မှတ်သားခြင်း သဘောသည် သညာတည်း။ ထို့ကြောင့် “မှတ် - သညာတည်း” ဟု ဆိုခဲ့သည်။ ဤမှတ်သားပုံသည် အသိဉာဏ်နည်းပါးသူ၊ ဗဟုသုတနည်းပါးသူများ၌သာ ထင်ရှား၏။ ငယ်ရွယ်သော ကလေးကို ဆွေမျိုးများက “ဟောဒီလူက အဖေ၊ ဟောဒီလူက အမေ”ဟု ပြကြ၏။ ကလေးက ထိုသူများကို “အဖေ၊ အမေ”ဟု မှတ်လိုက်၏။ လေယာဉ်ပျံကို ပထမ စ၍ မြင်ရာ၌ “အတောင်က ဘယ်နည်း၊ အမြီးက ဘယ်လို၊ အထည်ကိုယ်က ဘယ်ပုံ”ဟု မှတ်လိုက်၏။ မရောက်ဖူးသော အရပ်သို့ ရောက်သောအခါ၌လည်း အထူးအဆန်း ဟူသမျှကို မှတ်၏။ ဤသို့ သညာ၏ မှတ်သားမူတွေများစွာ ရှိပေသည်။
မှတ်ခြင်း၌ အကျိုး ၂-မျိုး
သညာ၏ မှတ်သားမူ၌ အကျိုး ၂-မျိုးရ၏။ ဆွေမျိုးများက ကလေးအား “ဤသူဟာ အဖေ”ဟု ပြသောအခါ ကလေး၏သညာက မှတ်သားသည့်အတွက် ထိုခဏ၌ အဖေမှန်း သိရခြင်းအကျိုး၊ နောက်အခါ “ဤသူဟာအဖေပဲ”ဟု မှတ်မိခြင်းအကျိုး ၂-မျိုး ရသည်။
မှန်မှန်မှားမှား မှတ်ပုံ
သညာသည် ပညာကဲ့သို့ အမှန်ကိုချည်း သိသည်မဟုတ်၊ အမှားကိုလည်း မှတ်၏။ အမှန်ကိုလည်း မှတ်၏။ တစ္ဆေကြောက်သူသည် ညဉ့်မှောင်မိုက်တွင် ထန်းပင်ငုတ်ကို တစ္ဆေဟု မှတ်ထင်ရာ၌ အမှားကို မှတ်ခြင်းဖြစ်၏။ မှားယွင်းသော တရားတွေကို တရားမှန်ဟု ထင်မှတ်ကြရာ၌လည်း ဒိဋ္ဌိသာမက ဤမှားသော သညာလည်း ပါဝင်၏။ မှားသောအရာ၌ သညာအမှတ် ကြပ်ကြပ် စွဲနေပြီး ဖြစ်သူကို အမှန်သိအောင် ပြုပြင်ဖို့ ခဲယဉ်လှ၏။
သညာ နယ်ကျယ်ပုံ
အမှားကို အမှန်ဟု ထင်မှတ်သော သညာသည် လွန်စွာပင် နယ်ကျယ်၏။ သံသရာဝယ် ကြာရှည်စွာ ကျင်လည်နေရာ၌ အ၀ိဇ္ဇာ တဏှာအတွက်သာမက ဤသညာ၏ အမှတ်လွဲမူလည်း ပါဝင်လေသည်။ ထင်ရှားစေအံ့ - မစင်ကို လူတို့က စက်ဆုပ်ဖွယ်ဟု အမှန်အတိုင်း မှတ်ထား၏။ ပိုးလောက်တို့ကား အာဟာရဟု မှတ်ထင်လေသည်။ ခွေးသေပုပ်ကို လင်းတတို့ ထင်မှတ်ရာ၌လည်း ဤနည်းပင်တည်း။
ဘုရား ရဟန္တာတို့က ကာမဂုဏ်အာရုံတွေကို စက်ဆုပ်ဖွယ်ဟု အမှန်အတိုင်း မှတ်ထင်တော်မူကြသည်။ “ဟီနော၊ အယုတ်မာတည်း။ ဂမ္မော၊ ရွာသူရွာသားတို့ ဥစ္စာတည်း။ ပေါထုဇ္ဇနိကော၊ မဖြူစင် မသန့်ရှင်းသော ပုထုဇဉ်တို့ဟာတည်း။ အနရိယော၊ ဖြူစင်သူတို့၏ ဥစ္စာမဟုတ်။ အနတ္ထသံဟိတော၊ ကောင်းကျိုးနှင့် မစပ်”ဟု ပြတ်ပြတ်သားသား ရူတ်ချကဲ့ရဲ့ ထားတော်မူ၏။ သို့သော် လူအများကား ထိုတရားတို့ကို နားမ၀င်ဘဲ ကာမဂုဏ်အာရုံတွေကို မရမနေ ရှာဖွေကြတုန်းပင်ဖြစ်သည်။ ဤသို့လျှင် သညာ၏ အမှတ်မှားမူကြောင့် သံသရာတွင် ကြာရှည်စွာ ကျင်လည်ကြရလေသည်။
သညာက သတိဟန်ဆောင်ပုံ
ကုသိုလ်ဆိုင်ရာကို ပြန်၍ အမှတ်ရနေရာ၌ သတိသဘောလည်းပါ၏။ ကောင်းသော သညာသဘောလည်းပါ၏။ သတိအစစ်မှန်လျှင် ကုသိုလ်ကောင်းမူ ဆိုင်ရာ၌သာဖြစ်၏။ “ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာ၊ ငယ်ကပေါင်း အနှစ်တစ်သောင်း မမေ့ကောင်း”ဟု ဆိုကြသော မမေ့နိုင်မျိုးမှာ အကုသိုလ်ဆိုင်ရာ ဖြစ်၍ သတိအစစ်မဟုတ်၊ သတိကဲ့သို့ အမှတ်အသားကောင်းသော ဤသညာပင် ဖြစ်၏။ ဤသို့ စသည်ဖြင့် သတိအခန်း၌ ပြခဲ့သော သတိအတုကို ပြန်ကြည့်ပါ။
မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ
မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။
credit-ရနံ့စံအိမ်

No comments:
Post a Comment