Wednesday, June 29, 2011

မွေးနေ့သောကြာ၊ တနင်္လာ

ဒီလိုဆိုတော့ကာ ဘယ်သင်းဥပဒေသကို ဘယ်လို မှတ်သားပြီး ဘယ်ဒင်းကို အမှန်ယူရမယ်ဆိုတာ ဇဝေဇဝါ၊ ကြောင်စီစီဖြစ်သွားမှာပါပဲ။

အရပ်ထဲ၊ ဇရပ်ထဲ ငယ်ငယ်တည်းကကြားဖူးနေတဲ့ စကားပုံလိုလို ဓလေ့ထုံးတမ်းလိုလို ဗေဒင်စကားတစ်ခုရှိပါတယ်။ ဘာတဲ့..။ မွေးနေ့သောကြာ၊ တနင်္လာ ကေသာဆံဖြတ် မပြုအပ်တဲ့။ ဆိုလိုတာကတော့ ကိုယ့်မွေးနေ့ရယ်၊ သောကြာနေ့ရယ်၊ တနင်္လာနေ့ရယ်မှာ ဆံပင်မညှပ်ရဘူးပေါ့။ ညှပ်မိလို့ကတော့ စီးပွားရေးတွေ မကောင်းဖြစ်မယ်၊ ကျန်းမာရေးညံ့မယ် လာဘ်ပိတ်မယ်၊ ဘူမယ်ပေါ့လေ။ အဲလို သက်ကြီးစကား၊ သက်ငယ်ကြားနဲ့ လက်ဆင့်ကမ်း မှတ်သားလာကြပါတယ်။ ဒီစကားလေးက အလကား နေရင်းထိုင်ရင်းတော့ဖြစ်လာတာ မဟုတ်ပါဘူး။ ကျွန်တော်လေ့လာမိသလောက်ဆိုရင် ဒီစကားဖြစ်ပေါ်လာပုံက နှစ်မျိုးရှိပါတယ်။ ပထမအကြောင်းရင်းကတော့ မြန်မာပြည်ရဲ့ နာမည်ကျော် အင်္ဂဝိဇ္ဇာပညာအရဖြစ်ပေါ်လာတာပါ။ ဒီပညာရဲ့ ထုံးစံအတိုင်း တနင်္ဂနွေနေ့သားကနေ စပြီး ဥပမာပေးထားတာပါ။ တနင်္ဂနွေနေ့သားမှာ အင်္ဂဝိဇ္ဇာတိုင်ထူရင် သောကြာနဲ့ တနင်္လာနေ့တွေမှာ တနင်္ဂနွေမွေးနံဟာ တိုင်အောက်ကို ရောက်နေတာကိုတွေ့ရမှာပါ။ ဒါ့ကြောင့် တနင်္ဂနွေသားတွေကို ဥပမာပြုပြီး ကျန်နေ့သားတွေကိုပါ ဒီလို ဆံပင်ညှပ်တဲ့နေ့ကို ရှောင်ကျဉ်ခိုင်းတယ်လို့ အင်္ဂဝိဇ္ဇာ ဆရာ့ဆရာတွေက ဆိုကြပါတယ်။

ဒီဥပဒေသအရဆိုရင် တနင်္လာတွေက မွေးနေ့တနင်္လာအပြင် စနေနဲ့ အင်္ဂါနေ့တွေကို ရှောင်ကျဉ်ရပါမယ်။ အင်္ဂါတွေကတော့ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးနေ့တွေ ဗုဒ္ဓဟူးတွေကတော့ တနင်္လာနဲ့ကြာသပတေးနေ့တွေ ကြာသပတေးတွေကတော့ အင်္ဂါနဲ့သောကြာ၊ သောကြာတွေကတော့ စနေနဲ့ ဗုဒ္ဓဟူး၊ စနေတွေကတော့ ကြာသပတေးနဲ့ တနင်္ဂနွေနေ့တွေပဲ ဖြစ်ပါတယ်။

