Friday, October 10, 2014

ဟေတုပစ္စည်း ၁(က)


ဟေတုပစ္စယောတိ။
ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။
ဟေတုပစ္စယောတိ = ဟေတုပစ္စည်းဟူသည်ကား၊ ဟေတူ = ဟိတ်ခြောက်ပါးတို့သည်၊ ဟေတုသမ္ပယုတ္တကာနံ = ဟိတ်ခြောက်ပါးနှင့်ယှဉ်ကုန်သော၊ ဓမ္မာနဉ္စ = သဟိတ်စိတ် ဧကသတ္တတိ ၇၁-ပါး၊ မောဟမူဒွေ၌ မောဟကြဉ်သော စေတသိက် ဒွေပညာသ ၅၂-ပါးတို့အားလည်းကောင်း၊ တံသမုဋ္ဌာနာနံ = ထိုဟိတ်နှင့်ယှဉ်ကုန်သော စိတ် စေတသိက်လျှင် ဖြစ်ကြောင်းရှိကုန်သော၊ ရူပါနဉ္စ = သဟိတ်စိတ္တဇရုပ် သဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်တို့အားလည်းကောင်း၊ ဟေတုပစ္စယေန = ဟေတုပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း။
သာဓု ... သာဓု ... သာဓု။
ကျေးဇူပြုသည်ဟု ဆိုရာ၌ -
(က) မဖြစ်ပေါ်သေးသည်ကို ဖြစ်ပေါ်စေခြင်း၊
(ခ) ဖြစ်ပေါ်ပြီးသည်ကို တည်နေစေခြင်း၊
(ဂ) တည်နေသည်ကို တိုးပွားစေခြင်း - တို့ပင်တည်း။
(၎င်းဟေတုပစ္စည်းသည် သဟဇာတမျိုး၌ ပါဝင်၏။)
ပစ္စည်း = လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ-ဟူသောဟိတ်ခြောက်ပါး။
ပစ္စယုပ္ပန် = သဟိတ်စိတ် ၇၁-ပါး၊ မောဟမူဒွေ၌ မောဟကြဉ်သော ၎င်းစိတ်တို့နှင့်ယှဉ်သော စေတသိက် ၅၂-ပါး၊ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေကမ္မဇရုပ်။
ပစ္စယသတ္တိ = ရေသောက်မြစ်သည် သစ်ပင်အား မြဲမြံခိုင်ခံ့သန်စွမ်းစွာ တည်နေခြင်းငှာ အကျိုးပြုသကဲ့သို့ ဟိတ်(၆)ပါးတို့သည် မိမိနှင့်ယှဉ်ဖက် သမ္ပယုတ်တရားတို့အားလည်းကောင်း၊ မိမိတို့ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့အားလည်းကောင်း၊ ပဋိသန္ဓေအခါ ကမ္မဇရုပ်တို့အားလည်းကောင်း ဟေတုသတ္တိဖြင့် ကျေးဇူးပြုကြကုန်၏။
(သင်္ဂြိုဟ်ဆိုင်ရာ မှတ်သားဖွယ်အချို့ကို အလျှင်းသင့်သလို ထည့်သွင်းတင်ပြသွားပါမယ်။ ပဋ္ဌာန်းတရားတော်ကို ပိုမိုနားလည်းသဘောပေါက်ရန် အတွက်ဖြစ်ပါတယ်။)
{ စိတ်ကို အကျဉ်း ၈၉-ပါး၊ အကျယ် ၁၂၁-ပါးဟူ၍ ခွဲထားပါတယ်။ ဟိတ်မရှိသောစိတ်များကို အဟိတ်စိတ်များဟု ခေါ်ပါတယ်။ အဟိတ်စိတ် ၁၈-ပါးရှိ၏။ ဟိတ်ပါဝင်သော စိတ်များကို သဟိတ်စိတ်များဟု ခေါ်ပါတယ်။ သဟိတ်စိတ် ၈၉-၁၈= ၇၁-ပါးရှိ၏။
အကုသိုလ်စိတ် ၁၂-ပါး၊ ကာမသောဘဏစိတ် ၂၄-ပါး၊ ရူပါဝစရစိတ် ၁၅-ပါး၊ အရူပါဝစရစိတ် ၁၂-ပါး၊ လောကုတ္တရာစိတ်အကျဉ်း ၈-ပါး၊ ပေါင်း ၇၁-ပါးတို့ ဖြစ်ကြပါတယ်။
ရုပ်ကို ၂၈-ပါး ဟောထားပါတယ်။ မဟာဘူတ (ဝါ) ဘူတရုပ် ၄-ပါး၊ ပသာဒရုပ် ၅-ပါး၊ ဂေါစရရုပ် ၄-ပါး (ပထဝီ,တေဇော,ဝါယောတို့မှာ မဟာဘုတ်၌ပါပြီး)၊ ဘာဝရုပ် ၂-ပါး၊ ဟဒယဝတ္ထုရုပ် ၁-ပါး၊ ဇီဝိတရုပ် ၁-ပါး၊ အာဟာရရုပ် ၁-ပါး၊ အဲဒီ ၁၈-ပါးသောရုပ်တို့က ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော အကြောင်းတရား လေးပါးတို့ ဖြစ်စေ, ပြီးစေအပ်သောကြောင့် နိပ္ဖန္နရုပ် လို့ခေါ်ပါတယ်။ နောက် ပရိစ္ဆေဒရုပ် ၁-ပါး၊ ဝိညတ်ရုပ် ၂-ပါး၊ ဝိကာရရုပ် ၅-ပါး၊ လက္ခဏရုပ် ၄-ပါး၊ ဒီ ၁၀-ပါးသောရုပ်တို့ကတော့ ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရား လေးပါးတို့ မဖြစ်စေအပ်, မပြီးစေအပ်သောကြောင့် အနိပ္ဖန္နရုပ် မည်ပါတယ်။ ပေါင်း ၂၈-ပါးရှိပါတယ်။ မဟာဘုတ် ၄-ပါးက ဘူတရုပ်ဖြစ်ပြီး၊ ကြွင်းသည့်ရုပ် ၂၄-ပါးက မဟာဘုတ်တို့ကို မှီ၍ဖြစ်သော ဥပါဒါရုပ် ဖြစ်ပါတယ်။
ရုပ်ကို ဖြစ်စေသောကံ ၂၅-ပါး ရှိပါတယ်။ ကမ္မပထမြောက်သော အကုသိုလ်ကံ ၁၂-ပါး၊ မဟာကုသိုလ်ကံ ၈-ပါး၊ ရူပါဝစရကံ ၅-ပါး တို့ဖြစ်ကြပါတယ်။ ကံဆိုသည်မှာ ထိုသို့ စိတ်နှင့် ယှဉ်သော စေတနာစေတသိက် ဖြစ်ပါတယ်။ အရူပါဝစရကံကတော့ ရုပ်မဖြစ်စေလိုသော ရူပဝိရာဂဘာဝနာ၏ အစွမ်းကြောင့် ရုပ်ကို မဖြစ်စေပါ။
ရုပ်ကို ဖြစ်စေသောစိတ် ၇၅-ပါး ရှိပါတယ်။ ဒွေပဉ္စဝိဉာဏ် ၁၀နှင့် အရူပဝိပါက် လေးခုကြဉ်သော ၇၅-ပါးသော စိတ်တို့ ဖြစ်ကြပါတယ်။ ဤစိတ်တို့က ပဋိသန္ဓေစိတ်နောင် ပထမဘဝင်စိတ်၏ ဥပါဒ်ခဏမှစ၍ မိမိတို့ ဥပါဒ်ခိုက် ဥပါဒ်ခိုက်၌ ရုပ်ကို ဖြစ်စေကြပါတယ်။ စိတ်ကြောင့် ဖြစ်သော ရုပ်ကို စိတ္တဇရုပ်ဟု ခေါ်ပါတယ်။ အရူပဝိပါက် လေးပါးက ရုပ်ဖြစ်ရာဘုံ မဟုတ်သောကြောင့် ရုပ်ကို မဖြစ်စေနိုင်ပါ။ ဒွေပဉ္စဝိညာဏ် ၁၀တို့သည် ဟိတ်, ဈာနင်, မဂ္ဂင်တို့နှင့် မယှဉ်သဖြင့် စိတ်အင်္ဂါ အားနည်းသောကြောင့် ရုပ်ကို မဖြစ်စေနိုင်ပါ။
ရုပ်ကို ဖြစ်စေတတ်သော ဥတုဟူသည်ကား သာမညအားဖြင့် ခပ်သိမ်းသော ရုပ်ကလာပ်တို့၌ ပါသော စတုသမုဋ္ဌာနိကတေဇောဓာတ် ဖြစ်ပါတယ်။ အဇ္ဈတ္တသန္တာန် (ခန္ဓာကိုယ်အတွင်း) ၌ ဥတုဇရုပ်များ ဖြစ်ပေါ်သည့်နည်းတူ ဗဟိဒ္ဓသန္တာန် (ကိုယ်၏ ပြင်ပသစ်ပင်, တောတောင်, ရေမြေ..စသည်တို့)၌ ရှိသော ဥတုကလည်း ဗဟိဒ္ဓ၌ ဥတုဇရုပ်များကို ဖြစ်စေပါတယ်။ အသက်ဝိညာဉ်မရှိသော ဝတ္ထုဟူသမျှသည် ဥတုဇရုပ်များချည်းသာ ဖြစ်ပါတယ်။
ရုပ်ကို ဖြစ်စေတတ်သော အာဟာရဟူသည်ကား အဇ္ဈတ္တ, ဗဟိဒ္ဓ ခပ်သိမ်းသော ရုပ်ကလာပ်တို့၌ ပါရှိသည့် စတုသမုဋ္ဌာနိကသြဇာဓာတ် ဖြစ်ပါတယ်။ အာဟာရကြောင့် ဖြစ်သော ရုပ်ကို အာဟာရဇရုပ် ဟုခေါ်ပါတယ်။ ဗဟိဒ္ဓအာဟာရကို မမှီဝဲကြသည့် ဗြဟ္မာစသော သတ္တဝါတို့၌ အာဟာရဇရုပ်ကို မရနိုင်ပါ။ ပစကမီးမရှိသော ဗဟိဒ္ဓသန္တာန်၌လည်း အာဟာရဇရုပ် မဖြစ်နိုင်ပါ။
အရူပဘုံ၌ဖြစ်သော စိတ်၊ ပဋိသန္ဓေစိတ်၊ ဒွေပဉ္စဝိညာဏ် ၁၀၊ ပရိနိဗ္ဗာနစုတိစိတ်၊ ဤစိတ်တို့ကိုကြဉ်၍ ကြွင်းသောစိတ် ၇၅-ခုနှင့် ၎င်းတို့၌ ယှဉ်ကြသော စေတသိက် ၅၂-ခုတို့က စိတ္တဇရုပ်ကို ဖြစ်စေပါတယ်။ အဝိနိဗောဂရုပ် ၈-ပါး၊ လဟုတာဒိရုပ် ၃-ပါး၊ ဝိညတ်ရုပ် ၂-ပါး၊ သဒ္ဒရုပ်၊ ပရိစ္ဆေဒရုပ်-ဟူ၍ စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ၁၅-ပါးရှိပါတယ်။ 'ရဟန္တာတို့ရဲ့ စုတိစိတ်မှတစ်ပါး အားလုံးသော သတ္တဝါတို့၏ စုတိစိတ်သည် ရုပ်ကိုဖြစ်စေနိုင်သည်'-ဟု အဋ္ဌကထာတွင် ဖွင့်ဆိုထားတာနဲ့အညီ စိတ္တဇရုပ်များက စုတိစိတ်၏ ဥပါဒ်ခဏ၌ နောက်ဆုံးဖြစ်ကြပါတယ်။ အဲဒီနောက်ဆုံးဖြစ်တဲ့ စိတ္တဇရုပ်များက စုတိစိတ်ချုပ်ငြိမ်းသွားတဲ့အခါ ခဏငယ် ၃-ချက် ရုပ်သက်ရခဲ့ပြီး နောက်ထပ်ခဏငယ် ၄၈-ချက် အသက်ရှည်ကြပါတယ်။ ဒါကြောင့် စိတ္တဇရုပ်များဟာ စုတိစိတ်နှင့် ကမ္မဇရုပ်တို့ ချုပ်ငြိမ်းပြီးနောက် ခဏငယ် ၄၈-ချက်မှာ အပြီးသတ် ချုပ်ငြိမ်းကြပါတယ်။
ပဋိသန္ဓေစိတ်၏ ဥပါဒ်မှစ၍ ခဏမစဲ မြစ်ရေအလျဉ်ကဲ့သို့ ကမ္မဇရုပ်ကို ဖြစ်စေပါတယ်။ အဝိနိဗောဂရုပ် ၈-ပါး၊ ဣနြေ္ဒရုပ် ၈-ပါး၊ ဟဒယရုပ်၊ ပရိစ္ဆေဒရုပ်-ဟူ၍ ကံကြောင့် ဖြစ်သော ကမ္မဇရုပ် ၁၈-ပါး ရှိပါတယ်။ ကမ္မဇရုပ်တွေက စုတေခါနီးသောအခါ ကမ္မဇရုပ်ဆုံး၍ တစ်ဘဝဆုံးလေသောကြောင့် စုတိစိတ်အထက် နောက်ပြန်ရေတွက်လျှင် ၁၇-ချက်မြောက် စိတ်၏ ဌီခဏမှစ၍ ကမ္မဇရုပ်များ မဖြစ်ကြတော့ပါဘူး။ အဲဒီ ၁၇-ချက်မြောက်စိတ်၏ ဥပါဒ်ခဏ၌ နောက်ဆုံးဖြစ်ကြသော ကမ္မဇရုပ်များက စုတိစိတ်၏ ဘင်ခဏ၌ ၁၇-ချက် ရုပ်သက်စေ့ရလို့ စုတိစိတ်နှင့် ပြိုင်၍ ချုပ်ကြပါတယ်။
ဒါကြောင့် တစ်ဘဝအတွက် ကမ္မဇရုပ်နှင့် စုတိစိတ်တို့ဟာ ဘင်ခဏ၌ ချုပ်ငြိမ်းမှသာလျှင် အဘိဓမ္မာသဘောအရ ဘဝဆုံးသည်ဟု ခေါ်ရပါတယ်။ ကမ္မဇရုပ်များတွင် ပါသော ဇီဝိတရုပ်က 'ရုပ်သက်' ဖြစ်ပါတယ်။ စိတ်နှင့် စေတသိက်များမှာလည်း ဇီဝိတိနြေ္ဒစေတသိက်ဟု ခေါ်သော 'နာမ်သက်' ရှိပါတယ်။ တစ်ဘဝအတွက် ထိုရုပ်သက်နှင့် နာမ်သက်တို့ တစ်ပြိုင်နက် အပြီးသတ် ချုပ်ငြိမ်းတာကိုပဲ 'အသက်ကုန်သည်' (ဝါ) စုတေသည်ဟု ခေါ်စမှတ်ပြုကြပါတယ်။ }
* ဟေတုသမ္ပယုတ္တကာနံ-ဟူ၍သာ ဟောတော်မမူဘဲ ဟေတူဟေတု သမ္ပယုတ္တကာနံ-ဟု ဟောတော်မူရခြင်း။
ဟေတူ-ဖြင့် ဟိတ် (၆)ပါးကား ပစ္စည်း။ ဟေတုသမ္ပယုတ္တကာနံ-ဖြင့် ဟိတ် (၆)ပါးနှင့် ယှဉ်သော တရားစသည်တို့ကား ပစ္စယုပ္ပန်။ ဤသို့ ပစ္စည်းနှင့် ပစ္စယုပ္ပန်ကို ပိုင်းခြားမှတ်သားစေလို၍ ဟေတုသမ္ပယုတ္တကာနံ-ဟုမဟောဘဲ ဟေတူဟေတု သမ္ပယုတ္တကာနံ-ဟု ဟောတော်မူပါတယ်။
(တနည်း) အဟိတ်စိတ္တုပ္ပါဒ်တို့ကိုလည်း သမ္ပယုတ္တပစ္စည်း သာမညဖြစ်ရကား - ဟေတုသမ္ပယုတ္တအဖြစ်ကို ယူခဲ့ရာ၏။ ထိုသို့မယူရ။ ၎င်းတို့ကို စင်စေလို၍ "ဟေတုသမ္မယုတ္တကာနံ"-ဟု မဟောဘဲ "ဟေတု"-ဟု အပိုစွက်၍ "ဟေတူဟေတု သမ္ပယုတ္တကာနံ"-ဟု ဟောတော်မူရပါတယ်။ (ကောက် - ၆၂၄-၅)
* စိတ်၊ စေတသိက် နှစ်ပါးတို့ကြောင့် ဖြစ်ပါလျက် - စိတ္တဇရုပ် ဟုသာဆိုရခြင်း။
လောကီတရားတို့ကို ပြဆိုရာ၌ စိတ်သာလျင် ပဓာန၊ စိတ်သာလျင် အဓိက ဖြစ်သောကြောင့် စိတ္တဇရုပ်ဟုသာ ဆိုရပါတယ်။ (ကောက်-၆)
* စိတ်က ပဋိသန္ဓေကမ္မဇရုပ်အားသာ သဟဇာတပစ္စည်းတပ်၍ ပဝတ္တိကမ္မဇရုပ်အား သဟဇာတပစ္စည်း မတပ်ရခြင်း။
ကမ္မဇရုပ်တို့သည် ပဋိသန္ဓေအခါမှာ စိတ်နှင့်စပ်၍သာ ဖြစ်ကြကုန်၏။ စိတ်နှင့် ကင်း၍ မဖြစ်ကြကုန်၊ ပဝတ္တိအခါမှာမူ စိတ်နှင့်ကင်းသော်လည်း - (နိရောဓသမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏ သန္တာန်၌)- ဖြစ်ကြကုန်၏။ ထို့ကြောင့် စိတ်က ပဋိသန္ဓေကမ္မဇရုပ်အားသာ သဟဇာတပစ္စည်းတပ်၍ ပဝတ္တိကမ္မဇရုပ်အား သဟဇာတပစ္စည်း မတပ်ပါ။ (ကောက်-၆)
* စိတ်သည် ပဝတ္တိအခါ၌သာ စိတ္တဇရုပ်ကို ဖြစ်စေ၍ ပဋိသန္ဓေအခါ၌ စိတ္တှဇရုပ်ကို မဖြစ်စေနိုင်ခြင်း။
ပဋိသန္ဓေအခါ ကံ၏ အဟုန်ဖြင့် ပစ်ချအပ်သောကြောင့်၎င်း၊ မိမိနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီရသောကြောင့်၎င်း၊ အားနည်းသည်ဖြစ်၍ စိတ္တဇရုပ်ကို မဖြစ်စေနိုင်သောကြောင့် ပဝတ္တိအခါ၌သာ စိတ္တဇရုပ်ကို ဖြစ်စေနိုင်ပါသည်။ (ကောက်-၆)
