Saturday, October 11, 2014

အပြန်အလှန်လေးစားမှု


ြ မြတ်စွာဘုရားသည် မင်္ဂလသုတ်၌ ဂါဝရနှင့် နိဝါတကို ဆက်စပ်၍ ဟောထားသည်။ ထိုသို့ ဟောရခြင်းမှာ မကင်းကောင်းသော တရားများဖြစ်သောကြောင့်ပင် ဖြစ်သည်။ နိဝါတရှိသူ၌သာ ဂါရဝဖြစ်နိုင်သည်။ နိဝါတ မရှိသူ၌ကား ဂါရဝ တရားမဖြစ်နိုင်ပေ။ ထို့ကြောင့် ဂါရဝ နှင့် နိဝါတကို ဆက်စပ်၍ ဟောထားခြင်း ဖြစ်သည်။
လူဟူသော သတ္တဝါသည် တစ်ဦးတစ်ယောက်တည်း နေထိုင်သောသတ္တဝါမျိုးမဟုတ်ပေ။ အစုအဖွဲ့နှင့်နေထိုင်သော သတ္တဝါမျိုးဖြစ်သည်။ အစုအဖွဲ့နှင့် နေထိုင်ကြသောကြောင့် လူ့ဘောင်၌ လူ့စည်းကမ်း လူ့ဥပဒေ ဖြစ်ပေါ်လာသည်။ လူသည် လူ့ဘဝကို စတင်ရောက်ရှိစဉ်ကတည်းကပင် လူသားတို့နှင့် ထိတွေ့ဆက်ဆံကြရသည်။ ပထမဆုံး ထိတွေ့ဆက်ဆံရသူများမှာ မိဘနှစ်ပါးပင်ဖြစ်သည်။ ထို့ကြောင့် သားသမီးဖြစ်သူတို့က မိဘအပေါ် ပြုကျင့်ရမည့် သားသမီးကျင့်ဝတ်ဟူ၍ ရှိလာသည်။ မိဘများကလည်း သားသမီးအပေါ်မှာ ပြုကျင့်ရမည့် မိဘကျင့်ဝတ်များဟူ၍ ရှိလာပြန်သည်။
ဆရာသမားတို့နှင့်လည်း ထိတွေ့ဆက်ဆံလာရသည်။ ထိုအခါ တပည့်ကျင့်ဝတ် ဆရာကျင့်ဝတ် တို့သည်လည်း ဖြစ်ပေါ်လာရသည်။ ညီအစ်ကို မောင်နှမ ဆွေမျိုး အသိုင်းအဝိုင်းတို့နှင့်လည်း ဆက်ဆံလာကြရသည်။ ထိုအခါ အချင်းချင်း စောင့်ထိမ်းကြရမည့် ဆွေမျိုးကျင့်ဝတ်ဟူ၍လည်း ဖြစ်ပေါ်လာပြန်သည်။ မိတ်ဆွေသင်္ဂဟ များနှင့်လည်း ဆက်ဆံကြရသည်။ ထို့ကြောင့် မိတ်ဆွေကျင့်ဝတ်ကိုလည်း ကျင့်ကြရပြန်သည်။ ထိုကျင့်ဝတ်များသည် လူ့ဘောင်လောကရှိ လူသားတို့၏ ကျင့်သုံးအပ်သော ကျင့်ဝတ်များပင်ဖြစ်သည်။ ထိုကျင့်ဝတ်များကို လိုက်နာကျင့်သုံး၍နေပါက လူ့ဘောင်လောကသည် နတ်ပြည်တမျှ သာယာနေမည် ဖြစ်သည်။
