အမောဟဟူသည် ဉာဏ်ပညာတည်း။ ထို့ကြောင့် “ပညာဉာဏ်မူ၊ အမောဟဟူ၏”ဟုဆိုခဲ့သည်။ မောဟက ဖုံးလွှမ်းကွယ်ကာ ထားသောအရာဟူသမျှကို ဤဉာဏ်ပညာဟု ခေါ်သော အမောဟက မဖုံးကွယ်နိုင်အောင် စွမ်းနိုင်သမျှ ထုတ်ဖော်ပြသဖြင့် အမှန်ကိုသိရလေသည်။ သို့ဖြစ်၍ မောဟနှင့် အမောဟသည် “ခင်ပုတ်နှင့် ကျီး”ကဲ့သို့ ကမ္ဘာ့ရန်သူကြီးများပေတည်း။
"ပညာစစ်"
ဤဉာဏ်ပညာသည် ပညာစစ် ပညာတုဟု နှစ်မျိုး ရှိ၏။ ထိုတွင် ကံ ကံ၏ အကျိုးကို သိတတ်သော ဉာဏ်၊ စာပေကျမ်းဂန်၏ အဓိပ္ပာယ်မှန်ကို နားလည်သောဉာဏ်၊ ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်များနှင့် ဘုရားရှင်၏ သဗ္ဗညုတဉာဏ် တိုင်အောင် အပြစ်ကင်းသော အသိအလိမ္မာ ဉာဏ်ဟူသမျှ ပညာ အစစ်ပင်တည်း။
“ပါးနပ်သူ”ဟု ခေါ်ရသူတို့ သန္တာန်ဝယ် တစ်ဖက်သားကျလောက်အောင် ဟန်ပန်လေသံ ဆောင်တတ်၊ ပြောတတ် ဟောတတ်သောဉာဏ်၊ အခိုးအ၀ှက်ဉာဏ်၊ အလှည့်စားဉာဏ်၊ ပရိယာယ် မာယာဉာဏ်များ ရှိ၏။ ထိုဉာဏ်မျိုးသည် ပညာစစ်မဟုတ်၊ လိမ်လည် လှည့်ပတ်တတ်သော “၀ဉ္စနာ ပညာတု” ဖြစ်သည်။ (၀ဉ္စနာ = သူတစ်ပါးကို လှည့်စားနိုင်သော + ပညာ = အသိ)
ပရမတ္ထ သဘောအားဖြင့် တဏှာပြဋ္ဌာန်းသော အကုသိုလ်တည်း။ ထို့ပြင် သတ်နည်း ဖြတ်နည်း တိုက်ခိုက်နည်း လက်နက်ကောင်းကောင်း လုပ်နည်းများကို နားလည်သော ဉာဏ်များလည်း ရှိသေးသည်။
ထိုဉာဏ်များလည်း ပညာစစ်မဟုတ်၊ နောက်၌ ပြမည့် “၀ိတက်”ခေါ်သောအကြံကောင်းသော အကုသိုလ်သာ ဖြစ်သည်။
သို့သော် ထိုပြခဲ့သော ပညာအတုများသည် ထူထိုင်းဖျင်းအသူတို့မှာ မရှိ၊ ပင်ကိုက ပညာအစစ်အမှန် ဓာတ်ခံပါသူ၊ အတွေ့အကြုံ အကြားအမြင် (ဗဟုသုတ) များသူတို့၌သာ ဖြစ်နိုင်ပေသည်။ အစစ်အမှန် ပညာဉာဏ်က ပညာအတုအား ပကတူပနိဿယခေါ် ပဋ္ဌာန်းပစ္စည်းဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုသည်။
ထို့ကြောင့် ပင်ကိုက ဉာဏ်ထက်မြတ်သူတို့မှာ ကောင်းသောလုပ်ငန်း ကုသိုလ်လမ်း၌ အမြင့်ဆုံးအတန်းသို့ ရောက်အောင် စွမ်းနိုင်ကြသကဲ့သို့ မကောင်းလုပ်ငန်း အကုသိုလ်လမ်း၌လည်း ကမ်းကုန်လမ်းကုန် အစွမ်းကုန် ဆိုးသွမ်းနိုင်ကြလေသည်။
