Saturday, October 11, 2014

တူဖို့ခက်တယ်


ဒွေပိ နာမ သတ္တာ ဧကဇ္ဈာသယာ ဒုလ္လဘာ
လောကသ္မိံ = လောကမှာ အလိုဆန္ဒတူမျှ
တဲ့ သတ္တ၀ါနှစ်ယောက်ကို ရဖို့ခဲယဉ်းတယ်။


လူနှစ်ယောက်ရှိရာတွင် တစ်ယောက်ကသွားချင်
သည့်အခါ တစ်ယောက်က ရပ်ချင်၏။ တစ်ယောက်
ကသောက်ချင်သည့်အခါ တစ်ယောက်ကစားချင်
၏။ တစ်ယောက်ကအချိုကြိုက်၏။ တစ်ယောက်
က အချဉ်ကြိုက်၏။ တစ်ယောက်ကအပေါ့ကြိုက်
၏။ တစ်ယောက်က အငန်ကြိုက်၏။ တစ်ယောက်
က အစိမ်းရောင်ကြိုက်၏။ တစ်ယောက်က အ၀ါ
ရောက်ကြိုက်၏။ ဤသို့စသည်ဖြင့်အကြိုက်ခြင်း
ကွာခြားကြ၏။
အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်မှအနု
နာယက စာချဆရာတော် အရှင်ဝိမလဗုဒ္ဓိပြော
ပြသော နာမည်ကျော် ဆိုင်းဆရာကြီးစိန်ဗေဒါ
အကြောင်းကို အကြိုက်ချင်းမတူညီပုံနှင့်စပ်၍
မှတ်သားလိုက်ရ၏။ အရှင်ဝိမလဗုဒ္ဓိသည်မှတ်
သားဖွယ် လောကအဖြစ်အပျက်အကြောင်း
အရာလေးတို့ကို အကြောင်းကိစ္စတိုက်ဆိုင်လာ
တိုင်းပြောပြတတ်လေ့ရှိပါ၏။ သူသည်အဘိဓမ္မာ
တွင် ယမိုက်၊ ပဋ္ဌာန်း၊ ဓာတုကထာ ဘာသာရပ်
တို့ကို ပို့ချရာ၌ စာသင်သားတို့နားလည်အောင်
ပို့ချနိုင်သဖြင့် အထူးနာမည်ကြီးပါ၏။ မဟာ
ဂန္ဓာရုံတိုက်၏ ဂဏ၀ါစကအကျိုးတော်ဆောင်
ဆရာတော်တစ်ပါးဖြစ်ပါ၏။ သူကစိန်ဗေဒါ
အကြောင်းကို ဤသို့ပြောပြပါ၏။
စိန်ဗေဒါကြီးဆိုတာ ဆိုင်းတီးရာမှာ အင်မတန်
နာမည်ကြီးတယ်။ အင်မတန်ဆိုင်းတီးကောင်း
ကြောင်းကျော်ကြားတယ်။ ဒါကြောင့်ရှမ်းပြည်
နယ် ရွာတစ်ရွာကအလှူပွဲမှာ စိန်ဗေဒါဆိုင်း
ကိုငှါးတယ်။ စိန်ဗေဒါက အဲဒီပွဲမှာ တီးကွက်
ထဲက အနုအညွှန့်တီးကွက်တွေကိုကြိုးကြိုး
စားစားတီးပြတယ်။ နာမည်ကျော်ဆိုင်းဆရာ
ကြီး စိန်ဗေဒါမို့လာရောက်နားထောင်ကြတဲ့
ရှမ်းရွာတွေကလူတွေကလည်း အလွန်ပဲများ
တယ်။ အနုအညွှန့်တီးကွက်တွေကို ပရိသတ်
အကြိုက်တွေ့မယ်ထင်ပြီး စိန်ဗေဒါကြီးကြိုး
စား ပန်းစားတီးပေမယ့် ပရိသတ်ကအကြိုက်
မတွေ့ဖြစ်နေတယ်။ စိန်ဗေဒါကြီးနာမည်
သာကြီးနေတာပါ။ နာမည်ကြီးသလောက်
ဆိုင်းတီးမကောင်းပါဘူးလို့ လာတဲ့ပရိသတ်
တွေက ဝေဖန်ကြတယ်။ စိန်ဗေဒါကြီးကို
ငှါးလာတဲ့လူက ပရိသတ်ထဲလှည့်လည်ပြီး
ပရိသတ် ကြိုက်မကြိုက် အကဲခတ်တယ်။
ပရိသတ်အကြိုက်မတွေ့တာကိုတွေ့ရလို့
စိန်ဗေဒါကြီးထံအမြန်သွားပြီး ဆရာကြီး
ဒိုးလေးသာမွှေ့လိုက်ပါလို့ပြောလိုက်တယ်။
စိန်ဗေဒါကြီးက အနုအညွှန့်တီးကွက်တွေ
ကို မတီးတော့ဘဲ ကြမ်းကြမ်းတမ်းတမ်း
တီးလိုက်တော့တယ်။ အဲဒီအခါမှ စိန်ဗေဒါ
စိန်ဗေဒါနဲ့ နာမည်ကြီးမယ်ဆိုလဲ ကြီးထိုက်
ပါပေတယ် ဆိုင်းတီးသိပ်ကောင်းတာပဲလို့
အားရပါးရ ချီးကျူးကြတော့တယ်တဲ့။