သို့သော် ထိုကျင့်ဝတ်တို့ အချင်းချင်းတာဝန် မကျေပွန်ကြသဖြင့် လူ့လောကသည် တစ်ခါတစ်ရံ ငရဲပြည်တမျှ ဆူပွတ်ကြရသည်။ ထိုကျင့်ဝတ်များကို အနှစ်ချုပ်လိုက်ပါက “အချင်းချင်း တာဝန်ကျေပွန်ခြင်း၊ မကျေပွန်ခြင်း”ပင်ဖြစ်သည်။ ထိုထက်ရှင်းအောင် ပြောရပါက “အချင်းချင်း အပြန်အလှန်လေးစားခြင်း၊ မလေးစားခြင်း” ပင်ဖြစ်သည်။ အချင်းချင်းအပြန်အလှန် တာဝန်ကျေပွန်ခြင်း၊ လေးစားခြင်းသည် ကောင်းသောအရာပင်ဖြစ်သည်။ သို့သော် အချင်းချင်း အပြန်အလှန် တာဝန်မကျေပွန်ခြင်း၊ မလေးစားခြင်း ဖြစ်လာသည့် အခါ၌ကား အရာအားလုံးတို့၏ ပျက်စီးကြောင်း အစပင်ဖြစ်လာသည်။ အရာအားလုံး ပျက်စီးစေခဲ့သည့် သာဓကပေါင်းများစွာတို့ ရှိနေခဲ့ပြီး ဖြစ်သည်ကိုလည်း ဝမ်းနည်းဖွယ်ရာ တွေ့မြင်ကြရမည် ဖြစ်သည်။
သာဓကတစ်ခုကို တင်ပြလိုပေသည်။ ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိတော်မူစဉ်က ဖြစ်သည်။ ဗုဒ္ဓသာသနာတော် နေလိုလို ထွန်းပနေစဉ် သာသနာတော်နှင့် အကျွမ်းတဝင်ရှိလိုသော ကောသလမင်းကြီးသည် သာကီဝင် မင်းသမီးတစ်ဦးကို မိဖုရားမြှောက်လိုက်သည်။ ထိုမိဖုရား၏ အမည်မှာ ဝါသဘခတ္တိယဖြစ်သည်။ ဝါသဘခတ္တိယသည် ကျွန်မက မွေးသောမင်းသမီးတစ်ဦးဖြစ်သည်။ သာကီဝင်မင်းတို့သည် မိမိတို့၏ သာကီဝင်မျိုးနွယ်အား သူတပါးတို့နှင့် အမျိုးမရောနှောလိုသဖြင့် ကျွန်မကမွေးသော မင်းသမီးတစ်ဦးကို ကောသလ မင်းကြီးအား လိမ်လည်၍ ဆက်သလိုက်ခြင်းဖြစ်သည်။ ထိုမိဖုရား ဝါသဘခတ္တိယ၌ သားတော်တစ်ပါး ဖွားမြင်လာသည်။
ထိုသားတော်၏ အမည်မှာ ဝိဋဋူဘဖြစ်သည်။ ဝိဋဋူဘသည် ခမည်းတော် ကောသလမင်းကြီး၏ မြှောက်စားမှုကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် စစ်သူကြီး ရာထူးကို ရရှိထားသူဖြစ်သည်။ ဝိဋဋူဘ သည် အသက် (၁၆)နှစ်အရွယ်သို့ ရောက်ရှိနေခဲ့သည့်တိုင် မိခင်၏ ဇာတိနိုင်ငံသို့ကား တစ်ခေါက်တစ်ခါမျှ မသွားရောက်ခဲ့ဘူးသေးပေ။ မိခင်၏ ဇာတိနိုင်ငံသည် လောကသုံးပါး၌ အတုမရှိသော မြတ်စွာဘုရားကို မွေးဖွားရာ သကျသာကီဝင်မင်းတို့၏ နေရာဖြစ်သည်။ ဝိဋဋူဘ၏ စိတ်ထဲတွင် မိခင်၏ နိုင်ငံသို့ အလည်အပတ်သွားရောက်လိုစိတ် ပြင်းပြနေသည်။ မိခင်ဖက်က ဆွေတော်မျိုးတော်တို့ကိုလည်း တွေ့မြင်လိုလှပါသည်။ ထို့ကြောင့် ဝိဋဋူဘသည် သူ၏ စစ်တပ်ကို ခေါ်ကာ မိခင်၏ဇာတိနိုင်ငံ သကျသာကီဝင်မင်းတို့၏ မြို့တော် ကပိလဝတ္ထုသို့ အရောက်ချီလေပြီး။
