ကိစ္စတစ်ခုကို သေသေချာချာ၊ တိတိကျကျဖြစ်အောင် မှာကြားတဲ့အခါ၊ ပြောဆိုတဲ့အခါ သုံးလေ့ရှိတာကိုတော့ ကြားဖူးပါတယ်။ အပ်ချမတ်ကျ ရအောင် လုပ်နော်တို့၊ အပ်ချမတ်ကျ ဖြစ်ပါစေနော် တို့ စသဖြင့် ရံဖန်ရံခါ သုံးလေ့ရှိကြပါတယ်။ ဒီစကားလုံးတွဲလေးနဲ့ပက်သက်ပြီး ကျွန်တော် လေ့လာဖူးတာကတော့ အဘပထမံဘိုးမင်းခေါင်ကနေ စတင် ဖော်ဆောင်ပေးလိုက်တယ်လို့ ကြားဖူးမှတ်ဖူးတဲ့ အပ်ချ၊ မတ်ကျ အစီအရင်ပဲဖြစ်ပါတယ်။ ဒီအစီအရင်ကို ဆရာကြီးမင်းသိင်္ခရဲ့ ယတြာဆောင်းပါးနဲ့ အခြားဆရာတစ်ဦးရဲ့ဆောင်းပါးတစ်ခုမှာ ဖတ်ရှု သင်ယူခွင့်ရခဲ့သလို လက်တွေ့လည်း စမ်းသပ်ခဲ့ဖူးပါတယ်။ ဘယ်နှယ်လဲ ကောင်းလား၊ ထူးလားဆိုတော့ အင်း..ဂွတ်တယ်၊ ထူးတယ်လို့ပဲ အားပါးတရပြန်ဖြေလိုက်ပါမယ်။ တကယ်လည်း ကိုယ့်စမ်းသပ်တဲ့ အကြိမ်တိုင်းမှာ ထူးခြားခဲ့လို့ပါပဲ။

ဒီအစီအရင်ကို ဘယ်နေရာ၊ ဘယ်အချိန်မျိုးမှာ သုံးကြည့်မလဲ။ လုပ်ငန်းတစ်ခုလုပ်ထားတယ်။ အရှုံးအမြတ်မသေချာလှဘူး။ ဝေလေလေဖြစ်နေမယ်။ အိမ်၊ မြေ၊ ကား၊ တိုက်ခန်းရောင်းဖို့ ဆိုင်ထားတယ်။ ဝယ်လက်က မရေမရာ အင်တင်တင်လုပ်နေမယ်။ အလုပ်လျှောက်ထားတယ်။ အပြိုင်အဆိုင်တွေကများသား၊ ကိုယ်ရဖို့ မကျိန်းသေလှဘူး။ အဲလိုအဲလို မတင်မကျအခြေအနေတွေ၊ သောင်မတင်ရေမကျမျိုးတွေ၊ ခြံစည်းရိုးခွထိုင်သလို ခံစားနေရတာတွေကို ဖြေရှင်းပေးမယ့် အစီအရင်ကတော့ အခုပြောမယ့် အပ်ချမတ်ကျ အစီအရင်ပဲဖြစ်ပါတယ်။

