Wednesday, October 15, 2014

တရားရှိမှ တရားရမည်


သန္တုဿကော - တင်းတိမ်ရောင့်ရဲနိုင်သူသည်
အဿ - ဖြစ်ရာ၏။ တရားသမားဟူသည်အရာ
ရာ၌ ရောင့်ရဲတင်းတိမ်နိုင်ရ၏။ ရတာလေးနှင့်
ကျေနပ်တင်းတိမ်သူ၊ ရှိတာလေးနှင့်ကျေနပ်
တင်းတိမ်သူ ဖြစ်တာလေးနှင့်ကျေနပ်တင်း
တိမ်သူကို သန္တုဿက ရောင့်ရဲသူဟုခေါ်၏။
စားဝတ်နေရေးနှင့်စပ်၍ ရတာနှင့်ပဲကျေနပ်
တင်းတိမ်မှုကို ယထာလာဘသန္တောသဟုခေါ်
၏။ စားဝတ်နေရေးနှင့်စပ်၍ ရှိတာနှင့်ပဲကျေနပ်
တင်းတိမ်မှုကို ယထာဗလသန္တောသဟုခေါ်၏။
စားဝတ်နေရေးနှင့်စပ်၍ မိမိနှင့်သင့်လျော်ရာ
မိမိနှင့်တန်ရာတန်ရာနှင့်ပဲကျေနပ်တင်းတိမ်မှု
ကို ယထာသာရုပ္ပသန္တောသဟုခေါ်၏။ သန္တုဋ္ဌီ
သန္တောသ၊ သန္တုဿက အဓိပ္ပါယ်အတူတူပင်
ဖြစ်၏။ ရောင့်ရဲတင်းတိမ်မှုကို ခေါ်၏။
ရောင့်ရဲတင်းတိမ်မှုမရှိသူ၌ အတြိစ္ဆတာ - အလို
ကြီးမှု၊ သာမာန်ထက်ပိုလိုချင်မှု၊ မဟိစ္ဆတာ -
အလိုများမှု၊ သာမာန်ထက်ပိုအလိုလောဘများမှု၊
ပါပိစ္ဆတာ - အလိုဆိုးမှု၊ တရားစည်ဘောင်အတွင်း
က လွတ်သွားသော မတရားလိုချင်မှုများဖြစ်တတ်
၏။ ဤအလိုကြီးမှု၊ အလိုများမှု၊ အလိုဆိုးမှုများ
သည် တရား၏ဆန့်ကျင်ဘက်များဖြစ်၏။ အလို
ကြီးသူ၊ အလိုများသူ၊ အလိုဆိုးသူသည်တရား
နှင့်နီးစပ်ဖို့မလွယ်ကူ။
ရောင့်ရဲတင်းတိမ်မှုမရှိသူသည် ရှာရဖွေရကြောင့်
ကြစိုက်ရသဖြင့် သောကဗျာပါဒများနေရသည်
သာဖြစ်၏။ ရှာဖွေလို့အဆင်မပြေသောအခါစိတ်
ဆင်းရဲရဦးမည်ဖြစ်၏။ ရှာဖွေရလျှင်လည်းပိုတိုး
ရှာဦးမည်သာ။ ဤအပြုအမှုတို့သည်တရားသမား
နှင့် လားလားမှမထိုက်၊ ဖြစ်တာလေးနှင့်ကျေနပ်
တင်းတိမ်ရောင့်ရဲတတ်သူအဖို့စိတ်နှလုံးမချမ်း
မြေ့ဖွယ်မရှိ။ အစဉ်အေးချမ်း၍ နေ၏။ အေးချမ်း
သော စိတ်သည်သာ တရားနှင့်ဆီလျော်၏။
ထို့ကြောင့်တရားသမားဟူသည် အရာရာ၌
ရောင့်ရဲတင်းတိမ်နိုင်မှဖြစ်၏။
အစားနှင့်စပ်၍လည်း ဇီဇာမကြောင်နှင့်၊ ရှိတာ