ဟိတ်ခြောက်ပါးက အကြောင်းတရား၊ ပစ္စည်းတရား။ ဟိတ်ခြောက်ပါးနှင့်ယှဉ်တဲ့ သဟိတ်စိတ် ဧကသတ္တတိ-၇၁-ပါး၊ မောဟမူဒွေ၌ မောဟကြဉ်သော ၎င်းစိတ်တို့နှင့်ယှဉ်သော စေတသိက် ဒွေပညာသ-၅၂-ပါး၊ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေပမ္မဇရုပ်ကတော့ ပစ္စယုပ္ပန်တရား၊ သမ္ပယုတ္တက္ခန္ဓာနှင့် သဟိတ်စိတ္တဇရုပ် သဟိတ်ပဋိသန္ဓေပမ္မဇရုပ်တွေက အကျိုး ပစ္စယုပ္ပန်တရား။

ဒီမှာလိုရင်းကတော့ ဟိတ် ၆-ပါး သိထားဖို့ပါပဲ။ ဟိတ် ၆-ပါးက လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ် မကောင်းတဲ့ အကုသိုလ်ဟိတ်က ၃-ပါး။ အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ် ကောင်းတဲ့ ကုသိုလ်ဟိတ်က ၃-ပါး။ အဲဒီဟိတ် (၆)ပါးက မိမိတို့သန္တာန်မှာရှိနေတဲ့ သမ္ပယုတ္တက္ခန္ဓာလို့ခေါ်တဲ့ စိတ် စေတသိက်တွေနှင့် သဟိတ် စိတ္တဇရုပ်တွေ၊ သဟိတ်ပဋိသန္ဓေကမ္မဇရုပ်တွေကို ကျေးဇူးပြုနေတယ်။ ရုပ်နာမ်နှစ်ပါးလုံးကို ကျေးဇူးပြုနေပါတယ်။

မကောင်းတဲ့ ဟိတ် (၃)ပါးက ကျေးဇူးပြုတဲ့အခါ စိတ် စေတသိက်လည်းမကောင်းတော့ဘူး။ စိတ်ညစ် စိတ်ဆိုးတွေလည်း ဖြစ်လာပေတယ်။ စိတ်တွေလည်း မကြည်လင်တော့ပေဘူး။ ရုပ်တွေလည်း မကြည်လင်တော့ပေဘူး။ မသန့်ရှင်းတော့ပေဘူး။ ညစ်နွမ်းသွားတယ်။ ကောင်းတဲ့ဟိတ် (၃)ပါးက ကျေးဇူးပြုတဲ့အခါ စိတ်တွေလည်း ကြည်လင်၊ ရုပ်တွေလည်း ကြည်လင်၊ စိတ် စေတသိက်တွေလည်း ကြည်လင်ပြီး ကုသိုလ်တရားတွေ တိုးပွား ဖြစ်လာကြပေတယ်။

မကောင်းတဲ့ဟိတ်က (၃)ပါး၊ ကောင်းတဲ့ဟိတ်က (၃)ပါး။ ကျမ်းဂန်တွေမှာကျတော့ သစ်ပင်က ရေသောက်မြစ် နဲ့တူတယ်လို့ ဥပမာပြပါတယ်။ ရေသောက်မြစ်ကောင်းတဲ့ သစ်ပင်၊ ရေသောက်မြစ်၌ ပိုးတို့ အနာတို့ မရှိတဲ့ သစ်ပင်တို့က ကြီးထွားလာကြတာပါပဲ။ ရေသောက်မြစ် မကောင်းတဲ့သစ်ပင်၊ ရေသောက်မြစ်မှာ ပိုးစွဲနေတဲ့၊ အနာအဆာတွေစွဲနေတဲ့ သစ်ပင်က မကြီးထွားနိုင်တော့ပေဘူး။ တဖြည်းဖြည်းဆုတ်ယုတ်သွားတော့ပါပဲ။

အဲဒီလိုပဲ ယောဂီတို့ရဲ့ သန္တာန်မှာရှိနေတဲ့ ကောင်းတဲ့ဟိတ်၊ မကောင်းတဲ့ဟိတ်တွေ ကျေးဇူးပြုနေပုံကလည်း အတူတူပါပဲ။ တရားနာနေတဲ့၊ တရားစာဖတ်နေတဲ့အခိုက်မှာတော့ မိမိတို့သန္တာန်မှာ ဖြစ်နေတဲ့ ဟိတ် (၆)ပါးကို ဟောနေတာပဲလို့ နှလုံးသွင်းထားရင် ပိုပြီး မှတ်မိပါတယ်။ ပိုပြီး သဘောပေါက်နိုင်ပါတယ်။ ဒီဟိတ် (၆)ပါးက ထိုထို သတ္တဝါတွေရဲ့၊ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ရှိနေကြတာပါပဲ။

ပုထုဇဉ်ပုဂ္ဂိုလ်ရဲ့သန္တာန်၊ သောတာပန်ပုဂ္ဂိုလ်ရဲ့သန္တာန်၊ သကဒါဂါမ်ပုဂ္ဂိုလ်ရဲ့သန္တာန်တွေမှာတော့ ဟိတ် (၆)ပါးလုံး ဖြစ်တာပါပဲ။
မကောင်းတဲ့ဟိတ်လည်း ဖြစ်လိုက်၊ ကောင်းတဲ့ဟိတ်လည်း ဖြစ်လိုက်ပါပဲ။ အနာဂါမ်ပုဂ္ဂိုလ်ရဲ့သန္တာန်မှာတော့ လောဘဟိတ်၊ မောဟဟိတ်၊ အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ်တို့ပဲရှိတယ်။ ဒေါသဟိတ် မရှိတော့ပါဘူး။ ရဟန္တာပုဂ္ဂိုလ်ရဲ့သန္တာန်မှာတော့ အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ်ဆိုတဲ့ ကောင်းတဲ့ဟိတ် (၃)ပါးပဲ ရှိတော့တယ်။ အဗျာကတဟိတ် (၃)ပါးပဲ ရှိတော့တယ်။
ဟေတုပစ္စည်း - ၁(ခ)
ဟိတ် (၆)ပါး အဓိပ္ပါယ်
လောဘဟိတ် - ဆိုတာ လိုချင်တာ၊ တပ်မက်တတ်တာ။
ဒေါသဟိတ် - ဆိုတာ အမျက်ထွက်တာ၊ စိတ်ဆိုးတတ်တာ၊ ပြစ်မှားတတ်တာ။
မောဟဟိတ် - ဆိုတာ တွေတွေဝေဝေသိတာ၊ အမှားကိုသိတာ။
အလောဘဟိတ် - ဆိုတာ မလိုချင်တတ်တာ၊ မတပ်မက်တတ်တာ။
အဒေါသဟိတ် - ဆိုတာ မပြစ်မှားတတ်တာ၊ ချမ်းသာစေတတ်တာ။
အမောဟဟိတ် - ဆိုတာ မတွေမဝေသိတာ၊ အမှန်ကို သိတာ။
ဤဟိတ် (၆)ပါးလုံးဟာ ယောဂီတွေရဲ့ သန္တာန်မှာ ရှိနေကြတယ်။ ကောင်းတဲ့ဟိတ်၊ မကောင်းတဲ့ဟိတ်တို့သည် သူတို့အချင်းချင်း အပြိုင်ပဲဖြစ်ကြတယ်။ လောဘ၊ ဒေါသ၊ မောဟတွေ ရှိနေလို့ရှိရင် အလောဘ၊ အဒေါသ၊ အမောဟတွေ ဖြစ်ခွင့်မရတော့ပါဘူး။ အလောဘ၊ အဒေါသ၊ အမောဟတွေ ရှိနေလို့ရှိရင်လည်း လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်ခွင့်မရတော့ပါဘူး။ ဤကဲ့သို့ အပြိုင်ဖြစ်ကြပါတယ်။လောဘ၊ ဒေါသ၊ မောဟတွေ မဖြစ်ရအောင် လောဘ၊ ဒေါသ၊ မောဟတွေရဲ့ အပြစ်တွေကိုလည်း သိထားကြရပါမယ်။ အပြစ်တွေကိုသိမှ မဖြစ်အောင် ကာကွယ်လို့ရကြပါတယ်။ အလောဘ၊ အဒေါသ၊ အမောဟတို့ရဲ့ အကျိုးတရားတွေသိထားမှ အလောဘ၊ အဒေါသ၊ အမောဟတရားတွေ မိမိတို့သန္တာန်မှာ ပြည့်စုံသမျှပြည့်စုံအောင် အားထုတ်နိုင်ကြပါတယ်။ လောဘ၊ ဒေါသ၊ မောဟတရားတွေ၏ အပြစ်တွေကို သိထားသင့်ပါတယ်။ အလောဘ၊ အမောဟတရားတွေရဲ့အကျိုးတရားတွေကိုလည်း သိထားသင့်ပါတယ်။
အကုသိုလ်ဟိတ် (၃)ပါးက အကုသိုလ်တွေဖြစ်အောင် ကျေးဇူးပြုပုံ
လောဘ၊ ဒေါသ၊ မောဟတွေက ယောဂီများရဲ့သန္တာန်မှာ အကုသိုလ်တွေဖြစ်အောင် ကျေးဇူးပြုကြတယ်။
* ပါဏာတိပါတ = သူ့အသက်သတ်နိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
* အဒိန္နဒါန = သူ့ဥစ္စာခိုးရအောင်လည်း ကျေးဇူးပြုတယ်။
* ကါမေသု မိစ္ဆာစာရ = သူတစ်ပါး သားမယားတွေ ဖျက်ဆီးနိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
* မုသာဝါဒ = လိမ်ညာပြောနိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
* ပိသုဏဝါစာ = ကုန်းတိုက်နိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
* ဖရုသဝါစာ = ကြမ်းတမ်းစွာ ဆဲဆို ကြိမ်းမောင်းနိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
* သမ္ဖပ္ပလာပ = သိမ်ဖျင်းတဲ့ စကားတွေ ပြောဖြစ်နိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
* အဘိဇ္ဈာ = သူတစ်ပါး စည်းစိမ်ကို မတရားသောနည်းဖြင့် ယူဖို့ရာ ကြံစည်ဖြစ်အောင်လည်း ကျေးဇူးပြုတယ်။
* ဗျာပါဒ = သူတစ်ပါး သေကြေပျက်စီးအောင် ကြံစည်တဲ့ ဗျာပါဒ ဖြစ်အောင်လည်း ကျေးဇူးပြုတယ်။
* မိစ္ဆာဒိဋ္ဌိ = အယူလွဲ၊ အယူမှားတွေ ဖြစ်နိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
ဤကဲ့သို့ အဲဒီဟိတ်တွေ မိမိတို့ရဲ့သန္တာန်မှာ မဖြစ်ရအောင် ထိုဟိတ်တို့ရဲ့ အပြစ်တွေကို ကြိုတင်သိထားကြရပါမယ်။
ကုသိုလ်ဟိတ် (၃)ပါးက ကုသိုလ်တွေဖြစ်အောင် ကျေးဇူးပြုပုံ
အလောဘ၊ အဒေါသ၊ အမောဟတွေကတော့ မိမိတို့ရဲ့သန္တာန်မှာ ကုသိုလ်တွေဖြစ်အောင် ကျေးဇူးပြုကြတယ်။
* သူ့အသက်မသတ်နိုင်ရအောင်၊
* သူ့ဥစ္စာ မခိုးနိုင်ရအောင်၊
* သူ့တစ်ပါး သားမယား မဖျက်ဆီးနိုင်ရအောင်၊
* လိမ်ညာ မပြောနိုင်ရအောင်၊
* ကုန်းမတိုက်နိုင်ရအောင်၊
* ကြမ်းတမ်းစွာ မပြောနိုင်ရအောင်၊
* ပြိန်ဖျင်းတဲ့ စကားတွေ မပြောနိုင်ရအောင်၊
* သူတစ်ပါးရဲ့စည်းစိမ်တွေကို ကိုယ့်စည်းစိမ်ဥစ္စာဖြစ်အောင် မကြံစည်နိုင်ရအောင်၊
* သူတစ်ပါးတွေ ဆင်းရဲကြောင်း ပျက်ဆီးကြောင်း မကြံစည်နိုင်ရအောင်၊
* အယူလွဲ၊ အယူမှားတွေ မရှိရအောင် ... အလောဘ၊ အဒေါသ၊ အမောဟဆိုတဲ့ ဟိတ် (၃)ပါးက ကျေးဇူးပြုတယ်။
အလောဘ၊ အဒေါသ၊ အမောဟတွေရဲ့ အကျိုးတရားတွေကို အဋ္ဌကထာဆရာတွေ ဖွင့်ပြထားပါတယ်။
အလောဘော ဒါနဟေတု။
အလောဘော = မလိုချင်တဲ့ အလောဘသည်၊ ဒါနဟေတု = ဒါန၏ အကြောင်းတည်း၊ (ဝါ) ဒါနနှင့် ပြည့်စုံခြင်း၏ အကြောင်းသည်၊ ဟောတိ = ဖြစ်၏။
အဒေါသော သီလဟေတု။
အဒေါသော = အဒေါသသည်၊ သီလဟေတု = သီလနှင့် ပြည့်စုံခြင်း၏ အကြောင်းသည်၊ ဟောတိ = ဖြစ်၏။
အမောဟော ဘာဝနာဟေတု။
အမောဟော = အမောဟသည်၊ ဘာဝနာဟေတု = ဘာဝနာနှင့် ပြည့်စုံခြင်း၏ အကြောင်းသည်၊ ဟောတိ = ဖြစ်၏။ ဣတိ = ဤသို့၊ အဋ္ဌကထာစရိယော = အဋ္ဌကထာဆရာသည်၊ သံသဏ္ဏေတိ = ကောင်းစွာမသွေ ဖွင့်ပြတော်မူခဲ့ပါပေသတည်း...။
သာဓု ... သာဓု ..... သာဓု ။
ယောဂီများရဲ့သန္တာန်မှာ အလောဘဖြစ်နေပြီဆိုလို့ရှိရင် ဒါနနှင့် ပြည့်စုံတော့မယ်။ မလိုချင် မတပ်မက်တော့ အလှူတွေ ပြုကြပါတယ်။ အလောဘက ဒါနဖြစ်ခြင်းရဲ့ အကြောင်း၊ ဒါနပြည့်စုံဖို့ရာ အကြောင်းဖြစ်တယ်။ အလောဘက ဒါနပြည့်စုံခြင်းရဲ့ အကြောင်းဆိုတော့ လောဘက မစ္ဆရိယ - ဝန်တိုနှမြောတဲ့ မလှူဒါန်းနိုင်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ မလှူဒါန်းနိုင်အောင်ဘဲ လောဘက ကျေးဇူးပြုတယ်။ လှူဒါန်းနိုင်အောင် အလောဘက ကျေးဇူးပြုပါတယ်။
အဒေါသက သီလနှင့်ပြည့်စုံခြင်းရဲ့ အကြောင်းဖြစ်တယ်။ အဒေါသဆိုတာ မေတ္တာပဲ။ မေတ္တာများတဲ့ ပုဂ္ဂိုလ်တွေ၊ သူတစ်ပါးကို ချမ်းသောစေလိုတဲ့ ပုဂ္ဂိုလ်တွေ သီလတွေ လုံခြုံကြတယ်။ သူတစ်ပါးကို ချမ်းသာစေလိုတဲ့ ပုဂ္ဂိုလ် သူတစ်ပါးအသက်ကို မသတ်နိုင်တော့ပါဘူး။ သတ်လိုက်ရင် သူတစ်ပါးတွေ ဆင်းရဲသွားတော့မယ်၊ မသတ်တော့ပါဘူး။
သူတစ်ပါးကို ချမ်းသာစေလိုတဲ့ပုဂ္ဂိုလ် သူတစ်ပါးပစ္စည်းလည်း မခိုးနိုင်တော့ဘူး၊ ခိုးလိုက်ရင် သူတစ်ပါးတွေ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်ကြရတော့မယ်။ မခိုးတော့ပါဘူး။ အဒေါသက သီလ လုံခြုံခြင်း၊ သီလပြည့်စုံခြင်းရဲ့ အကြောင်းဖြစ်တယ်။
အဒေါသ မေတ္တာက သီလလုံခြုံခြင်းရဲ့ အကြောင်း၊ သီလနှင့် ပြည့်စုံခြင်းရဲ့ အကြောင်း၊ သီလ လုံခြုံအောင် ကျေးဇူးပြုတယ်။
ဒေါသကတော့ သီလပျက်ကြောင်းဖြစ်တယ်။ ဒေါသကြီးတဲ့ပုဂ္ဂိုလ် မကြာခဏ သီလပျက်တတ်ပါတယ်။ သတ်ချင်လည်း သတ်ပစ်လိုက်တယ်။ ပုတ်ချင်လည်း ပုတ်ပစ်လိုက်တယ်။ ခိုးချင်လည်း ခိုးပစ်လိုက်တယ်။ ဒါကြောင့် ဒေါသက သီလပျက်ကြောင်းဖြစ်တယ်။ မကောင်းတဲ့ ဒေါသဟိတ်ဖြစ်လာရင် သီလပျက်အောင် ကျေးဇူးပြုတယ်။ ကောင်းတဲ့ အဒေါသဟိတ်ကတော့ သီလနဲ့ ပြည့်စုံအောင် ကျေးဇူးပြုတယ်။ ဒီတော့ ကောင်းတဲ့ဟိတ်တွေ များများဖြစ်ဖို့ လိုအပ်ပါတယ်။
အမောဟော ဘာဝနာဟေတု။
အမောဟော = အမောဟသည်၊ ဘာဝနာဟေတု = ဘာဝနာကုသိုလ်နှင့် ပြည့်စုံခြင်းရဲ့ အကြောင်း၊ ဘာဝနာကုသိုလ်နှင့် ပြည့်စုံခြင်းရဲ့ အကြောင်းဖြစ်တယ်။
