Saturday, October 11, 2014

တရားအားထုတ်ကြရာ အင်္ဂါငါးဖြာ သိကောင်းစရာ


ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့သည် ယခုဘ၀မှာ အနည်းဆုံး
အပါယ်တံခါးပိတ်သည့် အဆင့်သောတာပန်ဖြစ်အောင်
ဝိပဿနာတရားအားထုတ်မည်ဟု ရည်ရွယ်ချက်ထား
ရှိကြသည့် ပုဂ္ဂိုလ်တွေများကြပေသည်။ အကောင်းမြတ်
ဆုံးဖြစ်သည့် ရည်ရွယ်ချက်ထားရှိခြင်းပင်ဖြစ်ပေသည်။
ယခုအချိန်အခါသည် အမှန်စင်စစ် အပါယ်တံခါးပိတ်
သည့်အဆင့် သောတာပန်အဖြစ်သို့ရောက်ရှိသွားနိုင်
သည့် အချိန်အခါမျိုးဖြစ်ပေသည်။ တရားအားထုတ်
ကြောင်း တရားရကြောင်း အင်္ဂါ၅ပါးနှင့်ပြည့်စုံစွာအား
ထုတ်နိုင်ပါက သောတာပန်အဖြစ်မှစ၍ တရားထူးတရား
မြတ်များရသွားနိုင်ကြမည် ဖြစ်ပေသည်။ ထိုအင်္ဂါ ၅ပါး
ကို မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားတော်မူ
ခဲ့ပါသည်။
၁။ သဒ္ဓေါဟောတိ = ဘုရား၊ တရား၊ သံဃာတို့၏
ဂုဏ်များ၌ ယုံကြည့်ခြင်း။
၂။ အပ္ပါဗာဓေါဟောတိ = အနာရောဂါကင်း၍ကျန်းမာ
ခြင်း။
၃။ အသဋ္ဌောဟောတိ = စိတ်ထားဖြောင့်မတ်ခြင်း။
၎။ အာရဒ္ဓ၀ီရိယော ၀ိဟာရတိ = ကြိုးကြိုးစားစား
အားထုတ်ခြင်း။
၅။ ပညာဝါဟောတိ = ဉာဏ်ပညာနှင့်ပြည့်စုံခြင်း
ဟူသော တရားအားထုတ်ကြောင်း၊ တရားရကြောင်း
အင်္ဂါ ၅ ပါးကို ဟောကြားတော်မူခဲ့ပါသည်။
အကျယ်
၁။ ဘုရား၊ တရား၊ သံဃာတို့၏ဂုဏ်များ၌ ယုံကြည်
ခြင်းဟု ဟောကြားရာ၌ အကြင်ဝိပဿနာတရား
အားထုတ်သော ပုဂ္ဂိုလ်သည် မြတ်စွာဘုရား၏
ဂုဏ်တော် ၉ ပါး၊ တရားတော်၏ဂုဏ်တော် ၉ပါး၊
သံဃာတော်၏ ဂုဏ်တော် ၉ ပါး၌ မတုန်မလှုပ်
ဉာဏ်ဖြင့်သက်ဝင်၍ ယုံကြည်၏။ အထူးသဖြင့်
မိမိယခုအားထုတ်ဆဲ တရားပေါ်၌ ယုံကြည်ရမည်
ဖြစ်ပေသည်။
ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ထိတယ်၊ ကြွ
တယ်၊ လှမ်းတယ်၊ ချတယ်၊ ကွေးတယ်၊ ဆန့်တယ်
စသည်ဖြင့် ရှုမှတ်နေရင်းပင် အမှတ်ပြည့်သွားသော
အခါ နိဗ္ဗာန်ကိုမြင်သွားနိုင်သည်။ အပါယ်တံခါးပိတ်
သွားနိုင်သည်ဟု ယုံကြည်၏။ ထိုပုဂ္ဂိုလ်သည်တရား
ရနိုင်မည့် ပုဂ္ဂိုလ်ဖြစ်ပေသည်။
ဆောင်ပုဒ် ။ ။ သုံးပါးရတနာ ဂုဏ်တွေမှာ မှန်စွာ
ယုံကြည်သည်။
၂။ အနာရောဂါကင်း၍ ကျန်းမာခြင်းဟု ဟောကြား
ရာ၌ အကြင်ဝိပဿနာတရား အားထုတ်သောပုဂ္ဂိုလ်
သည် မိမိစားလိုက်သော အစာအာဟာရများကို
ဝမ်းမီးက ကြေညက်အောင် ချက်ပေးနိုင်သည့်ဝမ်းမီး
နှင့်ပြည့်စုံ၏။ ထိုပုဂ္ဂိုလ်သည် တရားရနိုင်မည့်ပုဂ္ဂိုလ်
ဖြစ်ပေသည်။
ဆောင်ပုဒ် ။ ။ အစာကြေစေ၊ ၀မ်းမီးပေ၊ ရှိလေ
ကျန်းမာသည်။
ဝိပဿနာတရား အားထုတ်ရာ၌ ဇက်ထိုးခြင်း၊ ခေါင်း
ကိုက်ခြင်း၊ ဗိုက်အောင့်ခြင်းစသည် သာမန်ရောဂါ
ဝေဒနာများရှိရုံဖြင့် မကျန်းမာဟု မဆိုနိုင်ပေ။ မိမိ
စားလိုက်သော အစာအာဟာရများ ကြေညက်အောင်
ချက်ပေးနိုင်သည့် ၀မ်းမီးများမရှိလောက်အောင်စွဲကပ်
နေသည့် ရောဂါရှိမှသာ မကျန်းမာဟုဆိုရပေသည်။
ဇက်ထိုးခြင်း၊ ၀မ်းဗိုက်အောင့်ခြင်း စသည့်သာမာန်
ရောဂါဝေဒနာများ ရှိခဲ့သော် ၀ိပဿနာတရားရှုမှတ်
၍ သမာဓိဉာဏ်များဖြစ်လာသောအခါ ထိုသာမာန်
ရောဂါဝေဒနာများ ပျောက်ကင်းသွားကြမည်သာ
ဖြစ်ပေသည်။
၃။ စိတ်ထားဖြောင့်မတ်ခြင်းဟု ဟောကြားရာ၌
အကြင်ဝိပဿနာတရား အားထုတ်သောပုဂ္ဂိုလ်
သည် အားထုတ်နေဆဲ အခိုက်အတန့်မှာ ဉာဏ်
စဉ်အားလျော်စွာ မိမိခန္ဓာကိုယ်၌ ကောင်းသည့်
တရားသဘော၊ မကောင်းသည့် ဆိုးသည့်ဝေဒနာ
မကောင်းသည့်တရားသဘော စသည်များကို
ကမ္မဋ္ဌာန်းဆရာများထံ ကမ္မဋ္ဌာန်းသိကြားလိမ္မာ
သော ပုဂ္ဂိုလ်များထံ၌ ဟုတ်တိုင်းမှန်စွာတင်ပြ
တတ်၏။ ထိုပုဂ္ဂိုလ်သည် တရားရနိုင်မည့်
ပုဂ္ဂိုလ်ဖြစ်ပေသည်။
ဆောင်ပုဒ် ။ ။ ကောင်းဆိုးနှစ်တန်၊ တင်ပြပြန်
အမှန်ဖြောင့်သည်မည်။
ဝိပဿနာတရားအားထုတ်ကြရာတွင် ဉာဏ်စဉ်
အားလျော်စွာ တစ်ခါတစ်ခါ ၀ိပဿနာတရား
အားထုတ်ရသည်မှာ အလွန်ပင်ခက်ခဲလာတတ်
ကြပေသည်။ တရားတွေအလွန်ပင်ဆိုးလာတတ်
ကြပေသည်။ တစ်ခါတစ်ခါ ၀ိပဿနာတရား
အားထုတ်ကြရသည်မှာ အလွန်ပင်ချမ်းသာသုခ
များ ခံစားရရှိကြပေသည်။ တစ်ခါတစ်ရံလူသာမန်
မဆိုထားနှင့် နတ်သာမာန်တို့ပင် မခံစား၊ မတွေ့
သိနိုင်သည့် ချမ်းသာသုခတို့ကို ခံစားတွေ့သိကြရ
ပေသည်။ မည်ကဲ့သို့ ချမ်းသာသည်ဟု မပြောပြ
တတ်အောင်ပင် ချမ်းသာသုခများကို ခံစားတွေ့
သိကြရပေသည်။
ဤကဲ့သို့ လွယ်ကူချမ်းသာခြင်း၊ ခက်ခဲဆင်းရဲ
ခြင်းများနှင့် တွေ့ကြုံရသောအခါ ချမ်းသာကို
သာ ကမ္မဋ္ဌာန်းဆရာများထံ၌ တင်ပြပြီးလျှင်
ခက်ခဲဆင်းရဲများကို မတင်ပြပါဘဲထားခဲ့သော်
ခက်ခဲဆင်းရဲသည်များကိုသာ တင်ပြ၍ ချမ်းသာ
သည်များကို မတင်ပြခဲ့သော် ကမ္မဋ္ဌာန်းဆရာများ
ကပြည့်စုံစွာမသိကြ၍ ပြုပြင်မပေးနိုင်သဖြင့်
ယောဂီအတွက် တရားအတွေ့နှေး၊ တရားတွေ
အတက်နှေးနေတတ်ကြပေသည်။ ထို့ကြောင့်
ကောင်းဆိုးနှစ်တန်အမှန်ကို တင်ပြကြရပေ
သည်။
သာဓကများမှာ
အရှင်ဝ င်္ဂီသသည် မကောင်းတာကိုတင်ပြ၍
တရားတွေတိုးတက်သွားတာရှိခဲ့ဖူးသည် ။
တစ်ချိန်သောအခါ သာဝတ္ထိပြည်မှာ အရှင်
ဝ င်္ဂီသသည် အရှင်အာနန္ဒာနောက်မှဆွမ်းခံ
ကြွ၍လိုက်သွားရာတွင် မင်းမျိုးအိမ်တစ်အိမ်
သို့ရောက်သွားလေ၏။ ထိုအခါ မင်းမျိုးမင်း
သမီးများကိုမြင်ရသဖြင့် အရှင်ဝ င်္ဂီသမှာ
မကောင်းသည့် တပ်မက်သည့်စိတ်များဖြစ်လာ
လေသည်။ ထိုသို့ဖြစ်လာသည့်အကြောင်းကို
အရှင်အာနန္ဒာအား ချက်ချင်းပင် လျှောက်ထား
တင်ပြလိုက်လေ၏။
အရှင်အာနန္ဒာက အသုဘလို့ မြင်အောင်ရှုပါ
စသည်ဖြင့် ဆုံးမတရားဟောကြားပေးလိုက်
သောအခါ အရှင်ဝ င်္ဂီသမှာ မကောင်းသည့်
တပ်မက်သည့်စိတ်တွေကင်းပျောက်သွားရပေ
သည်။ တရားတွေတိုးတက်သွားရပေသည်။
မကောင်းတာတင်ပြ၍တရားတွေတိုးတက်
သွားသော သာဓကဖြစ်ပေသည်။
အရှင်အနုရုဒ္ဓါသည် ကောင်းတာကိုတင်ပြ၍
တရားတွေတိုးတက်သွားကာ ရဟန္တာဖြစ်သွား
တာလည်းရှိခဲ့ဖူးလေသည်။
တစ်ချိန်သောအခါ အရှင်အနုရုဒ္ဓါသည်အရှင်
သာရိပုတ္တရာထံ ချဉ်းကပ်၍ လျှောက်ထားသည်
မှာ အရှင်မြတ်ဘုရား၊ တပည့်တော်သာသနာ
တော်သို့ ၀င်၍ ရဟန်းဝတ်သည်မှာ တစ်ဝါပဲ
