Sunday, November 23, 2014

သူယုတ်မာ


အခါတစ်ပါး၌မြတ်စွာဘုရားသည် သာဝတ္ထိပြည်
ဇေတ၀န်ကျောင်းတော်၌သီတင်းသုံးနေတော်မူ
၏။ ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည်
တွင်းသို့ ဆွမ်းခံလှည့်လှည်ရင်း အဂ္ဂိကဘာရဒွါဇ
ပုဏ္ဏားကြီးအိမ်သို့ ရောက်လာတော်မူသည်။

မီးပူဇော်ရန်ပြင်ဆင်နေသူ ပုဏ္ဏားကြီးက မြတ်စွာ
ဘုရားကို တွေ့မြင်သောအခါ စိတ်ဆိုးပြီး ရဟန်း
ယုတ်၊ အဲဒီနေရာမှာရပ်ပါဟု ကြမ်းကြမ်းတမ်းတမ်း
ပြောဆိုတားမြစ်၏။
ထိုအခါမြတ်စွာဘုရားက ပုဏ္ဏားကြီး သူယုတ်မာ
ကိုသိသလား၊ သူယုတ်မာဖြစ်ကြောင်းတရားကို
လည်း သိသလားဟု ချိုချိုသာသာမေးတော်မူ
၏။
ပုဏ္ဏားကြီးက မသိပါကြောင်းဖြေသည်။
ထို့နောက် သူယုတ်မာနှင့်သူယုတ်မာဖြစ်ကြောင်း
တရားအပေါင်းကို ဟောကြားတော်မူပါရန်တောင်း
ပန်လျှောက်ထားသဖြင့် မြတ်စွာဘုရားက အောက်
ပါအတိုင်း ဟောကြားတော်မူသည်။
သူယုတ်မာဖြစ်ကြောင်းတရားများ
၁။ အမျက်ကြီးသူ၊ ရန်ငြိုးဖွဲ့သူ သူတစ်ပါးဂုဏ်
ကျေးဇူးကိုချေဖျက်တတ်သူ၊ မိစ္ဆာဒိဋ္ဌိအယူရှိသူ၊
မိစ္ဆာဒိဋ္ဌိအယူသို့ ကူးပြောင်းသူနှင့်မိမိအပြစ်ဖုံး
လွှမ်း၍ လှည့်စားတတ်သူတို့သည် သူယုတ်မာ
ဖြစ်သည်။
၂။ သတ္တ၀ါတို့အား သနားကြင်နာမှုမရှိဘဲ
သတ်ဖြစ်သူသည် သူယုတ်မာဖြစ်၏။
၃။ မြို့ရွာတို့ကိုတိုက်ခိုက်ဖျက်စီးသူသည်
သူယုတ်မာဖြစ်၏။
၎။ သူတစ်ပါးအကြွေးကို ပြန်မပေးသူသည်
သူယုတ်မာဖြစ်၏။
၅။ သူတစ်ပါးပစ္စည်းခိုးယူသူသည် သူယုတ်မာ
ဖြစ်၏။
၆။ လူသတ်၍ ပစ္စည်းလုယူသူသည် သူယုတ်
မာဖြစ်၏။
၇။ မတရားသက်သေထွက်ဆိုသူသည်
သူယုတ်မာဖြစ်၏။
၈။ သူတစ်ပါးသားမယားကို ပြစ်မှားကျုးလွန်
သူသည် သူယုတ်မာဖြစ်၏။
၉။ အမိအဖကို မကျွေးမွေး မပြုစုသူသည်
သူယုတ်မာဖြစ်၏။
၁၀။ မိဘညီအစ်ကိုမောင်နှမ၊ ယောက္ခတို့ကို
နှိပ်စက်သူသည် သူယုတ်မာဖြစ်၏။
၁၁။ သူတစ်ပါးက အကျိုးစီးပွားရှိရာရှိကြောင်း
ကို မေးပါလျက် အကျိုးမဲ့ကို ပြောဆိုသူသည်
သူယုတ်မာဖြစ်၏။
၁၂။ မိမိပြုထားသောမကောင်းသောအမှုများ
ကို တစ်ပါးသူမသိအောင် ဖုံးကွယ်ထားသူ
သည် သူယုတ်မာဖြစ်၏။
၁၃။ သူတစ်ပါးအိမ်သို့သွားသောအခါ
ဧည့်ဝတ်ပြုသည်ကိုစားသောက်ပြီးမိမိ
အိမ်သို့လာသည့်အခါ ဧည့်ဝတ်မပြုစု
သူသည် သူယုတ်မာဖြစ်၏။
၁၄။ ဖိတ်ကြားခံထားသူ အလှူခံပုဂ္ဂိုလ်များ
နှင့် သူတောင်းစားတို့ကို မလှူဒါန်းမပေး
ကမ်းဘဲ လှည့်ပတ်နေသူသည် သူယုတ်မာ
ဖြစ်၏။
၁၅။ ဆွမ်းခံလာသော ရဟန်းကို ဆွမ်းမလောင်း
ဘဲ ကြမ်းတမ်းစွာပြောဆိုသောသူသည် သူယုတ်
မာဖြစ်၏။
၁၆။ သူတစ်ပါးပစ္စည်းကိုရယူလိုသဖြင့်မဟုတ်
မမှန်လှည့်ပတ်ပြောဆိုသူသည် သူယုတ်မာ
ဖြစ်၏။
၁၇။ မိမိကိုယ်ကို ဂုဏ်တင်မြှောက်စားပြီး
သူတစ်ပါးကို နှိမ်ချပြောဆိုသူသည် သူယုတ်မာ
ဖြစ်၏။
၁၈။ သူတစ်ပါးကိုရန်ရှာသူ၊ မိမိကိုယ်တိုင်
မလှူဒါန်း မပေးကမ်းရုံမျှမက သူတစ်ပါးတို့
လှူဒါန်းပေးကမ်းသည်ကိုပင်နှမြောတွန့်တို
သူ၊ မိမိမှာမရှိသော ဂုဏ်သိက္ခာဖြင့်ချီးမွှန်း
ခံလိုသူ၊ နှမြောဝန်တိုသူ၊ မိမိမှာမရှိသော
ဂုဏ်ကိုရှိလေဟန်ဆောင်သူနှင့် မကောင်းမှု
ပြုရန် မရှက်မကြောက်သောသူသည်
သူယုတ်မာဖြစ်၏။
၁၉။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး
ဆည်းကပ်ကိုးကွယ်သူများကို ရှုတ်ချပြော
ဆိုသူသည် သူယုတ်မာဖြစ်၏။
၂၀။ ရဟန္တာမဟုတ်ပါဘဲလျက် ရဟန္တာဟု
ဝန်ခံသူသည်လောက၌ အယုတ်မာဆုံး
ဖြစ်၏။
မင်းချစ်ထွေး(ဘီလူးကျွန်း)
မြတ်မင်္ဂလာ စာစောင်

No comments:

Post a Comment