Wednesday, June 29, 2011

လန်းတယ်ကွာဆိုတာနိမိတ်စကားဖြစ်ပါစေ

မင်းပုံစံက အရမ်းလန်းနေပါလား။ ရေလည်လန်းတယ်တဲ့။ လန်းတယ်ဆိုတာ ပင်ပန်းနွမ်းနယ်ပြီးမှ ပြန်လည်အားသစ်ယူနိုင်မယ့် အနေအထားကို


လွန်ခဲ့တဲ့ ၂၀၀၇ ၀န်းကျင်လောက်ကစပြီး ကျနော်တို့ လူငယ်ဝန်းကျင်၊ ကလေးသူငယ်၊ နောက်အနုပညာသည်တွေရဲ့ ရုပ်ရှင်ဗွီဒွီယိုတွေမှာ အတော်လေးရေပန်းစားလာတဲ့ စကားတစ်ခုရှိခဲ့ပါတယ်။ အထူးသဖြင့် အ၀တ်အစား လော်လည်တဲ့မိန်းခလေးတွေ၊ ယောင်္ကျားလေးတွေကို ရည်ရွယ်ပြောဆိုတာဖြစ်ပါတယ်။ လန်ထွက်နေတယ် တဲ့။ လန်ထွက်နေတာပဲ ၀တ်ထားတာများ။ စသဖြင့် အဲဒီ လန်ထွက်နေတယ်ဆိုတဲ့ စကားကိုပဲ တခုတ်တရ သုံးလာကြပါတယ်။ အဲဒီစကားနဲ့အတူ ခိုက်တယ်ကွာ..စောက်ရမ်းခိုက်တယ် ဆိုတာလည်းရှိပါသေးတယ်။ ခိုက်တယ်ဆိုတာ ထိခိုက်နာကျင်တဲ့နေရာမှာသုံးတာပါ။ အဲဒီစကားလုံးကို ကြိုက်နှစ်သက်မှုရှိတဲ့ နေရာမှာ လာသုံးတော့ အဲဒီ ခိုက်တယ်ဆိုတာကို ကြိုက်နေတယ်လို့ ဆိုလိုရာရောက်နေပါတယ်။ နောက်ရှိပါသေးတယ်။ အရမ်းသုံးတဲ့စကား..ကြပ်တယ်ဆိုတာ။ လူတစ်ယောက်ကို သူ့ဘော်ဒါတွေက အစုလိုက်ဝိုင်းဝန်းပြောင်နောက်တဲ့အခါမှာ သုံးကြပါတယ် ။ ငါ့ကို ၀ိုင်းကြပ်နေတာလား။ လာမကြပ်နဲ့ကွာ..စသဖြင့် မွစာထနေအောင် သုံးခဲ့ကြပါသေးတယ် ခုထိလည်း သုံးနေကြတာပါပဲ။

ပြန်သုံးသပ်ကြည့်ရင် အဲဒီ လန်ထွက်တာရယ်၊ ခိုက်တာရယ်၊ ကြပ်တာရယ် ဘာများကောင်းတဲ့ မင်္ဂလာစကားပါနေသလဲ။ မုန်တိုင်းကြောင့် ရှိသမျှတွေလည်း လန်ထွက်ခဲ့ကြပြီ။ ထိခိုက်နာကျင်ခဲ့ကြပြီ။ အရမ်းကြပ်တည်းကုန်ကြပြီ။ ဘာလို့များ လူတွေ အဲဒီဗန်းစကားတွေကို မြိန်မြိန်ကြီး သုံးနေကြတာလဲ။ နိမိတ်တဘောင်ဆိုတာ မြန်မာပြည်နဲ့ တသွေးတည်းတသားတည်း စီးဆင်းဖြစ်တည်လာတာပါ။ ဒါက အညံ့အခိုက်သဘောဆောင်တဲ့ ဗန်းစကားတွေပါ။