နောက်တစ်မျိုးလေ့လာဖူးတာကတော့ မွေးနေ့ဟာသောကြာဆိုရင် သောကြာရဲ့အဓိရန်ဟာ တနင်္လာဖြစ်တဲ့အတွက် မွေးနေ့သောကြာ၊ တနင်္လာဆိုပြီး စကားဖြစ်လာတယ်လို့ ဆရာ့ဆရာကြီးတစ်ဦးက ဆိုပြန်ပါတယ်။ အိမ်ထောင်ဖက်မပြုရလို့ လူအတော်များများ သိထားကြတဲ့ ကမ္ဘာ့ရန် ဓမ္မာ၊သောက၊ အင်းဝ၊ ရာဇာဆိုတဲ့ အဓိရန်ကြီးတွေကို ရှောင်ခိုင်းတဲ့ သဘောဖြစ်ပါတယ်။ ဒီဥပဒေသအရဆိုရင်တော့ တနင်္ဂနွေနေ့သားသမီးတွေဟာ ဗုဒ္ဓဟူး၊ တနင်္လာဟာ သောကြာ၊ အင်္ဂါဟာ ရာဟု ( ဗုဒ္ဓဟူးညနေပိုင်း )၊ ဗုဒ္ဓဟူးဟာ တနင်္ဂနွေ၊ ကြာသပတေးဟာ စနေ၊ သောကြာဟာ တနင်္လာ၊ စနေဟာ ကြာသပတေးနေ့တွေမှာ ဆံပင်ကေသာ မတိမညှပ်မပြင်ရဘူးလို့ မှတ်သားရမှာ ဖြစ်ပါတယ်။

ဒီလိုဆိုတော့ကာ ဘယ်သင်းဥပဒေသကို ဘယ်လို မှတ်သားပြီး ဘယ်ဒင်းကို အမှန်ယူရမယ်ဆိုတာ ဇဝေဇဝါ၊ ကြောင်စီစီဖြစ်သွားမှာပါပဲ။ ကျွန်တော်လည်း ဆရာ့ဆရာစကားအာဘော်တွေဆိုတော့ကာ ဘယ်ဥပဒေသက အမှန်ဖြစ်တော့သကိုး ဆိုပြီး မှတ်ချက်ဝင်မပေးရဲပါဘူး။ အမှန်အတိုင်း ထပ်ပြောရရင် ဒီဥပဒေသတွေကို အာရုံလဲ မလာပါဘူး။ ညှပ်ချင်တဲ့နေ့၊ ခေါင်းရှုပ်လာတဲ့နေ့၊ ခေါင်းဖြီးရမှာ ပျင်းလာပြီဆိုတာနဲ့ ကြုံရာဆိုင်မှာ ကြုံရာနေ့အချိန်မှာ ညှပ်ပစ်လိုက်တာပါပဲ။ ဗေဒင်ပညာကိုလေ့လာနေပေမယ့် ပညာက လူကိုခေါင်းပေါ်တက်ခွလာတာကိုတော့ လက်မခံပါဘူး။ ပညာကို ပညာလိုပဲ လေ့လာပါတယ်။ ကျွန်တော့်ရဲ့ ဘကြီးဆံပင်ညှပ်ဆရာပြောတဲ့ ဟာသလေးကိုပဲ ပြန်ဖောက်သည်ချလိုက်ပါရစေ။ ဘကြီးပြောတာကတော့ “ဟေ့ကောင်ရေ မင်းတို့ဗေဒင်ဆရာတွေ လုပ်တာနဲ့ပဲ ငါ့မှာ တစ်ပတ်မှာ ခုနှစ်ရက်ပဲ ရှိတာ လူတိုင်းကသာ အဲဒီနေ့တွေကို ရှောင်နေရရင် ဘယ်နေ့မှာ ငါက သွားညှပ်ရမှာလဲဟ။ တကတည်း ရှောင်ရမယ့်နေ့တွေက များလိုက်တာကွာ.. ဒီလိုလုပ်ကွာ.. မွေးနေ့သောကြာတနင်္လာ ကေသာဆံညှပ်မပြုအပ်လို့ ဆိုမယ့်အစား မွေးနေ့သောကြာ၊ တနင်္လာကေသာပယ်ရှင်း ဘေးရန်ကင်းလို့ လုပ်လိုက်ကွာ..ဒါမှ ငါလည်း နေ့တွက်စီမှာကွ..” ကဲ ဘယ်နှယ့်ရှိစ၊ ဗေဒင်ဆရာတွေ..။

No comments:

Post a Comment