Friday, October 17, 2014

နှတ်ခမ်း၏ထောင့်စွန်းများ

နှု


ကျွန်တော် ဖတ်မိပြီး နှစ်သက်လို့ ပြန်လည်မျှဝေလိုက်တယ်.........

အပြုံးဆိုသည်မှာ ရယ်မောခြင်း
အသေးစားဟု ဆိုကောင်းဆိုနိုင်လိမ့်မည်။ သို့တည်းမဟုတ် ရယ်မောခြင်းအပျော့စား
လည်း ဖြစ်ချင်ဖြစ်မည်။ ရယ်မောခြင်း၏ ပထမအဆင့်လည်းဖြစ်နိုင်သည်။
ရယ်မောခြင်းကို သံခိပ်လုပ်ထားခြင်းမျိုးလည်း ပြောလို့ရလျှင်
ရမည်။ ရယ်မောခြင်းကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြသလို အပြုံးကိုလည်း ရှက်ပြုံး၊ လှောင်ပြုံး၊ မချိပြုံး စသည်ဖြင့် သရုပ်ခွဲကြပြန်သည်။ လူဟူ၍ ပေါ်ဦးစတုန်းက တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံကြရာ ရန်မူလိုသော ဆန္ဒမရှိကြောင်း နှစ်လိုဖွယ်

မျက်နှာအမူအရာလုပ်ပြရာမှ အပြုံးဟူ၍ စတင်ပေါ်ပေါက်လာခြင်းဖြစ်နိုင်၏။ နောက်ပိုင်းကျမှ လူတို့၏ ၀ါသနာအတိုင်း အမျိုးမျိုး ချဲ့ကားတီထွင်ကြသဖြင့် ရှက်ပြုံးတွေ၊ မဲ့ပြုံးတွေ ထပ်ပေါ်လာခြင်းဖြစ်ရမည်။ ဒီတော့ ခုခေတ်လူတွေ ဘယ်လိုအခါမျိုးမှာ ပြုံးကြပါသလဲ။ လူချင်းဆုံသည့်အခါ အသိအမှတ်ပြုသည့်အနေဖြင့် ပြုံးသည်။ တစ်စုံတစ်ယောက်က မဟုတ်တာလုပ်နေကြောင်း သိသည်၊ နှုတ်က ဖွင့်မပြောချင်သောအခါ လှောင်ပြုံးပြုံးသည်။ တစ်ခါတစ်လေ ရယ်စရာကိုတွေ့သည်။ နေရာဒေသကို လိုက်၍ လွတ်လွတ်လပ်လပ်ရယ်ချင် ရယ်မိသည်။ အခွင့်မသာလျှင် ရယ်မောခြင်းကို ချုပ်တည်း၍ ပြုံးရုံသာ ပြုံးလိုက်ရတာမျိုးလည်းရှိ၏။ တစ်ခါတစ်ခါ ရင်ထဲကခံစားချက်နှင့်ဆန့်ကျင်ပြီး အခြေအနေအရ မချိပြုံး ပြုံးလိုက်ရတတ်သည်။ တကယ်လို့ တစ်ကိုယ်တည်းနေရင်း ပြုံးနေသူတစ်ယောက်ကိုတွေ့လျှင် စိတ်မနှံ့ရှာဘူးထင်ပါရဲ့ဟု ထင်ကောင်းထင်ကြမိပါလိမ့်မည်။ တကယ်စိတ်မနှံ့တာလည်း ဖြစ်ချင်ဖြစ်မည်။ ဒါမှမဟုတ် ရယ်စရာကောင်းသော အဖြစ်အပျက်တစ်ခုကို ပြန်တွေးမိသောကြောင့်လည်း ဖြစ်ကောင်းဖြစ်မည်။ သို့တည်းမဟုတ် လောကကြီး၏ ကမောက်ကမအဖြစ်အပျက်များကို တရားကျပြီးပြုံးနေတာကော မဖြစ်နိုင်ဘူးလား။ ဒါမျိုးတော့ ကျွန်တော်လည်း မကြာခဏဖြစ်ဖူးသည်။ တစ်ခါတလေများ ဘတ်စ်ကားတွယ်စီးရင်းနဲ့ ရယ်စရာ တစ်ခုခုကိုမြင်မိ၊ တွေးမိပြီး မအောင့်နိုင်ဘဲ ပြုံးပြုံးကြီးဖြစ်နေတတ်၏။ ဒီအခါမျိုးမှာ ကျွန်တော်သည် တဒင်္ဂမျှ စိတ်မနှံ့ဘဲ ဖြစ်သွားခြင်းဟု ထင်ချင်လည်းထင်နိုင်သည်။ လူတို့သည် အကြောင်းကြောင်းကြောင့် နေ့စဉ် တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ပြုံးမိတတ်ကြသည်။ ထိုအပြုံးများကိုလိုက်ပြီး အဓိပ္ပာယ်ဖော်ကြည့်လျှင် အဘိဓာန်စာအုပ်တစ်အုပ်စာလောက် ရနိုင်မည်ထင်၏။ လှောင်ပြုံး တစ်ခုတည်းကိုပဲကြည့်။ ဘယ်သူ့ကိုလှောင်ချင်တာလဲ။ ဘယ်လိုကိစ္စနဲ့ပတ်သက်ပြီးတော့လဲ။ ဘယ်လိုအခြေခံ စိတ်ထားမျိုးနဲ့လဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့လဲ။ သာမန်သဘောပဲလား။ ခပ်ပျော့ပျော့လား။ ခပ်ထန်ထန်လား စသည်ဖြင့် မူကွဲတွေ ပွားလာနိုင်သည်။ အပြုံးအကြောင်းကိုတွေးနေရင်းက "ငါ့နှယ်နော်"ဆိုပြီး ပြုံးလိုက်မိသေးသည်။ ထို့နောက် အထင်ကရ နာမည်ကျော်အပြုံးများအကြောင်းကို ဆက်ပြီး စဉ်းစားမိပြန်လေ၏။

