အာရုံအရသာကို ခံစားရခြင်းသဘောသည် ဝေဒနာတည်း။ ထို့ကြောင့် “ခံစား -
ဝေဒနာ”ဟု ဆိုခဲ့သည်။ ရူပါရုံ စသော အာရုံ ၆-မျိုးကို စိတ်အကြောင်း၌
ပြခဲ့ပြီ။ ထိုအာရုံ ၆-ပါးကိုပင် ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံ၊ ဣဋ္ဌာမဇ္ဈတ္တာရုံဟု
၃-မျိုးခွဲရာ၏။ ထိုတွင် လူအများတို့လိုလားတောင့်တအပ် ရှာမှီးအပ်သော
အာရုံမျိုးသည် ဣဋ္ဌာရုံမည်၏။ (ဣဋ္ဌာ = လိုလားနှစ်သက်အပ်သော + အာရုံ) လှသော
အဆင်း၊ ကောင်းသော အသံ၊ အနံ့၊ အရသာ အတွေ့များနှင့် ကောင်းသော နာမည်၊
ကောင်းသော အဆောက်အအုံ စသည်များတည်း။
လူအများတို့ မလိုလားအပ် မတောင့်တအပ် မရှာဖွေအပ်သော အာရုံသည် အနိဋ္ဌာရုံမည်၏။ (အနိဋ္ဌာ = အလိုမရှိအပ်သော + အာရုံ) မလှသောအဆင်း၊ မကောင်းသော အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ နာမည်၊ အိမ်အိုအိမ်ပျက် စသော အဆောက်အအုံများတည်း။

အကောင်ဘက်လည်းမပါ မကောင်းဘက်လည်းမပါသော အလယ်အလတ် အာရုံမျိုးသည် ဣဋ္ဌမဇ္ဈတ္တာရုံ မည်၏။ ရုပ်လည်းမဆိုး၊ လှလည်းမလှသော အဆင်း စသည်များတည်း။
ဝေဒနာလည်း သုခ၊ ဒုက္ခ၊ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာဟု ၅-မျိုးရှိ၏။ ထိုတွင် ဣဋ္ဌာရုံများ၌ ကောင်းသော အရသာပါရှိ၏။ ထိုကောင်းသော အရသာကို ခံစားသော ဝေဒနာကို သုခဝေဒနာဟု ခေါ်၏။ (သုခ = ချမ်းသာသော + ဝေဒနာ = ခံစားမူ။) ထိုကောင်းသော အရသာကို ခံစားရသောအခါ ၀မ်းပန်းတသာ ခံစားကြရသောကြောင့် သောမနဿဝေဒနာ ဟုလည်းခေါ်ရသည်။ (သောမနဿ = ၀မ်းမြောက်ဝမ်းသာဖြစ်သော + ဝေဒနာ = ခံစားမူ။) ထိုသုခ၊ သောမနဿ ဟုခေါ်ရသော ဝေဒနာများ၏ ဖြစ်ပုံသည် ရူပါရုံ သဒ္ဒါရုံစသော ကာမဂုဏ်အာရုံကို တွေ့ကြုံ ခံစားနေရသောအခါ ဘုရားအာရုံ၊ တရားအာရုံ စသည်တို့နှင့် တွေ့ကြုံရ၍ ချမ်းသာရွှင်ပျသောအခါတို့၌ ထင်ရှားပေသည်။
အနိဋ္ဌာရုံများ၌လည်း မကောင်းသော အရသာပါရှိ၏။ ထိုမကောင်းသော အရသာကို ခံစားသော ဝေဒနာကို ဒုက္ခဝေဒနာ (ဆင်းရဲသော ခံစားမူ)ဟုလည်းကောင်း၊ ဒေါမနဿ ဝေဒနာ (စိတ်မချမ်းသာသော ခံစားမူ) ဟုလည်းကောင်းခေါ်၏။
ထိုဒုက္ခ ဒေါမနဿ ဝေဒနာဖြစ်ပုံများကို ဒေါသစေတသိက်နှင့်စပ်၍ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ ဟူသော နာမည်များဖြင့် ပြခဲ့ပြီ။ (ခန္ဓာကိုယ် အတွေ့နှင့် ဆိုင်သော စိတ်၏ချမ်းသာ ဆင်းရဲကို သုခ ဒုက္ခဟု ခေါ်၍ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ စိတ်တို့နှင့်သာဆိုင်သော ချမ်းသာ ဆင်းရဲကို သောမနဿ၊ ဒေါမနဿဟုခေါ်သည်။)
ဣဋ္ဌမဇ္ဈတ္တာရုံ၌ အကောင်းလည်း မထင်ရှား၊ မကောင်းလည်း မထင်ရှားသော အရသာများပါရှိ၏။ ထိုအရသာကို ခံစားသော ဝေဒနာကို ဥပေက္ခာဝေဒနာဟု ခေါ်၏။ ဤဥပေက္ခာ ဝေဒနာ၏ အာရုံ အရသာ ခံစားပုံမှာ မထင်ရှားသောကြောင့် မိမိကိုယ်တိုင် အာရုံ၏ အရသာကို ခံစားနေရမှန်း မသိနိုင်ချေ။
သို့သော် နေရင်း၊ ထိုင်ရင်း၊ သွားရင်း၊ လာရင်း၊ များစွာသော အာရုံတွေကို တွေ့ရာ၌ ထိုအာရုံအရသာကို မသိသာသော ဥပေက္ခာဝေဒနာတွေကား များစွာ ဖြစ်လျက် ရှိပေသည်။
ဤဝေဒနာလည်း ကုသိုလ်ဆိုင်ရာ အာရုံ၏ အရသာကိုလည်း ခံစား၏။ အကုသိုလ်ဆိုင်ရာ အာရုံ၏ အရသာကိုလည်း ခံစား၏။ ဤသို့ အကောင်းအဆိုး အာရုံ၏ အရသာကိုလည်း ခံစား၏။ ဤသို့ အကောင်းအဆိုး အာရုံ ၂-မျိုးလုံး၏ အရသာကို ခံစားနိုင်သောကြောင့် “ကာမဂုဏ် စည်းစိမ်ကို ခံစားသည်၊ တရားအရသာကို ခံစားသည်”ဟု ဆိုရာ၌ ဤဝေဒနာ သဘောချည်းမှတ်ပါ။
မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ
မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။
credit- ရနံ့စံအိမ်

No comments:
Post a Comment