Saturday, October 18, 2014

တရားထိုင်တဲ့အခါမှာ အတိတ်က အကြောင်း တွေကို ပြန်မြင်ရင် ၀ိပဿနာရှုလို့ရပါသလား။

တရားထိုင်တဲ့အခါမှာ အတိတ်က အကြောင်း
တွေကို ပြန်မြင်ရင် ၀ိပဿနာရှုလို့ရပါသလား။
ဒီမေးခွန်းနဲ့ပတ်သတ်လို့ဖြေဆိုစရာတွေကိုခွဲခြား
ကြည့်ရင်
ဝိပဿနာတရားထိုင်တဲ့အခါ အတိတ်ဘ၀တွေ
ကို မြင်နိုင်ပါသလား။ အတိတ်ဘ၀ကို မြင်တာ
သည် ၀ိပဿနာဉာဏ်နဲ့ဆိုင်ပါသလား။ ၀ိပဿနာ
တရားသည် အတိတ်ကိုရှုလို့ရပါသလားဆိုတဲ့
အမေးတွေကိုတွေ့နိုင်ပါတယ်။
အတိတ်ဘ၀ကို မြင်နိုင်ပါသလားဆိုတာ အတိတ်
ဘ၀ကို မြင်နိုင်ပုံတွေက အများကြီးရှိပါတယ်။
ပုဗ္ဗေနိဝါသာနုဿတိအဘိဉာဏ်ရလို့ရှေးဘဝ
တွေမှာ နေခဲ့ဖူးတဲ့ ခန္ဓာအစဉ် အမျိုးအနွယ်
အမည်နာမ စတာတွေကို မြင်နိုင်တာမျိုးလည်း
ရှိပါတယ်။ ဒါကဘုရားရှင်ရဲ့ဉာဏ်တော်ကြီးထဲ
မှာပါဝင်ပါတယ်။
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့အစွမ်းတစ်မျိုးမျိုး
ကြောင့် အတိတ်ဘ၀က အကြောင်းတွေကို
မြင်နိုင်တာမျိုးလည်းရှိပါတယ်။ အတိတ်ဘဝ
ကမြှုပ်ထားတဲ့ရွှေအိုးတွေကို ဖော်ထုတ်ပြနိုင်
တာမျိုးလို စာပေမှာပါရှိပါတယ်။ တခြားတခြား
လူများ ကူညီလို့ အတိတ်အကြောင်းသိနိုင်တဲ့
သာဓကတွေလည်းများစွာရှိပါတယ်။
ကိုယ်ပိုင်စွမ်းအားတစ်မျိုးမျိုးနဲ့သိနိုင်တာလည်း
ရှိပါသေးတယ်။ အတိတ်အကြောင်းကို သာမန်
အမှတ်ရလို့ သိတာမျိုး ဘုရားရှင်တို့ရဲ့ဉာဏ်
တော်ကြီးတွေနဲ့သိတာမျိုးတွေလည်းရှိပါတယ်။
ကိုယ်ပိုင်စွမ်းအားဆိုတာကလည်း ပင်ကိုယ်
မွေးရာပါအသိမျိုး ဇာတိဿရဉာဏ်လို့ခေါ်တဲ့
လူဝင်စားအသိမျိုးဖြစ်ရှိပါတယ်။ အမှတ်သညာ
နဲ့သတိအားကောင်းခဲ့မူတွေပါ။ ဒါမှမဟုတ်မိမိရဲ့
စိတ်ကိုဖုံးလွှမ်းကာဆီးထားတဲ့နီဝရဏတွေ လို
ချင်မှုကာမစ္ဆန္ဒ၊ အလိုမကျမှုဗျာပါဒ၊ အိပ်ချင်
ငိုက်မျဉ်းမှု ထိနမိဒ္ဓ၊ ပျံ့လွင့်မှု ဥဒ္ဓစ္စ၊ ပူပန်မှု
ကုက္ကုစ္စ၊ သံသယရှိမှု ၀ိစိကိစ္ဆာ၊ မသိမှု အ၀ိဇ္ဇာ
ဆိုတဲ့ အတားအဆီးတွေမရှိတဲ့အခိုက်မှာလည်း
မြင်နိုင်ပါတယ်။
ဒီလိုမြင်မှုတွေဟာ မျက်စိမှိတ်နေလည်းမြင်နိုင်
ပါတယ်။ မျက်စိဖွင်ထားလည်းမြင်နိုင်ပါတယ်။
နောက်တစ်မျိုးက အတိတ်ဘ၀အကြောင်းတွေ
ကို မစဉ်းစားလိုက်ရဘဲ အလိုလိုဆိုသလိုပေါ်
လာလို့ သိလိုက်၊ မြင်လိုက်ရတာရယ်၊ စဉ်းစား
လို့ပေါ်တာရယ်ရှိပါသေးတယ်။ ဒါကတော့သတိ
အမှတ်ရမှု အားကောင်းခဲ့လို့ သညာမှတ်သားမှု
က အားကြီးခဲ့လို့ပါပဲ။
မစဉ်းစားလိုက်ရဘဲ အလိုလိုဆိုတာက ဗုဒ္ဓတရား
တော်မှာ ဒီအယူအဆမျိုးကို လက်မခံပါဘူး။
ဘာကြောင့်ဆိုတာ မသိလို့သာ အလိုလိုလို့ဆိုရ
ပေမယ့် အကြောင်းတရားကင်းပြီးပေါ်လာတယ်
ဆိုတာ မရှိပါဘူး။
အတိတ်ဘ၀သံသရာအစဉ်မှာ မမြင်ဖူး၊ မတွေ့ဖူး
ခဲ့တာဟာ နိဗ္ဗာန်တစ်ခုပါပဲလို့ ပြောနိုင်ပါတယ်။
ကျန်တဲ့အာရုံမျိုးစုံတွေက တွေ့ခဲ့ဖူးပါတယ်။
ဘာလို့လဲဆိုတော့ လောကသံသရာအတွင်းကြိမ်
ဖန်များစွာ ကျင်လည်ခဲ့ရတဲ့ တွေ့ကြုံခဲ့ရတဲ့အာရုံ
တွေကို သညာမှတ်သားမှု သတိအမှတ်ရမှုတွေနဲ့
စုဆောင်းခဲ့တဲ့အာရုံပုံရိပ်ဟာ အကြောင်းဆုံလို့
ပြန်ပေါ်ခွင့်ရှိတာနဲ့တစ်ပြိုင်နက် ပေါ်လာကြတဲ့
သဘောပါ။ ဒီသဘောကို မသိလို့သာ မစဉ်းစား
ဘဲ အလိုလိုပေါ်တယ်လို့ဆိုကြပါတယ်။
စဉ်းစားလို့အာရုံတွေပြန်ပေါ်တာလည်းရှိတတ်ပါ
တယ်။ အခုစာဖတ်သူအနေနဲ့ပြောကြပါစို့။ ငယ်
ရွယ်စဉ်က သင်္ကြန်အခါနီးပြီဆိုရင် ပျော်ချင်ပါး
ချင်တဲ့စိတ်ဖြစ်ဖူးပါတယ်။ ပျော်လည်းပျော်ခဲ့ဖူး
ကြပါတယ်။
ဒီလိုဆိုတော့ အတိတ်သင်္ကြန်ကိုပြန်ပြီးအမှတ်
ရသွားပါတယ်။ အဲဒီတုန်းက သညာနဲ့မှတ်သား
ခဲ့တဲ့အာရုံအမှတ်အသားတွေဟာ ပြန်ပေါ်လာ
ပါတယ်။ အာရုံတွေအမျိုးမျိုးဟာ အရင်တွေ့ကြုံ
ဖူးတဲ့အတိုင်းတစ်သွေမတိမ်းပုံစံတူပြန်ပေါ်လာ
ပါတယ်။ မိမိရဲ့စိတ်ကလည်းဒီအာရုံတွေကိုပြန်
မြင်ပြီး အဲဒီတုန်းကစိတ်မျိုးပြန်ဖြစ်သွားပါတယ်။
အဲဒီတုန်းကအသက်အရွယ်၊ အခြေအနေ၊ ပတ်
ဝန်းကျင်ကိုပဲ လက်ခံပြီးပြုံးစရာတွေကြုံရင်ပြန်
ပြီး ပြုံးမိပါတယ်။ ကြေကွဲစရာတွေပေါ်ရင်လည်း
ပြန်ပြီးကြေကွဲမိပါတယ်။ အတိတ်အာရုံတွေဆို
တာကို အသိမကပ်နိုင်တော့ပါဘူး။
ဒါကစဉ်းစားလို့အတိတ်ဘ၀အာရုံပေါ်တဲ့သဘော
ပြောတာပါ။ အဖေနဲ့အမေကိုစဉ်းစားရင် အဖေနဲ့
အမေရဲ့အာရုံတွေဟာ အရင်ကမှတ်သားခဲ့တဲ့