 * * *
ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးအပြုံးကတော့ မိုနာလီဇာ၏အပြုံးပင်ဖြစ်၏။ ပန်းချီဆရာကြီး လီယိုနာဒို ဒါဗင်ချီက ရေးဆွဲခဲ့သည်။ ထိုအပြုံးသည် အလွန်လျှို့ဝှက်နက်နဲပြီး အသိရခက်သည်ဟု ဆိုကြ၏။ မိုနာလီဇာ ဆိုသော အမျိုးသမီးမှာ တကယ်ရှိခဲ့သည်ဟု မှတ်ယူထားကြသည်။ မြို့စားကတော်လိုလို၊ သာမန်စံပြမယ်တစ်ယောက်လိုလို၊ လီယိုနာဒိုနဲ့ပဲ ငြိခဲ့သလိုလို အမျိုးမျိုးထင်ကြေးပေးကြသည်။ ထိုအပြုံးကိုရဖို့အတွက်လည်း အတော်ကြိုးစားခဲ့ရသည်ဟု ဆို၏။ စိတ်တိုင်းမကျလို့ လပေါင်းအတော်ကြာအောင် ဆက်မရေးဖြစ်ဘဲ တန့်နေရသေးသည်။ နောက်ဆုံးကျမှ စိတ်ကြိုက်တွေ့သည်။ သူစိတ်တိုင်းကျသည့်အပြုံးကိုရဖို့အတွက် လီယိုနာဒို ဘယ်လိုလုပ်ခဲ့တယ် ဆိုတာကလည်း လျှို့ဝှက်ချက်တစ်ခုလို ပဟေဠိဖြစ်နေခဲ့ပြန်သည်။ ထိုအကြောင်းများကြောင့် မိုနာလီဇာ၏အပြုံးမှာ နာမည်ကျော်ခဲ့ခြင်း ဖြစ်နိုင်သည်။ မြန်မာရာဇ၀င်ထဲမှာတော့ သီလ၀မင်းသားသည် တစ်သက်လုံးမှာမှ သုံးကြိမ် သုံးခါသာ ပြုံးရယ်ဖူးသည်ဟု ဖတ်ရသည်။ စစ်စစ်ပေါက်ပေါက်၊ ကပ်ကပ်သပ်သပ်တွေးကြည့်လျှင်တော့ စောဒကတက်စရာအချက်ရှိနေ၏။ သီလ၀မင်းသားသည် ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာပြုံးတယ်ဆိုတာ ဘယ်သူက အတိအကျ လိုက်မှတ်သားခဲ့သလဲ။ ဒီလူရှေ့မှာမပြုံးပေမယ့် တခြားတစ်ယောက်ရှေ့မှာ ပြုံးချင်ပြုံးမှာပေါ့။ သူ့ဘာသာ တစ်ယောက်တည်းရှိနေတဲ့အခါမျိုးမှာ ကြိတ်ပြီးပြုံးရင်ကော ဘယ်လိုလုပ်မလဲ။ ဘာပဲဖြစ်ဖြစ် ရာဇ၀င်ထဲမှာ သုံးခါပဲပြုံးတယ်လို့ ရေးထားတော့လည်း သုံးခါလို့မှတ်လိုက်တာပဲ ကောင်းမည်ထင်၏။