မောဟက တရားအားမထုတ်နိုင်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ တွေတွေဝေဝေနဲ့ မောဟကြီးတဲ့ပုဂ္ဂိုလ်များ တရားအားမထုတ်နိုင်တော့ဘူး။ ဉာဏ်တုံးနေတယ်။ အမောဟဆိုတာ ဉာဏ်ပညာ၊ ဘာဝနာဆိုတာ ဉာဏ်ပညာအရာ၊ ဘာဝနာမှာ မွေ့လျော်နိုင်တဲ့ပုဂ္ဂိုလ်ဟာ သူ့မှာ ဉာဏ်ပညာနဲ့ ပြည့်စုံလို့ပဲဖြစ်တယ်။ မမွေ့လျော်နိုင်ဘူး၊ ဘာဝနာတရားကို အားမထုတ်နိုင်ဘူးဆိုတာ သူ့မှာ ဉာဏ်တုံးနေလို့ မောဟဟိတ်တွေ များနေလို့ ဖြစ်တယ်။ ဟိတ် (၆)ပါးက ကျေးဇူးပြုပုံ ထင်ရှားပါတယ်။
အလောဘက ဒါနနဲ့ ပြည့်စုံအောင် ကျေးဇူးပြုတယ်။ လောဘက မလှူနိုင်အောင် ကျေးဇူးပြုတယ်။ အဒေါသက သီလနှင့် ပြည့်စုံအောင် ကျေးဇူးပြုတယ်။ ဒေါသက သီလပျက်အောင် ကျေးဇူးပြုတယ်။ အမောဟက ဘာဝနာကုသိုလ်နှင့် ပြည့်စုံအောင် ကျေးဇူးပြုတယ်။ မောဟက ဘာဝနာတရားတွေ အားမထုတ်နိုင် ကျေးဇူးပြုတယ်။ ထင်ရှားသွားပါပြီ။ ဘယ်သူ့သန္တာန် မှာလည်းဆိုတော့ ယောဂီများရဲ့ သန္တာန်မှာ ဖြစ်နေတာပါပဲ။ သတိထားသင့်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟတွေကို မြန်မြန်ပယ်နိုင်ရအောင် များများပယ်နိုင်ရအောင် အားထုတ်သင့်ပါတယ်။ အလောဘ၊ အဒေါသ၊ အမောဟတွေ မိမိသန္တာန်မှာ ပြည့်စုံလာရအောင် အားထုတ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
သေခြင်း (၆) မျိုး
ဟေတုပစ္စည်း၏ အကြောင်းတရားနှင့် အကျိုးတရားတို့ကို သိထားသင့်ကြပါတယ်။ အကြောင်းတရား အရင်းခံပြီး အကျိုးတရားဖြစ်ပုံကို အဋ္ဌကထာဆရာများက ဆက်လက်ပြီး ဖွင့်ပြထားပါတယ်။
အလောဘေန ပေတ္တိဝိသယေ န ဟောတိ။
အလောဘေန = အလောဘဖြင့်၊ ပေတ္တိဝိသယေ = ပြိတ္တာဘုံ၌၊ ဥပတ္တိ = ဖြစ်ခြင်းသည်၊ န ဟောတိ = မဖြစ်။
အဒေါသေန နိရယေ န ဟောတိ။
အဒေါသေန = အဒေါသဖြင့်၊ နိရယေ = ငရဲပြည်၌၊ ဥပပတ္တိ = ဖြစ်ခြင်းသည်၊ န ဟောတိ = မဖြစ်။
အမောဟေန တိရစ္ဆာန ယောနယံ န ဟောတိ။
အမောဟေန = အမောဟဖြင့်၊ တိရစ္တာနယောနိယံ = တိရစ္ဆာန်မျိုး၌၊ နိဗ္ဗတ္တိ = ဖြစ်ရခြင်းသည်၊ န ဟောတိ = မဖြစ်။
အလောဘက ပြိတ္တာဘုံမှာ မဖြစ်နိုင်ခြင်းရဲ့ အကြောင်း။ အဒေါသက ငရဲဘုံမှာ မဖြစ်နိုင်ခြင်းရဲ့အကြောင်း။ အမောဟက တိရစ္ဆာန်မျိုး၌ မဖြစ်နိုင်ခြင်းရဲ့ အကြောင်း။...ဆိုတာ ထင်ရှားပါတယ်။
လောဘက ပြိတ္တာဘုံမှာ ဖြစ်ခြင်းရဲ့ အကြောင်း။ ဒေါသက ငရဲဘုံမှာ ဖြစ်ခြင်းရဲ့အကြောင်း။ မောဟက တိရစ္ဆာန်ဘုံမှာ ဖြစ်ခြင်းရဲ့ အကြောင်း။...ဆိုတာ ထင်ရှားပါတယ်။ ဟေတုပစ္စည်းက ကျေးဇူးပြုတာ ထင်ရှားပါတယ်။
လောဘအားကြီးရင် လောဘနဲ့သေရင် ပြိတ္တာပြည်မှာ ဖြစ်လိမ့်မယ်။
ဆောင်ပုဒ်။ ။ လောဘနှင့်သေ၊ ထိုသူတွေ၊ ရောက်လေ ပြိတ္တာပြည်။
ဟေတုပစ္စည်း-လောဘက ကျေးဇူးပြုတာ ပြိတ္တာပြည်ရောက်သွားပါတယ်။
ဆောင်ပုဒ်။ ။ အလောဘနှင့်သေ၊ ထိုသူတွေ၊ ရောက်လေလူ နတ်ပြည်။
အလောဘတည်းဟူသော ဟိတ်ဟေတုပစ္စည်းက ကျေးဇူးပြုလိုက်တာ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်ထိ ရောက်နိုင်ပါတယ်။ "လူ့ပြည်၊ နတ်ပြည်" ဆိုတာ ဥပလက္ခဏနည်းပါပဲ။ ဗြဟ္မာပြည်လည်း ရောက်ကြတာပါပဲ။
ဆောင်ပုဒ်။ ။ ဒေါသနှင့်သေ၊ ထိုသူတွေ၊ ရောက်လေ ငရဲပြည်။
ဟေတုပစ္စည်း ဒေါသကနေ ကျေးဇူးပြုတာ ငရဲကို ရောက်တယ်။ ဒီတော့ ဒေါသကင်းအောင် နေသင့်ပါတယ်။
ဆောင်ပုဒ်။ ။ အဒေါသနှင့်သေ၊ ထိုသူတွေ၊ ရောက်လေလူ နတ်ပြည်။
ဟေတုပစ္စည်းမှ အဒေါသက ကျေးဇူးပြုလို့ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်သို့ ရောက်သွားနိုင်တယ်။
ဆောင်ပုဒ်။ ။ မောဟနှင့်သေ၊ ထိုသူတွေ၊ ဖြစ်လေ တိရစ္ဆာန်။
မောဟတည်းဟူသော ဟေတုပစ္စည်းက ကျေးဇူးပြုလို့ တိရစ္ဆာန်ပြည် ရောက်သွားပါတယ်။ တိရစ္ဆာန်ဆိုတာ တွေတွေဝေဝေဖြစ်တယ်။ တွေတွေဝေဝေဖြစတော့ ကောင်းမှုကုသိုလ်တွေ မဖြစ်နိုင်ကြတော့ဘူး။ လူ့ပြည် ပြန်ရောက်ဖို့က အလွန်ခဲယဉ်းသွားကြပေတယ်။ မောဟ မိမိတို့သန္တာန်မှာ ကင်းနိုင်သမျှ ကင်းအောင် အားထုတ်သင့်ပါတယ်။
ဆောင်ပုဒ်။ ။ အမောဟနှင့်သေ၊ ထိုသူတွေ၊ ရောက်လေ နိဗ္ဗာန်ပြည်။
အမောဟဆိုတာ ပညာ၊ ပညာဉာဏ်နှင့် သေသွားရင် အမြတ်ဆုံး အထွပ်အထိပ် အကျိုးကတော့ နိဗ္ဗာန်ပြည်ဖြစ်တယ်။ လူ့ပြည်လည်း ရောက်နိုင်တယ်။ နတ်ပြည်လည်း ရောက်နိုင်တယ်။ ဗြဟ္မာပြည်လည်း ရောက်နိုင်တယ်။ အမောဟနှင့် သေနိုင်ဖို့က သိပ်အရေးကြီးတယ်။ အမောဟ အထုံဝါသနာတွေ ပါပြီးတော့ ကွယ်လွန်ခါနီးမှာ အမောဟနဲ့ သေရင်တော့ သူ့ရဲ့ပါရမီအားလျော်စွာ မြင့်မြတ်ရာ ဘုံဘဝတွေ ရောက်နိုင်ပါတယ်။ နိဗ္ဗာန်သို့လည်း ရောက်သွားနိုင်တယ်။ ပညာနဲ့ သေဖို့က အမှတ်တရားနဲ့သေမှ။ မှတ်နေတုံးမှာ ဝိပဿနာဉာဏ်တွေ ဖြစ်နေပါတယ်။
အဲဒီ ဝိပဿနာဉာဏ်ဖြင့် ကွယ်လွန်ရမယ်ဆိုရင်တော့ အထက်တန်းတန်းကျကျ ဘုံဘဝတွေကို ရောက်သွားမှာပါပဲ။ ကွယ်လွန်ခါနီးတော့ ကွယ်လွန်လောက်တဲ့ ရောဂါဝေဒနာတွေနှင့် ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း တွေ့ကြရပါတယ်။ အဲဒီရောဂါဝေဒနာ ဒုက္ခဝေဒနာတွေကို လွှမ်းမိုးနိုင်အောင် မှတ်နိုင်မယ်ဆိုလို့ရှိရင်၊ အဲဒီလို မှတ်ရင်း မှတ်ရင်း ကွယ်လွန်သွားလို့ရှိရင် .. အမောဟဉာဏ်ပညာနဲ့ သေတယ်လို့ ခေါ်ပါတယ်။ ဟေတုပစ္စည်းက ကျေးဇူးပြုလိုက်တော့ မြင့်မြတ်ရာ ဘုံဘဝကို ရောက်သွားနိုင်ပါတယ်။
ဟေတုပစ္စည်း - ၁(ဂ)
ဟေတုပစ္စည်းက ပစ္စုပ္ပန်ဘဝ ပစ္စုပ္ပန်ကာလမှာပင် ကျေးဇူးပြုပုံ
အမှာ။ ။ ဟေတုပစ္စည်းက ပစ္စုပ္ပန်ဘဝ ပစ္စုပ္ပန်ကာလမှာပင် ကျေးဇူးပြုတယ်။ နောင်ဘဝများမှာ ဖြစ်ခြင်းသည် အကျိုးဆက်မျှသာ ဖြစ်ပါတယ်။ ဟေတုပစ္စည်းက တိုက်ရိုက်ကျေးဇူးပြုတာ မဟုတ်ဘူးလို့ သိကြရပါတယ်။
ရောဂါသမသီတိ ရဟန္တာ = ရောဂါလည်းပျောက်၊ ရဟန္တာလည်းဖြစ်၊ ဒီလိုပုဂ္ဂိုလ်လည်း ရှိတယ်။ ဇီဝိတသမသီတိ ရဟန္တာ = ရဟန္တာလည်းဖြစ်၊ အသက်လည်းကုန်၊ မှတ်နေရင်း မှတ်နေရင်းနဲ့ အသက်လည်းကုန်သွားတော့ မောဟဖြင့် သေတာမဟုတ်၊ အမောဟဖြင့် (သေတာ) ပရိနိဗ္ဗာန်စံတာ ဖြစ်ပါတယ်။ ပညာဉာဏ်ဖြင့် (သေတဲ့) ပရိနိဗ္ဗာန်စံတဲ့အတွက်ကြောင့် ရဟန္တာအဖြစ်ဖြင့် (သေရတဲ့) ပရိနိဗ္ဗာန်စံရတဲ့အတွက်ကြောင့် နိဗ္ဗာန်ပြည် ရောက်သွားပါမယ်။
အမောဟနဲ့ သေဖို့ရာ ယောဂီများအတွက် အရေးကြီးဆုံးပါပဲ။ အမောဟနဲ့ သေနိုင်ရအောင် သတိပဋ္ဌာန် ဝိပဿနာတရား ရှုမှတ်နေရပါမယ်။ ရှုမှတ်နေရင်း အမောဟနဲ့ သေရတာ အကောင်းဆုံးပါပဲ။ မတွေမဝေသေရတော့ သောတာပန်ဆိုရင်လည်း မြင့်မြတ်တဲ့ ဘုံဘဝပဲရောက်မယ်။ သကဒါဂါမ်ဆိုရင်လည်း လူ့ပြည်၊ နတ်ပြည် (၆)ထပ်သို့ ရောက်မယ်။ အနာဂါမ်ဆိုရင်လည်း ဗြဟ္မာပြည်သို့ ရောက်မယ်။ ရဟန္တာဆိုရင်လည်း နိဗ္ဗာန်သို့ ရောက်သွားမှာပါပဲ။ အဋ္ဌကထာဆရာတွေ ဖွင့်ပြထားတာ အလွန်ပဲ နေရာကျပါတယ်။
လောဘ၊ ဒေါသ၊ မောဟတည်းဟူသော မကောင်းတဲ့ ဟိတ် (၃)ပါးက ကျေးဇူးပြုမယ်ဆိုလို့ရှိရင် တိရစ္ဆာန်တို့၊ ငရဲတို့၊ ပြိတ္တာသို့ ကျသွားနိုင်ပါတယ်။ ကောင်းတဲ့ဟိတ် (၃)ပါး အလောဘ၊ အဒေါသ၊ အမောဟတို့က ကျေးဇူးပြုရင် လူ့ပြည်၊ နတ်ပြည် (၆)ထပ်၊ ဗြဟ္မာပြည်၊ နိဗ္ဗာန်တိုင်အောင်ပဲ ရောက်ရှိသွားနိုင်ပါတယ်။
ဒီတော့ အလောဘ၊ အဒေါသ၊ အမောဟတရားတွေ များများဖြစ်အောင် ယောဂီများ အားထုတ်ဖို့ လိုအပ်ပါတယ်။ လူ့ပြည်ရောက်နေတဲ့ အခိုက်အတန့်ဖြစ်လို့ အားထုတ်နေကြရတာဖြစ်တယ်။ အခုယောဂီများကတော့ အမြဲတမ်းလိုပဲ အားထုတ်နေကြပါတယ်။ အလောဘ၊ အဒေါသ၊ အမောဟတွေဖြစ်အောင် အားထုတ်နေကြရတာဖြစ်တယ်။ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာ ကောင်းပါတယ်။
အလောဘနှင့် လောဘတို့၏ အကျိုးအပြစ်များ
အဋ္ဌာကထာဆရာတွေက အများကြီးပဲ ဖွင့်ပြထားပါတယ်။ လောဘ၊ ဒေါသ၊ မောဟတွေရဲ့ အပြစ်တွေ၊ အလောဘ၊ အဒေါသ၊ အမောဟတွေရဲ့ အကျိုးတွေ ဟေတုပစ္စည်းရဲ့ အကျိုး အပြစ်တွေကို အဋ္ဌကထာဆရာတွေက ဖွင့်ပြတာ သိပ်ကောင်းပါတယ်။
အလောဘော အရောဂျဿ ပစ္စယော ဟောတိ။
အလောဘော = အလောဘသည်၊ အရောဂျဿ = ကျန်းမာခြင်း၏၊ ပစ္စယော = အကြောင်းသည်၊ ဟောတိ = ဖြစ်၏။
အဒေါသော ယောဗ္ဗနဿ ပစ္စယော ဟောတိ။
အဒေါသော = အဒေါသသည်၊ စိတ်မဆိုး အမျက်မထွက်တတ်ခြင်းသည်၊ ယောဗ္ဗနဿ = အရွယ်ကောင်းခြင်း၊ အရွယ်တင်ခြင်း၏၊ ပစ္စယော = အကြောင်းသည်၊ ဟောတိ = ဖြစ်၏။
အမောဟော ဒီဃာယုကတာယ ပစ္စယော ဟောတိ။
အမောဟော = အမောဟသည်၊ ဒီဃာယုကတာယ = အသက်ရှည်ခြင်း၏ ၊ ပစ္စယော = အကြောင်းသည်၊ ဟောတိ = ဖြစ်၏ ။ ဣတိ = ဤသို့၊ အဋ္ဌကထာစရိယော = အဋ္ဌကထာဆရာသည်၊ သံဝဏ္ဏေတိ = ကောင်းစွာမသွေ ဖွင့်ပြတော်မူခဲ့ပါပေသတည်း..။
သာဓု ... သာဓု .... သာဓု ။
အလောဘ မလိုချင် မတပ်မက်ခြင်းဟာ အရောဂျဿ = အနာရောဂါကင်းခြင်း၏ ၊ ပစ္စယော = အကြောင်းဖြစ်တယ်။ လောဘနည်းတဲ့ ပုဂ္ဂိုလ်တွေ အရာရာမှာ စားတဲ့သောက်တဲ့ နေရာမှာပဲဖြစ်ဖြစ်၊ ကိုယ်အမူအရာ နှုတ်အမူအရာတွေ ပြုလုပ်မည့်အရာတွေမှာဖြစ်ဖြစ် လောဘနည်းတဲ့ ပုဂ္ဂိုလ်ဆိုတော့ အတိုင်းအတာနဲ့ မှီဝဲသုံးဆောင်တတ်တယ်။ မျှတရုံပဲ မှီဝဲသုံးဆောင်တတ်တယ်။ ဒီတော့ ကျန်းမာပါတယ်။
ပြောင်းပြန်အားဖြင့် လောဘကြီးတဲ့ ပုဂ္ဂိုလ်တွေ စားတဲ့အခါမှာလည်းပဲ သူကြိုက်တဲ့ အစာတွေနဲ့ တွေ့ရင် အလွန်အကျွံ စားတတ်တယ်။ လောဘကြီးတဲ့ ပုဂ္ဂိုလ်တွေဟာ အစားလည်းကြီးတယ်။ အစားကြီးပြီး အလွန်အကျွံစားတော့ အစာမကြေရောဂါတွေ ဖြစ်ကြရတယ်။
အလောဘဟာ ကျန်းမာခြင်းရဲ့ အကြောင်းဖြစ်တယ်။ လောဘက မကျန်းမာခြင်းရဲ့ အကြောင်းဖြစ်တယ်။ သတိထားသင့်ပါတယ်။
လောဘကြီးတဲ့ ပုဂ္ဂိုလ်တွေမှာ မကျန်းမမာ ဖြစ်လာတတ်တယ်။ ဟိုဟာလည်း လိုချင်၊ ဒီဟာလည်း လိုချင်၊ ဟိုဟာလည်းရချင်၊ ဒီဟာလည်းရချင်။ လောဘကြီးတော့ နေရာဒေသမရွေး၊ အချိန်ကာလမရွေး၊ အစားအသောက်မရွေး ပြုလုပ်စားသောက်တော့ မကျန်းမာတော့ပါဘူး။ လောဘနည်းတဲ့ ပုဂ္ဂိုလ်ကတော့ အချိန်ကာလကို ကြည့်ပြီးတော့ ရသင့်တာမှပဲ ယူတော့မယ်။ မရသင့်တာ မယူတော့ဘူး။ စားသင့်တာမှပဲ စားမယ်။ မစားသင့်တာ မစားတော့ပေဘူး။ လောဘနည်းနေတော့ အတိုင်းအရှည် ပမာဏကိုသိပြီး မှီဝဲသုံးဆောင်တတ်တော့ ကျန်းမာခြင်းရဲ့ အကြောင်းဖြစ်တယ်။