အတိုင်း ပြန်ပေါ်ပါတယ်။ မိမိစဉ်းစားချင်ရာတွေ
စဉ်းစားပြီး စမြုံ့ပြန်လို့လည်းရနိုင်ပါတယ်။
ဒါဟာ စဉ်းစားလို့အတိတ်ကိုမြင်တဲ့သဘောပါ။
ဒါ့အပြင်အရင်က ငါရှင်ဘုရင်ဖြစ်ခဲ့ဖူးတယ်နဲ့
တူတယ်ဆိုတဲ့စိတ်၊ ကိုယ်ကိုယ်တိုင်မသိလိုက်
တဲ့စိတ်က ပုံဖော်ပေးမှုကြောင့် ရှင်ဘုရင်နဲ့မိမိ
ကိုယ်မိမိပြန်မြင်တာမျိုးတွေ၊ ပုံစံအမျိုးမျိုး
အကြောင်းအရာအမျိုးမျိုးတွေကို စိတ်ကူးနဲ့
ပုံဖော်မှုတွေလည်း ရှိသေးတယ်ဆိုတာနား
လည်ထားစေချင်ပါသေးတယ်။
ဒါကအတိတ်အကြောင်းကိုသာမန်အမှတ်ရလို့
သိတာမျိုးနဲ့သက်ဆိုင်တဲ့သဘောတွေပါ။
ဗုဒ္ဓဘုရားရှင်ရဲ့သဗ္ဗညုတဉာဏ်၊ ပုဗ္ဗေနိဝါသာ
နုဿတိဉာဏ်တော်ကြီးနဲ့သိမြင်တာကတော့
အဆင့်မြင့်လွန်းပါတယ်။ အမှန်အတိုင်းလည်း
သိမြင်ပါတယ်။
တချို့တွေသိမြင်တာက အဆင့်နိမ့်တာတွေ
လည်းရှိပါတယ်။ မမှန်ကန်ဘဲစိတ်အထင်နဲ့
မြင်တာမျိုးတွေလည်း ရှိပါတယ်။
အဆင့်နိမ့်အတိတ်ဘ၀မြင်မှုဆိုတာ အချိန်ကာလ
အားဖြင့်နောက်ပြန်ရေတွက်ရင် ကမ္ဘာလေးဆယ်
ကိုမြင်နိုင်ကြပါတယ်။ တစ်ကမ္ဘာမှာဘ၀ပေါင်း
ဘယ်လောက်နေခဲ့ရတယ်ဆိုတာက မရေမတွက်
နိုင်အောင် အကြိမ်ပေါင်းများပြားလှပါတယ်။
ကမ္ဘာလေးဆယ်ရဲ့ဘ၀ပေါင်းဆိုရင်စဉ်းစားသာ
ကြည့်ပါ။
ဒီလောက်များတဲ့ ဘ၀ပေါင်းကိုမြင်တွေ့နိုင်တဲ့
အသိဉာဏ်သည်ပင်လျှင် အဆင့်နိမ့်လွန်းပါတယ်
တဲ့။ ဘာလို့လဲဆိုတော့ အယူဖြောင့်မှန်မှုမရှိကြ
သေးတဲ့ ပုဂ္ဂိုလ်တွေသည်ပင် အဲဒီလောက်ကမ္ဘာ
လေးဆယ်ထိပြန်မြင်နိုင်ပါတယ်တဲ့။
ဒါကအတိတ်ဘ၀ကိုပြန်မြင်နိုင်တာနဲ့ပတ်သတ်
လို့ရှင်းပြဖြေပြတာပါ။
ဘာဝနာတရားအားထုတ်တဲ့အခါမှာ အတိတ်ဘဝ
ကိုမြင်ရင်လည်း မြင်နိုင်တယ်။ မမြင်ရင်လည်း
မမြင်နိုင်ပါဘူး။ မြင်ပြန်တော့လည်းမှန်ရင်လည်း
မှန်နိုင်တယ်။ မမှန်ရင်လည်းမမှန်နိုင်တော့ပါဘူး။
ဝိပဿနာအားမထုတ်သူတွေလည်းဒီသဘောမျိုး
ပါပဲ။ မြင်တဲ့သူလည်းမြင်တယ်။ မမြင်တဲ့သူလည်း
မမြင်ပါဘူး။
နောက်ထပ်အတိတ်ဘ၀ကို မြင်တာသည်ဝိပဿနာ
ဉာဏ်နဲ့ဆိုင်ပါသလားဆိုတာကိုရှင်းပြပါဦးမယ်။
အတိတ်ဘ၀ကအတိတ်အာရုံဆိုတာ ပုံသဏ္ဍာန်
အရွယ်အစား၊ အရောင်အဆင်းဆိုတာတွေပါဝင်
နေပါတယ်။ ဟိုတုန်းကဆိုတဲ့အတိတ်ကာလ
အချိန်တွေပါဝင်နေပါတယ်။ သတ္တ၀ါပညတ်အာရုံ
တွေဖြစ်နေတဲ့ ဒီအာရုံတွေကို မြင်နေသမျှ၊ စွဲယူ
ထားသမျှ၊ ပရမတ်အာရုံ၊ ရုပ်နာမ်အာရုံတစ်ခုခု
ဟာ မထင်ရှားနိုင်မပေါ်နိုင်ပါဘူး။ ဉာဏ်မှာလည်း
မမြင်နိုင်ပါဘူး။
အတိတ်ပညတ်အာရုံတွေကို မြင်နေတဲ့အခိုက်
ဝိပဿနာဉာဏ်ကို နီဝရဏကိလေသာတစ်ခုခု
က ဖုံးထားပြီး ပရမတ်အာရုံကို ပညတ်အာရုံက
ကာထားကွယ်ထားလိုက်ပါပြီ။ ၀ိပဿနာဉာဏ်
မဖြစ်နိုင်တော့ပါ။ အတိတ်အာရုံကောင်းကိုပြန်
တွေ့ပြီး လောဘကိလေသာ၊ အတိတ်အာရုံ
မကောင်းကို အာရုံပြုပြီး ဒေါသကိလေသာ၊
အတိတ်အာရုံရဲ့သဘောကို သေချာမသိနိုင်တဲ့
မောဟကိလေသာဆိုတာတွေဖြစ်နေတတ်ပါ
တယ်။
အကြောင်းတိုက်ဆိုင်လို့ အတိတ်အာရုံပေါ်ခဲ့ရင်
လည်း အာရုံကောင်းကို လောဘအဖြစ်မခံဘဲ
သံဝေဂဉာဏ်၊ အာရုံမကောင်းကို ဒေါသအဖြစ်
မခံဘဲ သံဝေဂဉာဏ်ရဖို့အရေးကြီးပါတယ်။
သံဝေဂဉာဏ်ရပြီဆိုရင် မသိမှုမောဟလည်း
ခဏခွာပြေးနေပါတယ်။
သံဝေဂဉာဏ်ဆိုတာ သံသရာအကြောင်းတွေကို
သိမြင်ပြီး ဉာဏ်ပါတဲ့ ထိတ်လန့်မှုကိုခေါ်တာပါ။
သံသရာကိုကြောက်စိတ်၊ ကိလေသာတွေကို
ရွံမုန်းစိတ်တွေအားကောင်းလာတဲ့ဉာဏ်ကိုခေါ်
ပါတယ်။
အတိတ်ဘ၀ကိုမြင်ရင် သံဝေဂဉာဏ်မျိုးတော့
ဖြစ်နိုင်ပါတယ်။ ဖြစ်ဖို့ကလည်း အတိတ်ကိုမြင်
တာနဲ့ပတ်သတ်လို့ သဘောကျဝမ်းသာ သူများ
တွေထက် ငါကသာတယ်ဆိုတဲ့ စိတ်ဓာတ်မျိုး
တွေ မရှိမှသာ သံဝေဂဉာဏ်ပေါ်နိုင်ပါတယ်။
သံသရာကြောက်စိတ်၊ ကိလေသာရွံမုန်းစိတ်
သံဝေဂဉာဏ်အစစ်ရပြီဆိုရင် ၀ိပဿနာဉာဏ်
အတွက် အထောက်အကူကောင်းရပါပြီ။
ဝိပဿနာဉာဏ်ချက်ချင်းဆိုသလိုပေါ်လာနိုင်
ပါပြီ။
ဒါကအတိတ်ဘ၀ကိုမြင်တာသည် ၀ိပဿနာ
ဉာဏ်နဲ့ဆိုင်ပါသလားဆိုတာကို ရှင်းပြတာပါ။
နောက်တစ်ခု ၀ိပဿနာတရားသည် အတိတ်
ကို ရှုလို့ရပါသလားဆိုတဲ့အမေးပါ။
အခုလောက်ရှင်းပြခဲ့တာနဲ့ပဲ အဖြေထွက်လောက်
ပါပြီ။ ဒါပေမယ့် ထပ်ရှင်းပြပါဦးမယ်။
အတိတ် ပစ္စုပ္ပန် အနာဂတ် အာရုံသုံးမျိုးစလုံးကို
ရှုလို့ရတယ်လို့လည်း ယူဆကြပါတယ်။
ဝိပဿနာရဲ့အာရုံဟာ ပစ္စုပ္ပန်လို့သာလက်ခံတာ
လည်းရှိကြပါတယ်။
ဝိပဿနာဉာဏ်ဟာ ရုပ်အာရုံ၊ ဒါမှမဟုတ် နာမ်
အာရုံတစ်ခုခုကိုသာ အာရုံပြုပါတယ်။ လောကီ
ပရမတ်အာရုံရဲ့သဘောကိုသာ သိပါတယ်။
အတိတ်ကအကြောင်းအရာတွေပြန်ပြီးပေါ်လာ
တဲ့အခိုက် ဒီအာရုံတွေဟာ မှတ်သားခဲ့ဖူးတဲ့
သညာ၊ အမှတ်ရလိုက်တဲ့သတိကြောင့်ပေါ်လာ
တဲ့ အတိတ်အာရုံ၊ အတိတ်အကြောင်းအရာတွေ
ပါ။
အတိတ်အာရုံ၊ အတိတ်အကြောင်းအရာတွေဆို
ပေမယ့် အတိတ်နဲ့ပုံတူပေါ်လာတဲ့ပစ္စုပ္ပန်ရှုစိတ်
သိစိတ်နဲ့ပြိုင်တူစိတ်တစ်ခဏတိုင်းမှာဖြစ်နေကြ
တဲ့ အာရုံပါ။
နားလည်အောင်ပြောရင် အတိတ်ပုံတူ ပစ္စုပ္ပန်
အာရုံပါ။
အနာဂတ်အာရုံ၊ အနာဂတ်အကြောင်းအရာတွေ
ကို စဉ်းစားတွေးတောတဲ့အခါမှာလည်းအနာဂတ်
အာရုံတွေဟာ ပေါ်လာနိုင်ပါတယ်။
မရောက်လာသေးတဲ့ အနာဂတ်အချိန်ရဲ့ဖြစ်လို
တဲ့ အာရုံ၊ ဖြစ်နိုင်တဲ့အာရုံတွေကိုတွေးလို့ပေါ်
လာတဲ့အခိုက်ဒီအနာဂတ်အကြောင်းအရာတွေ
ဟာ အနာဂတ်ပုံတူပစ္စုပ္ပန်အာရုံတွေပါပဲ။ ဒီအာရုံ
တွေကို သိနေတဲ့စိတ်၊ ရှုနေရင်လည်း ရှုစိတ်သည်
ပင် ပစ္စုပ္ပန်ရှုစိတ်ဖြစ်နေပါတယ်။ ဒီသိစိတ်၊ ရှုစိတ်
နဲ့ တစ်ချိန်တည်း အသိခံ၊ အရှုခံ အာရုံဖြစ်နေလို့
အနာဂတ်ပုံတူပစ္စုပ္ပန်အာရုံလို့ပြောတာပါ။
အတိတ်၊ အနာဂတ် ဘယ်လိုအာရုံတွေ၊ ဘယ်လို
အကြောင်းအရာတွေပဲပေါ်ပေါ် ရှုစိတ်၊ အရှုခံ
အာရုံဟာ ပစ္စုပ္ပန်အချိန်တိုင်း အချိန်တိုင်းမှာ
ပြိုင်တူ ဖြစ်ပေါ်နေကြတာကို သဘောပေါက်
ဖို့ အရေးကြီးပါတယ်။
သဘောပေါက်ရင် ၀ိပဿနာတရားသည်အတိတ်
ကို ရှုလို့ရနိုင်ပါသလားဆိုတဲ့အမေးရဲ့အဖြေဟာ
နားလည်သွားပါပြီ။
ဒီမေးခွန်းကြီးရဲ့အဖြေတွေဟာ နက်နဲသိမ်မွေ့
ပါတယ်။ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာစတဲ့
အထောက်အထားတွေနဲ့ကျမ်းကြီးတစ်စောင်
ရေးဖွဲ့ဖို့ဆန္ဒရှိထားပါတယ်။
ဒါပေမယ့်ကျမ်းစာအုပ်ငယ်ဆိုတာကို လိုက်ပြီး
နားလည်လောက်တဲ့ စကားတွေနဲ့သာ အထောက်
အထားမှန်ကန်စွာ ဖြေပေးလိုက်ပါတယ်။
ဝိပဿနာဉာဏ်နဲ့အရှုခံအာရုံရဲ့သဘောတွေကို
နားလည်နိုင်ကြပါစေ။
ဓမ္မဒူတအရှင်ဆေကိန္ဒ
ဝိပဿနာတရားသင်တန်းအမေးအဖြေများ(၂)

No comments:

Post a Comment