"ဇာတိနှင့် ပညာပ၀တ္တိပညာ"
အစစ်ဖြစ်သော ပညာသည် ဇာတိပညာ-ပ၀တ္တိဟု ၂-မျိုးရှိ၏။ ပဋိသန္ဓေတည်နေစဉ်ကပင် အလောဘ၊ အဒေါသ၊ အမောဟ ၃-မျိုး ပါလာသူကို “တိဟိတ် ပုဂ္ဂိုလ်” ဟုခေါ်သည်။ “ပဋိသန္ဓေစိတ်မှာ အလောဘ စသော ဟိတ် ၃-ပါးရှိသူ”ဟု ဆိုလိုသည်။ ထို တိဟိတ်ပုဂ္ဂိုလ်၏ အမောဟ ခေါ် ပညာသည် ဇာတိပညာ (၀မ်းတွင်းပါပညာ) တည်း။
ထိုဇာတိ ပညာပါသူသည် ကလေးဘ၀ကပင် ပြောပြ၍ နားလည်လွယ်၏။ တောင်တောင် ဤဤ ကြံစည်တတ် တွေးတောစဉ်းစားတတ်၏။
ပဋိသန္ဓေပညာ မပါခဲ့ဘဲ ပ၀တ္တိအခါကျမှ (ဖွားမြင်လာမှ) မိကောင်းဖကောင်းတို့ သင်ပြခြင်း၊ အရွယ်ရောက်၍ စာပေသင်ခြင်း၊ ကြီးရင့်သည့်အခါ ပညာရှိထံ မေးမြန်းလေ့ စုံစမ်းလေ့ရှိခြင်း၊ ဗဟုသုတ ရှာမှီးခြင်း စသည်တို့ကြောင့် တတ်သိနားလည်လာသော ပညာသည် ပ၀တ္တိပညာမည်၏။
ထို့ကြောင့် ဇာတိပညာမပါသူသည် ပ၀တ္တိပညာမည်၏။ ထို့ကြောင့် ဇာတိပညာမပါသူသည် ပ၀တ္တိပညာဖြစ်အောင် ထူထောင်နိုင်သေး၏။ ဇာတိပညာ ပါလာသည့်အပြင် (ပြခဲ့သောနည်းဖြင့်) ပ၀တ္တိပညာကိုလည်း ရပြန်ပါမူ အထက်တန်း ရောက်သူတို့တွင် ပါဝင်နိုင်သည်။
"ဇာတိပညာရှိအောင် ပျိုးထောင်နည်း"
ပဋိသန္ဓေက ဉာဏ်ဓာတ်ပါလာခြင်းသည် လောကီ၌သာ အကျိုးများသည် မဟုတ်သေး။ တရားအားထုတ်ရာ၌လည်း အကျိုးများ၏။ ပဋိသန္ဓေ ပညာရှိသူသာ တရားအားထုတ်၍ ပေါက်နိုင်၏။ ထို့ကြောင့် ဖြစ်လေရာဘ၀တို့၌ ပဋိသန္ဓေပါ ပညာရှိဖြစ်အောင် ယခုဘ၀ကပင် ထူထောင်သင့်ကြသည်။
ထူထောင်နည်း တချို့ကား---
ပထမဆုံး အသိအလိမ္မာ ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ချင်ရမည်။ ထိုသို့ ဖြစ်ချင်သည့်အတိုင်းလည်း အသိအလိမ္မာ ဉာဏ်ပညာ တိုးပွားအောင် ရေးသားအပ်သော ကျမ်းစာတို့ကို စိတ်ပါလက်ပါ ကြည့်ရူရမည်။ ပညာရှိနှင့် ဆက်ဆံ၍ ထိုသူ့အထံမှ အကြံဉာဏ်ကောင်းများကို မေးမြန်းမှတ်သားရမည်။ ဤမျှလောက် ကြိုးစားလျှင်ပင် ပ၀တ္တိဉာဏ် တိုးပွား၍ အရာရာ၌ စဉ်းစားတတ်သူ ဖြစ်လာပါလိမ့်မည်။
