Tuesday, October 14, 2014

ဝဋ်တော် ဆယ့်နှစ်ပါး


မေး ။ ။ မြတ်စွာဘုရား ၀ဋ်တော် ဆယ့်နှစ်ပါး
လိုက်သည်ဆိုသော စကားသည် ကျမ်းဂန်လာ
စကားရင်းဟုတ်ပါသလား။ ဟုတ်ပါကကျမ်းရင်း
အတိုင်းသိပါရစေ။

ဖြေ။ ။ ၀ဋ်တော်ဆယ့်နှစ်ပါးကို အပါဒါန်ပါဠိ
တော်၊ အဋ္ဌကထာတို့၌ ဟောကြားဖော်ပြထား
ပါသည်။ ပါဠိတော် ဧကူနစတ္ထာလီသ၀ဂ်တွင်
ဤ၀ဋ်တော်များကို ဟိမ၀န္တာ အန၀တ်အိုင်အနီး
၌ ဟောတော်မူခဲ့ကြောင်းဖော်ပြထားပါသည်။
ဝဋ်တော် တစ်ဆယ့်နှစ်ပါးမှာအောက်ပါအတိုင်း
ဖြစ်ပါသည်။
၁။ ခြောက်နှစ်ပတ်လုံး ဒုက္ကရစရိယကျင့်ရခြင်း။
( ကဿပဘုရားရှင်လက်ထက် ဇောတိပါလ
ပုဏ္ဏားဖြစ်စဉ်က ငါဘုရားဖြစ်ရလျှင် ခြောက်
နှစ်ကျင့်နိုင်ပါတယ်ဟူသော နှုတ်ဝဋ်ကြွေး
ကြောင့်ဟုဆိုသည်။)
၂။ စိဉ္စမာဏမိန်းမယုတ်၏ အစွပ်စွဲခံရခြင်း။
(သောသောက်သမားဘ၀က ရဟန္တာကို
စွပ်စွဲမိ၍ဟု ဆိုသည်။)
၃။ သုန္ဒရီပရိဗိုဇ်မလေးနှင့်အပြောခံရခြင်း။
(ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါးကိုဒုဿီလ
ဟု စွပ်စွဲခဲ့၍ဟုဆိုသည်။)
၎။ သုန္ဒရိပရိဗိုဇ်မကို ဂေါတမဘုရားတပည့်
တို့က သတ်သည်ဟု အစွပ်စွဲခံရခြင်း။
(ရသေ့ဖြစ်ခဲ့သောဘ၀က အခြားဈာန်ရ
ရသေ့တစ်ဦးကို ငြူစူပြီးနှုတ်မှပြစ်မှားခဲ့၍
ဟုဆို။)
၅။ ဒေ၀ဒတ်ကကျောက်ဖြင့်လှိမ့်ချခြင်းကို
ခံရခြင်း။ ( သူကြွယ်ဖြစ်ခဲ့သောဘ၀၌ ညီကို
ကျောက်ဖြင့်ဖိသတ်ခဲ့ဖူးသည်ဆိုသည်။)
၆။ ကျောက်ပဲ့စဉ်ထိ၍ ခြေထောက်၌သွေး
စိမ်းသွေးခဲတည်ရခြင်း။
( နုစဉ်သူငယ်တစ်ဘ၀၌ ရှင်ပစ္စေကဗုဒ္ဓါ
အား ခဲဖြင့်ပစ်ကာ သွေးယိုစီးအောင်လုပ်
ခဲ့မိ၍ဟု ဆိုသည်။)
၇။ ယင်းအနာကြောင့် ဓါးဖြင့်အခွဲခံရခြင်း။
( မင်းဖြစ်သောဘ၀၌ လူကိုဓါးဖြင့်အရှင်
လတ်လတ်သတ်ခဲ့ဖူး၍ဟုဆိုသည်။)
၈။ နာဠာဂီရိဆင်ဖြင့် အတိုက်ခံရခြင်း။
( ဆင်ထိန်းဘ၀ဖြစ်စဉ်က ရှင်ပစ္စေကဗုဒ္ဓါ
ကို ဆင်နှင့်တိုက်ခဲ့မိဖူး၍ဟုဆိုသည်။)
၉။ ဦးခေါင်းတော်ကိုက်ခဲသည့်ဝေဒနာ
ခံတော်မူရခြင်း။ (တံငါဘ၀ဖြစ်စဉ်က
ငါးခေါင်းထုခဲ့မိသည့် ၀ဋ်ကြွေးကြောင့်
ဟုဆိုသည်။)
၁၀။ ဝေရဉ္ဇာမြို့၌ ၀ါတွင်းကာလတွင်
မုယောဆွမ်းကြမ်းကို ဘုန်းပေးတော်မူ
ရခြင်း၊ ( နုစဉ်တစ်ဘ၀၌ ရဟန်းတော်
များ ဆွမ်းစားနေစဉ် ဆွမ်းကြမ်းစားဟု
ကဲ့ရဲ့မိသည့်ဝဋ်ကြွေးကြောင့်ဟုဆိုသည်။)
၁၁။ ခါးတော်ကိုက်ခဲနာကျင်မှုကြုံရခြင်း။
( လက်ဝှေ့သမားဘ၀က သူတစ်ပါး၏
ခါးရိုးကို ရိုက်ချိုးခဲ့မိ၍ဟု ဆိုသည်။)
၁၂။ ပရိနိဗ္ဗာန်စံယူခါနီး၌ ၀မ်းသွေးတော်
သွန်ရခြင်း။ ( ဆေးဆရာဘ၀၌ ဆေးဖိုး
ဝါးခ မပေးသူအား ၀မ်းလားဆေးတိုက်
ခဲ့ဖူးသော ၀ဋ်ကြွေးကြောင့်ဟုဆိုသည်။)
နှစ်ဖက်လှဦးကျော်လွင်
အမေးတစ်ရာအဖြေနှစ်ထောင်

No comments:

Post a Comment