Thursday, November 27, 2014

ပုထုဇဉ်တွေကြိုတင်မသိနိုင်သောအရာများ


ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ ပုထုဇဉ်များကြိုတင်
မသိနိုင်သောအရာငါးမျိုးကို ဖွင့်ပြထားသည်။
ယင်းတို့ကား
ဇီဝိတ = ဘယ်အသက်အရွယ်မှာသေရမည်။
ဗျာဓိ = ဘယ်အနာရောဂါနှင့်သေရမည်။
ကာလ = နံနက်နေ့ည ဘယ်ကာလ၌သေရမည်။
ဒေဟနိက္ခေပန = ဘယ်နေရာသေမည်ဘယ်
သုသာန်သဂြိင်္ုလ်မည်။
ဂတိ = သေပြီးနောက် ဘယ်ဘုံရောက်မည်တို့ကို
ကြိုတင်မသိနိုင်ခြင်းတို့ဖြစ်သည်။ ထိုအချက်များ
ကို သတိထားပြီး သေဘို့ရာကြိုတင်ပြင်ဆင်ထား
သူကား အင်မတန်ရှား၏။ အမှုမဲ့အမှတ်မဲ့နေပြီး
သေကြသူသာများ၏။ ထို့ကြောင့်လည်းသေသွား
ကြသောလူများတွင် ကောင်းသောဂတိသို့ရောက်
သူက နည်းပြီး မကောင်းသောဂတိသို့ရောက်သူ
က များခြင်းဖြစ်၏။
ထို့ကြောင့်ဗုဒ္ဓက ဓမ္မပဒတွင်
အန္ဓီဘူတော အယံလောကော၊
တနုကေတ္ထ ၀ိပဿတိ။
သကုဏော ဇာလမုတ္တောဝ၊
အပ္ပေါ သဂ္ဂေါယ ဂစ္ဆတိဟု ဟောထားခြင်းဖြစ်၏။
အဓိပ္ပါယ်ကား ဤလူများသည် ပညာမျက်စိမရှိ
သော သူကန်းများသာဖြစ်၏။ ဤလောက၌
အနည်းငယ်မျှသောသူသာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ
စသော ၀ိပဿနာကိုပွားများရှုမြင်နိုင်၏။ မုဆိုး၏
ပိုက်ကွန်မှ လွတ်ထွက်သော ငှက်သည်နည်းသ
ကဲ့သို့ သေသောသူတို့တွင် နတ်ပြည်သို့သွား
သော သူသည်နည်းလှ၏ဟူ၍ဖြစ်၏။
မှန်လှပေ၏ ပုထုဇဉ်ဆိုလျှင်ဘ၀အာမခံချက်
ဘာတစ်ခုမျှမရှိ။ ဘယ်အသက်အရွယ်မှာ
သေရမည်လည်းမသိ၊ ဘယ်အနာရောဂါနှင့်
သေရမည်လည်းမသိ။ နံနက် နေ့ည ဘယ်
ကာလသေရမည်လည်းမသိ။ ဘယ်နေရာ
သေမည်။ ဘယ်သုသာန်မှာ သဂြိုလ်မည်
လည်းမသိ။ ဘယ်ဘုံရောက်မည်လည်း
မသိ။ မှန်းသမ်းရန်းသမ်းပြီး နေနေကြရ
သည်။
ထို့ကြောင့်လည်း ပုထုဇဉ်ဆိုလျှင်လူများကို
မဆိုထားနှင့် ရဟန်းတော်အချို့ပင်အပါယ်
လေးပါးကျကြရ၏။ သာဓကတစ်ခုပြပါအံ့။
လွန်ခဲ့သောနှစ်ပေါင်းရှစ်ဆယ်ကျော်ကာလ
အင်္ဂလိပ်မင်းအုပ်စိုးစဉ်အချိန်တုန်းကဖြစ်၏။
ထိုစဉ်က စာရေး၊ စာချ၊ တရားဟောတရား
ပြလေးမျိုးလုံးဖြင့် အောင်မြင်စွာသာသနာ
ပြုတော်မူခဲ့သော ရှားရှားပါးပါးဆရာတော်
ကြီးတစ်ပါးပေါ်ပေါက်တော်မူခဲ့၏။
အများသိမုံရွာမြို့မှ လယ်တီဆရာတော်ကြီး
ပင်ဖြစ်၏။ တစ်ခါတွင် ဆရာတော်ဘုရား
ကြီးသည် ဓါတ်တရား၊ ပရမတ်တရား
ဝိပဿနာတရားများကို မြန်မာပြည်တစ်
ပြည်လုံးလှည့်လည်ဟောကြားရင်းဖြင့်