အဆိုးထဲက အကောင်းလို့ပဲပြောရမလား မသိပါဘူး။ အဲဒီ အညံ့အခိုက်ဗန်းစကားတွေနဲ့အတူ အပြိုင်နေရာယူလာတဲ့ စကားလည်းရှိပါသေးတယ်။ လန်းတယ်ဆိုတာ။ မင်းပုံစံက အရမ်းလန်းနေပါလား။ ရေလည်လန်းတယ်တဲ့။ လန်းတယ်ဆိုတာ ပင်ပန်းနွမ်းနယ်ပြီးမှ ပြန်လည်အားသစ်ယူနိုင်မယ့် အနေအထားကို ဆိုပါတယ်။ အလကားနေရင်းထိုင်ရင်း မသုံးကြပါဘူး။ နလန်ထကာစတွေမှာလည်း သုံးပါတယ်။ အစမကောင်းပေမယ့် အဆုံးသတ်ကောင်းနေတဲ့ စကားပါ။

ဒဏ်ရာနာကျင်မှုတွေကနေ သစ်လွင်လတ်ဆတ်တဲ့ နေရာ၊ အခြေအနေတစ်ခုဆီ ဥိးတည်နေပြီလို့ ယူဆပါတယ်။ ဒီအယူအဆနဲ့အတူ မြန်မာ့ရိုးရာဗေဒင်ဘလော့က ဆရာတေးအေးရိပ်၊ ဆရာဇေယျာမောင်တို့ရဲ့ အင်ကြင်းပန်းတဲ့ လာတော့မည်ဆိုတဲ့ တဘောင်စကားကို မျှော်လင့်မိပါတယ်။ ဒါပေမယ့် ဆရာသမားတွေယူဆသလို အမေရိကန်၊ အောင်ဆန်းစုကြည်ဆိုတဲ့ ပုဂွိုလ်သဘော၊ နိုင်ငံသဘောထက် အင် ဆိုတာ ၁= နေမင်း၊ ကြင်း ဆိုတာ ၂= လမင်း နေနဲ့လ နှစ်ပါးဆိုင်ကြတ်မယ့် သြဂုတ်လနောက်ပိုင်းကိုသာ မျှော်လင့်မိပါတယ်။ လန်းတယ်ဆိုတဲ့ ဗန်းစကားအရရော အင်ကြင်းပန်းဆိုတဲ့ ပန်းနာမည်အရရောဆိုရင် သင်းပျံ့မွှေးထုံတဲ့ အနာဂတ်တစ်ခုကို နေလကြတ်ပြီးနောက်ပိုင်းမှာ မျှော်မိပါတယ်။

မှတ်ချက်။ သြဂုတ်တစ်ရက်မှာ နေကြတ်မှာ ဖြစ်ပြိး တစ်လတည်းဖြစ်တဲ့ ၁၆ ရက်နေ့မှာ လကြတ်မှာဖြစ်ပါတယ်။ အားလုံးကိုမြန်မာနိုင်ငံက မြင်ရမှဖြစ်ပါတယ်။ နေလကြတ်တာနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံ နဒီနက္ခတ်ဗေဒင် သင်တန်းကျောင်းအုပ်ကြီး ဆရာဦးထွန်းလင်းက သဘာဝသယံဇာတတွေ ပေါကြွယ်ဝမယ်။ တူးဖော်တွေ့ရှိမယ်။ ဆက်သွယ်ရေးလမ်းကြောင်းတွေပွင့်မယ်။ ဆက်သွယ်ရေးလုပ်ငန်းသစ်တွေပေါ်လာမယ်လို့ ဟောကိန်းထုတ်ထားပါတယ် ကျနော်ကတော့ ၀ါသနာရှင်မျှသာဖြစ်လို့ ဒီဟောကိန်းအပေါ် စောဒကမတက်ချင်ပါဘူး။ ဒါပေမယ့် အလင်းရောင်ကာရကပြုတဲ့ဂြိုဟ်တွေ အမှောင်ကျသွားပါတယ်ဆိုမှတော့ ...ဘယ်လာကောင်းတော့မှာလဲ မြင်ရမှာကလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသမှာ..ဆိုတော့ကာ ဘာတွေဖြစ်လာမလဲဆိုတာ..အင်ကြင်းပန်းတွေနဲ့အတူ စောင့်မျှော်နေမိပါတော့တယ်။်။

No comments:

Post a Comment