မိခင်၏ ဇာတိနိုင်ငံသို့ ရောက်သည့်အခါ သူတွေးထင်ယူဆခဲ့သော ထင်မြင်ယူဆချက်အားလုံးသည် တက်တက်စင်အောင် လွဲမှားသွားလေသည်။ သူတွေးထင်ခဲ့သလို သူအားဆွေတော်မျိုးတော်တို့သည် တစ်ဦးတစ်ယောက်မျှ လက်ကမ်းမကြိုဆိုကြ၊ ဦးမညွတ်ကြ၊ နေရာထိုင်ခင်း မပေးကြဘဲ ရှောင်ဖယ်ရှောင်ဖယ် လုပ်နေကြသည်။ ကာသိတိုင်း ကောသလတိုင်းတို့၏ ထီးညွန့်နန်းလျှာတစ်ပါးဖြစ်သော ဝိဋဋူဘသည် မိခင်ဘက်က ဆွေမျိုးတို့၏ မထီလေးစား လုပ်ရပ်ကို တွေ့မြင်ရ၍ အထူးပင်အံ့သြရလေပြီ။ ထိုထက်ဆိုးသည်မှာ သူထိုင်ခဲ့သော နေရာကို ကျွန်မသားထိုင်ခဲ့သည့် နေရာဆိုပြီး နို့ရေတို့ဖြင့် ဆေးကြောလိုက်ကြခြင်းပင် ဖြစ်သည်။ ဝိဋဋူဘအတွက် အဘယ်မျှ ခံပြင်းစရာကောင်းလေမည်နည်း။
တစ်ခါတစ်ရံ၌ လူတို့သည် အခြားတစ်ဦးတစ်ယောက်ကို အမှုမဲ့အမှတ်မဲ့ ပဲဖြစ်ဖြစ်၊ တမင်တကာ ရည်ရွယ်လိုပဲဖြစ်ဖြစ် တစ်ဖက်သား၏ စိတ်၌ မချမ်းမြေ့ဖွယ်ရာ စကားများကို ပြောဆိုတတ်ကြသည်။ ထိုပြောဆိုသော ပုဂ္ဂိုလ်သည် မိမိပြောဆိုသော စကားကို သာမန်ဟု ထင်ကောင်းထင်တတ်သည်။ သို့သော် ကြားရသူ တစ်ဖက်သားတို့၏ စိတ်ထဲတွင်မူ ခံရခတ်သည့် စကားများဖြစ်နေပါက စိတ်ထဲတွင် နာကြည်းချက် ဒဏ်ရာအနာတရ အဖြစ် ကျန်ရစ်ခဲ့တတ်သည်။ ထိုဒဏ်ရာ အနာတရသည် ကြလာသည့်အခါ အစိုင်အခဲအဖြစ် ကြီးထွားလာတတ်သည် စိတ်ထဲမှာ ကျိတ်မနိုင်တားမရ အဖြစ်ဖြင့် တမြေ့မြေ့ ဖြစ်ပေါ်ပူလောင်နေတတ်သည်။
ငယ်ရွယ်သူများသည် ရိုးသားဖြူစင်ကြသည်။ သူတို့သည် အရာရာကို ရိုးသားဖြူစင်စွာပင် ရှုမြင်ကြသည်။ သူတို့နှင့် ထိတွေ့ ဆက်စပ်သူများက ရိုးသားနေပါက သူတို့သည် အမှန်ပင် ရိုးသားစွာ တုန့်ပြန်ကြမည်မှာ အသေအချာပင် ဖြစ်သည်။ သို့သော် အချို့သော သူတို့သည် ငယ်ရွယ်များ၏ ရိုးသားမှုကို အခွင့်ကောင်း