* * *

 ဂျာမန်လူမျိုးတို့သည် အလွန်ဣနြေ္ဒကြီးသည်ဟု ကြားဖူးပါသည်။ ဒါကြောင့်ပဲ ဟစ်တလာဟာ ရှူတည်တည်ကြီး ဖြစ်နေသလားမသိ။ သူ့ကိုကြည့်ရသည်မှာ တစ်သက်လုံး တစ်ခါမှမပြုံးခဲ့ဖူးသူတစ်ယောက်ဟု ထင်ရ၏။ မြင်ဖူးသမျှသူ့ပုံတွေထဲမှာတော့ ပြုံးနေတာတစ်ခါမှ မတွေ့ခဲ့ဖူးသေး။ သူ့ကို တစ်ကမ္ဘာလုံးကကြောက်အောင် တမင်ပဲ မျက်နှာကြောတင်းထားတာလည်းဖြစ်နိုင်သည်။ သူက ဖက်ဆစ်နာဇီခေါင်းဆောင်မို့ ထားပါတော့။ ဟစ်တလာ၏အဓိကပြိုင်ဘက် ရန်သူတော်ကြီး ၀င်စတန်ချာချီကကော ဘာထူးလို့လဲ။ သူ့ဓာတ်ပုံတွေကို ကြည့်လိုက်လျှင် ဆေးပြင်းလိပ်ကြီးခဲပြီး မှုန်တေတေလုပ်နေတာသာ တွေ့ရသည်။ ဟစ်တလာလိုလူမျိုးကို တန်ပြန် တိုက်ခိုက်ဖို့အတွက် ဒီလိုမျက်နှာထားကြီးလုပ်ထားရတာလား။ ဒါမှမဟုတ် ကမ္ဘာကြီးရဲ့ရှေ့ရေးအတွက် အဓိကကျသော တာဝန်ကြီးကို ထမ်းရလို့လား။ နေ့စဉ်နှင့်အမျှ ဟစ်တလာ၏ရန်ကို စိုးရိမ်ထိတ်လန့်နေရသောကြောင့် ပြုံးတောင်မပြုံးနိုင်ရှာတာလား။ ဆေးပြင်းလိပ်ကြီးကကော မတော်တဆယောင်ပြီး ပြုံးမိမှာစိုးလို့ ပါးစပ်မှာ အမြဲခဲထားတာလား မသိပါ။ သူတို့ကိုဆက်ခံသူမှာ စစ်အေးခေတ် ဆိုဗီယက်ခေါင်းဆောင်များပင်ဖြစ်၏။ အဆက်ဆက်သော ခေါင်းဆောင် အားလုံးလိုလို မျက်နှာကြောတင်းကြတာတွေ့ရ၏။ ၁၉၉၀၀န်းကျင်လောက်မှာ သမ္မတဂေါ်ဘာချော့ဗ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရှီဗာနာဇေတို့ အာဏာရလာသည်။ အရင်ဆိုဗီယက်ခေါင်းဆောင်များနှင့်ယှဉ်ကြည့်လျှင် လူပြောင် လူနောက်တွေလိုတောင်ဖြစ်နေ၏။ သူတို့နှစ်ယောက်သည် ကမ္ဘာ့အင်အားအကြီးဆုံးဆိုဗီယက်ယူနီယံကြီးကို တိုင်းပြည်ပေါင်းများစွာအဖြစ် မွေးနေ့ကိတ်မုန့်လှီးပြီးဝေသလို ပျော်ပျော်ရွှင်ရွှင်ကြီး ခွဲခြမ်းစိတ်ဖြာလိုက်ကြလေသည်။ ကျွန်တော်တို့အာရှသားတွေကတော့ သူတို့လိုမဟုတ်။ လူတစ်ဖက်သားကိုပြုံးပြဖို့ ဘယ်တော့မှ နှမြောတွန့်တိုခြင်းမရှိကြ။ ကျွန်တော်တို့မြန်မာတွေဆိုလျှင် ကမ္ဘာပေါ်မှာ အပြုံးနိုင်ဆုံးလူမျိုးတောင်ဖြစ်နိုင်၏။ မြန်မာတို့ အပြုံးမှာ ကမ္ဘာကျော်သည်။ နိုင်ငံခြားသားတွေက မြန်မာနိုင်ငံအကြောင်းရေးသည့်အခါတိုင်း ပြုံးရွှင်သောမျက်နှာများ ပိုင်ရှင်အဖြစ် အထူးအလေးထားဖော်ပြကြရလေသည်။