ထိုအခါ နောင် သံသရာအတွက် ဉာဏ်ပညာ အထုံပါလောက်ပေပြီ။
သို့သော် အားမရသင့်သေးပါ။
ဉာဏ်ပညာ ပွင့်လင်းအောင် အ၀တ်အစား အိပ်ရာနေရာမှ စ၍ တစ်ကိုယ်လုံး အမြဲသန့်သန့်ရှင်းရှင်း ရှိစေရမည်။ ဒါနစသော ကုသိုလ်ပြုတိုင်း “ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ရပါလို၏”ဟု စိတ်ကလည်း ညွတ်ရမည်။ နူတ်ကလည်း ရွတ်ဆိုဆုတောင်းရမည်။ ရဟန်းသံဃာ လှူဒါန်းရာ၌လည်း “စာပေကို သင်ယူနိုင်၊ ပို့ချရေးသားနိုင်ပါစေ”ဟု စိတ်စေတနာ ဖြစ်စေရမည်။ တတ်နိုင်ပါမူစာသင်ကျောင်းတိုက် တည်ထောင်၍ စာပို့ချနိုင်သော ပုဂ္ဂိုလ်ကို ကိုးကွယ်ကာ စာပို့ချနိုင်အောင်လည်း ထောက်ပံ့ရမည်။
လူစာသင်ကျောင်းများကိုလည်း ထောက်ပံ့ရမည်။ တိုင်းသူပြည်သားတို့ ပညာတိုးပွားအောင် ကူညီရမည်။ မိမိတတ်သိသမျှကို သူတစ်ပါးအား ပြောပြချင်စိတ်၊ နားလည်စေချင်စိတ် ရှိရမည်။ ဤသို့ စသည်ဖြင့် ပညာဘက်၌ စိတ်ထက်သန်သူသည် ဘ၀သံသရာဝယ် ကြီးကျယ်သော ပညာရှင် ဖြစ်နိုင်ပါသည်။ ဤကား နောက်ဘ၀ အဆက်ဆက်၌ ဇာတိပညာ (၀မ်းတွင်းပါပညာရှိ) ဖြစ်အောင် ပျိုးထောင်နည်းပေတည်း။
"သဒ္ဓါနှင့် ပညာ ကွာခြားပုံ"
သဒ္ဓါ၏ သဘောတရားကား စွန့်ကြဲပေးကမ်း လှူဒါန်းရလျှင်ပြီးရော၊ နောင်သံသရာမှာ ချမ်းချမ်းသာသာ ဖြစ်ဖို့ရာ အရေးကြီး၏။ အမျိုးဘာသာသာသနာ ကြီးပွားရေးကို လေးလေးနက်နက် သတိမထားတတ်။
ပညာ၏ သဘောကား အမျိုးဘာသာ သာသနာ ပညာရေးကို လေးလေးနက်နက် စဉ်းစားပြီးလျှင် အကျိုးရှိလောက်မှ လှူသည်။ အကြောင်းကောင်းလျှင် အကျိုးကောင်းမည်ဟု (ကံ-ကံ၏အကျိုး) ယုံကြည်ပြီးဖြစ်၍ နောက်ဘ၀၌ အကျိုးရဖို့ အရေးကို အထူးတလည် တွေးမနေတော့ပြီ။
ဤသို့လျှင် သဒ္ဓါနှင့် ပညာသည် အခြေတည်က စ၍ပင် ကွာခြားချင်တိုင်း ကွာလာသည်။ မြန်မာနိုင်ငံကို သဒ္ဓါမျက်စိ၊ ပညာမျက်စိဖြင့် တစ်မျိုးစီ ကြည့်ကြပေလိမ့်မည်။ သို့ရာတွင် အစုံကြည့်ခြင်း မဟုတ်ဘဲ တစ်ဖက်စီခွဲ၍ အလွန်အကဲ ကြည့်ခြင်းကား သဒ္ဓါလည်းမကောင်း၊ ပညာလည်းမကောင်းပင်။ နှစ်ဖက်စုံ ကြည့်တတ်မှသာ ကောင်းပါသည်။ “သဒ္ဓါလွန်တော့ တဏှာ၊ ပညာလွန်တော့ မာယာ”ဟု ကျမ်းလာဆိုရိုး ရှိပါသည်။
