Tuesday, October 14, 2014

ကားတစ်စီးရေဆူရခြင်း၏ အကြောင်းရင်းများ(ကားငယ်များ)


ကားတစ်စီးရေဆူရခြင်း၏ အကြောင်းရင်းများ(ကားငယ်များ)
ကားငယ်များတွင် အင်ဂျင်ရေဆူနိုင်သော အကြောင်းရင်းများမှာ...
(၁)Engine Coolant ဆေးရည်ထည့်မသုံးခြင်း
(၂)မသန့်ရှင်းသော(ဆားဓါတ် ထုံးဓါတ်ပါသော)ရေများထည့်သုံးမိခြင်း (၃)Engine Cooling System ရှိ ပိုက်များ ပိုက်ဆက်များနှင့် ရေတိုင်ကီမှ ရေယိုစိမ့်ခြင်း
(၄)Engine Cooling Fan များအလုပ်မလုပ်ခြင်း(ရေတိုင်ကီပန်ကာနှင့် အဲယားကွန်းပန်ကာ)
(၅)Cooling Fan Clutch Assembly Oil Silicone နည်းသွားခြင်း(ရေတိုင်ကီပန်ကာ ဖရီးပန့်ဆီမရှိခြင်း)
(၆)Radiator Cap ရေတိုင်ကီအဖုံးမကောင်းခြင်း
(၇)Reserve Tank ရေပြန်ဗူးအတွင်း ရေ ရှိ/မရှိ မစစ်ဆေးခြင်း
(၈)Water Pump ရေလည်အုံမှ ရေယိုစိမ့်ခြင်း
(၉)ရေတိုင်ကီ ပိုက်လိုင်းများ ချေးကပ်ခြင်း/ပိတ်ခြင်း
(၁၀)Thermostart သာမိုစတတ်မကောင်းခြင်း
(၁၁)Engine Head Gasket ဟက် ဂက်စကက်မကောင်းခြင်း
(၁၂)အင်္ဂျင်ဟက်မျက်နှာပြင်နှင့် ဘလောက်မျက်နှာပြင်ခွက်ခြင်း
(၁၃)KZ နှင့် KD အင်္ဂျင်များတွင် သတ္ထုဟက်အတွင်းပိုင်း ချို့ယွင်းချက်ရှိခြင်း
(၁၄)အင်္ဂျင်ပါဝါ နိမ့်သောကားများတွင် Catalytic Converter ပိတ်ခြင်း စသည်အကြောင်းအရင်းတို့ ဖြစ်ကြပါသည်။
(၁)Engine Coolant ဆေးရည်ထည့်မသုံးခြင်း Engine Coolant Antifreeze ကိုမူရင်းထုတ်လုပ်ရာနိုင်ငံများတွင် ရေခဲအမှတ် အောက်ရောက်အေးသောဒေသများတွင် အင်ဂျင်နှင့် ရေတိုင်ကီ ရေအေးပေးစနစ်အတွင်းရှိ မအေးခဲစေရန်အသုံးပြုပါသည်။ထို့အပြင် ထိုဆေးရည်များသည် အင်ဂျင်ဘလောက်၊ဟက်၊ရေတိုင်ကီနှင့် ရေအေးပေးစနစ်သွားရာ လမ်းကြောင်းတစ်လျောက်တွင် သံချေးတက်ခြင်း သတ္ထုချေးစားခြင်းတို့မှ ကာကွယ်ပေးပါသည်။ထိုဆေးရည် ထည့်သွင်းအသုံးမပြုသောအခါ အင်္ဂျင်ဘလောက်သည် သံချေးတက်ကာ ထိုသံချေးမှုန်များသည် ဟက်အတွင်း ရေတိုင်ကီ ရှိ လေအေးခံ ပိုက်လိုင်းများသို့ ရောက်ရှိသွားကာအအေးခံပိုက်လိုင်း အတွင်းတွင် သံချေးများကပ်လာသောအခါ ပိုက်လိုင်းအပြင်သို့ ဝင်ရောက်လာသော လေအေးနှင့် အင်ဂျင်မှလာသောရေပူများကြားတွင် ကြားခံပစ္စည်းတစ်ခုအဖြစ်ခံနေကာ ရေတိုင်ကီလေအေးခံပိုက်လိုင်းများသည် ရေကိုပုံမှန်အတိုင်းအေးအောင်မစွမ်းဆောင်နိုင်တော့သဖြင့်ရေဆူတတ်ပါသည်။