  * * *

ကျွန်တော် မှတ်မှတ်သားသားရှိသောအပြုံးများအကြောင်းလည်း ပြောပါရစေဦး။ "ကျုပ် ရှုံးရင် ပြုံးပြုံးကြီးနေလိုက်မယ်။ ခင်ဗျားရှုံးတော့သာ မျက်နှာမပျက်ပါစေနဲ့" ဗိုလ်အောင်ဒင်ဇာတ်ကားထဲက
ခင်မောင်ရင်(ဗိုလ်အောင်ဒင်)က ဦးဘချစ်ကိုပြောခဲ့သော ဇာတ်ဝင်စကားလုံး ဖြစ်၏။ (ဒီအတိုင်းအတိအကျကြီးပြောတာတော့မဟုတ်။ ဒီသဘောပြောတယ်လို့မှတ်ရန်) ဗိုလ်အောင်ဒင်က သစ္စာရှိသောလူဆိုးခေါင်းဆောင်၊ ဦးဘချစ်က တာဝန်ဝတ္တရားကို မိမိကိုယ်ရေး ကိုယ်တာထက် ပိုပြီးလေးစားသော ရဲစုံထောက်အရာရှိ၊ နှစ်ယောက်စလုံးက မြမြ၀င်းကိုချစ်နေကြသည်။ မြမြ၀င်းကလည်း နှစ်ယောက်စလုံးကို
သံယောဇဉ်မပြတ်နိုင်ဘဲ ရွေးရခက်နေသည်။ နောက်ဆုံး ဗိုလ်အောင်ဒင်နှင့် ဦးဘချစ်တို့၏ လက်ကိုင်ပုဝါများကို စားပွဲပေါ်ချပြီး မြမြ၀င်းအား မျက်လုံးပုဝါစည်း၍ ရွေးခိုင်းသည်။ ထိုအစီအစဉ်မစခင် ဗိုလ်အောင်ဒင်က ဦးဘချစ်ကို စိန်ခေါ်သည့်စကားပြောလိုက်ခြင်းဖြစ်၏။ တကယ်ရွေးသောအခါ မြမြ၀င်းက ဦးဘချစ်၏လက်ကိုင်ပုဝါကို ရွေးမိသည်။ ဗိုလ်အောင်ဒင်ရှုံးသည်။ သူသည် သူ့ကတိအတိုင်း ပြုံးပြုံးကြီးနေပြလိုက်သည်။ သို့ရာတွင် ထိုအခန်းသည် ဇာတ်လမ်း၏အထွတ်အထိပ်ဖြစ်၏။ ရှေ့ပိုင်းက ဗိုလ်အောင်ဒင် မခိုးမခန့်ရယ်ပုံကိုသာ လူပြော သူပြောများသည်။ ကျွန်တော်ကတော့ နောက်ဆုံးအခန်းက ဗိုလ်အောင်ဒင်၏အပြုံးကိုသာ မှတ်မှတ်သားသားရှိနေသည်။ သူသည် ရှုံးနိမ့်ခြင်းကို အားရပါးရပြုံးပြီး ရင်ဆိုင်သည်။ သို့ရာတွင် သူ့ရင်ထဲကခံစားချက်ကတော့ အရည်လဲ့ပြီး ဆွေးရိပ် သမ်းနေသော မျက်လုံးများထဲမှာ ထင်ဟပ်နေသည်။ ထိုအပြုံးကို ကျွန်တော် မျက်စိထဲမှာ စွဲနေသည်။ နောက်တစ်ယောက်ကတော့ မင်းသမီးကြီး(ဒေါ်)မေရှင်။ သူ့အပြုံးသည် မြင်ရသူ၏ရင်ကို အေးမြကြည်လင်စေသည်။ ထို့အတူ ရင်ထဲက ငိုကြွေးနေရတာကို မြိုသိပ်ပြီးပြုံးရရှာသော (ဒေါ်)ကြည်ကြည်ဌေး၏ မချိပြုံး၊ ခံစားချက်ကို နှုတ်ခမ်းပေါ်မှာဖော်ပြတတ်သော (ဒေါ်)တင်တင်မူ၏အပြုံး၊ သူ့ကိုဆက်ခံသော ခင်သီတာထွန်း၏အပြုံး။ ထို့နောက် စိုးမြတ်သူဇာ။ ပြီးတော့ ထွန်းအိန္ဒြာဗို။ မင်းသားကြီးကောလိပ်ဂျင်နေ၀င်း၏ ရိုးသားသန့်စင်သောအပြုံး၊ မြတ်လေး၏ နှုတ်ခမ်းကြီးထော်ပြီး ကလေးကြီးလိုပြုံးတတ်သောအပြုံးများကိုလည်း ကျွန်တော် နှစ်သက်စွဲလမ်းခဲ့၏။