အမှာ ။ ။ သဒ္ဓါမျက်စိ ပညာမျက်စိဖြင့် တစ်ဖက်စီ ကြည့်ကြပုံ၊ ၂-ဖက်စုံ ကြည့်ကြပုံကို စုံစုံလင်လင်ရေးရလျှင် ကျမ်းစာတစ်စောင်ဖြစ်အောင် ရေးမှသာ လုံးလောက်ဖွယ် ရှိသောကြောင့် ဤနေရာ၌ မရေးဘဲ လျစ်လျူရူရတော့မည်။
"တိုက်တွန်းချက်"
အို၊ အမျိုးသားတို့ အသိအလိမ္မာ ဉာဏ်ပညာဟူသည် အစစ်ဖြစ်စေ၊ အတုဖြစ်စေ မိမိ၌ ဓာတ်ခံရှိဖို့ အရေးကြီးလှပေသည်။ လူတို့ အသက်ရှင်ဖို့ အရေး၌ နှလုံးသည်းပွတ်သည် အရေးအကြီးဆုံး ဖြစ်သကဲ့သို့ လောကသံသရာနှစ်ဖြာ ကြီးပွားရေး၌လည်း ဉာဏ်ပညာသည် အရေးအကြီးဆုံး နှလုံးသည်းပွတ်ပင် ဖြစ်၏။
ဒါန သီလစသော ပါရမီအားလုံး၏ အကျိုးကို ဉာဏ်ပညာရှိသူသာ အဆုံးတိုင် သိနိုင်၍ ဉာဏ်ပညာကြောင့်သာ ထိုပါရမီများ ပြည့်ဝကြပေသည်။
လောက၌လည်း အိမ်တွင်းရေး ငြိမ်းချမ်းမူသည် သမီးခင်ပွန်း ၂-ယောက်၏ အသိအလိမ္မာ ဉာဏ်ပညာအပေါ်မှာ တည်သည် မဟုတ်လော။ သားရေး၊ သမီးရေး၊ စီးပွားရေး၊ ကြီးပွားရေးတို့၌လည်း ဉာဏ်ပညာရှိမှ ၀ီရိယ အကျိုး နားလည်၍ လုံ့လစိုက်ကာ သာသာယာယာ ရှိစေနိုင်သည်။
ပရိသတ် ဗိုလ်ပုံတို့၏ အလယ်မှာလည်း “ပညာရဲရင့်သူတို့သာ ပွဲလယ်တင့်”နိုင်ကြသည်။ ဘူးလုံး နားမထွင်း အဖျာင်း အအ ပညာပိုင်းက အောက်တန်းကျနေသူတို့မှာာ စည်းစိမ်ရှင်ပင် ဖြစ်သော်လည်း အထက်တန်းသို့ မတက်လှမ်းနိုင်ကြပါ။
ကမ္ဘာကို လွှမ်းမိုး၍ အုပ်စိုးနိုင်သော သတ္တိမှာ ဤပညာအရည်အချင်းသာတည်း။ ဓနရှင်တို့မှာ ထိုပညာရှင်တို့ကို ကူညီကြသဖြင့် ကြီးပွားရေး၌ ဝေစုရသူများသာ ဖြစ်လေသည်။ အသေးအဖွဲရန်ပွဲကလေးမှစ၍ တိုင်းနိုင်ငံချင်း စစ်ခင်းသည်အထိ ပညာရှိတို့ဘက်က အောင်ပွဲရစမြဲဖြစ်သည်။
စတုဓမ္မ ဇာတ်တော်၌ ဂင်္ဂါမြစ်အတွင်း သူ့နယ်ဖြစ်သော စစ်တလင်းမှာပင် အလောင်းတော် မျောက်မင်းက ၀ဉ္စနာပညာဖြင့် လှည့်စား၍ မိကျောင်းကို အနိုင်ရခဲ့ဖူးလေသည်။ (ဤ၀တ္ထု၌ လှည့်စားတတ်သော ဉာဏ်သည် ပညာအတုသာဖြစ်၏။ သို့သော် လောကီကြီးပွားရေး၌ ဤပညာအတုလည်း များစွာ အသုံးကျသည်ပင်။)