ထို့ကြောင့် Engine Coolant ဆေးရည်ကို ကားငယ်တိုင်းတွင်ထည့်သုံးရန်လိုအပ်ပါသည်။ထိုဆေးရည် ထည့်သုံးရာတွင် အမျိုးအစားမတူသော အနီရောင်၊အစိမ်းရောင်၊အပြာရောင် ရောနှောသုံးမိပါကလည်း အင်ဂျင်ရေအပူချိန်ကို မြင့်မားစေပါသည်။Engine Coolant ဆေးရည်အသစ်လဲ လှယ်ရာတွင် အင်ဂျင်အတွင်းရှိ ဆေးရည်အဟောင်းများကို လုံးဝသန့်စင်သွား စေရန် ရေတိုင်ကီအဖုံးကိုဖွင့်ကာ ရေပိုက်ထည့်၍ ရေဖွင့်ထားကာ ရေအပူချိန် အာရုံခံဆင်ဆာခေါင်း(Water Temperature Sensor) ကိုဖြုတ်၍ (သို့) ရေတိုင်ကီအပေါ်ပိုက်ကို ဖြုတ်ကာ ရေတိုင်ကီ ရေပြန်ဝင်ပေါက်ကို ကျွတ်စဖြင့် ပိတ်ထားပြီး ၅မိနစ်မှ ၁၀ မိနစ်ခန့်အထိရေပြန်ပိုက်မှထွက်လာသောရေများ ကြည်လာအောင်ဆေးကြောပါ။ရေများကြည်လာ၍ ဆေးရည်အဟောင်းများကုန် သွားချိန်တွင် ရေပိုက်အားထုတ်၍ အဂျင်အတွင်းရှိ ရေကျန်များကုန်သွားစေရန် လီဘာ ၃/၄ ချက်ခန်းနင်းပြီးလျှင် ရေတိုင်ကီရေပိုက်ပြန်တတ်ပါ။ ထို့နောက် ရေတိုင်ကီအောက်ဘက်ရှိ ရေထွက်ပေါက်ကို ဖွင့်ပြီး ရေတိုင်ကီအတွင်းရှိရေများ ကုန်အောင်ထုတ်ပစ်ပါ။ရေကုန်သွားလျှင် ရေဖွင့်ပေါက်ပြန်ပိတ်ပြီး Engine Coolant ဆေးရည်ကိုအရင်ထည့်၍ မပြည့်သေးလျှင် ရေသန့်ဗူးမှရေကိုသာထည့်ရပါမည်။
(၂)မသန့်ရှင်းသော(ဆားဓါတ်၊ထုံးဓါတ်ပါသော)ရေများထည့်မိခြင်း မသန့်ရှင်းသောရေများထည့်သုံးမိပါက ဆားဓါတ်ပါသောရေများသည် အင်ဂျင်ဘလောက်အတွင်း ရှိ သံထည်များတွင် သံချေးများစွာတက်စေနိုင်ပြီး၊ ထုံးဓါတ်ပါသောရေမှာ ကြာရှည်သုံးစွဲသောအခါ အင်ဂျင်ဘလောက်၊ဟက်နှင့် ရေတိုင်ကီ လေအေးခံ ပိုက်လိုင်းများအကြားတွင် အဖြူရောင်အဖတ်လေးများဖြစ်ကာကပ်နေ၍ အင်ဂျင်ဘလောက်၊ဟက်နှင့် ရေတိုင်ကီ လေအေးခံပိုက်လိုင်းများအကြားတွင် ကြားခံ ပစ္စည်းတစ်ခုအဖြစ်ခံနေကာ ဘလောက်၊ဟက်နှင့် ရေတိုင်ကီတို့ အင်ဂျင်ရေအေးစနစ်က အေးသင့်သလောက်မအေးစေတော့သဖြင့် ရေဆူတတ်ပါသည်။ထို့ကြောင့် ရေတိုင်ကီနှင် ရေပြန်ဗူးအတွင်းသို့ ရေဖြည့်ရာတွင် ရေသန့်ကိုသာ သုံးသင့်ပါသည်။ထို့ပြင်မသန့်ရှင်းသောရေကို ထည့်သွင်းအသုံး ပြုသဖြင့်
ရေလည်အုံအတွင်း ရေယက်ပန်ကာ ဒလက်များပျက်စီးခြင်း၊
အင်ဂျင်ရေပိုက်လိုင်း(သံပိုက်များ)ပေါက်ခြင်း၊အင်ဂျင် ရေဝင်နှင့် ရေပြန် သတ္ထုပိုက်ခေါင်းများမှာလည်း သတ္ထုချေးတက်၍ တိုလာတတ်ကာ အသစ်လဲရပါသည်။
(၃)Engine Cooling System ရှိပိုက်များ၊ ပိုက်ဆက်များနှင့် ရေတိုင်ကီမှ ရေယိုစိမ့်ခြင်း အင်ဂျင်ရေအေးစနစ်ရှိ ပိုက်များ၊ပိုက်ဆက်များနှင့် ရေတိုင်ကီမှ ရေယိုစိမ့်ပါက အင်ဂျင်နှင့်ရေတိုင်ကီအတွင်းရှိရေများသည် ကားမောင်းနှင်ချိန် ရေပူလာသောအခါ ရေများအပြင်သို့ ထွက်ကာ ရေဆူတတ်ပါသည်။ထို့အပြင် ပိုက်များ၊ ပိုက်ဆက်များနှင့် ရေတိုင်ကီမှ ရေယိုစိမ့်ခြင်းရှိပါက ရေပူလာချိန်တွင် ရေပြန်ဗူးအတွင်းသို့ ဝင်ရောက်သွားသော ရေများသည် အင်ဂျင်အေးချိန်တွင် ရေတိုင်ကီအတွင်းသို့ပြန်မဝင်နိုင်တော့ပါ။ ထို့ကြောင့်ရေမကြာခဏ လျော့တတ်သောကားများသည် ဝပ်ရှော့များသို့ သွားရောက်ကာ ရေအေးစနစ်ရှိ ပိုက်များ၊ ပိုက်ဆက်များနှင့် ရေတိုင်ကီမှ ရေယိုစိမ့်ခြင်း ရှိ/မရှိ ပိုက်ကလစ်များ ကောင်းမွန်ခြင်းရှိ/မရှိ စစ်ဆေးသင့်ပါသည်။
(၄)Engine Cooling Fan အလုပ်မလုပ်ခြင်း(ရေတိုင်ကီ ပန်ကာနှင့် အဲယားကွန်းပန်ကာ) ဆလွန်း ဗင်နှင့် ဝက်ဂွန်ကားငယ်များတွင် အင်ဂျင်လေအေးပေးပန်ကာမှာ များသောအားဖြင့် ၂ ခုရှိပါသည်။တစ်ခုမှာရေတိုင်ကီပန်ကာဖြစ်ကာ တစ်ခုမှာ အဲယားကွန်းပန်ဖြစ်ကာ အဲယာကွန်းပန်ကာမှာ အဲယာကွန်းဖွင့်သည်နှင့် လည်ပါသည်။ထိုပန်ကာများ အလုပ်မလုပ်လျှင်လည်း အင်ဂျင်နှင့်ရေတိုင်ကီသည် လိုအပ်သောလေအေးကို မရရှိသဖြင့် ရေဆူတတ်ပါသည်။ထိုပန်ကာများ အလုပ်မလုပ်ရခြင်းမှာ ပန်ကာဖြူး(Fuse)ပြတ်ခြင်း၊ပန်ကာရီလေး(Relay)မကောင်းခြင်း၊ ပန်ကာမော်တာမကောင်းခြင်းတို့ကြောင့် ဖြစ်တတ်ပါသည်။ ရေတိုင်ကီပန်ကာမှာ သတ်မှတ်ရေအပူချိန်တွင်လည်ပေးပြီး ရေအနည်းငယ် အေးသည်နှင့်ပြန်ရပ်ကာ အော်တိုအလုပ်လုပ်ပါသည်။ ရေတိုင်ကီပန်ကာလည်နိုင်ရန် Engine Water Temperature Sensor အင်ဂျင်ရေအပူချိန်တိုင်းဆင်ဆာ(ရေမီတာဆင်ဆာမဟုတ်ပါ)မှ အလုပ်လုပ်ပေး ပါသည်။ ထိုရေအပူချိန်ဆင်ဆာမီးခေါင်းလေးသည် မီးကြိုး (၂) ကြိုးရှိပြီး (၂)ကြိုးလုံးမှာ အင်ဂျင်ကွန်ထရိုးဘောက်(ECU , ECM) မှလာသော E2 နှင့် THW မီးကြိုးများ ဖြစ်သည်။ E2 မှာ ကွန်ထရိုးဘောက် အပ်ကြိုးဖြစ်ကာ THW မှာ သတ်မှတ်အပူချိန်ရောက်ချိန်တွင် ကွန်ထရိုးဘောက်သို့ မီးပို့ပေးပြီး ဘောက်မှတစ်ဆင့် ပန်ကာရီလေးသို့ မီးပေးကာ ရေတိုင်ကီ ပန်ကာလည်စေ ပါသည်။ထို့ကြောင့် Engine Water Temperature Sensor ကြေးမီးခေါင်းလေး မကောင်းပါက ရေတိုင်ကီပန်ကာ မလည်ပါ။၎င်းကဲ့သို့ ဖြစ်ပါက နားလည်တတ်ကျွမ်းသော ကားဝါယာရိန်းဆိုင်များတွင် ပြသပြုပြင်ရပါမည်။
(၅)Cooling Fan Clutch Assembly Oil Silicone နည်းခြင်း(ရေတိုင်ကီ ပန်ကာ ဖရီးပန့် ဆီမရှိခြင်း) ပစ်ကပ်ကားတော်တော်များများနှင့် အချို့သော ဥရောပထုတ် အင်္ဂျင်အတည့် နောက်ယက်နှင့် ရှေ့ယက်(Audi သည် အင်ဂျင်အတည့်ဖြစ်သော်လည်း 2WD တွင်ရှေ့ယက်ဖြစ်ပါသည်)ကားများတွင် ရေတိုင်ကီပန်ကာကို ဖရီးပန့်ဖြင့် အသုံးပြုထားပြီး ဖရီးပန့်အတွင်းတွင် Oil Silicone ကို ထည့်ထား၍ ပန်ကာ လည်အားကို ပြုလုပ်ထားပါသည်။ပန်ကာဖရီးပန့်အတွင်းရှိ ဖရီးပန့်ဆီနည်း လာသောအခါ ပန်ကာလည်အားမကောင်းတော့ပါ။ထိုသို့ ဖြစ်ပါက ခရီးဝေးမောင်းနှင်လျှင် ရေဆူတတ်ပါသည်။ထိုသို့ မဖြစ်စေရန် သက်တမ်း (၃) နှစ်နှင့်အထက်ကားများတွင် ပန်ကာဖရီးပန့်ဆီကို ပြန်လည် ဖြည့်သင့်ပါသည်။ဖရီးပန့်ကြားတွင် ကျွတ်စထည့်၍ ပန်ကာ ဖရီးပန့်အုံအား အသေဖြစ်အောင် လုံးဝမပြုလုပ်သင့်ပါ။
(၆)Radiator Cap ရေတိုင်ကီအဖုံးမကောင်းခြင်း ရေတိုင်ကီအဖုံးအလည်ရှိ စပရိန်ထိပ်ရှိ ရာဘာဝါရှာလေးနှင့် အဖုံးအတွင်းဘေးပတ်လည်ရှိ ရာဘာဝါရှာလေးများ မကောင်းပါကလည်း ရေဆူတတ်ပါသည်။အဖုံးအလည်စပရိန်ထိပ်ရှိ ရာဘာဝါရှာလေးမှာ အင်ဂျင်နှင့် ရေတိုင်ကီအတွင်းရှိ ရေပူလာချိန်တွင် အင်ဂျင်အတွင်းရှိရေများ ပူ၍ တွန်းကန်အားမများစေရန် ရေပြန်ဗူးအတွင်းသို့ရေကို ပို့ပေးကာ ရေအေးချိန်တွင် ရေပြန်ဗူးထဲသို့ရောက်ရှိသွားသော ရေများကို ရေတိုင်ကီထဲသို့ ပို့ပေးရန် အလုပ်လုပ်ပါသည်။ထိုရော်ဘာဝါရှာလေး မကောင်းပါက အင်ဂျင်နှင့်ရေတိုင်ကီအတွင်းရှိ ရေများသည် မောင်းနှင်နေချိန်တွင် ရေပြန်ဗူးမှ တစ်ဆင့် အပြင်ထွက်ကုန်ကာ ရေဆူ၍ ကားထိုးရပ်တတ်ပါသည်။ ရေတိုင်ကီအဖုံးအတွင်း ဘေးပတ်လည်ရှိ ရော်ဘာဝါရှာမကောင်းပါကလည်း ရေပူချိန်တွင် ရေတိုင်ကီအတွင်းမှ ထွက်လာသောရေများသည် ရေပြန်ဗူးအတွင်းသို့ မရောက်တော့ကာ ရေတိုင်ကီ အဖုံးမှပင် အပြင်သို့ထွက်ကာ ရေခမ်းလာချိန်တွင်ရေဆူတတ်ပါသည်။ ထို့ကြောင့် ရေတိုင်ကီအဖုံးများကို စစ်ဆေးကာ အသစ်လဲလှယ်သင့်ပါသည်။ အင်ဂျင်ပူနေချိန်တွင် ရေတိုင်ကီအဖုံးကို လုံးဝမဖွင့်ရပါ။
(၇)Reserve Tank ရေပြန်ဗူးအတွင်းရေ ရှိ/မရှိ မစစ်ဆေးခြင်း ရေပြန်ဗူးအတွင်း ရေ ရှိ/မရှိ မစစ်ဆေးသောအခါ ရေပြန်ဗူးအတွင်းရေမရှိပါက အင်ဂျင်နှင့်ရေတိုင်ကီအတွင်းရှိ ရေလျော့သောအချိန်တွင် ရေပြန်လည်မဖြည့် ပေးနိုင်သဖြင့် အင်္ဂျင်နှင့် ရေတိုင်ကီအတွင်း ရေတဖြည်းဖြည်းခမ်းကာ ရေဆူတတ်ပါသည်။ထိုသို့ မဖြစ်စေရန် ရေပြန်ဗူးအတွင်း သတ်မှတ်နေရာအထိ ရေ ရှိ/မရှိကို မကြာခဏ စစ်ဆေးသင့်သည်။ရေပြန်ဗူး ရေဖြည့်ရာတွင် ရေပြန်ဗူးကို ရေအပြည့်မဖြည့်ရပါ။ ရေပြန်ဗူးတိုင်းတွင် အမှတ်မျဉ်း (၂) ခု ပါရှိပြီး တစ်ခုမှ Lower Level ဖြစ်ကာ တစ်ခုမှာ Full Level ဖြစ်သည်။ အများဆုံး Full မျဉ်းအထိသာ ရေဖြည့်ရပါမည်။
(၈)Water Pump ရေလည်အုံ ရေယိုစိမ့်ခြင်း ရေလည်အုံ ရေယိုစိမ့်ခြင်းသည် အပြင်မှမြင်နိုင်ရန်ခက်ခဲပါသည်။ ရေလည်အုံ ပန်ကာ/ပူလီကို ဖြုတ်ကြည့်မှသာလျှင် ရေယိုထားသော အစအန လေးကို တွေ့ရပါသည်။ရေ ယိုစိမ့်ရာတွင်လည်း ကားရပ်ထားချိန်နှင့် စက်စနိုးချိန်တွင် မယိုစိမ့်တတ်ပါ။ကားမောင်းသွားက ရေပူလာချိန်မှ ရေယိုစိမ့် တတ်ပါသည်။ထိုသို့ဖြစ်ပါက ရေမကြာခဏ ဖြည့်ရပြီး ခရီးဝေးမောင်းနှင် သွားချိန်တွင် ရေယိုစိမ့်ချိန်ကြာလာပါက ရေခမ်းကာ ရေဆူတတ်ပါသည်။ ထို့ကြောင့် ရေခမ်းတတ်သော ကားများတွင် ရေလည်အုံကိုလည်း စစ်ဆေး သင့်ပါသည်။
(၉)ရေတိုင်ကီ ပိုက်လိုင်းများ ပိတ်ခြင်း၊ချေးကပ်ခြင်း ရေတိုင်ကီရှိ လေအေးခံပိုက်လိုင်းများသည် အင်ဂျင်သာမိုစတတ်မှ လဲလှယ်ပေးလိုက်သောရေပူများကို ရေတိုင်ကီ ပိုက်လိုင်းများအတွင်း လေအေး နှင့် ရေကိုအေးစေရန် အလုပ်လုပ်ပါသည်။မသန့်ရှင်းသောရေထည့်မိ၍ ပိုက်လိုင်းများအတွင်း သံချေးမှုန်များ၊အဖြူရောင်ထုံးအမှုန်များကပ်ကာ ပိုက်လိုင်းများ ပိတ်ခြင်း၊ချေးကပ်ခြင်းတို့ဖြစ်ပါက ရေကို မအေးစေနိုင်တော့သဖြင့် ရေဆူတတ်ပါသည်။ထိုသို့ဖြစ်ပါက ရေတိုင်ကီ ဖြုတ်ဆေးရပါမည်။