ကျန်းမာတာဟာလည်း ယောဂီများအတွက် အကောင်းဆုံး လာဘ်တစ်ခုပဲ။ "အာရောဂျာ ပရမာ လာဘာ" အရောဂျာ = ကျန်းမာခြင်းသည်၊ ပရမာ = မြတ်သော၊ လာဘာ = လာဘ်ကြီးတစ်ခုပင်တည်း။ ကျန်းမာနေတာ အကောင်းဆုံး အမြတ်ဆုံး လာဘ်ပဲဖြစ်တယ်။ ယောဂီများ မကြာခဏ နာကြားဘူးပါတယ်။ ကျန်းမာမှ လောကရေးရာတွေလည်း ဆောင်ရွက်နိုင် အားထုတ်နိုင်ပါတယ်။ ကျန်းမာတဲ့ ပုဂ္ဂိုလ် လောကရေးရာ စီးပွားရေး ကြီးပွားရေးတွေလည်း ထိုက်သည့်အားလျော်စွာ မိမိကိုယ်အား ဉာဏ်အားနှင့်အမျှ ဆောင်ရွက်နိုင်ပါတယ်။ လောကုတ္တရာရေးရာဘက်က၊ ဓမ္မရေးရာဘက်ကလည်း ကျန်းမာတဲ့ ပုဂ္ဂိုလ်မှ မိမိရဲ့ တရားဓမ္မကို ကြိုးကြိုးစားစား အားထုတ်နိုင်တယ်။ အကျန်းမာရင်တော့ အားမှ မထုတ်နိုင်တော့ပါဘူး။
ဆောင်ပုဒ်။ ။ ယုံကြည်ကျမ်းမာ၊ ဖြောင့်စွာစိတ်ထား၊ ကြိုးစားတွင်တွင်၊ ဖြစ်ပျက်မြင်၊ ငါးအင်တရားရကြောင်းတည်း။
တရားရကြောင်း အင်္ဂါငါးပါးတို့တွင် ယုံကြည်တာက နံပါတ်(၁)။ ကျန်းမာတာက နံပါတ်(၂)ဖြစ်တယ်။ ကျန်းမာတာက နံပါတ်(၂)ကနေပြီးတော့ တရားရဖို့ ကျေးဇူးပြုနေပါတယ်။ ဒါကြောင့် အလောဘ မိမိတို့ သန္တာန်မှာ ရှိနေဘို့ ကောင်းပါတယ်။ လောဘနည်းနိုင်သမျှ နည်းအောင် အားထုတ်ရပါတယ်။ ဟေတုပစ္စည်းတွေထဲက အလောဘဆိုရင် ပြည့်စုံလာဖို့၊ လောဘဆိုရင် ပယ်နိုင်ဖို့ အားထုတ်ကြရပါတယ်။
အဒေါသက အရွယ်နှင့်ပြည့်စုံခြင်းရဲ့ အကြောင်း၊ အရွယ်တင်ခြင်းရဲ့အကြောင်းဖြစ်တယ်။ အဒေါသက အရွယ်တင်ခြင်းရဲ့အကြောင်းဆိုတော့ ဒေါသက အရွယ်အိုလွယ်ခြင်းရဲ့အကြောင်းဖြစ်တယ်။ ဒေါသကြီးတဲ့ ပုဂ္ဂိုလ် ဒေါသမီးက လောင်တော့ အိုလွယ်ပါတယ်။ ဒေါသကြီးတော့ ခန္တာကိုယ်မှ စိတ္တဇရုပ်တွေကို စပြီးလောင်ပါတယ်။ ဒေါသကြီးတဲ့ပုဂ္ဂိုလ် ဆံပင်တွေ မြန်မြန်ဖြူတတ်တယ်။ နားထိုင်း၊ ခါးကိုင်း မြန်မြန်ဖြစ်လာတတ်တယ်။ သွားတွေလည်း မြန်မြန် ကျိုးလာတတ်တယ်။ ဒေါသကြီးတဲ့ပုဂ္ဂိုလ် အရွယ်အိုလွယ်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ အဒေါသ မေတ္တာများတဲ့ ပုဂ္ဂိုလ်ကတော့ အရွယ်တင်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ ဟေတုပစ္စည်းက ကျေးဇူးပြုပုံ အဋ္ဌကထာဆရာတွေ ဖွင့်ပြပြတယ်။
အမောဟကတော့ အသက်ရှည်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ ဉာဏ်ပညာရှိတော့ သင့်တာတွေကို ပြုလုပ်ဆောင်ရွက်ပြီး မသင့်တာတွေကို ရှောင်ကြဉ်တော့ အသက်ရှည်ပါတယ်။ မောဟကတော့ အသက်တိုကြောင်းပဲ ဖြစ်တယ်။ တွေတွေဝေဝေ ဘာမှ ကောင်းတာ ဆိုးတာ မသိဘူး၊ ကိုယ်နဲ့ တည့်လား၊ မတည့်လား၊ ကိုယ်နဲ့သင့်လား၊ မသင့်လား၊ မသိဘဲနှင့် မှီဝဲတယ်၊ သုံးဆောင်တယ်၊ ပြုလုပ်တယ်ဆိုရင် အသက်တိုသွားနိုင်ပါတယ်။
ဟေတုပစ္စည်းက ယောဂီများရဲ့ သန္တာန်မှာ အမြဲကျေးဇူးပြုနေပါတယ်။ အကြောင်းတရားတွေနဲ့ ကောင်းတာဖြစ်ဖို့၊ အကြောင်းတရားတွေနဲ့ ဆိုးတာဖြစ်ဖို့၊ အကြောင်းတရား (၂)မျိုးဟာ ရှိနေကြတာပါပဲ။ ရဟန္တာပုဂ္ဂိုလ် မဖြစ်သေးသမျှ ကာလပတ်လုံး ရှိနေကြပါတယ်။ ရှိနေတော့ အထူးသတိထားသင့်ပါတယ်။
အလောဘော ဘောဂသမ္ပတ္တိယာ ပစ္စယော ဟောတိ။
အလောဘော = မလိုချင် မတပ်မက်ခြင်းသည်၊ ဘောဂသမ္ပတ္တိယာ = စည်းစိမ်ဥစ္စာနှင့် ပြည့်စုံခြင်း၏ ၊ ပစ္စယော = အကြောင်းသည်၊ ဟောတိ = ဖြစ်၏ ။
အဒေါသော မိတ္တသမ္ပတ္တိယာ ပစ္စယော ဟောတိ။
အဒေါသော = အမျက်မထွက် ဒေါသမထွက်ခြင်း မပြစ်မှားတတ်သော မေတ္တာသည်၊ မိတ္တသမ္ပတ္တိယာ = မိတ်ဆွေနှင့် ပြည့်စုံခြင်း၏ ၊ ပစ္စယော = အကြောင်းသည်၊ ဟောတိ = ဖြစ်၏ ။
အမောဟော အတ္တသမ္ပတ္တိယာ ပစ္စယော ဟောတိ။
အမောဟော = အမောဟသည်၊ အတ္တသမ္ပတ္တိယာ = မိမိကိုယ်ကို ပြည့်စုံစေခြင်း၏ ၊ ပစ္စယော = အကြောင်းသည်၊ ဟောတိ = ဖြစ်၏ ။ ဣတိ = ဤသို့၊ အဋ္ဌကထာစရိယော = အဋ္ဌကထာဆရာသည်၊ သံဝဏ္ဏေတိ = ကောင်းစွာမသွေ ဖွင့်ပြတော်မူခဲ့ပါသတည်း။
သာဓု ... သာဓု ... သာဓု ။
ယောဂီများရဲ့သန္တာန်မှာ ရှိနေတဲ့ ဟေတုပစ္စည်းထဲက အလောဘ = မလိုချင် မတပ်မက်ခြင်းသည် စည်းစိမ်ဥစ္စာ ရတနာနှင့် ပြည့်စုံခြင်းရဲ့အကြောင်းဖြစ်တယ်။ မလိုချင် မတပ်မက်တဲ့ ပုဂ္ဂိုလ်တွေမှာ စည်းစိမ်ဥစ္စာ ရတနာတွေ ပြည့်စုံပေါများတတ်ပါတယ်။ မလိုချင်တော့ လှူပါတယ်။ လှူတော့ ပစ္စည်းဥစ္စာတွေ ပေါများလာတာပါပဲ။ ဒီဘဝမှာလည်း ပေါများတယ်။ နောင်နောင်ဘဝတွေမှာလည်း မုချပေါများတယ်။
အလောဘက စည်းစိမ်ဥစ္စာ ရတနာတွေ ပေါများခြင်းရဲ့အကြောင်းဆိုတော့ လောဘက ရှားပါးခြင်းရဲ့ အကြောင်းဖြစ်တယ်။ လောဘသိပ်ကြီးရင် ဒီဘဝ မလှူနိုင် မတန်းနိုင်၊ မပေးနိုင်တော့ဘူး။ လောဘ သိပ်ကြီးရင် ဒီဘဝမှာလည်း ရှားပါးတတ်တယ်။ နောင်နောင်ဘဝတွေတော့ ရှားပါးတာ ပိုပြီး ထင်ရှားတယ်။
အဒေါသနှင့် ဒေါသတို့၏ အကျိုးအပြစ်များ
အဒေါသ = မေတ္တာက မိတ်ဆွေကောင်းတွေနှင့် ပြည့်စုံခြင်းရဲ့ အကြောင်းဖြစ်တယ်။ အဒေါသက မိတ်ဆွေသင်္ဂဟနှင့် ပြည့်စုံခြင်းရဲ့ အကြောင်းဆိုတော့ ဒေါသက မိတ်ပျက်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ ဒေါသကြီးတဲ့ ပုဂ္ဂိုလ်တွေ မကြာခဏ မိတ်ဆွေတွေ ပျက်တတ်တယ်။ သည်းမှ မခံတော့ဘဲကိုး။ ဆတ်ဆတ်ကလေးမှ အထိမခံဘူး။ ဒီတော့ မိတ်ဆွေတွေ ပျက်ကုန်ပါတယ်။ သည်းမခံနိုင်တာနဲ့ ဒေါသနဲ့က မိတ်ဖက်ဖြစ်တယ်။ ဒေါသကြီးတော့ သည်းမခံနိုင်၊ သည်းမခံနိုင်တော့ ဒေါသကြီးတယ်။ ဒေါသကြီးတဲ့ ပုဂ္ဂိုလ် သူတစ်ပါးတွေ မခင်နိုင်တော့ပါဘူး။ ဘာမှမဟုတ်တဲ့ အကြောင်းလေးနဲ့လည်း စိတ်ဆိုးအမျက်ထွက်တယ်။ ဒီလိုဖြစ်နေတဲ့ ပုဂ္ဂိုလ်ကို ဘယ်သူမှ မခင်တော့ပေဘူး။ ဒေါသက မိတ်ဆွေပျက်ကြောင်းဖြစ်တယ်။
အဒေါသ = မေတ္တာကတော့ မိတ်ဆွေတွေ ပေါများခြင်းရဲ့ အကြောင်းဖြစ်တယ်။ သူတစ်ပါးကို ချမ်းသာစေချင်တဲ့ ပုဂ္ဂိုလ်သည် သည်းလည်းသည်းခံတတ်တယ်။ အဒေါသနှင့် မေတ္တာကတော့ မိတ်ဖက်ပဲ။ သည်းခံတတ်လို့ရှိရင် အဒေါသ = မေတ္တာတွေ များလို့ပဲ ဖြစ်တယ်။ သည်းမခံတတ်လို့ရှိရင် ဒေါသတွေ များလို့ပဲဖြစ်တယ်။ အရာရာမှာ သည်းခံတတ်တော့ မိတ်ဆွေသင်္ဂဟတွေ ပေါများပါတယ်။ အဋ္ဌကထာဆရာတွေ ဖွင့်ပြတာ သိပ်သဘာဝကျပါတယ်။
အဋ္ဌကထာဆရာတွေဆိုတာ မြတ်စွာဘုရားရဲ့ အလိုတော်ကို သိတော်မူကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ မြတ်စွာဘုရားရဲ့ ပါဠိတော်စကားတွေကို ယူယူပြီး ဖွင့်ပြတဲ့ အဋ္ဌကထာဆရာတွေရဲ့ စကားဟာ မြတ်စွာဘုရားရဲ့ စကားနဲ့ အလားတူပါပဲ။
အဋ္ဌကထာဆရာတွေရဲ့ စကားကို လိုက်နာသင့်ပါတယ်။ မိတ်ဆွေသင်္ဂဟတွေနဲ့ ချမ်းချမ်းသာသာ နေချင်တယ်ဆိုရင် ကိုယ့်သန္တာန်မှာ ဘယ်တရားရှိအောင် အားထုတ်ရပါမလဲ ... အဒေါသ = မေတ္တာရှိအောင် အားထုတ်ရပါမယ်။ အဒေါသ = မေတ္တာများများထားရမယ်။ မေတ္တာများများ ထားပြီးနေရမယ်။ ကြီးပွားကြောင်း ဖြစ်ပါတယ်။ မေတ္တာဓာတ်များတဲ့ ပုဂ္ဂိုလ်တွေနဲ့ အတူတကွ နေကြရတဲ့ ပုဂ္ဂိုလ်တွေမှာ ကိုယ်ချမ်းသာ စိတ်ချမ်းသာနဲ့ နေကြရပါတယ်။ မိတ်ဆွေသင်္ဂဟတွေကလည်း ပေါများလို့ ချမ်းသာပါတယ်။ ဟေတုပစ္စည်းက ကျေးဇူးပြုတာဖြစ်တယ်။
အမောဟနှင့် မောဟတို့၏ အကျိုးအပြစ်များ
အမောဟော အတ္တသမ္ပတ္တိယာ ပစ္စယော ဟောတိ။
အမောဟော = အမောဟသည်၊ အတ္တသမ္ပတ္တိယာ = မိမိကိုယ်ကို ပြည့်စုံစေခြင်း၏ ၊ ပစ္စယော = အကြောင်းသည်၊ ဟောတိ = ဖြစ်၏ ။ အမောဟ မတွေဝေတတ်တဲ့ပုဂ္ဂိုလ်သည် ကောင်းတာနဲ့ ဆိုးတာ၊ သင့်တာနဲ့ မသင့်တာ ခွဲခြားသိ၍ နေတတ်တော့ မိမိကိုယ်မှာ ပြည့်စုံပါတယ်။ အဖက်ဖက်က ပြည့်စုံနေတတ်တယ်။ အမောဟက ပြည့်စုံခြင်းရဲ့အကြောင်းဖြစ်တယ်။
အမောဟက ပြည့်စုံခြင်းရဲ့အကြောင်းဆိုတော့ မောဟက မပြည့်စုံခြင်းရဲ့ အကြောင်း၊ ဆုတ်ယုတ်ခြင်းရဲ့အကြောင်းဖြစ်တယ်။ ကောင်းတာ၊ ဆိုးတာ မခွဲခြားနိုင်ဘူး။ သင့်တာ မသင့်တာကိုလည်း မခွဲခြားနိုင်ဘူး။ တော်တာ မတော်တာကိုလည်း မခွဲခြားနိုင်တော့ ဆုတ်ယုတ်သွားပါတယ်။ "မရှိတာထက် မသိတာခက်" ဟုဆိုတာ မောဟကို ပြောတာဖြစ်တယ်။ အဝိဇ္ဇာလို့လည်း ခေါ်တယ်။ မောဟလို့လည်း ခေါ်တယ်။ အဝိဇ္ဇာဆိုတာ အမှောင်ကျနေတာပဲ။ အလင်းမရှိဘူး။ ကောင်းတာ ဆိုးတာ မခွဲတတ်ဘူး။ သင့်တာ မသင့်တာ မခွဲတတ်ဘူး။ အကျိုးရှိတာ မရှိတာ မခွဲတတ်ဘူး ဆိုတော့ ဆုတ်ယုတ်သွားပါတယ်။ အဋ္ဌကထာဆရာတွေ ဖွင့်ပြတာ အလွန်ပဲ သဘာဝကျပါတယ်။
အဋ္ဌာကထာဆရာတွေက နောက်ထပ်လည်း အများကြီး ဖွင့်ပြကြပါတယ်။ အလောဘက ကာမသုခလ္လိကာနုယောဂကို ရှောင်ကြဉ်နိုင်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ အလောဘရှိတဲ့ ပုဂ္ဂိုလ်သည် ကာမသုခလ္လိကာနုယာဂအကျင့်ကို ရှောင်ကြဉ်နိုင်တယ်။
အဒေါသက အတ္တကိလမထအကျင့်ကို ရှောင်ကြဉ်နိုင်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ အတ္တကိလမထဆိုတာ ကိုယ်ပင်ပန်း စိတ်ပင်ပန်းတဲ့အကျင့်ဆိုတာ ဒေါသဦဆောင်တယ်။ အဒေါသ အရင်းခံ ရှိရင်တော့ ရှောင်ကြဉ်နိုင်ပါတယ်။
အမောဟကတော့ မဇ္ဈိမပဋိပဒါအကျင့်ကို ကျင့်နိုင်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ ဟေတုပစ္စည်းတွေထဲက တရားတွေကောင်းပါတယ်။ အလောဘရှိရင် ကာမသုခလ္လိကာနုယောဂ = ကာမဂုဏ်ချမ်းသာကို ခံစားသော အကျင့်ကို မကျင့်တော့ဘူး။ အဒေါသရှိရင် အတ္တကိလမထ = ကိုယ်ပင်ပန်းအောင် ကျင့်သောအကျင့်ကို မကျင့်တော့ဘူး။ အမောဟရှိရင်တော့ မဇ္ဈိမပဋိပဒါအကျင့်ကို ကျင့်နိုင်ဖို့ရာ ဖြစ်တယ်။ ဒီတော့ လောဘကြီးလို့ လောဘရှိနေရင် ကာမသုခလ္လိကာနုယောဂ အကျင့်တွေ မှီဝနေတတ်တယ်။ ကျင့်နေတတ်တယ်။ ဒေါသရှိရင် အတ္တကိလမထအကျင့်တွေလည်း ကျင့်နေတတ်တယ်။ မောဟရှိနေလို့ရှိရင် တွေတွေဝေဝေဖြစ်နေလို့ ဘာအကျင့်မှ ဟုတ်တိပတ်တိ ကျင့်နိုင်တော့မှာ မဟုတ်တော့ဘူးတဲ့။ အဋ္ဌကထာဆရာတွေ ဖွင့်ပြပါတယ်။
လောဘ၊ ဒေါသ၊ မောဟတွေက ပုဂ္ဂိုလ်သတ္တဝါတွေကို အမြဲတမ်းပဲ ဒုက္ခပေးနေတာပါပဲ။ လောဘ၊ ဒေါသ၊ မောဟတွေ ရှိနေလို့ရှိရင် ချမ်းသာခွင့် မရကြဘူး။ တော်တော်လေး အထက်တန်း ရောက်သွားတာတောင်မှ လောဘရှိနေသေးရင် ဒီလောဘက ဒုက္ခပေးသေးတာပါပဲ။ လောကီဈာန် သမာပတ်တွေ ရထားတာတောင်မှ လောဘရှိနေသေးတယ်။ အဲဒီ လောကီဈာန်သမာပတ်ရတဲ့ ပုဂ္ဂိုလ်တွေတောင်မှ လောဘရဲ့ ကျေးဇူးပြုတာကို ခံရလို့ ဒုက္ခတွေ ဖြစ်ကြတယ်။
ဟေတုပစ္စည်း ၁(ဃ)
တစ်ချိန်သောအခါက ကပိလဝတ်ပြည်မှာ ဂေါပိကာဆိုတဲ့ အမျိုးသမီး တစ်ယောက်ရှိတယ်။ အဲဒီအမျိုးအမီးက အမျိုးသမီးဘဝကို စက်ဆုပ်တယ်။ အမျိုးသားဘဝကို အလွန်ပဲ လိုချင်တယ်တဲ့။ လိုချင်တော့ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တယ်။ ငါးပါးသီလကို လုံခြုံအောင်ထိန်းတယ်။ အမျိုးသမီးအဖြစ်ကို မလိုချင်တဲ့သဘောတွေ မကြာခဏ ဆုတောင်းပတ္ထနာပြုတယ်။ အမျိုးသားအဖြစ်ကို လိုချင်ပြီးတော့ အမျိုးသားအဖြစ်ကို မကြာခဏ ဆုတောင်းပတ္ထနာပြုတယ်။
အမျိုးသမီးများ အမျိုးသားဖြစ်နိုင်ရေး အကြောင်းတရား (၄)ပါး ရှိပါတယ်။
(၁) ရတနာသုံးပါးကို ယုံယုံကြည်ကြည် ကိုးကွယ်တာရယ်။
(၂) ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းတာရယ်။
(၃) အမျိုးသမီးအဖြစ်ကို မလိုချင်တာရယ်။
(၄) အမျိုးသားအဖြစ်ကို လိုချင်တောင့်တတာရယ်။ ..... အဲဒီ လေးမျိုးကို ကျင့်ကြံအားထုတ်ပြီး နေတယ်။
သူကိုးကွယ်တဲ့ကျောင်းမှာလည်း အဲဒီ သူ၏ ဆုတောင်းတွေပြည့်ရအောင် ရဟန်း(၃)ပါးကို ကိုးကွယ်ထားတယ်တဲ့။ အဲဒီ ရဟန်း(၃)ပါးက သာမာန်ရဟန်းတွေ မဟုတ်ဘူး။ ဈာန်ရအောင်ကျင့်လို့ လောကီဈာန်ရထားတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ အဲဒီလို ကျင့်ကြံကြိုးကုတ် အားထုတ်ပြီး၊ ဈာန်ရတဲ့ ရဟန်းတွေကို ကိုးကွယ်ဆည်းကပ်ပြီး၊ အမျိုးသားအဖြစ်ကိုလည်း တောင့်တပြီး ကောင်းမှုတွေ ပြုနေပါတယ်။
ကွယ်လွန်သွားတဲ့အခါကျတော့ တာဝတိံသာနတ်ပြည်မှာ သိကြားမင်းရဲ့သား ဂေါပဂနတ်သား ဖြစ်သွားတယ်။ ဈာန်ရတဲ့ ရဟန်းတော်တွေလည်း သက်တမ်းကုန်ပြီး ကွယ်လွန်သွားကြ၊ ပျံလွန်တော်မူသွားကြတဲ့အခါ ဘယ်မှာသွားဖြစ်သလဲဆိုတော့ စတုမဟာရာဇ်နတ်ဘုံမှာ ဂန္ဓဗ္ဗကချေသည် နတ်သားတွေ သွားဖြစ်တယ်တဲ့။
တစ်နေ့တော့ ဂေါပဂနတ်သားကို အဲဒီကချေသည်နတ်သားတွေ ဖျော်ဖြေဖို့ရာ ရောက်လာကြတယ်။ ရောက်လာလို့ ဂေါပကနတ်သားက ကြည့်လိုက်တဲ့အခါ အို ... အဆင်းကလည်းသိပ်လှ၊ အဆိုကလည်းသိပ်ကောင်း၊ အက-ကလည်း သိပ်ကောင်း၊ ရုပ်ရည်အဆင်းတွေကလည်း သိပ်လှတော့ ဘယ်ဘဝကများ လာခဲ့ကြသလဲလို့ သူ့ရဲ့နတ်မျက်စိနဲ့ ဆင်ခြင်ကြည့်လိုက်တဲ့အခါ ရဟန်းဘဝ၊ ရဟန်းသီလနဲ့ ပြည့်စုံခဲ့လို့ အခုလို ပြည့်စုံကြတာဖြစ်တယ်။ အက-ကလည်း ကောင်း၊ အဆိုကလည်း ကောင်း၊ ရုပ်ရည်အဆင်းကလည်း ကောင်းတော့ ရဟန်းသီလနဲ့ ပြည့်စုံလို့ပဲလို့ သိရတယ်။ "သြော် ... သီလနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေ ဒီလိုချမ်းသာခွင့် ရတာကိုး" ဆိုပြီး ဝမ်းမြောက် ဝမ်းသာဖြစ်တယ်။
နောက်တစ်ခါဆက်ပြီး ဆင်ခြင်ကြည့်လိုက်တယ်။ နောက်ထပ် ဘယ်တရားများ သူတို့မှာ ရှိနေကြသလဲလို့ ဆင်ခြင်ကြည့်လိုက်တော့ ဈာန်ရတာကို သိရတယ်။ "သြော်ဒါကြောင့်မို့ ဒီလောက်တင့်တယ်ကြတာကိုး" ဟု စိတ်ထဲမှာ ဖြစ်သွားတယ်။ "သြော် .. ဒီပုဂ္ဂိုလ်တွေ ဘယ်အရပ်၊ ဘယ်ကျောင်းကလဲ" လို့ ဆင်ခြင်ကြည့်လိုက်တော့ သူကိုးကွယ်တဲ့ကျောင်းက ရဟန်းတွေ ဖြစ်နေတယ်။ စိတ်နှလုံး မသာမယာဖြစ်တယ်။ "တော်တော်ညံ့တာပဲ"။ မကျေနပ်တော့ဘူးတဲ့။
အဲဒီနတ်တွေကို အတင်းမာန်မဲပြီးတော့ ပြောတော့တာပဲ။ အရှင်ဘုရားတို့ဟာ မြတ်စွာဘုရား တရားဟောတဲ့အခါ ဘယ်ဘက်ကို လှည့်နေကြသလဲ၊ အိပ်ငိုက်နေကြသလား .. စသည်ဖြင့် ဆူပူ ကြိမ်းမောင်းတယ်။ ဈာန်ရ ရဟန်းတွေ အကြိမ်းမောင်းခံရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလောဘကြောင့်ပဲတဲ့။ ဘဝပေါင်းများစွာက ဖြစ်ခဲ့ဘူးတော့ လောဘဥပါဒါန်က အဲဒီစတုမဟာရာဇ်ဘုံဘဝ ကချေသည်ဘဝမှာ ကပ်နေတယ်။ ဈာန်ရရင် အမှန်စင်စစ်တော့ ဗြဟ္မာပြည်မှာ သွားဖြစ်ရမှာဖြစ်တယ်။ အခုဘယ်မှာ ဖြစ်နေသလဲ .. စတုမဟာရာဇ်နတ်၊ အောက်တန်းစားနတ် သွားဖြစ်တယ်။ ကချေသည်နတ်ဆိုတာ အောက်တန်းစားနတ်ပဲ ဖြစ်တယ်။
ဒီလို ဆူပူကြိမ်းမောင်းခံနေရတော့ သူတို့လည်း ပြန်စဉ်းစားကြည့်၊ ပြန်ဆင်ခြင်ကြည့်တယ်တဲ့၊ "ဒို့က သူတစ်ပါးတွေ ချီးမြှောက်ခံချင်လို့ လာပြီး ကနေ၊ ဆိုနေကြတာ ဖြစ်တယ်။ " အခုလို ဆူပူကြိမ်းမောင်းခံနေရတော့ နတ်တို့ရဲ့ တန်ခိုး၊ နတ်ရဲ့ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ သူတို့ကို ကိုးကွယ်ခဲ့တဲ့ ကျောင်းဒကာမပဲဆိုတာ သိရတော့ ရှက်လိုက်တာ။ အို .. သူကတော့ အထက်တန်းကျလို့၊ ဒို့က ဈာန်ရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လျက်သားနဲ့၊ ဒို့က ကိုးကွယ်ခံရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လျက်သားနဲ့ ဒီလို လားပြီးတော့ ဖြစ်ရတာကိုး ... ဆိုပြီးတော့ ရှက်ကြတယ်တဲ့။
အဲဒီမှာ နတ်နှစ်ပါးကတော့ သံဝေဂရပြီး အားထုတ်လိုက်တာ အနာဂါမ် ဖြစ်သွားတယ်။ တစ်ခါတည်း ဗြဟ္မာပြည်ကို ပြောင်းသွားတယ်။ တစ်ပါးကတော့ စွဲလမ်းတာ အားကြီးလို့ လောဘဥပါဒါန် သိပ်အားကြီးလို့ အဲဒီ စတုမဟာရာဇ်နတ်ဘုံမှာပဲ ကချေသည် နတ်သား အဖြစ်နဲ့ ကျန်ခဲ့တယ်တဲ့။ လောဘဟိတ် ဆိုးပါတယ်။ ဈာန်ရတာတောင်မှ ဒုက္ခပေးပါတယ်။ ဒါကြောင့် လောဘကို ကင်းနိုင်သမျှ ကင်းအောင်၊ ဒေါသလည်း ကင်းနိုင်သမျှ ကင်းအောင်၊ မောဟလည်း ကင်းနိုင်သမျှ ကင်းအောင်၊ ဟေတုပစ္စည်း မကောင်းတဲ့ ဟိတ်တွေ မိမိတို့ရဲ့သန္တာန်မှာ ဖြစ်ခွင့်မရအောင်၊ နည်းနိုင်သမျှ နည်းအောင် အားထုတ်ကြရပါတယ်။
ကုသိုလ်ဟိတ်(၃)ပါးက သတိပဋ္ဌာန် ဝိပဿနာတရား အားထုတ်ရာတွင် ကျေးဇူးပြုပုံ
အလောဘ၊ အဒေါသ ဟိတ်(၂)ပါးပြည့်စုံရင် တော်တော့်ကို နေရာကြပါတယ်။ အလောဘ အဒေါသ ဟိတ်(၂)ပါး ပြည့်စုံလို့ရှိရင် သတိပဋ္ဌာန် ဝိပဿနာတရားတွေ ပွားများအားထုတ်တဲ့အခါ ကာယာနုပဿနာ သတိပဋ္ဌာန်နှင့် ဝေဒနာ သတိပဋ္ဌာန်တရားတွေ ထင်ထင်ရှားရှား ပွားများလို့ ရနေတတ်ပါတယ်။ ပြည့်စုံတတ်ပါတယ်။
ပုရိမာနံ = ရှေ့၌ဖြစ်ကုန်သော၊ ဒွိန္နံ = နှစ်ပါးကုန်သော အလောဘ အဒေါသတို့၏ ၊ အာနုဘာဝေန = အစွမ်းအာနုဘော်ကြောင့်၊ ပုရိမာနိ = ရှေ့၌ ဖြစ်ကုန်သော၊ ဒွေ = နှစ်ပါးကုန်သော၊ သတိပဋ္ဌာနာနိ = ကာယာနုပဿနာသတိပဋ္ဌာန်၊ ဝေဒနာနုပဿနာသတိပဋ္ဌာန်တို့သည်၊ ဣဇ္ဈန္တိ = ပြည့်စုံကြကုန်၏။ ဣတိ = ဤသို့၊ အဋ္ဌကထာစရိယော = အဋ္ဌကထာဆရာသည်၊ သံဝဏ္ဏေတိ = ကောင်းစွာမသွေ ဖွင့်ပြတော်မူခဲ့ပါသတည်း...။
သာဓု ... သာဓု ... သာဓု ။
အလောဘဟိတ် အဒေါသဟိတ် နှစ်ပါးတို့တွင် အလောဘ = မလိုချင်၊ မတပ်မက်တဲ့သဘော။ အဒေါသ = မပြစ်မှား စိတ်မဆိုး အမျက်မထွက် တတ်တဲ့သဘော။ ဤသဘောများနှင့် ပြည့်စုံမယ်ဆိုရင် သတိပဋ္ဌာန်ဝိပဿနာ တရားပွားများတဲ့အခါ ကာယာနုပဿနာသတိပဋ္ဌာန်ကိုလည်း ထင်ထင်ရှားရှား တရားသဘောတွေ မြင်အောင် ပွားများနိုင်ပါလိမ့်မယ်။ ဝေဒနာနုပဿနာသတိပဋ္ဌာန်ကိုလည်း ထင်ထင်ရှားရှား တရားသဘောတွေ မြင်အောင် ပွားများနိုင်ပါလိမ့်မယ်။ ကောင်းပါတယ်။ တရားတွေမြင်အောင် ပွားများနိုင်ရင် နိဗ္ဗာန်ရောက်မှာ ဖြစ်တယ်။
အလောဘ အဒေါသရှိနေတဲ့ ပုဂ္ဂိုလ်တွေ အဲဒီ သတိပဋ္ဌာန်တရား(၂)ပါးကို အဓိကထားပြီးတော့ ပွားများဖို့ရာဖြစ်တယ်။ မိမိဟာ ကာယာနုပဿနာ သတိပဋ္ဌာန် ပွားများအားထုတ်လို့ရှိရင် ပိုပြီးတော့ ထင်ရှားတယ်။ ဝေဒနာ သတိပဋ္ဌာန် ပွားများအားထုတ်လို့ရှိရင် ပိုပြီးတော့ ထင်ရှားတယ် ဆိုလို့ရှိရင်တော့ မိမိတို့သန္တာန်မှာ ဘာဟိတ်တွေ ပြည့်စုံလို့ပါလဲ... အလောဘဟိတ်၊ အဒေါသဟိတ်နှစ်ပါးနဲ့ ပြည်စုံနေလို့ပါ။
ပစ္ဆိမဿ = နောက်ဆုံးဖြစ်သော အမောဟဟိတ်၏ ၊ အာနုဘာဝေန = အစွမ်းအာနုဘော်ကြောင့်၊ ပစ္ဆိမာနိ = နောက်၌ဖြစ်ကုန်သော၊ ဒွေ = နှစ်ပါးကုန်သော၊ သတိပဋ္ဌာနာနိ = စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်တို့သည်၊ ဣဇ္ဈန္တိ = ပြည့်စုံကြကုန်၏ ၊ ဣတိ = ဤသို့၊ အဋ္ဌာကထာစရိယော = အဋ္ဌကထာဆရာသည်၊ သံဝဏ္ဏေတိ = ကောင်းစွာမသွေ ဖွင့်ပြတော်မူခဲ့ပါပေသတည်း။
သာဓု ... သာဓု ... သာဓု.။
အမောဟိတ်အစွမ်းကြောင့် စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်တို့ ပြည့်စုံနိုင်ကြတယ်တဲ့။ အမောဟဓာတ်ခံ၊ ပညာဓာတ်ခံပါတဲ့ ပုဂ္ဂိုလ်များ စိတ္တာနုပဿနာ သတိပဋ္ဌာန် ပွားများလို့ အထူးပဲ ကောင်းနေတတ်ပါတယ်။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် ပွားများလို့ အထူးပဲ ကောင်းနေတတ်ပါတယ်။ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန် ပွားများလို့ အထူးပဲ ကောင်းနေရင် ဒီပုဂ္ဂိုလ်ဟာ အမောဟ = ပညာဉာဏ် အခြေခံပါလာတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆုံးဖြတ်လို့ ရပါတယ်။ ဟေတုပစ္စည်းကို အဋ္ဌကထာဆရာတွေ ဖွင့်ပြတာ နေရာကျပါတယ်။
(စာကြွင်း။ ။ ဓမ္မာနုပဿာနာ ရှုမှတ်ပုံအား ပခုက္ကူဆရာတော်ဘုရားကြီး ဥုးဣန္ဒောဘာသ နှင့် သစ္စာဒီပက ဆရာကြီးဦးကြည်တို့၏ သက်ဆိုင်ရာ တရားစာအုပ်များနှင့် အသံသွင်းတရားတော်များမှတဆင့် လေ့လာအားထုတ်နိုင်ကြပါတယ်။ တခြားဆရာကောင်းများလည်း ရှိပါသေးတယ်။)
လောဘ၊ မောဟ၊ ဒေါသဟိတ်တွေများနေတဲ့ ပုဂ္ဂိုလ်တွေ ဘယ်သတိပဋ္ဌာန်တရားမှ ပွားများလို့ နေရာကျမှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်လည်း ကျတယ်။ လောဘ၊ ဒေါသ၊ မောဟဟိတ်တွေ ပယ်နိုင်သမျှပယ်၊ အလောဘ အဒေါသ အမောဟဟိတ်တွေ ဖြစ်နိုင်သမျှ ဖြစ်အောင် အခု ယောဂီတွေ ဒါနလည်း ပြုကြရ၊ သီလလည်း ဆောင့်တည်ကြရ၊ သမထတရား ဝိပဿနာတရားတွေလည်း စွမ်းနိုင်သမျှ အားထုတ်ကြရတာ ဖြစ်ပါတယ်။
ဒါနကလည်း အခိုက်အတန့်တော့ အနည်းငယ်တော့ ပယ်နိုင်ပါတာပါပဲ။ ဒါနပြုနေဆဲ အခိုက်အတန့်၊ ဆွမ်းခဲဖွယ်ဘောဇဉ်တွေ အာဟာရတွေ စီမံလှူဒါန်းနေတဲ့ အခိုက်အတန့်မှာ ဆွမ်းခဲဖွယ်ဘောဇဉ်တွေ အာဟာရတွေ စီမံပြီးတော့ လှူဒါန်းနေတဲ့ အလှူရှင်ရဲ့ သန္တာန်မှာ မလှူခင်ကတည်းက ဒီပစ္စည်းတွေ အပေါ်မှာ တပ်မက်တဲ့ လောဘကင်းပြီး အလောဘဖြစ်နေတယ်။
လှူနေဆဲခဏမှာ မိမိရဲ့အလှူကိုလာပြီး သုံးဆောင်မှီဝဲကြတဲ့ ပုဂ္ဂိုလ်တွေ ချမ်းချမ်းသာသာ မှီဝဲသုံးဆောင်နိုင်ကြပါစေဆိုတဲ့ အဒေါသ = မေတ္တာဓာတ် ပါနေပါတယ်။
ဒီလိုလှူဒါန်းလိုက်သဖြင့် နောင်ဖြစ်လေရာ ဘဝတိုင်းဘဝတိုင်းမှာ ပစ္စည်းဥစ္စာရတနာတွေ ပေါများကြွယ်ဝ ချမ်းသာပြီးတော့ ကိုယ်ပြုချင်တဲ့ ကောင်းမှုကို ဆက်ကာဆက်ကာပြုပြီး နိဗ္ဗာန်ချမ်းသာတိုင်အောင် အထောက်အပံ့ကောင်းတွေ ဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်ခြင်း ရှေ့သွားရှိတဲ့ အသိဉာဏ် အမောဟတွေ ဖြစ်မနေဘူးလား .... ဖြစ်နေပါတယ်။
ဒါနပြုနေတဲ့ အခိုက်အတန့်မှာ ပစ္စည်းဥစ္စာတွေကို မတွယ်တာ၊ မတပ်မက်တဲ့ အလောဘ၊ ဒါနပြုနေတဲ့ အခိုက်အတန့်မှာ မိမိအလှူကို လာပြီး သုံးဆောင်မှီဝဲနေတဲ့ ပုဂ္ဂိုလ်တွေ ချမ်းချမ်းသာသာနဲ့ မှီဝဲသုံးဆောင်ပါစေဆိုတဲ့ အဒေါသ = မေတ္တာ၊ မိမိလှူထားတဲ့ အကျိုးတရားတွေ မုချ ခံစားရရှိနိုင်တယ်ဆိုတဲ့ ယုံကြည်ခြင်း ရှေ့သွားရှိတဲ့ အသိဉာဏ် = အမောဟတွေ မတိုးတက်ပါဘူးလား ... တိုးတက်ပါတယ်။
အလောဘ၊ အဒေါသ၊ အမောဟတွေဖြစ်လာတော့ လောဘ၊ ဒေါသ၊ မောဟတွေ အလိုလို ပျောက်သွားပါတယ်။ ပယ်ပြီးသား ဖြစ်သွားတယ်။ ဒါပေမယ့်လည်း အမြဲတမ်းတော့ အလှူဒါနတွေ မပြုလုပ်နိုင်ပါဘူး။ မလုပ်နိုင်ပေဘူး။ လုပ်နိုင်တဲ့အခါတော့ ကင်းကင်းသွားတယ်။ ဒါနတွေ ပြုနေရတာလည်း နေရာကျပါတယ်။ အမြဲတမ်းကင်းသွားဖို့ဆိုတာတော့ ဘယ်တရားအားထုတ်ရမလဲဆိုရင် သတိပဋ္ဌာန်ဝိပဿနာတရားတွေ အားထုတ်ရပါမယ်။
ဝိပဿနာတရား အားထုတ်မှ မှတ်ချက်တိုင်း မှတ်ချက်တိုင်းမှာ လောဘ ဒေါသ မောဟကင်းနေတယ်။ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ်၊ ကြွတယ် လှမ်းတယ် ချတယ် စသည်ဖြင့် မှတ်နေတဲ့ အခိုက်အတန့်မှာ လောဘလည်း ဖြစ်ခွင့်မရ၊ ဒေါသလည်း ဖြစ်ခွင့်မရ၊ မောဟလည်း ဖြစ်ခွင့်မရ။ ဖောင်းတယ် ပိန်တယ်ဟု မှတ်နေတဲ့အချိန်အခါ လိုချင်စရာတွေလည်း လိုချင်နေသေးတယ်လို့ စိတ်ဟာ တစ်ချိန်တည်းမှာ နှစ်ခုပြိုင်ပြီးတော့ ဖြစ်လို့မရပေဘူး။ မှတ်နေလို့ ရှိရင် အဲဒီလောဘ ဖြစ်ခွင့်မရဘူး။
(စာကြွင်း။ ။ ဆရာတော်မှ မဟာစည်နာယကဖြစ်သောကြောင့် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ နိဿယဖြင့် ဖောင်းတယ်၊ ပိန်တယ်ဟု ဟောပေမယ့် သူတော်စင် ဓမ္မမိတ်ဆွေများအနေနဲ့ မိမိတို့ နှစ်သက်ရာ အားထုတ်နေတဲ့ နည်းဖြင့် အစားထိုး ရှုမှတ်ဆင်ခြင်ကြည့်ကြပါခင်ဗျာ။)
လိုချင်စရာတွေ မရလို့ စိတ်နှလုံးမသာမယာတွေ ဖြစ်နေတယ်လို့ ဒီလိုလည်း ဖြစ်ခွင့်မရဘူး။ အမှတ်ဖြစ်နေတော့ ဒေါသ ဒေါမနဿလည်း ဖြစ်ခွင့်မရဘူး။ တွေတွေဝေဝေလည်း မသိတော့ပေဘူး။ ဖောင်းတယ် ပိန်တယ်ဟု မှတ်နေတဲ့အခါ ဖောင်းတာက ရုပ်တရား၊ မှတ်သိနေတာက နာမ်တရားလို့ အမှန်အတိုင်း သိမနေဘူးလား ... သိနေပါတယ်။ မတွေမဝေသိနေတော့ အမောဟပဲ ဖြစ်တယ်။
လောဘ ဒေါသ မောဟတွေ မှတ်ချက်တိုင်း မှတ်ချက်တိုင်း မပယ်နေဘူးလား ... ပယ်နေပါတယ်။ အလောဘ အဒေါသ အမောဟတွေကို မှတ်ချက်တိုင်း မှတ်ချက်တိုင်း တိုးတက်စေတယ်။ ဝိပဿနာတရား ရှုမှတ်နေရင်တော့ ဟေတုပစ္စည်းထဲက မကောင်းတဲ့ ဟိတ်(၃)ပါးဖြစ်တဲ့ လောဘ ဒေါသ မောဟတွေကို ပယ်ပြီး၊ ကောင်းတဲ့ ဟိတ်(၃)ပါးဖြစ်တဲ့ အလောဘ အဒေါသ အမောဟတွေကို တိုးတက်ကြီးပွားစေပါတယ်။ ဝိပဿနာတရား ရှုမှတ်နေရတာ မှတ်ချက်တိုင်း မှတ်ချက်တိုင်း ကောင်းကျိုးတွေ ရနေပါတယ်။
အဋ္ဌကထာဆရာတွေ ဖွင့်ပြတာ သိပ်ပြည့်စုံပါတယ်။
အနိစ္စဒဿနေန အလောဘော ဟောတိ။
ဒုက္ခဒဿနေန အဒေါသော ဟောတိ။
အနတ္တဒဿနေန အမောဟော ဟောတိ။
အနိစ္စဒဿနေန = အနိစ္စကို မြင်ခြင်းဖြင့်၊ အလောဘော = အလောဘသည်၊ ဟောတိ = ဖြစ်၏ ။ ဒုက္ခဒဿနေန = ဒုက္ခကို မြင်ခြင်းဖြင့်၊ အဒေါသော = အဒေါသသည်၊ ဟောတိ = ဖြစ်၏ ။ အနတ္တဒဿနေန = အနတ္တကို မြင်ခြင်းဖြင့်၊ အမောဟော = အမောဟသည်၊ ဟောတိ = ဖြစ်၏ ။ ဣတိ = ဤသို့၊ အဋ္ဌကထာစရိယော = အဋ္ဌကထာဆရာသည်၊ သံဝဏ္ဏေတိ = ကောင်းစွာမသွေ ဖွင့်ပြတော်မူခဲ့ပါသတည်း။
သာဓု... သာဓု ... သာဓု ။
အနိစ္စဒဿနေန = အနိစ္စကို မြင်ခြင်းဖြင့်၊ အလောဘော = အလောဘသည်၊ ဟောတိ = ဖြစ်၏ ။ အနိစ္စကို မြင်အောင်ရှုနိုင်လို့ရှိရင်၊ အနိစ္စကို မြင်လို့ရှိရင် အလောဘဖြစ်လာတယ်။ မမြဲဘူးလို့ မြင်လို့ရှိရင် လိုချင်တော့ပါ့မလား .. မလိုချင်တော့ပါဘူး။ ဘာတစ်ခုမှ မြဲတာမဟုတ်ဘူး။ ကိုယ့်ခန္တာကိုယ်ထဲက တရားသဘောတွေ ဘာတစ်ခုမှ မမြဲဘူး။ ရုပ်တရားလည်း မမြဲဘူး၊ နာမ်တရားလည်း မမြဲဘူး။ ပစ္စည်းပစ္စယတွေလည်း မြဲတာမဟုတ်ဘူး။ ဒီလိုသိနေတော့ လောဘဖြစ်ပါတော့မလား .. မဖြစ်တော့ပါဘူး။ အလောဘဖြစ်တယ်။
ဒုက္ခဒဿနေန = ဒုက္ခကို မြင်ခြင်းဖြင့်၊ အဒေါသော = အဒေါသသည်၊ ဟောတိ = ဖြစ်၏ ။ ဒုက္ခတွေ မြင်နေတယ်။ ကုန်ပျက် ကုန်ပျက် နှိပ်စက်တာတွေကို ဒုက္ခထင်နေတော့ ဒေါသဟာလည်း မဖြစ်ချင်တော့ဘူး။ ဒေါသကြောင့် လူတွေဟာ ဒုက္ခဖြစ်နေကြပါတယ်။ သြော် ... ဒုက္ခဖြစ်ကြောင်း ဒေါသတွေ မဖြစ်ချင်တော့ဘူး။ ဒီမှာ ဒုက္ခမြင်နေတော့ ဒုက္ခထပ်ပြီး မဆင့်စေချင်တော့ဘူး။ ဒုက္ခမြင်တော့ ဒေါသတွေ ကင်းစင်နေတယ်။ ဝိပဿနာတရား အားထုတ်လို့ ဒုက္ခကောင်းကောင်းမြင်တဲ့ ပုဂ္ဂိုလ်တို့သည် ဒေါသတွေ ကင်းစင်ပြီး မေတ္တာဓာတ်တွေ တိုးပွားလာတတ်တယ်။ ဝိပဿနာတရား အားထုတ်ပြီးလို့ရှိရင် ပိုပြီး မေတ္တာဓာတ်တွေ များပြီးတော့ သူများတွေအပေါ်မှာ ချမ်းသာစေချင်တဲ့စိတ်တွေ မထင်ရှားဘူးလား... ထင်ရှားပါတယ်။ သိပ်ထင်ရှားတယ်။ အရင်တုံးက မတွေ့ချင်တဲ့ ပုဂ္ဂိုလ်တွေကို တွေ့ရသော်လည်း ဒေါသတွေ မဖြစ်တော့ပေဘူး။ အဒေါသ = မေတ္တာဓာတ်တွေ ဖြစ်ပေါ်လာတယ်။
ဟေတုအရ ကောင်းတဲ့ဟိတ်တရားတွေ ပစ္စည်းတရားတွေ ဖြစ်ပေါ်လာပါတယ်။ ဘာကြောင့် ဖြစ်ပေါ်လာတာလဲ ... ဒုက္ခမြင်အောင် ရှုနိုင်လို့ပါပဲ။ ဒုက္ခကို မြင်အောင်ကလည်း ဘယ်တရားကို ရှုရပါမလဲ ... ဝိပဿနာတရားကို ရှုမှ ဒုက္ခစစ်စစ်ကို မြင်နိုင်ပါတယ်။
အနတ္တဒဿနေန = အနတ္တကို မြင်ခြင်းဖြင့်၊ အမောဟော = အမောဟသည်၊ (ဝါ) မတွေမဝေခြင်းသည်၊ (ဝါ) ဉာဏ်ပညာသည်၊ ဟောတိ = ဖြစ်၏ ။ အနတ္တကို မြင်အောင် ရှုနိုင်လို့ရှိရင် အမှန်အတိုင်းသိတဲ့ အမောဟ ဖြစ်လာတယ်။ ဘယ်အရာကိုမှ ကိုယ်အစိုးရတာ မရှိဘူး။ ကိုယ့်ခန္တာထဲက ရုပ်တရား နာမ်တရားတွေလည်း ဒီလိုဖြစ်ပါ၊ ဟိုလိုဖြစ်ပါ ကောင်းတာချည်းပဲဖြစ်ပါ၊ မကောင်းတာမဖြစ်ပါစေနဲ့ ..လို့ ဒီလိုလည်းအစိုးရပါရဲ့လား.... အစိုးမရပါ။ ဘယ်ပုဂ္ဂိုလ်မှ ဘယ်အရာဝတ္ထုကိုမှ အစိုးရတာ မရှိဘူး။ အမှန်အတိုင်း သိပါတယ်။ အမှန်ကို သိတာ အမောဟဖြစ်တယ်။ အနတ္တကို မြင်လို့ရှိရင် အမောဟဟိတ် မိမိသန္တာန်မှာ တိုးတက်ကြီးပွားလာတယ်။ ဘယ်တရားကို ရှုလို့ပါလဲ ... သတိပဋ္ဌာန် ဝိပဿနာတရား ရှုလို့ပါ။
ဟေတုပစ္စည်း - ၁(င)
ဒါနကုသိုလ်နှင့် ပြည့်စုံပုံ
အနိစ္စမြင်တော့ လောဘတွေကင်းစင်လို့ အလောဘတွေ ဖြစ်လာတယ်။ အလောဘတွေ ဖြစ်လာလို့ရှိရင် ဒါနကုသိုလ်တွေ ပြည့်စုံဖို့ရာဖြစ်တယ်။ ဒါနကုသိုလ်တွေ ရှေးကထက် ပိုပြီး မပြည့်စုံဘူးလား။ ... ပြည့်စုံပါတယ်။
ဆောင်ပုဒ်။ ။ အနိစ္စမြင်တော့၊ လောဘစင်သည်၊
လောဘစင်တော့၊ အလောဘဝင်သည်၊
အလောဘဝင်၊ ဒါနလျှင် အစဉ်ပြည့်စုံသည်။
အနိစ္စမြင်အောင်ရှုနိုင်တော့ မမြဲဘူးလို့ သိတယ်။ မမြဲဘူးလို့ သိတော့ လောဘတွေ မကင်းစင်ပါဘူးလား။ ... ကင်းစင်ပါတယ်။ မမြဲတာကို ဘယ်ပုဂ္ဂိုလ်မှ မလိုချင်တော့ဘူး။ ဘယ်အရာကိုမှ မလိုချင်တော့ဘူး။ လောဘတွေ ကင်းစင်သွားတယ်။ "လောဘစင်" ဆိုတာ လောဘတွေ ကင်းစင်သွားတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်။ လောဘကင်းစင်တော့ အလောဘဖြစ်လာတယ်။ အလောဘ မဝင်လာပါဘူးလား ... ဝင်လာပါတယ်။ လောဘကင်းစင်သွားတာနဲ့ အလောဘမဝင်လာပါဘူးလား ... ဝင်လာပါတယ်။ ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ပဲ ဖြစ်တယ်။ လောဘမရှိရင် အလောဘဖြစ်တော့တာပဲ။ လောဘတွေ ကင်းစင်သွားတော့ အလောဘတွေ ဝင်လာတယ်။ လောဘတွေ ဝင်လာတော့ ဒါနတွေ ရှေးကထက် ပိုပြီးတော့ မပြုလုပ်နိုင်ပါဘူးလား ... ပြုလုပ်နိုင်ပါတယ်။ ဒါနတွေ ပြုလုပ်ဖို့ရာ ဒါနတွေ အစဉ်ပြည့်စုံဖို့ရာ ဖြစ်တယ်။
အနိစ္စမြင်လျှင် လောဘကင်းစင်တယ်။ လောဘကင်းစင်လို့ရှိရင် အလောဘ ဝင်လာတယ်။ အလောဘတွေ ဖြစ်လာရင် ဒါနကုသိုလ်တွေ ပြည့်စုံဖို့ ဖြစ်တယ်။ ယောဂီတွေ ဒါနနှင့် မပြည့်စုံချင်ပါဘူးလား ... ပြည့်စုံချင်ကြပါတယ်။ ဒါကြောင့် အနိစ္စမြင်အောင်လည်း မရှုရပါဘူးလား ... ရှုရပါတယ်။
ဟေတုပစ္စည်းထဲက မကောင်းတဲ့ ဟိတ်တွေကို ပယ်နိုင်ရအောင်၊ ကောင်းတဲ့ ဟိတ်တွေကို တိုးပွားလာရအောင် ဘယ်တရားများ ရှုမှတ်ရပါမလဲ ... သတိပဋ္ဌာန် ဝိပဿနာတရား ရှုမှတ်ရပါမယ်။ အနိစ္စမြင်အောင် ရှုနိုင် မှတ်နိုင်ရင် မကောင်းတဲ့ လောဘတွေ ကင်းစင်ပြီး ကောင်းတဲ့ လောဘတွေ ဝင်လာပါတယ်။ ဒါနကုသိုလ်တွေ ပြည့်စုံဖို့ ဖြစ်လာတယ်။ နေရာမကျပါဘူးလား .. နေရာကျပါတယ်။
သီလကုသိုလ်နှင့် ပြည့်စုံပုံ
ဒုက္ခဒဿန = ဒုက္ခကိုမြင်အောင် ရှုနိုင်ခြင်းဖြင့်၊ အဒေါသော = အဒေါသဟိတ်သည်၊ ဟောတိ = ဖြစ်၏ ။ ဒုက္ခမြင်အောင် ရှုနိုင်တော့ ဒေါသတွေ မဖြစ်တော့ဘူးတဲ့။ ဒုက္ခတွေ မြင်နေရတော့ ဒုက္ခဖြစ်ကြောင်း ဒေါသထပ်ပြီး ဖြစ်ချင်ပါဦးမလား ... မဖြစ်ချင်တော့ပါဘူး။ ဒေါသတွေ ကင်းစင်တယ်။ ဒေါသတွေ ကင်းစင်တော့ ဘာဝင်လာပါသလဲ ... အဒေါသ ဝင်လာပါတယ်။ အဒေါသဝင်လာတော့ ဘယ်ကုသိုလ်နှင့် ပြည့်စုံလာပါသလဲ ... သီလကုသိုလ်နှင့် ပြည့်စုံလာပါတယ်။ အဒေါသ = မေတ္တာများတဲ့ပုဂ္ဂိုလ် ၊ မေတ္တာပြဋ္ဌာန်းတဲ့ ပုဂ္ဂိုလ်တို့သည် သူတစ်ပါးအသက်ကို သတ်ဖို့ရာ ဝန်လေးသွားကြသောကြောင့် သီလပိုပြီးတော့ လုံခြုံသွားကြတယ်။ သူတစ်ပါးပစ္စည်း ခိုးဖို့ရာလည်း ဝန်လေးသွားပြီး။ ပိုပြီးတော့ အဲဒီသိက္ခာပုဒ်တွေ လုံခြုံသွားကြတယ်။ သီလကုသိုလ်တွေ ပြည့်စုံသွားကြဖို့ပဲ ဖြစ်တယ်။
ဆောင်ပုဒ်။ ။ ဒုက္ခမြင်တော့၊ ဒေါသစင်သည်၊
ဒေါသစင်တော့၊ အဒေါသဝင်သည်၊
အဒေါသဝင်၊ သီလလျှင်၊ အစဉ်ပြည့်စုံသည်။
ဒုက္ခမြင်အောင် ထင်အောင် ရှုလိုက်တော့ ဒေါသတွေ ကင်းစင်တယ်။ ဒေါသတွေ ကင်းစင်တော့ အဒေါသ = မေတ္တာဓာတ်တွေ ဝင်လာတဲ့အခါ သီလနဲ့ပိုပြီးတော့ ပြည့်စုံလာဖို့ရာဖြစ်တယ်။ ယောဂီများ သီလနှင့် မပြည့်စုံချင်ကြပါဘူးလား ... ပြည့်စုံချင်ကြပါတယ်။ ပြည့်စုံချင်လို့ရှိရင် ဒုက္ခထင်အောင် ရှုနိုင်ရမယ်ဆိုတဲ့ အဓိပ္ပါယ်မကျနေပါဘူးလား .. အဓိပ္ပါယ်ကျနေပါတယ်။
ဘာဝနာကုသိုလ်နှင့် ပြည့်စုံပုံ
အနတ္တ ဒဿနေန = အနတ္တကို မြင်ခြင်းဖြင့်၊ အမောဟော = အမောဟသည်၊ ဟောတိ = ဖြစ်၏ ။ အနတ္တကို မြင်အောင် ရှုလိုက်တော့ တွေဝေတဲ့ မောဟတွေ ကင်းစင်သွားတယ်။ မောဟတွေ ကင်းစင်သွားတော့ မတွေမဝေ အမှန်တိုင်းသိတဲ့ အမောဟဖြစ်လာတယ်။ အမောဟဖြစ်လာတော့ အရှေးကထက် ဘာဝနာတရားတွေကို ပို၍ အားထုတ်နိုင်တယ်။ အားထုတ်နိုင်သောကြောင့် ဘာဝနာကုသိုလ်တွေနှင့် ပိုပြည့်စုံလာရပေတယ်။
ဆောင်ပုဒ်။ ။ အနတ္တမြင်တော့၊ မောဟစင်သည်၊
မောဟစင်တော့၊ အမောဟဝင်သည်၊
အမောဟဝင်၊ ဘာဝနာလျှင်၊ အစဉ်ပြည့်စုံသည်။
အနတ္တမြင်တော့ တွေဝေမိုက်မှားတဲ့ မောဟတွေ ကင်းစင်တယ်။ မောဟတွေ ကင်းစင်တော့ အမောဟတွေ ဝင်လာတယ်။ အမောဟတွေ ဝင်လာတော့ ဘာဝနာကုသိုလ်တွေ ကြိုးကြိုးစားစား အားထုတ်နိုင်တယ်။ ဘာဝနာကုသိုလ်နှင့် ပိုပြီး ပြည့်စုံလာပါတယ်။
အနိစ္စမြင်လျှင်၊ လောဘစင်၊ အလောဘဝင်၊ ဒါနကုသိုလ်နှင့် ပြည့်စုံဖို့ပင်။
ဒုက္ခမြင်လျှင်၊ ဒေါသစင်၊ အဒေါသဝင်၊ သီလကုသိုလ်နှင့် ပြည့်စုံဖို့ပင်။
အနတ္တမြင်လျှင်၊ မောဟစင်၊ အမောဟဝင်၊ ဘာဝနာကုသိုလ်နှင့် ပြည့်စုံဖို့ပင်။
အနိစ္စ ဒုက္ခ အနတ္တမြင်အောင် ရှုနိုင်လို့ရှိရင် လောဘ ဒေါသ မောဟဟိတ်တွေ မကောင်းတဲ့ဟိတ်တွေ ပယ်ပြီးသားဖြစ်တယ်။ အလောဘ အဒေါသ အမောဟဟိတ်တွေ ကြီးပွားလာပြီးတော့ ကုသိုလ် အမျိုးမျိုးနှင့် ပြည့်စုံလာတယ်။ ဒါနနှင့်လည်း ပြည့်စုံ၊ သီလနှင့်လည်း ပြည့်စုံ၊ ဘာဝနာနှင့်လည်း ပြည့်စုံဖို့ရာ ဖြစ်သွားပါတယ်။ ဒါကြောင့် ဝိပဿနာရှုရာမှာ အနိစ္စမြင်အောင် ရှုနိုင်ဖို့၊ ဒုက္ခမြင်အောင် ရှုနိုင်ဖို့၊ အနတ္တမြင်အောင် ရှုနိုင်ဖို့ရာ အရေးမကြီးပါဘူးလား ... အရေးကြီးပါတယ်။
ဝိပဿနာရှုတဲ့အခါ ဝိပဿနာစစ်စစ်ဖြစ်ဖို့ရာ အနိစ္စ ဒုက္ခ အနတ္တမြင်အောင် ရှုရာမှာဖြစ်တယ်။ ရှေ့ပိုင်း ဝိပဿနာကတော့ တရားသဘောလေးတွေ ရှေးဦးစွာ တွေ့မြင်အောင်သာ ဝိပဿနာ ရှုရပါသေးတယ်။ အနိစ္စ ဒုက္ခ အနတ္တတွေကို ရှုလျှင်ရှုခြင်းတော့ မြင်မှ မြင်နိုင်ပါဦးမလား ... မမြင်နိုင်သေးပေဘူး။
အစပိုင်းမှာ ဝိပဿနာမည်ပုံ
ပညတ္တိံ ဌပေတွာ ဝိသေသေန ပဿတီတိ ဝိပဿနာ။
ပညတ္တိံ = ခေါင်း ကိုယ် ခြေ လက်စသော ပုံသဏ္ဌာန် သဏ္ဌာန ပညတ်များကို၊ ဌပေတွာ = ခွာထား၍၊ ဝိသေသေန = အထူးထူး အပြားပြားအားဖြင့်၊ ပဿတိ = ရှုတတ်၏ ။ ဣတိ တသ္မာ = ထိုသို့ ပညတ်ကို ခွာ၍ အထူးထူး အပြားပြား ရှုရတဲ့အတွက်ကြောင့်၊ ဝိပဿနာ = ဝိပဿနာမည်၏ ။
အစပိုင်း ဝိပဿနာရှုတဲ့အခါမှာ ပညတ်ပုံသဏ္ဌာန်တွေကို ခွာနိုင်သမျှ ခွာပြီးတော့ ရှုရတယ်။ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ်လို့ ရှုမှတ်ရာတွင် ဖောင်းတယ်လို့ ရှုမှတ်တဲ့အခါမှာ ဝမ်းဗိုက်ပုံသဏ္ဌာန် ဒြပ်ကြီးကိုတော့ ခွာနိုင်သမျှခွာ၊ ပိန်တယ်လို့ ရှုမှတ်တဲ့အခါမှာ ဝမ်းဗိုက်ပုံသဏ္ဌာန်ဒြပ်ကြီးကို ခွာနိုင်သမျှခွာ၊ ဖောင်းတယ်လို့ မှတ်တဲ့အခါမှာ အတွင်းက တောင့်တင်းတဲ့သဘော၊ တွန်းကန်တဲ့ သဘောတရားကို၊ ပိန်တယ်လို့ မှတ်တဲ့အခါမှာ အတွင်းက လှုပ်ရှားသွားတဲ့သဘော၊ ရွေ့သွားတဲ့သဘောတရားကို သိအောင် မစူးစိုက်ရပါဘူးလား ... စူးစိုက်ရပါတယ်။
ကြွတယ် လှမ်းတယ် ချတယ်လို့ မှတ်တဲ့အခါမှာလည်း ခြေထောက် ပုံသဏ္ဌာန်ဒြပ်ကြီးကိုတော့ ခွာနိုင်သမျှခွာ၊ ကြွတယ်လို့ မှတ်တဲ့အခါ အပေါ်ကို တစ်ရွေ့ပြီးတစ်ရွေ့၊ ရွေ့တက်သွားတဲ့ သဘောတွေကို သိနိုင်သမျှ သိအောင်စူးစိုက်ရတယ်။ လှမ်းတယ်လို့ မှတ်တဲ့အခါမှာလည်း ခြေထောက်ပုံသဏ္ဌာန်ဒြပ်ကြီးကို ခွာနိုင်သမျှခွာ၊ ရှေ့ကို တစ်ရွေ့ပြီးတစ်ရွေ့၊ ရွေ့ရွေ့သွားတဲ့ သဘောတွေကို သိနိုင်သမျှသိအောင် စူးစိုက်ရတယ်။ ချတယ်လို့ မှတ်တဲ့အခါမှာလည်း ခြေထောက်ပုံသဏ္ဌာန်ဒြပ်ကြီးကို ခွာနိုင်သမျှခွာ၊ အောက်သို့ တစ်ရွေ့ပြီးတစ်ရွေ့၊ ရွေ့ရွေ့သွားတဲ့ သဘောတွေကို သိနိုင်သမျှသိအောင် စူးစိုက်ရပါတယ်။
ဤကဲ့သို့ ပညတ်ကို ခွာ-ခွာပြီးတော့ ဖောင်းတဲ့အမူအရာ ပိန်တဲ့အမူအရာ ကြွတဲ့အမူအရာ လှမ်းတဲ့အမူအရာ ချတဲ့အမူအရာ အထူးထူးအပြားပြားတွေကိုလိုက်ပြီး မရှုရရပါဘူးလား ... ရှုရပါတယ်။ ရှုရတဲ့အတွက်ကြောင့် အဲဒီလို ရှုရတာကို ဘာလို့ခေါ်ပါသလဲ ... ဝိပဿနာလို့ ခေါ်ပါတယ်။
နောက်ဆင့်ကာဆင့်ကာ ရှုမှတ်လို့ သမာဓိဉာဏ်တွေ ရင့်ကျက်လာ၍ သမ္မသနဉာဏ်၊ ဥဒယဗ္ဗယဉာဏ်၊ ဘင်္ဂဉာဏ်တို့သို့ ရောက်လာတဲ့အခါကျတော့ အနိစ္စ ဒုက္ခ အနတ္တသဘောတွေကို မြင်လာကြပါတယ်။ ဝိပဿနာရှုတဲ့အခါ အနိစ္စ ဒုက္ခ အနတ္တတို့ကို မြင်လို့ရှိရင် အခုပြောခဲ့ပြီးတဲ့အတိုင်း အကျိုးတရားတွေ ရရှိနိုင်ပါတယ်။ သမ္မသနဉာဏ်သို့ ရောက်လာရင် အနိစ္စ ဒုက္ခ အနတ္တတွေ သုံးသပ်ဆင်ခြင်ပြီး သိလာပါတယ်။
နာမရူပပရိစ္ဆေဒဉာဏ် - ရုပ် နာမ်ကွဲတဲ့အဆင့်မှာတော့ အနိစ္စတွေ ဒုက္ခတွေ အနတ္တတွေ မထင်ရှားလာသေးပေဘူး။ ပစ္စယပရိဂ္ဂဟဉာဏ် ရောက်လာတဲ့အခါမှာလည်း မထင်ရှားသေးပေဘူး။ အကြောင်းနှင့် အကျိုးမျှသာ ထင်ရှားကြတယ်။ သမ္မသနဉာဏ်သို့ ရောက်လာတဲ့အခါ အနိစ္စပဲ ဒုက္ခပဲ အနတ္တပဲလို့ သုံးသပ်ဆင်ခြင်ပြီးတော့ သိလာကြတယ်။ သမ္မသနဉာဏ်သို့ ရောက်လာတဲ့အခါ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ်ဟု ရှုမှတ်လို့ မကြာသေးမီ တစ်ခါတစ်ခါ (၁၀) မိနစ်၊ (၁၅) မိနစ်ခန့်လောက်မှာပင် နာတာ ကျင်တာ အောင့်တာ ကိုက်တာ ခဲတာ မူးတာ ယားတာ အော့ချင် အန်ချင်ရှိတာ ယိမ်းတာ ယိုင်တာ ဖိတာ လေးတာ တွန်းနေတာ ဆွဲနေတာများကို မတွေ့ရပါဘူးလား ... တွေ့ရပါတယ်။ အော် .. ဒီခန္တာကြီး ခံလိုက်ရတာ၊ ဒုက္ခတုံး ဒုက္ခခဲကြီးပါလားလို့ မထင်လာပါဘူးလား ... ထင်လာပါတယ်။
ဘဝဆိုးတွေ မြင်တတ်ပုံ
ထိုင်၍ရှုမှတ်စဉ် အာရုံနိမိတ်တွေကလည်း ဘာတွေ ထင်လာတတ်ပါသလဲဆိုတော့ အသုဘတွေချည်းပဲ ထင်လာတတ်တယ်။ အလောင်းကောင်တွေ အရိုးစုတွေ မထင်လာတတ်ပါဘူးလား .. ထင်လာတတ်ပါတယ်။ သမာဓိဉာဏ်အားကောင်းတဲ့ ပုဂ္ဂိုလ်တွေ ဘဝါဘဝက ဘဝဟောင်းတွေက ဆိုးခဲ့တဲ့ ဘဝအမျိုးမျိုးတွေကိုလည်း မြင်တတ်တယ်။ တချို့တချို့ကလည်း အတိတ်ဘဝက မိချောင်းဖြစ်ခဲ့လို့ မိမိခန္တာကိုယ်ဟာ မိချောင်းပုံသဏ္ဌာန်ကြီးလို၊ အတိတ်ဘဝက လိပ်ဖြစ်ခဲ့လို့ မိမိခန္တာကိုယ်ဟာ လိပ်ပုံသဏ္ဌာန်ကြီးလို အမျိုးမျိုး ထင်နေတတ်ကြပေတယ်။ ကြံခင်းမြို့၊ တရားစခန်းတစ်ခုမှာ တရားထိုင်မှတ်လိုက်လျှင် သူ့ခန္တာကိုယ် နဂါးပုံသဏ္ဌာန်ဖြစ်သွားလို့ ဆရာတော်ကြီးများက ယောဂီတစ်ဦးကို နဂါးယောဂီဟု အမည်ပေးထားဖူးပါတယ်။
သမ္မသနဉာဏ်၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တသိပုံ
ဤကဲ့သို့ သမ္မသနဉာဏ်၌ ယောဂီမှာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေလည်း ဖြစ်နေရ၊ အဲဒီပုံသဏ္ဌာန်ဆိုးကြီးများကိုလည်း တွေ့ရတော့ "အော် .. မိမိဘဝဟောင်းတွေက တယ်ဆိုးခဲ့ပါလား" ဟု ဝမ်းနည်းပြီး ချုံးချုံးချ မငိုရပါဘူးလား .. ငိုရပါတယ်။ အော် ... ဆင်းရဲလိုက်တာ၊ မဆင်းရဲပါဘူးလား ... ဆင်းရဲပါတယ်။ ဤခန္တာကိုယ်ကြီးကို ဒုက္ခပဲဟု သုံးသပ်ပြီးတော့ သိတယ်။ ဒုက္ခလို့ သုံးသပ်ပြီးတော့ သိတာ သမ္မသနဉာဏ် ဖြစ်တယ်။
နာတာ ကျင်တာတွေကလည်း တစ်မျိုးပြီးတစ်မျိုး၊ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲပြီး နာလိုက် ကျင်လိုက် အောင့်လိုက် ဖြစ်နေတော့ မြဲပါရဲ့လား... မမြဲပါဘူး။ မမြဲပါလားလို့ သုံးသပ်ပြီးတော့ မသိပါဘူးလား ... သိပါတယ်။ မမြဲခြင်း အနိစ္စလို့ သုံးသပ်ပြီးတော့ သိတာ သမ္မသနဉာဏ် ဖြစ်တယ်။
ဝိပဿနာတရား လာအားထုတ်တာ ချမ်းချမ်းသာသာနဲ့ အားထုတ်ချင်လို့ လာခဲ့တာ အခု ဒီဉာဏ်ကျတော့ ချမ်းချမ်းသာသာနဲ့ အားထုတ်လို့ ရပါရဲ့လား ... မရပါဘူး။ နာတာ ကျင်တာ ကိုက်ခဲတာတွေ လိုချင်လို့ ဝိပဿနာတရား လာအားထုတ်တာပါလား ... မဟုတ်ပါဘူး။ မဟုတ်ပေမယ့် ကိုယ်မဖြစ်ချင်တာတွေ ဖြစ်နေရတယ်။ ကိုယ်အစိုးရပါရဲ့လား .. ကိုယ်အစိုးမရပါဘူး။ ကိုယ်အစိုးမရဆိုတာ ဗမာလိုဖြစ်တယ်။ ပါဠိလိုကျတော့ ... အနတ္တပါ။ မတွေ့ရပါဘူးလား ... တွေ့ရပါတယ်။
အနိစ္စ ဒုက္ခ အနတ္တတွေ မထင်သွားပါဘူးလား ... ထင်သွားပါတယ်။ နေရာကျသွားပြီး။ လောဘ ဒေါသ မောဟ မကောင်းတဲ့ဟိတ်တွေ ပယ်နိုင်သမျှ ပယ်လို့ရသွားပါပြီ။ ကောင်းတဲ့ ဟိတ် အလောဘ အဒေါသ အမောဟတွေ တိုးတက်နိုင်သမျှ တိုးတက်လာပြီဖြစ်တယ်။