* * *

အနောက်နိုင်ငံသရုပ်ဆောင်တွေထဲမှာတော့ Gone with The Wind ဇာတ်ကားထဲက မင်းသားကြီး ကလပ် ဂေဘယ်လ်(ရက်ဘတ္တလာ)၏ သရော်တော်တော်လှောင်ပြုံး၊ ဂျိမ်းစ်ဘွန်းမင်းသားကြီးရှောင်ကွန်နရီ၏ ပါးစပ်ပြဲပြဲကြီးကို တင်းတင်းစေ့ပြီးပြုံးတတ်သည့် မထီတရီအပြုံး၊ ဟယ်ရီဆင်ဖို့ဒ်၏ အန္တရာယ်ကို ထီမထင်သည့်အပြုံးများကိုလည်း သဘောကျခဲ့သည်။ ဟယ်ရီဆင်ဖို့ဒ်၏ဇာတ်ကားများတွင် ရန်သူတွေဝိုင်းလိုက်လို့ သေပြေးရှင်ပြေး ပြေးရသည့် အခန်းများ၊ စွန့်စွန့်စားသား၊ သူနိုင်ကိုယ်နိုင် ကျားကုတ်ကျားခဲတိုက်ခိုက်ရသည့်အခန်းများပါသည်။ ဒီလို အသက်ကို ဖက်နှင့်ထုတ်ထားရသောအချိန်မျိုးမှာပင် နှုတ်ခမ်းတစ်ဖက်ကို ခပ်ရွဲ့ရွဲ့လုပ်ရင်း ပြုံးပုံမှာ ဆရာကြီးရွှေဥဒေါင်း၏ ဇော်ဟိတ်ကို သတိရစေလေသည်။ ဇော်ဟိတ်သည် သတ္တိရှိသူ၊ မဟုတ်မခံတတ်သူ လူစွန့်စားတစ်ဦးဖြစ်သည်။ တစ်ခါတွင် ဂုဏ်သရေရှိ ဇနီးမောင်နှံကို အနိုင်ကျင့်စော်ကားနေသော လူဆိုးလူမိုက်တိုင်းလုံးကျော်ကိုစိန်ခေါ်ပြီး လက်ဝှေ့ထိုးကြသည်။ ဇော်ဟိတ်က အနိုင်ယူဆုံးမနိုင်သည်။ သို့ရာတွင် တိုင်းလုံးကျော်က အငြိုးထားပြီး လက်တုံ့ပြန်ဖို့ ကြံစည်သည်။ သို့နှင့် ဇော်ဟိတ်တို့ခရီးထွက်ရာတွင် လမ်းမှစောင့်၍ အကောက်ကြံပြီး ဖမ်းဆီးသည်။ ထို့နောက် ကြိုးနှင့်တုပ်ပြီး ရေတွင်းပျက်ကြီးထဲ လျှောချ၍ အစာငတ်၊ ရေငတ်သေစေရန် ကြံစည်သည်။ ဇော်ဟိတ်သည် လွတ်လမ်းမရှိဘဲ သေဖို့သာရှိသောအချိန်၊ ရေတွင်းပျက်ထဲဆင်းရခါနီးမှာပင် ထီမထင်သလို သွားဖြဲပြီး ပြုံးပြသွားသေးသည်ဟု ရေးထားသည်။ ဒီအကြောင်းကို ၀တ္တုထဲမှာ ဖတ်ရခြင်းဖြစ်သောကြောင့် ဇော်ဟိတ်၏အပြုံးကို ကိုယ်တိုင်တော့ မမြင်ရ။ သို့တိုင်အောင် စိတ်ကူးထဲမှာ ပုံဖော်ရတာ တော်တော်အရသာရှိ၏။ ရုပ်ရှင်တွေထဲမှာ ဒါမှမဟုတ် တကယ့်ဘ၀ထဲမှာ ဒီလိုအပြုံးမျိုးတွေ့လျှင် ဇော်ဟိတ်ကို သတိရမိတတ်၏။ နောက်တစ်ယောက်ကတော့