မဟော်သဓာတ် ဇာတ်တော်၌လည်း မရေမတွက်နိုင်လောက်အောင် မြားမြောက်လှစွာသော စစ်တပ်တို့ဖြင့် ချဉ်းကပ်လာသော ကေ၀ဋ်ပုဏ္ဏားနှင့် စူဠဏီမင်းကို အလောင်းတော်၏ ပညာအစွမ်းဖြင့် ကျီးခြောက်သလို ခြောက်လှန့်၍ ခံ့ခံ့ကြီး အောင်ပွဲဆင်ခဲ့ရပေသည်။
ပညာဘက်၌ အလိုက်အစားနည်းခဲ့သော ဤမြန်မာနိုင်ငံကိုလည်း ရေနံတွင်း ကျောက်တွင်းနှင့် သစ်တောများကို သွားရည်ယိုသော ၀ဉ္စနာပညာရှင်တို့က သူငယ်နှပ်စားကလေးကို လှည့်စားသလို သိမ်းယူသွားသည်မှာ သူတို့၏ ပညာစွမ်းပင်ဖြစ်သည်။
ယခုအချိန်တိုင်အောင် ကူးသန်းရောင်းဝယ်မူ၌ ဉာဏ်မျက်စိစူးရှသော နိုင်ငံခြားသားတို့က ငါတို့ အမျိုးသား အမျိုးသမီးတွေကို ကလေးလို သဘေားထား၍ ပစ္စည်းရော လူပါ အညွှန့်ခူးချင်တိုင်း ခူးနေကြသည့်အပြင် အောက်တန်းစားဟု ထင်ရသော နိုင်ငံခြားသား လက်လီ ကုန်သည်လေးများကလည်း ထထကြွကြွ ၀ီရိယဖြင့် စားပေါက်စားလမ်းကို အစွမ်းကုန် နိုက်နေကြသည်။
ငါတို့ အမျိုးသားတွေက “ဖိုးသူတော် ကျပ်တစ်လုံးနှင့် ညောင်ပင်ကုန်းမှာ အိပ်ပျော်နေကြတုန်းပင်”။
အို… အမျိုးသားတို့ ပညာတတ်နည်းပါးသော နိုင်ငံဟူသမျှသည် အဘက်ဘက်က အောက်တန်းကျမည်မှာ ဗေဒင်မေးနေစရာမလိုတော့ပါ။
အမျိုးကို ချစ်ခင်ကြသော ကျောင်းဆရာကြီးများကလည်း စွမ်းနိုင်သမျှ နည်းကောင်းလမ်းမှန်များကို ညွှန်ပြကြပါ။ ကျောင်းသူကျောင်းသားတို့ကလည်း စိတ်ပါလက်ပါ ကြိုးစားကြပါ။ ဓနရှင် လူကြီးလူကောင်းနှင့် သံဃာတော် အပေါင်းကလည်း ပညာရေး တိုးတက်အောင် အဘက်ဘက်က အားပေးကြပါ။
ဤသို့ တစ်နိုင်ငံလုံး ကြိုးစားမှသာ ယခုဘ၀၌ နာလန်ထူပြီးလျှင် သံသရာ အဆက်ဆက်လည်း ထက်မြက်သော ဇာတိပညာရှင်များ ဖြစ်နိုင်ကြပါလိမ့်မည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။
credit- ရနံ့စံအိမ်
No comments:
Post a Comment