နောက် ဆရာသမားတွေ ညွှန်ပြတဲ့အတိုင်း ဆင့်ကာ ဆင့်ကာ ရှုမှတ်လို့ ဉာဏ်စဉ်တစ်ဆင့် တက်သွား၍ ဥဒယဗယဉာဏ် ရောက်သွားတော့ ပြောင်းပြန် ပြန်ဖြစ်သွားတယ်။ လေးလံတာ ထိုင်းမှိုင်းတာတွေလည်း မရှိတော့ပေဘူး။ နာတာ ကျင်တာ အောင့်တာတွေလည်း မရှိတော့ပေဘူး။ မူးတာ ယားတာတွေလည်း မရှိတော့ပေဘူး။ ပေါ့ပါး သွက်လက်ပြီး ကာယလဟုတာ စိတ္တလဟုတာ = ကိုယ်ကလည်းပေါ့ပါး စိတ်ကလည်းပေါ့ပါး၊ ကာယမုဒုတာ စိတ္တမုဒုတာ = ကိုယ်ကလည်း နူးညံ့ စိတ်ကလည်း နူးညံ့။
သမ္မသနဉာဏ်တုန်းကတော့ ယောဂီက စိတ်ဆိုးနေတတ်တယ်။ စိတ်တွေလည်း ညစ်နေတတ်တယ်။ တချို့တချိုသော ယောဂီများ တော်တော်ကို ဆိုးနေတာပါပဲ။ ကမ္မဋ္ဌာန်းဆရာကိုတောင် ပြန်ပြန်ပြီး ပြောနေတတ်တယ်။ ပြန်ပြီး လျှောက်ထားနေတတ်ကြတယ်။
ဟေတုပစ္စည်း - ၁(စ)
သမ္မသနဉာဏ်၌ ပြန်လျှောက်ထားပုံ
ကမ္မဋ္ဌာန်းဆရာက "ယောဂီမှာ ရှုမှတ်လို့သာ မကောင်းတာ၊ တရားသဘောအရတော့ ကောင်းနေပါတယ်။ ဆိုးတဲ့ဉာဏ်မှာ ဆိုးတာတွေ့ရတာ တရားကောင်းတယ်ဟု ဆိုရပါတယ်"ဟု ပြောသောအခါ "အရှင်ဘုရားကသာ ကောင်းတယ်ဟု ပြောနေတယ်။ တပည့်တော်ကတော့ သေရတော့မယ်"ဟု ပြန်ပြောတယ်။ ပြန်ပြီး လျှောက်ထားတယ်။
သမ္မသနဉာဏ်သို့ ရောက်နေကြတဲ့ အချို့သော ယောဂီများက ဤကဲ့သို့လည်း လျှောက်ထားကြတယ်။ "တပည့်တော် အိမ်မှာ နေစဉ်က စိတ်တွေ ဤမျှလောက် မဆိုးပါဘူး၊ အရှင်ဘုရားတို့ ရိပ်သာရောက်မှ တပည့်တော်၏ စိတ်တွေ ဆိုးလာကုန်တယ်။"ဟု ကမ္မဋ္ဌာန်းဆရာတော်ကို အပြစ်တင်တဲ့အနေဖြင့် လျှောက်ထားကြတယ်။ ဘယ်ဉာဏ်ရောက်နေလို့လဲ ... သမ္မသနဉာဏ် ရောက်နေလို့ပါ။ ဤကဲ့သို့ လျှောက်ထားလာသောအခါ ကမ္မဋ္ဌာန်းဆရာများက တရားရစေရန်အတွက် စိတ်ရှည်ရှည်ထား၍ ပြုပြင်ပေးကြရပါတယ်။
ဆရာသမားတွေ ညွှန်ကြားလိုက်တဲ့အတိုင်း ဆင့်ကာဆင့်ကာမှတ်လို့ အခုပြောတဲ့အတိုင်း ဥဒယဗ္ဗဉာဏ်ရောက်တော့ ပြောင်းပြန်ပဲ။ ကာယလဟုတာ စိတ္တလဟုတာ = ကိုယ်ကလည်းပေါ့ပါး၊ စိတ်ကလည်းပေါ့ပါး။ ကာယမုဒုတာ စိတ္တမုဒုတာ = ကိုယ်ကလည်း နူးညံ့၊ စိတ်ကလည်း နူးညံ့။ ကာယကမ္မညတာ စိတ္တကမ္မညတာ = ကိုယ်ကလည်း ခံ့ကျန်း၊ စိတ်ကလည်း ခံ့ကျန်း။ ကာယပါဂုညတာ စိတ္တပါဂုညတာ = ကိုယ်ကလည်း လေ့လာပြီးသား၊ စိတ်ကလည်း လေ့လာပြီးသား၊ မှတ်စရာ အာရုံနဲ့ မှတ်သိစိတ် အလိုလို မှတ်နေသကဲ့သို့ ရှုမှတ်နေရတယ်။ ကာယိကသုခ စေတသိကသုခ တွေဖြစ်နေလို့ ကိုယ်ချမ်းသာ စိတ်ချမ်းသာနဲ့ ရှုမှတ်နေရတယ်။ ဝိပဿနာ ပီတိ သုခတွေနဲ့ တွေ့နေရလို့၊ အဲဒီ ဝိပဿနာ ပီတိ သုခတွေနဲ့ ပျော်မွေ့နေရတာ၊ လူသာမာန်မဆိုထားနဲ့ နတ်သာမန်တို့သော်မှ မပျော်မွေ့နိုင်တဲ့ ပျော်မွေ့ခြင်းကို ရရှိနေကြပေတယ်။
သုညာဂါရံ ပဝိဋ္ဌဿ၊ သန္တစိတ္တဿ ဘိက္ခုနော။
အ မာနုသီ ရတီ ဟောတိ၊ သမ္မာဓမ္မံ ဝိပဿတော။
သုညာဂါရံ = ဆိတ်ငြိမ်ရာကမ္မဋ္ဌာန်းကျောင်းသို့၊ ပဝိဋ္ဌဿ = ဝင်လျက်၊ သန္တစိတ္တဿ = ငြိမ်သက်သောစိတ်ရှိသည်ဖြစ်၍၊ သမ္မာ = ကောင်းစွာ၊ ဓမ္မံ = ရုပ်တရား နာမ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်းသဘောကို၊ ဝိပဿတော = ဝိပဿနာရှုသော၊ ဘိက္ခုနော = ဘေးကိုရှုတတ်သောယောဂီမြတ်အား၊ အ မာနုသီ = လူသာမန် နတ်သာမန်တို့ မခံစား မတွေ့သိနိုင်သော၊ ရတီ = ဝိပဿနာ ပီတိ သုခတို့ဖြင့် ပျော်မွေ့ခြင်းသည်၊ ဟောတိ = ဖြစ်၏ ။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း ...။
သာဓု .. သာဓု ... သာဓု။
ဥဒယဗ္ဗယဉာဏ်သို့ ရောက်လာတဲ့ ယောဂီပုဂ္ဂိုလ် ဆိတ်ငြိမ်ရာ ကမ္မဋ္ဌာန်းကျောင်းသို့ ချဉ်းကပ်ပြီး ရုပ်တရား နာမ်တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်း သဘောကို ရှုမှတ်ပြီးတော့ နေလိုက်တာ၊ ဝိပဿနာ ပီတိ သုခတို့နဲ့ ပျော်မွေ့ပြီး နေလိုက်ရတာ၊ လူသာမန်မဆိုထားနဲ့ နတ်သာမန်တို့ပင် မပျော်မွေ့နိုင်တဲ့ ပျော်မွေ့ခြင်းနဲ့ ပျော်မွေ့နေရတယ်။ ဤကဲ့သို့ ပျော်မွေ့ခြင်းကို ဝိပဿနာတရား ရှုမှတ်တဲ့ ပုဂ္ဂိုလ်မှ ပျော်မွေ့နိုင်တယ်။
ဝိပဿနာရှုမှတ်လို့ အဆင့်အဆင့် ဉာဏ်စဉ်တွေ မြင့်တက်သွားသည်ရှိသော် ဖောင်းတယ်လို့ မှတ်လိုက်တဲ့အခါ အဆင့်ဆင့် ဖြစ်ပြီးတော့ ပျက်သွား၊ ဖြစ်ပြီးတော့ ပျက်သွားတာ၊ ပိန်တယ်လို့ မှတ်လိုက်တဲ့အခါ အဆင့်ဆင့် ဖြစ်ပြီးတော့ ပျက်သွား၊ ဖြစ်ပြီးတော့ ပျက်သွားတာ၊ ကြွတယ် လှမ်းတယ် ချတယ်လို့ မှတ်လိုက်တဲ့အခါမှာလည်း အဆင့်ဆင့် ဖြစ်ပြီးတော့ ပျက်သွား၊ ဖြစ်ပြီးတော့ ပျက်သွားတာကို မြင်ကြရတယ်။ အလျင်အမြန် ဖြစ်ပြီးတော့ ပျက်သွား၊ ဖြစ်ပြီးတော့ ပျက်သွားတော့ မမြဲပါလား၊ မမြဲပါလားလို့ စိတ်ထဲမှာ မထင်လားပါဘူးလား .. ထင်လာပါတယ်။ မမြဲဘူးဆိုတာ ဗမာလို ဖြစ်တယ်။ ပါဠိလိုကျတော့ ... အနိစ္စပါ။ ဖြစ်တာ ပျက်တာတွေက လျင်မြန်အားကြီးတော့ နှိပ်စက်နေသကဲ့သို့ ဆင်းရဲပါလားဟု ထင်မြင်လာတယ်။ ဆင်းရဲပါလားဆိုတာ ဗမာလို ဖြစ်တယ်။ ပါဠိလိုကျတော့ ... ဒုက္ခပါ။ ဒီလို ဖြစ်ပျက် နှိပ်စက်နေတဲ့ ဆင်းရဲတွေ ဘယ်လိုများ ကာကွယ်လို့ ရပါ့မလဲ ..၊ ဘယ်လိုမှ ကာကွယ်လို့ မရဘူး။ သူ့သဘောအတိုင်း သူဖြစ်ပျက်နှိပ်စက်နေတာပဲ၊ ကိုယ်အစိုးမရပါလားဟု ထင်မြင်လာတယ်။ ကိုယ်အစိုးမရပါလားဆိုတာ ဗမာလို ဖြစ်တယ်။ ပါဠိလိုကျတော့ ... အနတ္တပါ။
သတိပဋ္ဌာန်းတရားက မကောင်းတဲ့ဟိတ်တွေ ပယ်၍ ကောင်းတဲ့ဟိတ်တွေ တိုးပွားစေပုံ
အနိစ္စ ဒုက္ခ အနတ္တတွေ မမြင်သွားပါဘူးလား ...မြင်သွားပါတယ်။ ဘယ်တရားရှုလို့ပါလဲ .. သတိပဋ္ဌာန်းတရား ရှုလိုပါ။ အနိစ္စ ဒုက္ခ အနတ္တတွေ မြင်တော့ လောဘ ဒေါသ မောဟ မကောင်းတဲ့ ဟိတ်(၃)ပါးကို ပယ်ပြီးသား မဖြစ်သွားဘူးလား... ဖြစ်သွားပါတယ်။ ကောင်းတဲ့ ဟိတ်(၃)ပါးက အဆင့်ဆင့် မတိုးပွားလာပါဘူးလား ... တိုးပွားလာပါတယ်။ နေရာမကျပါဘူးလား .. နေရာကျပါတယ်။
ဒါကြောင့် ယောဂီများ ဝိပဿနာရှုနေရတာ ဟေတုပစ္စည်းအနေနဲ့ မကောင်းတဲ့ ဟိတ်တွေကို ပယ်တယ်။ ကောင်းတဲ့ ဟိတ်တွေကို တိုးပွားရှိစေတယ်။ ဆင့်ကာဆင့်ကာ ရှုမှတ်လို့ ဘင်္ဂဉာဏ်သို့ ရောက်လာတဲ့အခါ ဖြစ်တာက မထင်ရှားတော့ပေဘူး။ ပျက်ပျက်သွားတာကပဲ ထင်ရှားတယ်။ ဖောင်းတယ်လို့ မှတ်လိုက်ရင် ဖောင်းတဲ့အမူအရာလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ။ ဖောင်းဆုံးမှာ ကုန်ပျက်ကုန်ပျက်သွားတာ ထင်ထင်ရှားရှား တွေ့သိလာရတယ်။ ပိန်တယ်လို့ မှတ်လိုက်ရင်လည်း ပိန်တဲ့အမူအရာလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ။ ကြွတယ် လှမ်းတယ် ချတယ်လို့ မှတ်တဲ့အခါမှာလည်း ကြွတဲ့ လှမ်းတဲ့ ချတဲ့ အမူအရာလေးတွေ ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာကို ပကတိသော မျက်စိနဲ့ မြင်ကြသလို တွေ့မြင်ကြရတယ်။
နောက်တော့ သမာဓိဉာဏ်တွေ တစ်ဆင့်ရင့်ကျက် အားရှိ ထက်သန်လာတဲ့အခါ ဖောင်းတယ်လို့ မှတ်လိုက်သည်ရှိသော် ဖောင်းတဲ့ အမူအရာလေးတွေလည်း ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ မှတ်သိစိတ် ပါလိုက်၍ ကုန်ပျက်သွားတာ၊ ပိန်တယ်လို့ မှတ်လိုက်ရင်လည်း ပိန်တဲ့အမူအရလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ မှတ်သိစိတ်ပါ လိုက်၍ ကုန်ပျက်သွားတာ၊ ကြွတယ် လှမ်းတယ် ချတယ်လို့ မှတ်တဲ့အခါမှာလည်း ဒီအတိုင်းပဲ၊ ကြွတဲ့ လှမ်းတဲ့ ချတဲ့ အမူအရာလေးတွေလည်း ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ မှတ်သိ စိတ်ပါ လိုက်ပြီးတော့ ကုန်ပျက်ကုန်ပျက်သွားတာများကို မြင်ကြရတော့ ဖောင်းတဲ့ ပိန်တဲ့ ကြွတဲ့ လှမ်းတဲ့ ချတဲ့ အမူအရာ ရုပ်တရားတွေလည်း မမြဲဘူး၊ မှတ်သိစိတ်လည်း မမြဲဘူး။ ကုန်ပျက် ကုန်ပျက်တာ တွေ့ရတော့ မြဲတယ်လို့ ထင်ပါတော့မလား... မထင်တော့ပါဘူး။ မမြဲဘူးဆိုတာ ဗမာလို ဖြစ်တယ်။ ပါဠိလိုကျတော့ .. အနိစ္စပါလား။
ကုန်ပျက်တာတွေက လျင်မြန်အားကြီးတော့ နှိပ်စက်နေသကဲ့သို့ ဖြစ်၍ ဆင်းရဲပါလား ... ဆင်းရဲပါလားဆိုတာ ဗမာလို ဖြစ်တယ်။ ပါဠိလိုကျတော့ ... ဒုက္ခပါ။ ဒီလို ကုန်ပျက်နှိပ်စက်နေတဲ့ ဆင်းရဲတွေကို ဘယ်လိုများ ကာကွယ်လို့ ရပါ့မလဲ..၊ ဘယ်လိုမှ ကာကွယ်လို့ မရပါလား။ သူ့သဘောအတိုင်း သူကုန်ပျက် နှိပ်စက်နေတာပဲ။ ကိုယ်အစိုးမရပါလား ..၊ ကိုယ်အစိုးမရပါလားဆိုတာ ဗမာလို ဖြစ်တယ်။ ပါဠိလိုကျတော့ ... အနတ္တပါ။ အနိစ္စ ဒုက္ခ အနတ္တဉာဏ်အမြင်တွေ ပိုင်သွားတဲ့အခါ ယောဂီများ ဘယ်ကို ရောက်သွားကြမလဲ .. နိဗ္ဗာန်သို့ ရောက်သွားပါမယ်။
အနိစ္စ ဒုက္ခ အနတ္တတွေမြင်တော့ ဟေတုပစ္စည်းထဲက လောဘ ဒေါသ မောဟဆိုတဲ့ မကောင်းတဲ့ ဟိတ်တွေကို ပယ်ပြီးသွား ဖြစ်သွားတယ်။ အလောဘ အဒေါသ အမောဟဆိုတဲ့ ကောင်းတဲ့ဟိတ်တွေကို တိုးတက်ကြီးပွားလာစေတယ်။ နေရာကျပါတယ်။ ဟေတုပစ္စည်းတရားကို ဟောတာ အသင့်အတင့် ပြည့်စုံသွားပါပြီ။
ဤကဲ့သို့ ပဋ္ဌာန်းပါဠိတော် ပစ္စယနိဒ္ဒေသပါဠိတော်လာ ဟေတုပစ္စည်းတရားတော်ကို နာကြားရသဖြင့် နာကြားရတဲ့အတိုင်း လိုက်နာကျင့်ကြံပွားများ အားထုတ်နိုင်ကြပြီးလျှင် မိမိတို့ အလိုရှိအပ် တောင့်တအပ်တဲ့ တရားထူး တရားမြတ်တို့ကို ဒုက္ခခပ်သိမ်း အေးငြိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို လွယ်ကူသောအကျင့် လျှင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း..။
ဆရာတော်ဘုရား ပေးသနားတော်မူတဲ့ ဆုနဲ့ ပြည့်စုံရပါလို၏။
သာဓု ... သာဓု ... သာဓု ။
ပြည့်ဖြိုး (ဗောဓိမြိုင်ဓမ္မရိပ်)
(သဒ္ဒဓမ္မရံသီဆရာတော်ကြီးရဲ့ ပဋ္ဌာန်းတရားတော်ကို အမှီပြုပြီး ရန်ကုန်မြို့၊ ဗဟန်းရှိ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်က ဆရာတော် ဥုးတေဇနိယ၏ ပဋ္ဌာန်းအလင်းရောင်ကျမ်း၊ ဒေါက်တာဦးမင်းတင်မွန်၏ အဘိဓမ္မာ၊ ဓမ္မဗျူဟာမှ အဘိဓမ္မာစာအုပ်များ မှ ကောက်နှုတ်ကိုးကား၍ တင်ပြထားတာပါ။)

No comments:

Post a Comment