ရုပ်ရှင်မင်းသားကြီးချာလီချက်ပလင်ဖြစ်၏။ သူတို့ကို လူတိုင်းသိသည်။ ဟောလီးဝုဒ်၏ တစ်ချိန်ကစူပါစတားများဖြစ်ကြသော ကမ္ဘာကျော်မင်းသားကြီးတွေကို ခုခေတ်လူငယ်လေးတွေ မသိကြတော့။ ချာလီချက်ပလင်ကိုတော့ သူ့ဇာတ်ကားဗီဒီယိုခွေတွေ ပြန်ကြည့်ရသဖြင့် ကလေးကအစ သိကြ၏။ သူပြုံးပုံမှာ အတော်ထူးခြားသည်။ မျက်နှာကို ၀မ်းနည်းနေသလို၊ စိတ်ညစ်နေသလိုလို၊ အလိုမကျသလိုလို လုပ်ထားပြီး နှုတ်ခမ်းတစ်ဖက်ကိုသာ ပြုံးနေသည့်သဘောမျိုးဖြစ်အောင် အပေါ်ကို ကွေးတတ်ထား၏။ "ခင်ဗျားတို့ရယ်ရဖို့အရေး ကျုပ်မှာ ဘယ်လောက်ဒုက္ခခံပြီး ကြိုးစားရတယ်ဆိုတာ သိရဲ့လား" ဟု မေးနေသလိုလို။ နောက်ထပ် သတိရသူတစ်ဦးကတော့ ရုပ်ရှင်မင်းသားလည်းမဟုတ်။ ၀တ္ထုထဲက ဇာတ်ကောင်လည်း မဟုတ်။ သို့ရာတွင် ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ယောက်တော့ဖြစ်၏။ သူ့ကို ဘောလုံးဝါသနာပါသူတိုင်း သိကြ၏။ သူ့အပြုံးကိုတော့ သတိပြုမိသူ ရှားပါလိမ့်မည်။ ထိုသူကား ဘရာဇီးလ်ဘောလုံးအသင်းခေါင်းဆောင် ဒွန်ဂါပင်ဖြစ်လေ၏။ ဘရာဇီးဘောလုံးအသင်းဆိုသည်မှာ ကမ္ဘာမှာ အကောင်းဆုံးနံပါတ်တစ်အသင်းဖြစ်၏။ သူတို့ ပါဝင်ကစားသော ပြိုင်ပွဲတိုင်း ဗိုလ်စွဲနိုင်ခြေရှိမှုတွင် ပထမဦးစားပေးထားရသည်။ သာမန်ဘောလုံးအသင်းတစ်သင်းမှာ ရှုံးလျှင် ဘာမှပြဿနာမရှိ။ မတော်တဆ ကံကောင်းပြီးနိုင်ခဲ့လျှင်သာ ထီပေါက်သလိုဖြစ်မည်။ ဘရာဇီးလ်ကျတော့ နိုင်ကိုနိုင်မှ။ ခြေချော်လက်ချော်ဖြစ်ခဲ့လျှင် တစ်ကမ္ဘာလုံးက ၀ိုင်းဝန်းပြစ်တင်ရှုံ့ချတာခံရနိုင်သည်။ ဒီလိုဘောလုံးအသင်းတစ်သင်း၏ ခေါင်းဆောင်လုပ်ရတာ ဘယ်လောက်တာဝန်ကြီးမလဲ စဉ်းစားကြည့်။ သူ့အဖို့ ဘောလုံးကိုကန်နေရတာမဟုတ်ဘဲ ကမ္ဘာလုံးကြီးကိုကန်နေရသလို လေးလံလှပေမည်။ ၁၉၉၄ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် အီတလီနှင့်ဗိုလ်လုပွဲကစားရ၏။ အချိန်စေ့သည်အထိ သရေဖြစ်နေသဖြင့် ပင်နယ်တီအဆုံးအဖြတ် ကန်ကြရသည်။ ဒွန်ဂါကန်ရသည့်အလှည့်တွင် သူ့စိတ်ထဲ ဘယ်လိုနေမလဲ တွေးကြည့်သည်။ ဂိုးသာမ၀င်လို့ကတော့ ဘ၀တောင် ပျက်သွားနိုင်သည်။ အနာဂတ်ကံကြမ္မာနှင့် လောင်းကြေးထပ်ပြီး ကန်ရမည့်သဘော။ ဘာပဲဖြစ်ဖြစ် ဒွန်ဂါသည် အလွယ်တကူပင် ဂိုးဝင်အောင်သွင်းနိုင်ခဲ့သည်။ ဂိုးဝင်သွားပြီးတော့လည်း သူများတွေလို ၀မ်းသာအားရ ခုန်ပေါက်ကာ ကျွမ်းထိုးတာမျိုးမရှိ။ ခပ်အေးအေးပင် ဣနြေ္ဒရရ ခြေလှမ်းမှန်မှန် ပြန်လှည့်လျှောက်လာခဲ့သည်။ သူ့မျက်နှာပေါ်မှာတော့ ဝေခွဲရခက်သောအပြုံးတစ်ခုသည် ယောင်ယောင်လေး ထင်ဟပ်နေ၏။ ဒီလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်ဆိုသော အဓိပ္ပာယ်လား။ တကယ်တော့ ကမ္ဘာကြီးဟာ ပေါ့ပေါ့လေးပါဟု ဆိုလိုချင်တာလား။ ပခုံးပေါ်မှ ကြီးမားလေးလံသောဝန်ထုပ်ကြီးကျသွားသဖြင့် ပေါ့ပါးလန်းဆန်းသွား တာလား၊ ငါ့တိုင်းပြည်အတွက် တာဝန်ကျေပြီဆိုပြီး ဂုဏ်ယူဝင့်ကြွားလိုက်တာလား။ အသိရခက်သည်။ ဆရာသော်တာဆွေ၏ ဟာသ၀တ္ထုတစ်ပုဒ်ထဲမှာ စုံထောက်မောင်ရွှေပြုံးကတော့ တစ်မျိုးဖြစ်၏။ သူ့မှာ ရုတ်တရက်ဖြစ်ပေါ်လာတတ်သော ရောဂါဝေဒနာတစ်ခုရှိ၏။ ထိုရောဂါထလာလျှင် ပြုံးလိုက်မှ သက်သာသွားသည်။ ထိုအပြုံးကလည်း အတော်တာသွားသည်။ ထိုအပြုံးကိုမြင်လိုက်ရသောတစ်ဖက်လူမှာ မောင်ရွှေပြုံးတော့ ငါ လုပ်ထားသမျှ အကုန်သိနေပြီဟု ထင်မှတ်သွားစေသောအပြုံးမျိုး။ တစ်နည်းအားဖြင့် ခင်ဗျား ဘာတွေ မဟုတ်တာ လုပ်ထားတယ် ဆိုတာ ကျုပ်သိပါတယ်ဟု အဓိပ္ပာယ်ထွက်စေသောအပြုံးတဲ့။ ဒီအပြုံးကြောင့်ပင် အမှုတွေ ပေါ်ခဲ့ရသည့်အကြောင်း ရေးထား၏။