ယူပြီး မလိမ့်တပတ် လုပ်တတ်သည်။ အပေါ်စီးက မတရားဆက်ဆံတတ်ကြသည်။ ထို့သို့ ဆက်ဆံရာတွင်လည်း ငယ်ရွယ်သူများ၏ စိတ်ထဲ၌ မတရားဘူးဟု ခံယူသွားသည့် အခါ အမတန် ကြောက်စရာကောင်းသည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ကြောင်းကို သူတို့သည် ကြိုတင်သတိပြုနိုင်ကြမည် မဟုတ်ပေ။
မည်သို့ပင် ဆိုစေ တစ်ဘက်က လူသားတို့၏ ရင်ထဲ၊ စိတ်ထဲတွင် နာကျဉ်းချက် ဒဏ်ရာအနာတရ အဖြစ်များလာပြီး မတရားဘူးဟု ထိခိုက်နာကျင်စွာ ခံစားရပြီ ဆိုလျှင် ထိုမတရားမှု၏ အငွေ့အသက်သည် ထိုခံစားရသူ၏ စိတ်အာရုံကို လွှမ်းမိုးကြီးစိုးလာတတ်သည်။ အကျိတ်အခဲ အနေအားဖြင့် ဖြေဖျောက်၍ မပျောက်အောင် ဖြစ်လာတတ်သည်။
ထိုအခါ ခွင့်လွှတ်တတ်ဖို့ ဆိုသည်မှာ ဘယ်လိုမှ ဖြစ်ပေါ်လာမှာ မဟုတ်တော့ဘဲ အခွင့်ရသည်နှင့် လက်စားချေလိုသော စိတ်သာလွှမ်းမိုးဖြစ်ပေါ်လာတတ်သည်မှာ အသေအချာပင် ဖြစ်သည်။ ဝိဋဋူဘသည် မိခင်ဘက်ကဆွေမျိုးများ၏ မထီလေးစား၊ မလေးမခန့် ဆက်ဆံခံရသည့် အခါ စိတ်မကောင်းကြီးစွာ ဖြစ်ရသည်။ ထိုထက်ဆိုးသည်ကား သူထိုင်ခဲ့သော နေရာကို ကျွန်မသား ထိုင်ခဲ့သည့် နေရာဆိုပြီး နို့ရေတို့ဖြင့် သွန်းလောင်းဆေးကြောပစ်လိုက်ကြသည့် အပြုအမူသည် ဝိဋဋူဘအတွက် ဘယ်လိုမှ ခွင့်လွှတ်၍ မရနိုင်သည့် အခံရအခတ်ဆုံးသော အရာပင်ဖြစ်သည်။ ဒေါသအမျက် ချောင်းချောင်း ထွက်စေသည်။ ထို့ကြောင့် ဝိဋဋူဘသည် မိမိတပ်ကို ခေါ်ကာ မိခင်၏ ဇာတိနိုင်ငံမှ ပြန်လာခဲ့လေသည်။ ပြန်မလာမီ မိခင်ဘက်က ဆွေမျိုးတို့အား “ ဒင်းတို့ နေရစ်ကြအုံး၊ ငါ့အကြောင်း တစ်နေ့ သိရလိမ့်မယ် ” ဟု တောက်ခေါက်ကာ သတိပေးခဲ့လေသည်။
ယနေ့ကမ္ဘာ၌ ဘာသာကြီး လေးခုတို့တွင် ဗုဒ္ဓဘာသာသည် ဘာသာကြီးတစ်ခု အဖြစ် ပါဝင်လျှက်ရှိသည်။ ကမ္ဘာ့လူဦးရေ ငါးပုံ တစ်ပုံ ခန့်သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်လျက်ရှိကြသည်။ ဗုဒ္ဓဘာသာကို တည်ထောင်ခဲ့သူမှာ ဗုဒ္ဓဘုရားရှင်ပင် ဖြစ်သည်။ ဗုဒ္ဓ၏ မွေးဖွါးရာ ဇာတိနိုင်ငံသည် သက္ကတိုင်း၊ ကပိလဝတ္ထုပင် ဖြစ်သည်။အမျိုးအနွယ်မှာ သကျသာကီဝင် မျိုးနွယ်ဖြစ်သည်။ သို့သော် ဗုဒ္ဓဘုရားရှင်၏ သကျသာကီဝင်မျိုးနွယ်တို့သည် တစ်ဦးတစ်ယောက်မျှပင် သက်ရှိထင်ရှား မရှိကြတော့ပေ။
