Saturday, July 2, 2011

သိုဟန်ဖွားဆိုတဲ့ငမိုက်သား..လူရမ်းကား

မြန်မာသက္ကရာဇ် ၈၈၈-ခုနှစ်တွင် အင်းဝ၌ မင်းပြုသော သိုဟန်ဖွားသည် ရတနာသုံးပါးကို မရိုမသေရုံမက စေတီပုထိုးများကိုလည်း ဘုရားမဟုတ် မြန်မာတို့ ဥစ္စာရွှေငွေထားရာ ဌာနများဖြစ်သည်ဆိုကာ ဖောက်၍ယူသည်။ သံဃာတော်များကိုလည်း "သားမယား မရှိဘဲလျှက် တပည့်တပန်းထား၍ ပုန်ကန်သောင်းကျန်းရန် အခြွေအရံမွေးသည်"ဆိုကာ ၉၀၁-ခုနှစ်တွင် တောင်ပလူလယ်ပြင်အရပ်၌ မဏ္ဍပ်အဆောင်ဆောင် ဆောက်စေပြီးလျှင် ကျွဲ၊ နွား၊ ကြက်၊ ၀က်များ သတ်စေ၍ ဆွမ်းကျွေးမည့်အဟန်နှင့် စစ်ကိုင်း၊ ပင်းယ၊ အင်းဝနှင့် အနီးပတ်ဝန်းကျင်မှ သံဃာတော် ၁၃၀၀-ကျော်ကို ပင့်ပြီးနောက် မဏ္ဍာပ်တို့ကို စစ်တပ်နှင့်ဝိုင်းရံ၍ သတ်ရာ သံဃာတော် ၃၆၀-ကျော် မရှုမလှ သေဆုံးပျံလွန်ကြရသည်။ ပျံလွန်သည့်အထဲတွင် ပါဠိအဋ္ဌကထာဋီကာ ပိဋကတ်ကျမ်းဂန် ကျနစွာ တတ်မြောက်သော ဆရာတော် ၃၀-ကျော် ပါဝင်သွားလေသည်။

သံဃာတော်များကိုသတ်ရာတွင် ရှမ်းစစ်သားမှားနှင့်ဗမာစစ်သားများကို သတ်စေခြင်းဖြစ်ရာ ရှမ်းစစ်သားများရှိရာဘက်သို့ ထွက်ပြေးမိသော ကံဆိုးသူ သံဃာတော်များမှာ အတုံးအရုံး သေဆုံးကြရပြီး ဗမာစစ်သားများဘက်သို့ ထွက်ပြေးမိသော သံဃာတော်များမှာမူ စစ်သားများက ဒါးလှံတို့ဖြင့် တကယ်မထိုးခုတ်ပဲ ဟန်လုပ်၍ ချော်ထိုးခုတ်ပြီး လွှတ်ပေးကြသဖြင့် အသက်ချမ်းသာခွင့်ရကြသည်။ ထိုသို့ သံဃာတော်များကို တကယ်မထိုးမခုတ်ပဲ လွှတ်ပေးလိုက်သော ဗမာစစ်သားများကို သိုဟန်ဖွားက သုတ်သင်ပစ်သည်ဟု ဆိုသည်။

သိုဟန်ဖွားသည် သံဃာတော်များကို သတ်ပြီးသောအခါ ကျောင်းတွင်ထားရှိသော စာပေကျမ်းဂန်များကို ယူကာ မီးရှို့ဖျက်ဆီးပစ်ပြန်လေသည်။ ကျောင်းရှိသံဃာတော်များက ၀ှက်၍ရသမျှ ၀ှက်ထားပြီးနောက် အရေးအခင်း ပြီးစီး၍ စာပေကျမ်းဂန်များ စုဆောင်းသည့်အခါ ၀ိနည်းငါးကျမ်းမှ ပရိဝါပါဠိတော် ရှာဖွေမရ ရှိနေရာ ပရိဝါပါဠိတော်ကို နှုတ်တက်အာဂုံ ဆောင်တော်မူသော တောကျောင်းဘုန်းတော်ကြီး အရှင်ဒီပထံမှ တဆင့်ကူးယူ၍ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြရလေသည်။

1 comment:

mmal said...

ထိုအကြောင်းအစုံအလင်အား မည်သည့်ကျမ်းစာအုပ်တွင် ရှာဖွေနိုင်မည်နည်း

Post a Comment