ရှိပါသေးသည်။ သို့သော် တစ်ထောင်သော
လောကဓါတ်ကို မြင်နိုင်သည့် ဒိဗ္ဗစက္ခုအဘိ
ညာဉ်ကို ရရှိထားပါသည်။ တပည့်တော်မှာ
ဝီရိယ၊ သတိ၊ သမာဓိ၊ ပဿဒ္ဓိဟူသောတရား
ကောင်းများလည်း ရှိပါသည်။ သို့သော်တပည့်
တော်၏စိတ်သည် ကိလေသာတို့မှ မလွတ်
မြောက်သေးပါ။ တရားမရသေးပါ။ အဲဒါဘာ
ကြောင့်ပါလဲဘုရားဟု သူ့မှာရှိသည့် ကောင်း
သည့်ဂုဏ်များကို တင်ပြလျှောက်ထားလေ
သည်။
ထိုအခါ အရှင်သာရိပုတ္တရာက သင့်မှာတရား
ဆိုး ၃ မျိုးဝင်နေ၍ သင်တရားမရသေးခြင်း
ဖြစ်ပါသည်။ ဒီတရားဆိုး ၃မျိုးကိုပယ်နိုင်က
သင်တရားရနိုင်ပေသည်ဟု မိန့်ကြားပြီးပယ်
ဖို့ရာ တရားဆိုး ၃ မျိုးကို ဟောကြားပေးပါ
သည်။
က။ ငါ့ရှင်အနုရုဒ္ဓါ တစ်ထောင်သောလောကဓါတ်
ကိုမြင်နိုင်သည့် ဒိဗ္ဗစက္ခုအဘိညာဉ်ကိုရရှိထား
သည်ဟု သင့်စိတ်တွင်ဖြစ်နေခြင်းသည် မာန
ဝင်နေခြင်းပင်ဖြစ်ပေသည်။
ခ။ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပဿဒ္ဓိဟူသောတရား
ကောင်းများ ရှိနေသည်ဟု အဖန်ဖန်ဆင်ခြင်သုံး
သပ်နေခြင်းသည် သင့်မှာ ဥဒ္ဓစ္စဖြစ်နေခြင်းပင်
ဖြစ်ပေသည်။
ဂ။ ဤကဲ့သို့တရားကောင်းတွေရှိနေပါလျက်
တရားလည်းမရသေးပါလား မရသေးပါလားဟု
အဖန်ဖန်ပူပန်နေခြင်းသည် သင့်သန္တာန်မှာကုက္ကုစ္စ
တွေဖြစ်နေခြင်းပင်ဖြစ်ပေသည်။ ဤတရားဆိုး
၃ မျိုးကို ပယ်နိုင်လျှင် သင်တရားရနိုင်ပေသည်
ဟု မိန့်ကြားပြီးလျှင် အလုပ်ပေးတရားကိုဟော
ကြားပေးပါသည်။
ဆောင်ပုဒ် ။ ။ မာန၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ သုံးဝပယ်ရ
မည်။
အရှင်အနုရုဒ္ဓါသည် တောအရပ်သို့ ထွက်ခွါသွား
ပြီးလျှင် တရားအားထုတ်လေ၏။ မြတ်စွာဘုရား
၏အကူအညီဖြင့် မကြာမီအချိန်ကာလအတွင်းမှာ
ပင် ရဟန္တာဖြစ်သွားလေသည်။ ကောင်းတာကို
တင်ပြ၍ တရားရသွားသော သာဓကပင်ဖြစ်လေ
သည်။
၎။ ကြိုးကြိုးစားစားအားထုတ်ရခြင်းဟု ဟောကြား
ရာ၌ အကြင်ဝိပဿနာတရားအားထုတ်သောပုဂ္ဂိုလ်