အစီအရင်လုပ်ပုံကတော့ မခဲယဉ်းလှပေမယ့် အလွယ်တကူကြီးလည်း မဟုတ်ပါဘူး။ လိုအပ်တာကလည်း သိပ်များများစားစားမဟုတ်ပါဘူး။ ငွေတွေ တစ်ပုံကြီး သုံးရတဲ့ အစီအရင်လည်း မဟုတ်ပါဘူး။ ငွေကုန်မှ ယတြာအစီအရင်လို့ ထင်သူတွေကတော့ အစတည်းက မစမ်းကြည့်ကြပါနဲ့လို့ ကြိုမှာထားပါရစေ။ အခုဟာက လက်ချုပ်အပ်တစ်ချောင်းနဲ့ မတ်စေ့လေးတစ်စေ့ပဲ သုံးရမှာပါ။ အဲဒီမှာ ပြသာနာကတော့ မတ်စေ့ပါပဲ။ မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဒီမတ်စေ့ကို ရှာဖွေရခက်လို့ ဒီအစီအရင်ကို မလုပ်ဖြစ်တဲ့လူတွေများပါတယ်။ မတ်စေ့မရလို့ သူ့ထက်ပိုတန်ဖိုးကြီးတဲ့ ကျပ်စေ့နဲ့သုံးလို့မရဘူးလားလို့ ကိုယ့်ဖသာစောဒက တက်ကြည့်ဖူးပါတယ်။ လေ့လာကြည့်ပြန်တော့ မရဘူးတဲ့။ မတ်စေ့ဆိုတာ ထောင်ထောင်မတ်မတ်ဖြစ်စေတဲ့ သဘော၊ တည့်မတ်ပေးတဲ့သဘောလို့ ဆိုပါတယ်။ ဒီထက်နက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေလည်း ရှိဦးမှာပါ။ကဲ..မတ်စေ့ရပါပြီတဲ့။ မတ်စေ့ရတဲ့သူတွေအတွက် ဘာဆက်လုပ်ရမလဲ ဆိုတော့ ဘုရားကျောင်းဆောင်ပေါ်မှာ အပ်ကိုအရင်တင်၊ ပြီးရင် အဲဒီအပ်ပေါ်မှာပဲ မတ်စေ့ကို တင်၊ နောက်တော့မှ မတ်စေ့ပေါ်မှာ ဖယောင်းတိုင်၊အလင်းတိုင်တစ်တိုင်ထွန်းပြီး ဘုရားရှင်ကို ပူဇော်ပေးဖို့ပါပဲ။ နေ့တစ်ကြိမ်၊ ညတစ်ကြိမ်ပူဇော်ပေးရပါမယ်။ ဒီ အစီအရင်လုပ်တဲ့အခါမှာ အကျိုးမျှော်ပူဇော်တာထက် စေတနာသန့်သန့်လေးနဲ့ ထွန်းညှိလှူဒါန်းဖို့က အရေးကြီးပါတယ်။ စိတ်ကလေးပေါ့ဗျာ။ ထားရမယ့် ထားသင့်တဲ့ စိတ်ကလေးပေါ့။

ဘယ်နေ့ကစထွန်းရမလဲဆိုတော့ ထုံးစံအတိုင်း မွေးနေ့ကိုဆောင် အောင်၏ ဆိုတဲ့အတိုင်း မွေးနေ့မနက်ကိုးနာရီမှာ စထွန်းပေါ့။ နောက်ရက်တွေမှာတော့ မနက်၊ ညတစ်ကြိမ်စီထွန်းသွားပေါ့ဗျာ။ သတိထားဖို့ကတော့ အပ်ပြီးမှ မတ်စေ့လာဖို့ပါပဲ။ အပ်ချပြီးမှ မတ်ကျမှာကိုး။ ဒီအစီအရင်နဲ့အတူ စိန္တမဏိဂါထာကိုလည်း ရွတ်ဖတ်ပူဇော်သင့်တယ်လို့ ဆရာတစ်ဦးက ပညာမျှဝေပေးသွားပါတယ်။ မီးထွန်းပူဇော်ရမယ့် ရက်ကာလကတော့ ကိုယ့်ကိစ္စမပြီးမချင်းထွန်းနေရမှာပါပဲ။ မီးတော့ ဂရုစိုက်ကြပေါ့။ တော်ကြာ.. ဖယောင်းတိုင်မီးကနေ .. စလိုက်တဲ့မီးကြောင့် အပ်ချမတ်ကျကို ထောင်ထဲ ရောက်သွားဦးမယ်နော်။ သင့်တင့်မျှတစွာ နှလုံးသွင်းနိုင်ဖို့က အရေးကြီးပါတယ်နော။

No comments:

Post a Comment