ဝိဋဋူဘ ၏ လက်ချက်ကြောင့် ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ်မှာပင် အများအားဖြင့် သေဆုံးသွားကြရရှာသည်။ တစ်ချို့သည် တိုင်းပြည်ကို စွန့်ခွါကာ ကစဉ်းကလျားဖြင့် နယ်စွန်နယ်ဖျားကို ရောက်ရှိသွားကြရသည်။ သကျသာကီဝင်မင်းတို၏ ဂါရဝ နိဝါတ ကင်းမဲ့မှုသသည် သာကီဝင်တစ်မျိုးလုံးကို အမျိုးပြုန်းစေလေသည်။ သာကီဝင်တစ်မျိုးလုံးကို ဤကမ္ဘာမြေပြင်ပေါ်က အပြီးတိုင် ပျောက်ကွယ်သွားစေလေပြီ။
စာရေးသူသည် အိန္ဒိယနိုင်ငံသို့ ရောက်ခါစ ဗုဒ္ဓဂယာတစ်နေရာတွင် ဆရာတော်တစ်ပါးနှင့် ဆုံဖြစ်ခဲ့သည်။ မိမိထက်အသက်သိက္ခာကြီးရင့်သော ပုဂ္ဂိုလ်ဖြစ်သည့်အတွက် လက်အုပ်ချီကာ အရိုအသေပေးခဲ့သည်။ သို့သော် အဆိုပါဆရာတော်သည် မိမိ၏ အရိုအသေပေးမှုကို ကောင်းမွန်စွာ မတို့ပြန် မခံယူခဲ့ပေ။
ထို့ကြောင့် မိမိသည် အဆိုပါဆရာတော်နှင့် နောက်နောင်တွင် တွေ့ကြုံရသော အခါတို့၌ လက်အုပ်ချီကာ အရိုအသေပေးလိုစိတ် မရှိတော့ဘဲ သာမန်မျှသာ နေထိုင်ခဲ့သည်။ ဤအကြောင်းအရာများကို ရေးပြနေခြင်းသည် အဆိုပါဆရာတော် အပေါ် ဒေါသ အာဃာတဖြင့် ရေးသားနေခြင်းမဟုတ်ဘဲ မိမိ၏ ဘဝအတွေ့အကြုံတစ်ခုကို ဗဟုသုတ မျှဝေလိုသော ရည်ရွယ်ချက် တစ်ခုတည်းဖြင့်ပင် ဤဆောင်းပါးကို ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပေသတည်း။
“အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။”
မှတ်ချက်။ ။ ဤဆောင်းပါးကို “ဦးစန္ဒြမဏိကျောင်းသားများ သာရေးနာရေးအသင်း (UCMSWT)” မှ ဓမ္မဒါနအဖြစ် ထုတ်ဝေဖြန့်ချိသော ” မဇ္ဈိမတံခွန် မဂ္ဂဇင်း” “အမှတ်စဉ် (၁)”မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment