Monday, October 13, 2014

ကိုယ်တော်.... နိဗ္ဗာန်လိုချင်ရင် ငါ့ကိုမကြိုက်နဲ့

ရှေးရှေးတုန်းက ရွာတစ်ရွာမှာ အတော်အတန်
ကြွယ်ဝချမ်းသာတဲ့ တောင်သူတစ်ဦးရှိခဲ့ဖူးတယ်။
အဲဒီတောင်သူကြီးဟာ မိမိမှာရှိတဲ့ ဥစ္စာဓနတွေ
ကို ကောင်းမှုကုသိုလ်ပြုလိုတာကြောင့် ရွာဦး
မှာ ဘုန်းကြီးကျောင်းတစ်ကျောင်းဆောက်လုပ်
ပြီး သံဃာတော် အရှင်မြတ်တစ်ပါးကိုကျောင်း
ထိုင်ဘုန်းကြီးအဖြစ်ပင့်ဆောင်ကာ ဆက်ကပ်
လှူဒါန်းထားတာပေါ့။
ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး
ဒါယကာအဖြစ်ခံယူထားတဲ့ တောင်သူကြီးဟာ
နေ့စဉ် နံနက်တိုင်း ကျောင်းကို ဆွမ်းအုပ်ပို့ပေး
ဖို့ သူတို့ရဲ့တစ်ဦးတည်းသောသမီးပျိုကလေး
ကို တာဝန်ပေးပါတယ်။ အသက်(၁၇)နှစ်သာ
ရှိသေးတဲ့ ကျောင်းဒကာကြီးရဲ့သမီးကလေး
ဟာ ငယ်ရွယ်သူဖြစ်ပေမယ့် သတိပဋ္ဌာန်ဝိပ
ဿနာတရားတွေကို အားထုတ်ထားပြီးသူ
ဖြစ်တာမို့ အရွယ်နဲ့မလိုက်အောင် တတ်သိ
လိမ္မာသူလေးလည်းဖြစ်ပါတယ်။ ဒါကြောင့်
ကျောင်းဒကာရဲ့သမီးကလေးဟာ နေ့စဉ်
ကျောင်းကို ၀တ်မပျက် ဆွမ်းသွားပို့ရင်းက
သူမ မသိတာတွေကိုလည်း ဘုန်းကြီးထံမေး
လျှောက်ပါတယ်။
တစ်နေ့တော့ ကျောင်းဒကာရဲ့သမီးဟာ
ဘုန်းတော်ကြီးကို အရှင်ဘုရား ဒီကျောင်း
က ဘယ်သူ့ကျောင်းလဲဘုရားလို့ မေးလျှောက်
ပါတယ်။ ဒီအခါ ဘုန်းတော်ကြီးက နင့်မိဘ
များက ငါ့ကို ရေစက်ချပြီးလှူထားတာပဲ။
ငါ့ကျောင်းပေါ့ဟလို့ အဖြေပေးပါတယ်။
နောက်နေ့တွေမှာလည်း ကျောင်းဒကာကြီး
ရဲ့သမီးလေးဟာ ဘုန်းတော်ကြီးကိုမေးခွန်း
တွေမေးပြန်ပါတယ်။
အရှင်ဘုရား ဒီသင်္ကန်းတွေက ဘယ်သူ့
သင်္ကန်းတွေလည်းဘုရား။
ငါဝတ်နေတာ ငါ့သင်္ကန်းပေါ့ဟ။
ဒီသပိတ်ကော ဘုရား။
ငါ့ဆွမ်းခံတဲ့သပိတ်၊ ငါ့သပိတ်ပေါ့။
ဒါဖြင့်ရင် ဒီကျောင်းဝိုင်းထဲက သစ်ပင်တွေ
ကကော။
ငါ့ကျောင်းဝိုင်းထဲရှိတဲ့အပင်တွေ ငါ့အပင်
ပေါ့ဟ.။
ဒီလိုဘုန်းကြီးက မေးခွန်းတွေဖြေတိုင်း
ငါ့ပစ္စည်း၊ ငါ့ပစ္စည်းလို့ တစ်ငါတည်းငါနေ
တဲ့အခါ ကျောင်းဒကာကြီးရဲ့သမီးက အရှင်
ဘုရား ဒါဆိုဘာကြောင့် ဘုန်းကြီးဝတ်နေပါ
သလဲဘုရားလို့ ထပ်ပြီးမေးလျှောက်ပြန်
တယ်။ စိတ်တိုနေတဲ့ဘုန်းကြီးက နိဗ္ဗာန်
မဂ်ဖိုလ် လိုချင်လို့ပေါ့ဟ လို့ခပ်ထန်ထန်
ပဲ မိန့်တော်မူပါတယ်။
ဒီအခါမှာ ကျောင်းဒကာရဲ့သမီးက
အရှင်ဘုရား နိဗ္ဗာန်လိုချင်တယ်ဆိုရင်
ငါ့ကိုမကြိုက်ပါနဲ့လို့ ဘုန်းတော်ကြီးကို
လျှောက်ထားပြီး ဆွမ်းအုပ်ကိုခေါင်းပေါ်
ရွက်ကာ ခပ်သုတ်သုတ်ပဲ ကျောင်းပေါ်က
ဆင်းသွားသတဲ့။ ဘုန်းတော်ကြီးကတော့
ငါ့ကိုမကြိုက်နဲ့လို့ လျှောက်သွားတဲ့ကျောင်း
ဒကာသမီးရဲ့စကားကိုပဲစဉ်းစားရင်း ငေး
ပြီးကျန်ခဲ့တာပေါ့။
ဘုန်းတော်ကြီးဟာ မိမိရဲ့အကျင့်သိက္ခာနဲ့
ကျောင်းဒကာသမီးအပေါ်ဆက်ဆံပြောဆို
ပြုမူခဲ့တာတွေကို ပြန်လည်သုံးသပ်ကြည့်
တဲ့အခါ အမှားအယွင်းတစ်ခုမျှမတွေ့ရဘူး
တဲ့။ ဒီလိုဖြစ်ပါလျက်နဲ့ကျောင်းဒကာရဲ့သမီး
က သူ့အပေါ်မဆီမဆိုင် စွပ်စွဲပြောဆိုသွား
တာကို တွေးမိပြီးရှက်လွန်းတာမို့ဆွမ်းစား
လည်းပျက်၊ ကျိန်းစက်လို့လည်းမပျော်ဖြစ်
ကာ ကပ္ပိယကြီးကိုခေါ်ပြီး အကြောင်းစုံ
ပြောပြသတဲ့။
ကပ္ပိယကြီးကလည်း ဒီကိစ္စကိုအမြန်ဖြေ
ရှင်းမှပဲ ဘုန်းကြီးအသက်ရှည်မယ်၊ ဒီလို
မှမဟုတ်ရင် အခက်တွေ့တော့မယ်လို့
ယူဆပြီး ကျောင်းဒကာအိမ်ကိုသွားပြီး
အကျိုးအကြောင်းပြောပြတာပေါ့။ ဒီအခါ
ကျောင်းဒကာကလည်း မိမိရဲ့သမီးဟာ
တတ်သိလိမ္မာသူဖြစ်တာမို့ အကြောင်းမဲ့
တော့ မဖြစ်တန်ရာ။ အကြောင်းတစ်ခုခု
တော့ ရှိမှာပဲလို့တွေးပြီး သမီးအပေါ်
ရုတ်တရက် အပြစ်မတင်မပြောဆိုသေး
ဘဲ အိမ်သူဇနီးကိုသာ ဒီအကြောင်းစုံစမ်း
ဖို့ ပြောကြားလိုက်ပါတယ်။
ကျောင်းဒကာမကြီးကလည်း မိမိရဲ့သမီး
ဟာ ဒီလောက်တော့ မမိုက်မဲပါဘူး။
အကြောင်းရှိလို့သာဖြစ်ရမယ်လို့တွေး
ကာ သမီးကိုချော့မော့ပြီး ဘုန်းတော်
ကြီးကျောင်းမှာဖြစ်ပျက်ခဲ့ပုံကို မေးမြန်း
စုံစမ်းပါတယ်။ ဒီအခါသမီးဖြစ်သူက
ဘုန်းကြီးကို တရားပြခဲ့တာဖြစ်ကြောင်း
ကြီးကြီးကျယ်ကျယ်ပြောလိုက်လို့အမေ
ဖြစ်သူကျောင်းဒကာမကြီးဟာ မျက်လုံး
မျက်ဆံပြူးသွားတဲ့အထိ အံ့အားသင့်
သွားရသတဲ့။
ဟဲ့ ညည်းကိုသာ ဘုန်းကြီးက တရား
ပြရမှာပါ၊ ဘယ့်နှယ့် လုပ်ပြီးညည်းက
ဘုန်းကြီးကိုတရားပြန်ပြခဲ့ရတာတုန်း။
ဒီလိုပါအမေရယ်။ ကျမဆွမ်းသွားပို့တိုင်း
အရှင်ဘုရား ဒီကျောင်းက ဘယ်သူ့
ကျောင်းလဲဘုရားလို့မေးရင် ဘုန်းကြီး
က ငါ့ကျောင်း၊ ဒီသင်္ကန်းကဘယ်သူ့
သင်္ကန်းလဲဘုရားလို့မေးရင် ဘုန်းကြီးက
