မခက်ထန် မကြမ်းတမ်းခြင်း သဘောသည် အဒေါသတည်း။ ထို့ကြောင့် “အဒေါသတွက်၊ မခက်မထန်”ဟု ဆိုခဲ့သည်။ ဤအဒေါသသည်လည်း ဒေါသကို ဆန့်ကျင်ဘက်ပြုကာ ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေနိုင်သော မြွေနှင့်တောက်တဲ့ကဲ့သို့ ဖြစ်သည်။ ဒေါသသမားတွေ ကြမ်းတမ်းသလောက် အဒေါသသမားများက ချိုသာသည်။ စိတ်နေသဘောထား အေးမြသဖြင့် သူတစ်ပါးက ဒေါနှင့်မောနှင့် ပြောသည်ကိုပင် သည်းခံခြင်း အအေးဓာတ်ဖြင့် ငြိမ်းစေနိုင်ကြ၏။
စိတ်ဓာတ်သာ အေးသည်မဟုတ်၊ ဒေါသသမားတို့၏ မျက်နှာ အနေလည်း ငွေစန္ဒာလမင်းအသွင် ကြည်လင်လှပ၍ ပသာဒရှိသည့်အပြင် ချိုသာသော စကားအသုံးအနူန်းတို့ကြောင့် တွေ့ရသူတိုင်း မမုန်းနိုင်အောင် ကျက်သရေကို ဆောင်လျက်ရှိကြပေသည်။ အဒေါသ ဓာတ်ခံသည် သို့လောက်ပင် အကျိုးကြီးမား၏။ တစ်လောကလုံး၏ အနှစ်သက်ဆုံးသော မေတ္တာဟူသည်လည်း ဤအဒေါသပင်ဖြစ်ပေသည်။
"အလောင်းတော်၏ အလောဘ အဒေါသ"
ရှေးသရောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းသည် မိဖုရားခေါင်ကြီး နတ်ရွာစံသဖြင့် မိဖုရားငယ် အသစ်မြှောက်ကာ အရွယ်ရောက်သော သားတော် မဟာပဒုမမင်းသားကို အိမ်ရှေ့ထားလေသည်။ အခါတစ်ပါးဝယ် သူပုန်များထ၍ ဘုရင်ကိုယ်တိုင် နှိမ်နင်းရန် ထွက်ခွာသွားစဉ် အိမ်ရှေ့မင်းသားက ထီးနန်းကို စောင့်ရှောက်ရစ် ရလေသည်။
သူပုန်ရန် ငြိမ်းအေး၍ ခမည်းတော်မြို့ဝင်ခါနီး၌ နန်းတော်ကြီးနှင့်တကွ တစ်မြို့လုံး တန်ဆာဆင်ပြီးနောက် အကျိုးအကြောင်း သံတော်ဦးတင်ဖို့ရန် မိထွေးတော်အထံသို့ သွား၍ “ပြုဖွယ်ကိစ္စရှိက အမိန့်ပေးပါရန်” သံတော်ဦး တင်လေသော် မင်းသား၏ ရုပ်အဆင်းအင်္ဂါကို စွဲလမ်းရင်းရှိသော မိဖုရားက မင်းသား၏ လက်ကိုဆွဲ၍ သလွန်ပေါ်သို့ တက်ဖို့ရန် ညွှန်ပြလေရာ မင်းသားက ဖယ်ရှားလေသည်။
၃-ကြိမ် တိုင်အောင် တိုက်တွန်းပါသော်လည်း မင်းသားက ပယ်မြဲပယ်နေလေရာ “ကောင်းပြီ၊ အလိုသို့ မလိုက်တဲ့ မင်းသားကို မင်းတရားလာမှ သိစေ့မယ်”ဟု “ငဖယ်လန်က ပြောင်းပြန်” သူကပင် မာန်လိုက်လေသေးသည်။ မင်းသားက “ပြုချင်သလိုသာ ပြုတော့” ဟုပြော၍ ထွက်သွားသောအခါ သူ့အပြစ်ကို ကာကွယ်ဖို့ရာ သူ့ကိုယ်သူ ကုတ်ဖဲ့၍ တကယ့်ကို မင်းသား၏ အစော်ကားခံရလေအောင် အားငယ်ဟန် ဆောင်နေလေသည်။
ဘုရင်မင်းသည် မြို့တော်သို့ ရောက်လျှင်ရောက်ချင်းပင် သူ့မိဖုရားကို မမြင်၍ မေးမြန်းရာ မိဖုရား အခြွေအရံတို့က မကျန်းမာကြောင်းကို သံတော်ဦးတင်ကြသဖြင့် မိဖုရားအဆောင်သို့ ကြွရောက်လေသည်။
