Saturday, July 2, 2011

ဘုရင့်နောင်မင်းတရားကြီး

ခမည်းတော် မင်းရဲသီဟသူနှင့်မယ်တော်တောင်ငူကြွယ်စစ် မင်းသမီးတော်တို့မှ မြန်မာသက္ကရာဇ် ၈၇၇-ခုနှစ် တပို့တွဲလဆန်း ၁၂ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်သည်။ တပင်ရွှေထီးမင်းထက် ၃လနှင့် ၄ရက်အသက်ကြီးသူဖြစ်၍ "ဘုရင့်နောင် ကျော်ထင်နော်ရထာ"ဘွဲ့နာမည်ကို တပင်ရွှေထီးကပင် ပေးအပ်ခဲ့သည်။ စစ်ရေးစစ်ရာ သေနင်္ဂဗျူဟာ ကျွမ်းကျင်လိမ္မာလှသဖြင့် သမိုင်းဝင် နောင်ရိုးတိုက်ပွဲ အပါအ၀င် တိုက်ပွဲကြီးများစွာကို အောင်မြင်စွာ ဆင်နွှဲတိုက်ခိုက်နိုင်ခဲ့သည်။ စစ်ပွဲများနှင့်ပတ်သက်၍ ဘုရင့်နောင်၏မိန့်ဆိုချက်ကား "စစ်တို့၏သဘောမှာ အင်အားကြီးသည်-ငယ်သည် ပဓာနမဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ်ကြွယ်ဝမှုသာ ပဓာနဖြစ်သည်"ဟူ၍ ဖြစ်သည်။

ဘုရင့်နောင်သည် ဇွဲသတ္တိကြီးမားမှု၌လည်း စံထားရသူဖြစ်သည်။ နောင်ရိုးတိုက်ပွဲဝယ် နောင်ရိုးချောင်းကိုဖောင်များနှင့် ဖြတ်ကူးပြီးနောက် ဖောင်များရှိနေလျှင် နောက်ပြန်ဆုတ်ချင်စိတ်၊ ဖောင်ကို အားကိုးချင်စိတ်များ ပေါ်လာနိုင်သဖြင့် ရှေ့တွင် မည်သို့ကြုံတွေ့ရသည်ဖြစ်စေ နောက်ပြန်မဆုတ်စတမ်း အသက်စွန့်၍ တိုက်ခိုက်နိုင်ရန် မိမိတို့ ကူးလာသောဖောင်အားလုံးကို ဖျက်ပစ်စေရာမှ "ဘုရင့်နောင် ဖောင်ဖျက်"ဟူသော မြန်မာစကားပုံတစ်ခု တွင်လာခဲ့သည်။

ဘုရင့်နောင်သည် "သေလျှင်မြေကြီး၊ ရှင်လျှင် ရွှေထီး"ဟူသော သူရဲကောင်းစိတ်ဓာတ်ဖြင့် တိုက်ပွဲကြီးများ ဆင်နွှဲခဲ့သော်လည်း ရွှေထီးကိုမူ မျှော်မှန်းခြင်းမရှိခဲ့ပေ၊ တပင်ရွှေထီးမင်း အပေါင်းအသင်းမှား၍ အရက်သေစာများ သောက်စားမူးယစ်ကာ တိုင်းရေးပြည်မှုများ မစီရင်နိုင်ပဲ ဘုရင့်နောင်ကို နိုင်ငံတော်အုပ်ချုပ်ရေးအာဏာများ လွှဲအပ်ထားစဉ် ဘုရင့်နောင်ကို ကြည်ညိုလေးစားကြသော မှူးမတ်များက "တပင်ရွှေထီးမင်းကို နန်းချပြီး နန်းတက်ရန် (အာဏာသိမ်းလိုကရန်)"တိုက်တွန်းကြသော်လည်း ဘုရင့်နောင်သည် အရှင်၏ကျေးဇူးသစ္စာကို စောင့်သိစွာဖြင့် ခါးခါးသီးသီး ငြင်းပယ်ပြီး နိုင်ငံတော်ကြီးကိုသာ မတိမ်းမစောင်းအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့လေသည်။

၉၁၂-ခုနှစ် တပင်ရွှေထီးမင်း လုပ်ကြံခံရ၍ နတ်ရွာစံပြီးမှ ထီးနန်းစိုးစံသည်။ မင်းဖြစ်ပြီးနောက် ထီးနန်းပြိုင်မင်း အများအပြား နယ်ပယ်အရပ်ဒေသ အများအပြားကို တိုက်ခိုက် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သဖြင့် သူ့လက်ထက်တွင် နိုင်ငံနယ်ပယ်မှာ အကျယ်ဝန်းဆုံးဖြစ်ခဲ့သည်။ ဇင်းမယ် လင်ဇင်း အယုဒ္ဓယမြို့များအထိ အာဏာစက် ပျံ့နှံ့သည်၊ ဘုန်းတန်းခိုးလည်း အကြီးမားဆုံးဖြစ်သည်။ လောကသာသနာ ကောင်းကျိုးများစွာ သယ်ပိုးတော်မူပြီးနောက် ၉၄၃-ခုနှစ် တန်ဆောင်မုန်းလပြည့် အင်္ဂါနေ့တွင် ရုတ်တရက် ဖျားနာ၍ နတ်ရွာစံတော်မူလေသည်။

No comments:

Post a Comment