သည် အပါယ်ငရဲသို့ကျရောက်စေတတ်သည့်အကု
သိုလ်တရားတို့ကို ပယ်ဖို့ရာ နိဗ္ဗာန်ချမ်းသာသို့
ရောက်စေနိုင်သည့် ကုသိုလ်တရားများ ပြည့်စုံလာ
ဖို့ရာ အားထုတ်ရာ၌ ကိုယ်နှင့်အသက်ကိုမငဲ့ကွက်
ပါဘဲ ကိုယ်အားဉာဏ်အားရှိသမျှ အဆင့်ဆင့်တိုး
တက်အောင် အားထုတ်၏။ မည်သည့်အကြောင်း
ကြောင့်မျှ အားထုတ်မှုကိုမရပ်ဆိုင်းပါဘဲ မိမိရည်
မှန်းထားသည့် တရားအဆင့်ရသည်အထိအား
ထုတ်၏။ ထိုပုဂ္ဂိုလ်သည် တရားရနိုင်မည့် ပုဂ္ဂိုလ်
ဖြစ်ပေသည်။
ဆောင်ပုဒ် ။ ။ မရပ်မနား၊ အစဉ်ပွား၊ ကြိုးစား
အားထုတ်သည်။
၅။ ပညာဉာဏ်နှင့်ပြည့်စုံခြင်းဟုဟောကြားရာ၌
အကြင်ဝိပဿနာတရားအားထုတ်သောပုဂ္ဂိုလ်
သည် အဖြစ်အပျက်ကို တွေ့မြင်နိုင်သည့်ဉာဏ်
ပညာရှိရပေမည်။ အဖြစ်နှင့်အပျက်ကိုတွေ့မြင်
ရမည်ဟုဆိုရာ၌ မှန်းဆ၍တွေ့သိခြင်းမျိုးမဟုတ်
ပေ။ နာမ်နှင့်ရုပ်ကို ကွဲပြား၍သိသော နာမရှုပ
ပရိစ္ဆေဒဉာဏ် အကြောင်းနှင့်အကျိုးကိုသိသော
ပစ္စယပရိဂ္ဂဟဉာဏ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူ၍
သုံးသပ်ကာသိသော သမ္မသနဉာဏ်တို့ကိုအစဉ်
အတိုင်းထိုက်လျောက်သည့်အားလျော်စွာတွေ့
သိပြီးမှ အဖြစ်နှင့်အပျက်ကို တွေ့သိ၏။ ထိုပုဂ္ဂိုလ်
သည် တရားရနိုင်သည့်ပုဂ္ဂိုလ်ဖြစ်ပေသည်။
ဆောင်ပုဒ် ။ ။ ဖြစ်ပျက်နှစ်တန်၊ သိမြင်ဉာဏ်၊
အမှန်ရှိရမည်။
ဝိပဿနာတရားအားထုတ်ကြရာ၌
ယုံကြည်ခြင်းနှင့် ပြည့်စုံခြင်း၊
ကျမ်းမာခြင်းနှင့် ပြည့်စုံခြင်း၊
စိတ်ထားဖြောင့်မှန်ခြင်းနှင့် ပြည့်စုံခြင်း၊
ကြိုးကြိုးစားအားထုတ်ခြင်းနှင့်ပြည့်စုံခြင်း၊
ဖြစ်ပျက်မြင်နိုင်သည့်ဉာဏ်ပညာနှင့်ပြည့်စုံခြင်း
တို့သည် တရားအားထုတ်ကြောင်း တရားရ
ကြောင်း အင်္ဂါ ၅ပါးဖြစ်သည်ဟု မြတ်စွာဘုရား
ဟောကြားတော်မူခဲ့ပါသည်။
ဆောင်ပုဒ် ။ ။ ယုံကြည်ကျန်းမာ၊ ဖြောင့်စွာ
စိတ်ထား၊ ကြိုးစားတွင်တွင်၊ ဖြစ်ပျက်မြင်၊
ငါးအင်တရားရကြောင်းတည်း။
သဒ္ဓမ္မရံသီရိပ်သာဆရာတော်။

No comments:

Post a Comment