 * * *

 လူတို့သည် နေ့စဉ်နှင့်အမျှ ကိုယ်က သူများကို ပြုံးပြရသလို သူများ၏ပြုံးခြင်းကိုလည်း ကြုံတွေ့ကြရ၏။ ကျွန်တော်ကလည်း ဒီအတိုင်းပါပဲ။ ခင်မင်လို၍ပြုံးပြခြင်း၊ နှုတ်ဆက်လို၍ ပြုံးပြခြင်း၊ အကျိုးလို၍ ပြုံးပြခြင်း၊ မင်း နုပါသေးတယ်ကွာ ဆိုသောအပြုံးဖြင့် ပြုံးပြခြင်း၊ မင်း ဘာကောင်လဲဆိုတာ ငါသိပါတယ်ကွာ ဆိုသောအဓိပ္ပာယ်ဖြင့် ပြုံးပြခြင်း၊ သနားတယ်ဆိုသောအမူအရာဖြင့် ပြုံးပြခြင်း။ ဒါဆို ကျွန်တော်ကကော ဘယ်လိုများ ပြုံးတတ်သလဲဆိုတာ သိချင်လာ၏။ ထို့ကြောင့် မှန်ရှေ့မှာ ရပ်လိုက်သည်။ မှန်ထဲက ကိုယ့်ရုပ်ကိုကြည့်ပြီး ပြုံးလိုက်၏။ မှန်ထဲကလည်း ပြန်ပြုံးသည်။ မှန်ထဲကကောင်၏အပြုံးကို ကျွန်တော် အဓိပ္ပာယ်ကောက်ကြည့်သည်။ အမယ် ဇော်ဟိတ်လိုလို၊ မောင်ရွှေပြုံးလိုလို၊ ဒွန်ဂါလိုလိုပါကလား။ ကျွန်တော်သည် မျက်နှာကို ပြန်တည်လိုက်၏။ နှုတ်ခမ်းတစ်ဖက်က ကွေးလျက်သားကျန်ခဲ့သည်။
အလို... ချာလီ ချက်ပလင်အပြုံးများပါလား။ နောက်ဘက်ကခြေသံကြားသဖြင့် လှည့်ကြည့်လိုက်၏။
 ဇနီးသည် ရုံးကပြန်လာခြင်းဖြစ်၏။ ကျွန်တော်သည် မှန်မကြည့်၊ ခေါင်းမဖြီးဖြစ်တာကြာပြီ။ ခုကျမှ ဘယ်လိုဖြစ်နေရတာလဲဟု သူ ထင်လိမ့်မည်။ သူက ကျွန်တော့်ကိုကြည့်ပြီး ပြုံးပြသည်။ သမီးရည်းစားဘ၀တုန်းက သူ့အပြုံးနှင့်ပတ်သက်၍ ကျွန်တော် တင်စားဖူးခဲ့ဖူးသည်။ နှုတ်ခမ်းလေးတွန့်ရုံပြုံးတတ်သော သူ့အပြုံးသည် ကျွန်တော့်ကို ကျွဲကြီးလို၊ နွားကြီးလို တစ်သက်လုံးချုပ်ကိုင် ထိန်းသိမ်းသွားပေလိမ့်မည်ဟု ၀တ္ထုထဲ ထည့်ရေးခဲ့သည်။ (ဟိံသစ္စံ - ဤစကားမှန်၏) 


 
  by မင်းလူ၏ ၀တ္တုတိုများ
 ရုပ်ရှင်စတားမဂ္ဂဇင်း

No comments:

Post a Comment