နှင့်ဖြစ်အောင်စားရ၏။ အ၀တ်နှင့်စပ်၍လည်း
ချေးမများနှင့်။ ရှိတာနှင့်ဖြစ်အောင်ဝတ်ရ၏။
နေရာထိုင်ခင်းနှင့်စပ်၍လည်း ချေးမများနှင့်
မကြီးကျယ်နှင့်၊ သင့်လျော်သလိုနေရ၏။
အားလုံးအလိုက်အထိုက်သင့်အောင်နေတတ်
ရ၏။ ပုဂ္ဂိုလ်ရေးပေါင်းသင်းဆက်ဆံမှုနှင့်စပ်၍
လည်း အလိုက်အထိုက်သာ ပေါင်းရ၏။ ကိုယ့်
စိတ်တိုင်းကျတော့ ဘယ်အရာမှဖြစ်မည်မဟုတ်။
ဘုရားကအနတ္တဟုဟောထား၏။ ကိုယ့်စိတ်
တိုင်းကျမရှိနိုင်ခြင်း၊ မဖြစ်နိုင်ခြင်းသည်လည်း
အနတ္တတရား၌ အကျုံးဝင်၏။
သန္တုဋ္ဌီ ပရမံ ဓနံ - ရောင့်ရဲတင်းတိမ်နိုင်ခြင်း
သည် အမြတ်ဆုံးဥစ္စာဟုဘုရားဟော၏။ ဥစ္စာ
ဟူသည် ချမ်းသာဖို့ဖြစ်၏။ ရောင့်ရဲတင်းတိမ်
နိုင်လေချမ်းသာလေဖြစ်၏။ ပစ္စည်းဥစ္စာတွေ
တောင်ပုံယာပုံရှိသော်လည်း ရောင့်ရဲတင်း
တိမ်မှုမရှိသူအဖို့ အမြဲဆင်းရနေမည်သာဖြစ်
၏။ သိကြားစည်းစိမ်တစ်ဝက်ကို မရောင့်ရဲ
နိုင်သော အလောင်းတော် မန္ဓာတုစကြာမင်း
ကြီးကို သင်ခန်းစာယူသင့်၏။ ထို့ကြောင့်
တရားသမားဟူသည် အရာခပ်သိမ်းရောင့်ရဲ
တင်းတိမ်နိုင်ရ၏။
သုဘရော - မွေးမြူရလွယ်ကူသူသည်၊ အဿ-
ဖြစ်ရာ၏။ တရားသမားသည် မွေးမြူရလွယ်ကူ
သူဖြစ်ရ၏။ ဤခန္ဓာကိုယ်ကြီးကို အစာကျွေး
အ၀တ်ပေး၊ နေရာထိုင်ခင်းပေး၊ ဆေးဝါးဓါတ်စာ
ကျွေး၊ မျက်နှာသစ်၊ ရေမိုးချိုး၊ အိပ်ချိန်တန်သိပ်
ပေး၊ နိုးပြန်တော့ထပေး၊ ကိုယ်လက်သုတ်သင်
စသဖြင့် မွေးမြူနေကြရ၏။
ခန္ဓာကိုယ်ကြီးသည် မွေးမြူရ လွယ်ကူသည်မဟုတ်။
ကလေးဆိုးတစ်ယောက်ကဲ့သို့ နားပူနားဆာများ
လွန်း၏။ မွေးမြူရအလွန်ခက်ခဲ၏။ တရားသမား
သည် ခန္ဓာကိုယ်တောင်းဆိုသမျှ လိုက်လျောနေ
လျှင် မွေးမြူရခက်ခဲသူဖြစ်သွားလိမ့်မည်။
မွေးမြူရခက်ခဲသူဖြစ်က တရားအလုပ်နှင့်မသင့်
လျော်တော့။ တရားအလုပ်က မွေးမြူရလွယ်ကူ
သူနှင့်သာသင့်လျော်၏။
မွေးမြူရလွယ်ကူသူဖြစ်ဖို့ဟူသည် ရောင့်ရဲမှုနှင့်
လည်းဆက်စပ်နေ၏။ ရောင့်ရဲမှုမရှိဘဲအစား