(၁၀)Thermostart သာမိုစတတ်မကောင်းခြင်း ကားငယ်များရေဆူရသောအကြောင်းရင်းများတွင် အထက်ပါအချက်များအပြစ် မရှိပါက သာမိုစတတ်အပြစ်သည် အများဆုံးဖြစ်ပါသည်။သာမိုစတတ်အလုပ် လုပ်ပုံမှာ အင်ဂျင်အတွင်းရှိရေနှင့် ရေတိုင်ကီအတွင်းရှိရေတို့ကို ခွဲခြားထားပေး ကာ အင်ဂျင်အတွင်းရှိရေကို သတ်မှတ်အပူချိန်ရောက်အောင်ထိန်းထားပေး၍ ရေတိုင်ကီအတွင်းရှိရေကို အေးစေပါသည်။အင်ဂျင်အတွင်းရှိရေများ သတ်မှတ် အပူချိန်ရောက်သောအခါ အပူချိန်ကြောင့် သာမိုစတတ်ဘားစပရိန်ပျော့သွားကာ ရေပူများကို အပြင်သို့ထုတ်ပေးပြီး ရေတိုင်ကီအတွင်းရှိ ရေအေးများ ဘားစပရိန်ရောက်ချိန်တွင်ပြန်ပိတ်လိုက်ပါသည်။ထိုသာမိုစတတ် မကောင်း၍ ဘားစပရိန် မဖွင့်ခြင်း၊သတ်မှတ်အပူချိန်ထက်ကျော်မှ ဖွင့်ပါက ကားရေဆူ တတ်ပါသည်။ရေဆူရာတွင်လည်း သာမိုစတတ်အပြစ်ကို အများဆုံးတွေ့ရ ပါသည်။ သာမိုစတတ်ကောင်းမကောင်းစမ်းသပ်ပုံမှာ လျှပ်စစ်ရေနွေးအိုးအသေးလေး ထဲတွင် သာမိုစတတ်အားထည့်ပြီး သာမိုစတတ်နှင့်အတူ ရေအပူချိန်တိုင်း ဆင်ဆာကြိုးပါသော Digital Ohm Meter မှ အပူချိန်တိုင်း ဆင်ဆာကြိုးနှင့် အတူထည့်ပြုတ်ပါ။79ံC ဟုရေးထားသော စာမိုစတတ်သည် ဒီဂျစ်တယ် မီတာတွင် 79 Celcius ပြပါက သာမိုစတတ်အလုပ်လုပ်သံကိုကြားရပါသည်။ 82ံC , 88ံC အစရှိသော သာမိုစတတ်တွင်ရေးထားသောအပူချိန်အတိုင်း အတိအကျ အလုပ်လုပ်မှသာ သာမိုစတတ်ကောင်းပါသည်။သတ်မှတ်ထက်အပူချိန်နည်း၍ ဖြစ်စေ များ၍ဖြစ်စေ အလုပ်လုပ်ပါက သာမိုစတတ်မကောင်းတော့သဖြင့် အသစ်လဲရပါမည်။ အနည်းဆုံး (၃) ခါ စမ်းသပ်သင့်ပါသည်။ သာမိုစတတ်အသစ်လဲချိန်တွင် သာမိုစတတ်အဟောင်းတွင်ပါသော အပူချိန် အတိုင်းသာ အတိအကျလဲပါ။သာမိုစတတ်ကို မထုတ်ပစ်ရပါ။ထုတ်ပစ်ပါက ခရီးဝေးမောင်းနှင်းခြင်း၊ယာဉ်ကို အချိန်ကြာမြင့်စွာအသုံးပြုပါက ရေဆူကာ ဟက် ဂက်စကက်ပြတ်တတ်ပါသည်။
(၁၁)Engine Head Gasket မကောင်းခြင်း အထက်ပါအချက်များကြောင့် ရေဆူနေခြင်းကို မသိရှိ၍ မစစ်ဆေးမပြုပြင်မိပါက ရေဆူတာကြာလာသောအခါ ဂက်စကက်ပြတ်ခြင်း၊ဟာခြင်းတို့ ဖြစ်လာပါသည်။ ထိုအဆင့်တွင်တော့ ဟက်ဖွင့်၍ ဂက်စက်လဲမှသာ ကောင်းတော့မည်ဖြစ်ပါသည်။