ထိုအခါ မိဖုရားကလေးက ကုတ်ဖဲ့ထားသော အရာများကိုပြလျက် အိမ်ရှေ့မင်းသားက သူ့အားအတင်းကြံပုံ၊ သူက အလိုမပါသောကြောင့် ကုတ်ဖဲ့ပုံပါ (မည်သည့် ဆရာထံမှ နည်းမခံရဘဲ) ၀မ်းတွင်းပါ မိန်းမဉာဏ်ဖြင့် သူကြံထားသမျှ အားလုံးကို ရိုက်ကြီးတငင် သံတော်ဦးတင်လေသည်။
ထိုအခါဘုရင်သည် လွန်စွာ ရာဇမာန်ရှသဖြင့် “မယားထိက ဓားကြည့်”ဟူသော ပြောရိုးစကားနှင့်ညီစွာ ဘာကိုမျှ မစဉ်းစားတော့ဘဲ မင်းသားကို ချက်ချင်းပင် တောင်ထိပ်မှ ပစ်ချရန် အမိန့်ပေးလေသည်။ ထို့နောက် တိုင်းပြည်က ချစ်ကြည်နေသော မင်းသားကို ပြည်သူတို့က အင်အားဖြင့် အတင်းလုမည် စိုးသောကြောင့် အာဏာသားများနှင့်အတူ ကိုယ်တိုင်ထွက်၍ တောင်ထိပ်ပေါ်မှ ပစ်ချလေသည်။ သို့သော် မင်းသား၏ မေတ္တာတန်ခိုးကြောင့် တောင်စောင့်နတ် ကယ်မသဖြင့် အသက်ချမ်းသာရာ ရတော်မူလေသည်။
"၀တ္ထုမှတ်ချက်"
ဤ၀တ္ထုဝယ် မိဖုရားနှင့် မင်းသားတွေ့ခန်း၌ မိဖုရားမှာ တဏှာလောဘစိတ် ပြင်းထန်နေ၏။ မင်းသားမှာ မလိုချင်မူ အလောဘစိတ် ထင်ရှားသည်။ ထို့နောက် မိဖုရား၌ သူ့အပြစ်ကို ကွယ်ကာသော မာယာစိတ်၊ ရှင်ဘုရင်ထံ ကြံဖန်၍ သံတော်ဦးတင်သော မာယာစိတ်(မုသာဝါဒကံ) ဖြစ်၏။ ရှင်ဘုရင်၌ ကြားသည်က စ၍ တောင်ပေါ်မှ ပစ်ချသည်အထိ ပြင်းပြသော ဒေါသစိတ်များ ဖြစ်နေ၏။
မင်းသား၌ကား မိဖုရားကလေးကို မတပ်မက်သော အလောဘစိတ်၊ မိဖုရားနှင့် ရှင်ဘုရင်အပေါ်၌ ရန်ငြိုးမထားသော အဒေါသစိတ်၊ သည်းခံနိုင်သော ခံန္တီစိတ်၊ မေတ္တာထားနိုင်သော မေတ္တာစိတ်၊ အဒေါသစိတ်များ ဖြစ်သည်။ ဤ၀တ္ထု၌ မင်းသားကလေးသည် ဘုရားအလောင်း မိဖုရားကား စိဉ္စမာန ခေါ်သော စိဉ္စမာန၀ိကာအလောင်း၊ ရှင်ဘုရင်ကား ရှင်ဒေ၀ဒတ်အလောင်းတည်း။
"ကာလ၀ိပါက် နောက်ပိုးတက်"
ထိုသို့သော ကိစ္စများ ဖြစ်ပျက်ပြီးနောက် မင်းသားကလေးကို နဂါးမင်းဆောင်ယူ၍ နဂါးပြည်၌ တစ်နှစ်စံစေသည်။ ထို့နောက် လူ့ပြည်သို့ပြန်၍ ရသေ့ရဟန်းပြုသောအခါ မုဆိုးနှင့်တွေ့သောကြောင့် ဘုရင့်အထံသို့ သံတော်ဦးတင်လေရာ ရှင်ဘုရင် ထွက်တော်မူလာ၍ အဖြစ်မှန်ကို သိသောအခါ သားတော်ကို ပြန်၍ခေါ်သော်လည်းမရ၊ မိဖုရားကိုလည်း မိမိကိုမှားယွင်းအောင် ပြုသည့်အတွက် စိတ်နာလှသောကြောင့် “ကာလ၀ိပါက် နောက်ပိုးတက်ရန်”တောင်ထိပ်မှ ပစ်ချသည်ကို မိဖုရားကလေးခံလျက် နတ်ရွာမစံဘဲ တလူးလူးတလဲလဲနှင့် ငရဲခံရလေသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။
credit- ရနံ့စံအိမ်
No comments:
Post a Comment