ငါ့သင်္ကန်း၊ ဒီလိုတွေ့သမျှ မြင်သမျှ မေး
မိတဲ့ အရာဝတ္ထုတိုင်းကို ဘုန်းကြီးက
ငါ့ပစ္စည်း ငါ့ဥစ္စာနဲ့တစ်ငါတည်းငါနေတာ
မို့ဒီလောက်တောင် ငါ စွဲနေရင် နိဗ္ဗာန်နဲ့
ဝေး တော့မှာမို့ အရှင်ဘုရားနိဗ္ဗာန်လို
ချင်ရင် ငါ့ကို မကြိုက်ပါနဲ့လို့ ငါစွဲ =
အတ္တဒိဋ္ဌိကိုဖြုတ်ဖို့ သတိပေးလျှောက်
ထားခဲ့တာပါလို့ ကျောင်းဒကာမကြီးကို
အသေအချာ ရှင်းလင်းပြောပြပါတယ်။
အဲဒီလိုသမီးဖြစ်သူက တရားကြောင်းနဲ့
ဖြေရှင်းပြလိုက်မှ အားလုံးကသဘော
ပေါက်နားလည်သွားကြပြီး ကျောင်းသို့
သွားကာ ဘုန်းတော်ကြီးကိုလည်း
အကြောင်းစုံလျှောက်ထားကြပါတယ်။
အဲဒီအခါကျမှ ဘုန်းတော်ကြီးကလည်း
ပြုံးတော်မူနိုင်ပြီး အင်း ဒီလိုဆိုတော့
လည်း ကျောင်းဒကာရဲ့သမီးပြောတာ
မှန်သဗျလို့ လက်ခံတော်မူလိုက်ရပါ
သတဲ့။
ဒီပုံပြင်ကလေးရဲ့အဓိကဆိုလိုချက်က
တော့ နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့
ရောက်ချင်သူတွေဟာ ငါ၊ ငါ့ဥစ္စာ၊ ငါ့
ဘ၀ဆိုတဲ့ အတ္တဒိဋ္ဌိ၊သက္ကာယဒိဋ္ဌိအစွဲ
တွေကို မလွဲမသွေဖြုတ်ပယ်ပစ်စေဖို့
ပါပဲ။ တကယ်တော့ အတ္တဒိဋ္ဌိ = ငါစွဲ
ကြီးတာဟာ လောကီမှာဖြစ်စေ၊
လောကုတ္တရာမှာဖြစ်စေ၊ နည်းလေ
ကောင်းလေပါပဲ။ များသောအားဖြင့်
လူတွေရဲ့နှလုံးသားကို အတ္တဒိဋ္ဌိ =
ငါစွဲက နေရာပြည့် အချိန်ပြည့် စိုးမိုး
ထားတာမို့ စိတ်ကောင်းနဲ့အသိဉာဏ်
ဖြစ်ပေါ်ဖွံ့ဖြိုးဖို့နေရာလွတ် အချိန်
အားဆိုတာ မရှိသလောက်ဖြစ်နေပါ
တယ်။
ဒီအတ္တဒိဋ္ဌိစည်းရိုးကို နည်းနည်းချင်း
ဖျက်ချိုးပေးနိုင်တာနဲ့အမျှ၊ လူ့နှလုံး
သားမှာလည်း ဗြဟ္မစိုရ်နဲ့ သူတော်
ကောင်းတရားတွေ ရှင်သန်ပေါက်ဖွား
ဖို့နေရာလွတ်နဲ့အချိန်အားတွေမုချ
ပေါ်ပေါက်လာမှာပါ။ လူတွေရဲ့နှလုံး
သားမှာမေတ္တာ ကရုဏာနဲ့သူတော်
ကောင်းတရားတွေ စည်ပင်ဝေဆာ
နေမှ ဒီကမ္ဘာကြီးလည်း ငြိမ်းချမ်း
သာယာနေပြီး လှပနေနိုင်မှာဖြစ်ပါ
တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလို
လားသူတိုင်းဟာ ဒီငါစွဲ = အတ္တဒိဋ္ဌိ
ကို မကြိုက်နှစ်သက်ကြဖို့ တကယ်ပဲ
လိုအပ်လှပါတယ်။
တော်ဝင်နွယ်
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း
၂၀၀၁ခုနှစ်၊ အောက်တိုဘာလ

No comments:

Post a Comment