(၁၂)အင်္ဂျင်ဟက်မျက်နှာပြင်နှင့် ဘလောက်မျက်နှာပြင်ခွက်ခြင်း ရေဆူချိန်ကြာမြင့်၍ ဂက်စကက်ပြတ်သောအဆင့်သို့ ရောက်လာလျှင် ဟက်မျက်နှာပြင်နှင့် ဘလောက်မျက်နှာပြင်ခွက်ခြင်းတို့ တစ်ဆက်တည်း ဖြစ်ပါသည်။ထိုကဲ့သို့ဖြစ်လာလျှင် ဟက်အား ဟက်သသောအလုပ်ရုံသို့ပို့ကာ မျက်နှာပြင်ညီအောင် သ ရမည်ဖြစ်ကာ ဘလောက်မျက်နှာပြင်ခွက်သည်မှာ အနည်းငယ်မျှသာဖြစ်တတ်၍ ဓါးသွေးကျောက်အကောင်းစားနှင့် ဒီဇယ်ဆီတို့ဖြင့် ဘလောက်မျက်နှာပြင်အား စိတ်ရှည် လက်ရှည် ညီအောင်အထိ တိုက်ပေးမှသာ ရေရှည်အသုံးခံပါသည်။ထို့သို့ တိုက်ရာတွင် ကျွမ်းကျင်သူများ၊ ဆရာများကိုယ်တိုင် တိုက်ရပါမည်။ပညာသင်များဖြင့် တိုက်ခိုင်းပါက ကားပိုင်ရှင်သာ ရှုံးဆုံးနစ်နာရန်ရှိပါသည်။ဘလောက်မျက်နှာပြင်ကို ကျောက် ဖြင့်မတိုက်ခင် အင်ဂျင်ဝိုင်တက်သောအပေါက်နှင့် ဆင်းသောအပေါက်များကို တစ်ရှုး စက္ကူစအကောင်းစားဖြင့် လုံအောင်ပိတ်ထားကာ မျက်နှာပြင်ညီ၍ သန့်ရှင်းရေးလုပ်ပြီးမှသာပြန်ထုတ်ပါ။ ထိုသို့တိုက်ရာတွင် ဓါသွေးကျောက်ကို အင်ဂျင်ဘလောက်မျာက်နှာပြင်အား ကန့်လန့်ဖြတ် ဒေါင်လိုက်အနေအထားဖြင့်သာ တိုက်ရပါမည်။ တိုက်နေစဉ် နာရီဝက်ခန့်တစ်ခါ မျက်နှာပြင်ညီသော သံဟက်အဟောင်းကို အလျားလိုက်တိုက်၍ ကျောက်မျက်နှာပြင်ညီအောင် ပြန် ပြန်ညှိပေးပါ။ ဓါးသွေးကျောက်အပေါစားများလုံးဝ မသုံးရပါ။အပေါစားသုံးပါက ကျောက်မှုန့်များ အလွန်အမင်းထွက်လာတတ်ပြီး အင်ဂျင်အား ဒုက္ခပေးတတ်သည်။အင်ဂျင်ဝိုင်တက်သောအပေါက်နှင့် ဆင်းသောအပေါက်များ ကိုပိတ်သော တစ်ရှုးစက္ကူစကို အပေါစားသုံးပါက ပြန်ထုတ်ရာတွင် ပြတ်သွား တတ်သောကြောင့် ထုတ်ရခက်ခဲ၍ အကောင်းစားသာသုံးပါ။ ဘလောက်မျက်နှာပြင်ခွက်နေသည်မှာများပါက အင်ဂျင်အားအလုံးလိုက်ချကာ ဟက်သသော အလုပ်ရုံပို့ပြီး ဘလောက်မျက်နှာပြင် သ သင့်ပါသည်။ ထိုသို့ ဟက်ရော ဘလောက်ပါ သ ရပါက ဟက်ဂက်စက်အား မူလအထူထက် 0.5 mm အနည်းဆုံးပိုထူသော ဂက်စကက်ကို ထည့်ရပါသည်။ ထိုကဲ့သို့ ထည့်မှသာ ရေရှည်အသုံးခံပါသည်။
(၁၃)KZ နှင့် KD သတ္ထုဟက်များတွင် အတွင်းပိုင်းချို့ယွင်းချက်ရှိခြင်း 1KZ နှင့် 1/2KD အင်ဂျင်များတွင် သတ္ထုဟက်အတွင်းပိုင်း ချို့ယွင်းချက်ရှိခြင်း ကြောင့်လည်း ရေဆူတတ်ပါသည်။ထိုသို့ဖြစ်သောအခါ အမှတ်စဉ်(၁)မှ(၁၀)ထိ စစ်ဆေးပြုပြင်ပြီး၍ မကောင်းသေးသောကြောင့် ဟက်ဖွင့်စစ်ဆေးသောအခါ ဂက်စကက် အပြစ်လည်းမတွေ့ရ၊ ဟက်မျက်နှာပြင်နှင့် ဘလောက်မျက်နှာပြင် များသသည်လည်း ခွက်ခြင်းမတွေ့ရပါက ဟက်အသစ်ကိုမှာယူပြီး