ရန်ကုန်တိုင်း၊ ခရမ်းမြို့သို့ရောက်တော်မူခဲ့
သည်။ ရွာကျောင်းတစ်ကျောင်းတွင်ခိုနေ
သခိုက်တစ်ညတွင် တရားအမှတ်ဖြင့်
စင်္ကြန်ကြွနေသော ဆရာတော်ကြီးရှိရာသို့
စပါးထည့်သော ပုတ်လောက်ပမာဏရှိ
သည့် သရဲကြီးတစ်ကောင်ရှေးရှု့လာနေ
၏။ အနားရောက်လျှင် ဆရာတော်ကြီးကို
ဦးချပြီး
ဆရာတော်ဘုရား တပည့်တော်ကို ကယ်တင်
တော်မူပါ။ တပည့်တော်ဟာ လွန်ခဲ့တဲ့လေး
လခန့်က ပျံလွန်တော်မူခဲ့တဲ့ ဒီကျောင်းက
ကျောင်းထိုင်ဘုန်းကြီးတစ်ပါးပါဘုရား ဟု
လျှောက်၏။
ဆရာတော်ကား သုသာန်ဓုတင်ဆောင်သူ
ဖြစ်၍ မကောင်းဆိုးဝါးများကိုမကြာခဏ
တွေ့နေကျဖြစ်ရကား အထူးအဆန်းမဟုတ်
တော့။ ထိုကြောင့် တည်ငြိမ်စွာပင်ပြန်လည်
မိန့်တော်မူ၏။
အရှင်ဘုရား၊ ဒကာ ဒကာမတွေကိုတောင်
အပါယ်မကျအောင် ဟောပြောဆုံးမနေပြီး
ကိုယ့်ကိုယ်ကိုအပါယ်မကျအောင်တော့
မစောင့်ရှောက်နိုင်ဘူးလား။
အပြစ်တင်ရင်လည်း ခံရမှာပါဘုရား။ သက်ရှိ
ကိုဖြစ်စေ၊ သက်မဲ့ကိုဖြစ်စေ စွဲလမ်းတက်မက်
တဲ့ လောဘနဲ့သေရင် ပြိတ္တာဘုံကိုရောက်
မယ်ဆိုတာ တပည့်တော်သိပါတယ်ဘုရား။
ဒါကြောင့် ပျံတော်မူခါနီးမှာ ဘာမှမစွဲလမ်း
ဘဲ တရားကိုအာရုံပြုနေပါတယ်ဘုရား။
ဒီအချိန်မှာ မသိတတ်တဲ့ ဒကာမတစ်ယောက်
က ဆရာတော်ဘုရား ဆရာတော်ဘုရားရဲ့
ကျောင်းကြီးကို ဘယ်သူမှမအပ်ရသေးပါ
လားဘုရားလို့ လှမ်းလျှောက်လိုက်တယ်။
ဒီအချိန်မှာ တပည့်တော်စိတ်ဟာ ကျောင်း
အပေါ်ကို ရောက်သွားတယ်ဘုရား။ ဒီအချိန်
မှာ စုတိစိတ်ကျလိုက်တော့ ကျောင်းပေါ်ကို
စွဲလမ်းသလိုဖြစ်သွားတဲ့အတွက် အခုလို
ပြိတ္တာဘ၀ကိုရောက်ခဲ့ရတာပါဘုရား။
လယ်တီဆရာတော်ဘုရားကြီးသည်ဘဝ
အာမခံချက်မရှိသော ပုထုဇဉ်များ၏အသက်
ရှင်မှုကို ကြီးစွာသံဝေဂရတော်မူပြီးနောက်
တစ်နေ့မှာပင် ကျေးရွာမှ ဒကာ ဒကာမများ
အားအသိပေးပြီးလျှင် ရဟန်းသံဃာများ
ပင့် ဆွမ်းတွေသင်္ကန်းတွေလှူကာအမျှပေး
လိုက်မှ ကျောင်းထိုင်ဘုန်းကြီးသည်ပြိတ္တာ
ဘ၀မှ လွတ်မြောက်သွားခဲ့ရသည်။
ကာမဂုဏ်မှရှောင်ခွါပြီး သင်္ကန်းဝတ်နေ
သော ပုထုဇဉ်ရဟန်းပင်လျှင် ထိုကဲ့သို့
အပါယ်ကျသေးလျှင် စွဲလမ်းတပ်မက်
စရာများလှသော လူ့လောကအတွင်းမှ
လူသားဆိုလျှင်ကား ပို၍ပင်ကျတော့
မည်ဖြစ်၏။ ထိုသို့ဆိုလျှင် အရိယာမဖြစ်
ခင်စပ်ကြားမှာ အပါယ်မကျဖို့အတွက်
အားကိုးစရာကုသိုလ်ကိုရှာဖွေရပေမည်။
မေတ္တာရှင် ရွှေပြည်သာ
ဘ၀နှင့်ရင်းရသောအတွေးအမြင်များ

No comments:

Post a Comment