ချေးများ၊ အ၀တ်ချေးများ၊ နေရာထိုင်ခင်းချေး
များ၊ ဟိုဟာချေးများ၊ သည်ဟာချေးများနှင့်
ဆိုလျှင် မွေးမြူရခက်ခဲလိမ့်မည်။ ထိုသို့ချေး
မများဘဲ အရာရာရောင့်ရဲမှုရှိမှသာ မွေးမြူရ
လွယ်ကူသူဖြစ်လိမ့်မည်။
အသက်မွေးဝမ်းကျောင်းဟု ဆိုသည့်စကား
အတိုင်း အသက်ရှိသူတိုင်း အသက်ရှင်ဖို့
အသက်ရှည်ဖို့ အသက်မွေးရ၏။ ၀မ်းရှိသူ
တိုင်း ၀မ်းဝဖို့ ၀မ်းကျောင်းရ၏။ နွားများ
မြက်စားကျက်၌ချပြီး မြက်ကျွေးခြင်းကို
နွားကျောင်းသည်ဟုခေါ်၏။ မိမိဝမ်းကိုအစာ
ကျွေးဖို့အလုပ်လုပ်ရခြင်းကို ၀မ်းကျောင်း
ခြင်းဟုခေါ်၏။ အမှန်တော့ အသက်မွေး
ခြင်းနှင့် ၀မ်းကျောင်းခြင်းသည် အဓိပ္ပါယ်
အတူတူပင်ဖြစ်၏။
အသက်ရှည်ရှည်နေဖို့အတွက် အစာကျွေး
မွေးမြူရ၏။ အ၀တ်ပေးမွေးမြူရ၏။ နေစရာ
အိမ်ရာအဆောက်အအုံ၊ ထိုင်စရာဆိုဖာ
ကုလားထိုင်၊ အိပ်စရာခုတင်ပေးမွေးမြူရ
၏။ ထိုသို့မွေးမြူရာ၌ တချို့ကလွယ်ကူ၏။
တချို့ကခက်ခဲ၏။ တချို့ကကလေးကဲ့သို့
ဟိုဟာစား ဒီဟာစားရမှနှင့်အလွန်ချေးထူ
၏။ ဟိုဟာမရှိလျှင်မဖြစ်၊ သည်ဟာမရှိ
လျှင်မဖြစ်နှင့် အလွန်ဇီဇာကြောင်၏။
မွေးမြူရခက်ခဲ၏။ မွေးမြူရခက်ခဲသော
သူသည် တရားနှင့်လားလားမှမထိုက်။
တချို့ကဖြစ်သလိုဖြစ်သလိုစားတတ်၏။
ဖြစ်သလိုနေတတ်၊ ထိုင်တတ်၏။ ဖြစ်သ
လို ပေါင်းတတ်၊ သင်းတတ်၏။ ဟိုဟာရှိ
မှဖြစ်မည်။ ဟိုဟာရမှဖြစ်မည်။ သည်ဟာရ
မှဖြစ်မည်ဆိုတာမျိုး လုံးဝမရှိ။ ရှိတာနှင့်ပဲ
အားလုံးဖြစ်၏။ ဤလိုပုဂ္ဂိုလ်မျိုး၌ စိတ်အ
နှောက့်အယှက်ဖြစ်ဖွယ် ဆန့်ကျင်ဘက်
တစ်စုံတစ်ရာ ဘာမှမရှိ၊ ဤပုဂ္ဂိုလ်မျိုး
သည် မွေးမြူရလွယ်ကူသူဖြစ်၏။ မွေးမြူရ
လွယ်ကူသူသာ တရားနှင့်ထိုက်၏။ တရား
နှင့် ဆီလျော်၏။ ထို့ကြောင့်တရားသမား
သည် စားဝတ်နေရေးကျန်းမာရေးကအစ
အားလုံးမွေးမြူရလွယ်ကူသူဖြစ်ရ၏။
အရှင်သံဝရာလင်္ကာရ
( ဓမ္မပိယဆရာတော် )

No comments:

Post a Comment