လဲပါမှ ကောင်းသွားပါသည်။စက္ကန်းနှင့် ဂျပန်ကျ ဟက်များကို ထည့်ပါက ၇/၈ လုံးအထိပင် လဲရတတ်ပါသည်။ထို့ကြောင့် ထိုဟက်များပြဿနာရှိလာပါက ဟက်အသစ် ကုမ္ပဏီထုတ်ကိုသာ ထည့်မှသာ တစ်ခါတည်းဖြင့် စိတ်ချရပါသည်။ကျွန်တော်လည်း ဟက်အသစ်သာလျှင်သုံးပါသည်။ ဘားကရိုင်း၍ ဘားပြန်ချိန်ရမည်ဖြစ်ပါသည်။သို့သော် တစ်ခါတည်းဖြင့် ပြီးပြတ်သွားသောကြောင့် ကားရှင်ရော ဝပ်ရှော့ဆရာပါ စိတ်ချမ်းသာရပြီး အချိန်ကုန် အလုပ်ရှုပ်ခြင်းမရှိတော့ပါ။
(၁၄)အင်ဂျင်ပါဝါနိမ့်သောကားများတွင် Catalytic Converter ပိတ်ခြင်း Catalytic Converter ပိတ်သောကြောင့် ရေဆူတတ်ခြင်းမှာ အင်္ဂျင်ပါဝါနိမ့်သော 1500 cc အောက်ကားများတွင်သာအများဆုံးဖြစ်တတ်ပါသည်။ Catalytic Converter ပိတ်ကာ အင်ဂျင်အားနှင့် မမျှအောင် အိတ်ဇောငွေ့များကို တွန်းထုတ်နေရသည့်အပြင် ဝန်နှင့်အားမမျှအောင် တင်ဆောင်ထားသောကြောင့် ရေဆူတတ်ပါသည်။ 1600 cc နှင့်အထက်ကားများတွင် Catalytic Converter ပိတ်သောအခါ ကားဆွဲအားကျသွားသည်မှအပ ရေဆူသည်ကို မတွေ့ရပါ။
ကားတစ်စီး၏ ပုံမှန်ရေအပူချိန်မှာ ပျမ်းမျှ 89ံC ဖြစ်ပြီး ရေမီတာပါသောကားများမှာ ရေမီတာတိုင်းသောလက်တံလေး သည် ရေမီတာဒိုင်ခွက် အလယ်တွင်ရှိနေပါက ရေအပူချိန်ပုံမှန်ဖြစ်ပါသည်။ ရေမီတာမပါသောကားများတွင် ပြဒါးတိုင်ပုံစံ အနီရောင်မီးလေးလင်းလာပါက ရေအပူချိန် ပုံမှန်ထက်မြင့်လာသောကြောင့်ဖြစ်သည်။ အထက်ပါအချက်များတွင် (၁) မှ (၁၀) အထိကို ဂရုစိုက်ပြုပြင်ပါက အင်ဂျင်ဟက်ဖွင့်ရသော အဆင့်သို့ မရောက်နိုင်ကြောင်းတင်ပြလိုက်ရပါသည်။
ပုံစာများ...
ပုံ(၁)ကားဒိုင်ခွက်ရှိရေမီတာ အပူချိန်ပြပုံဇယား...
ပုံ(၂)ရေပြန်ဗူးရှိ Water Level အမှတ်ပြပုံ...
ပုံ(၃)တစ်လအတွင်းလဲထားသော သာမိုစတက်များ...
ပုံ(၄)ရေအပူချိန်ံC အမှတ်အသား သာမိုစတတ်တွင်ပြပုံ...
ပုံ(၅)အင်္ဂျင်ဘလောက်အားမတိုက်မီ တစ်ရှုးစက္ကူစများဖြင့်ပိတ်ထားပုံ...
ပုံ(၆)ကျောက်တိုက်၍ မျက်နှာပြင်ညှိပြီးသော အင်္ဂျင်ဘလောက်တစ်ခုပုံ...
ပုံ(၇)သာမိုစတတ်ထုတ်ထား၍ ဂက်စကက်ပြတ်သွားပုံများ...
ပုံ(၈)ရေတိုင်ကီပန်ကာကို အလုပ်လုပ်ပေးသောရေအပူချိန်တိုင်းဆင်ဆာပုံ...
တို့ဖြစ်ကြပါတယ်ခင်ဗျား...

No comments:

Post a Comment