စိန်ဗေဒါကြီး၏ အနုအညွှန့်တီးကွက်တို့ကို
ကြိုက်သူတွေရှိသလို မကြိုက်သူတွေလည်း
ရှိကြပါ၏။ အကြမ်းအတမ်းတီးကွက်တို့ကို
မကြိုက်သူတွေရှိကြသလို ကြိုက်သူတွေ
လည်းရှိကြပါ၏။ လောကလူသားတို့၏
အကြိုက်ချင်းမတူညီပုံကို အရှင်ဝိမလဗုဒ္ဓိ
က စိန်ဗေဒါကြီးတီးကွက်ကို သာဓကပြ၍
ပြောပြသွားပါ၏။
အကြိုက်ချင်းမတူညီပုံနှင့်ပတ်သတ်၍
ဘုရားလက်ထက်တော်က အဖြစ်အပျက်
တစ်ခုကို သတိရမိပါ၏။
အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ
ဆိုတဲ့ ကာမဂုဏ်အာရုံငါးပါးထဲမှာ ဘယ်ဟာ
အကောင်းဆုံးလဲဟု ကောသလမင်း အမှူး
ရှိသည့် မင်း ၅ ပါးအဖြေရှာကြ၏။ တချို့က
အဆင်းကအကောင်းဆုံးဟု ဆိုကြ၏။
တချို့က အသံကို၊ အချို့က အရသာကို
တချို့က အထိအတွေ့ကိုအကောင်းဆုံးဟု
ဆိုကြ၏။ အကြိုက်ချင်းမတူဖြစ်နေကြ၏။
ကောသလမင်းက အခြားမင်းတို့ကိုမိတ်ဆွေ
တို့ လာသွားကြစို့ ဒီအကြောင်းကိုဘုရားရှင်
ထံ သွားပြီးမေးလျှောက်ကြမယ်။ ဘုရားရှင်
ဖြေကြားတော်မူတဲ့အတိုင်း ဒီပြဿနာရဲ့
အဖြေကိုမှတ်သားကြမယ်လို့ပြောလို့ဘုရား
ရှင်ထံ မင်း ၅ ပါးလုံးသွားကာ လျှောက်ထား
ပြကြ၏။ ဘုရားရှင်ဖြေလိုက်သည့်အဖြေမှာ
အလွန်ပင်မှတ်သားစရာကောင်းလှပါ၏။
ကာမဂုဏ်အာရုံငါးပါးထဲမှာ ကိုယ်ကြိုက်
နှစ်သက်တာဟာ အကောင်းဆုံးဟုဘုရားရှင်
က မိန့်တော်မူလိုက်ပါ၏။ အဆင်းကိုကြိုက်
နှစ်သက်သူအဖို့ အဆင်းအာရုံသည်အကောင်း
ဆုံးဖြစ်ပါ၏။ အသံကိုကြိုက်သူအဖို့ အသံ
သည် အကောင်းဆုံး၊ အနံ့ကိုကြိုက်သူအဖို့
အနံ့သည် အကောင်းဆုံး၊ အရသာကိုကြိုက်
နှစ်သက်သူအဖို့ အရသာသည်အကောင်း
ဆုံး အတွေ့အထိကို ကြိုက်နှစ်သက်သူ
အဖို့ အတွေ့အထိသည် အကောင်းဆုံးဖြစ်
ပါ၏။ (သံယုတ်ပါဠိ၊ ပ၊ ၈၀ )
ထိုသဘာဝတို့ကိုအခြေခံ၍ ရှမ်းကြိုက်ရင်
နွားချော၊ ကိုယ်ထင် ခုတင်ရွှေနန်းဟူသော
မြန်မာစကားပုံတို့ ပေါ်ပေါက်လာကြဟန်တူ
ပါ၏။ ဘုရားရှင်၏အဖြေစကားသည်အလွန်
ပင်မှတ်သားဖွယ်ကောင်းလှပါ၏။
စိန်ဗေဒါ၏ အနုအညွှန့်တီးကွက်ကို ကြိုက်
သူတို့အဖို့ အနုအညွှန့်တီးကွက်သည်အ
ကောင်းဆုံးဖြစ်ပါ၏။ အကြမ်းအတမ်းတီး
ကွက်ကို ကြိုက်သူတို့အဖို့ အကြမ်းအတမ်း
တီးကွက်သည် အကောင်းဆုံးဖြစ်ပါ၏။
အရောင်တို့တွင် အဖြူရောင်ကိုကြိုက်သူ
အဖို့ အဖြူရောင်သည်အကောင်းဆုံးအ
ရောင်ဖြစ်ပါ၏။ အရသာတို့တွင်အချိုကို
ကြိုက်သူအဖို့ အချိုသည်အကောင်းဆုံး
အရသာဖြစ်ပါ၏။
အကြိုက်တူ ဆန္ဒတူလူနှစ်ယောက်ရှိသည်
ဆိုပါလျှင် ထိုလူနှစ်ယောက်သည် ကမ္ဘာ
ပေါ်တွင် အလွန်ရခဲသော လူနှစ်ယောက်
ဖြစ်ပါသည်။ အမြွှာပူးပင်ဖြစ်သော်လည်း
အကြိုက်ချင်း ဆန္ဒချင်းတူဖို့ ခဲယဉ်းလှပါ
သည်။ အမြွှာပူးသည် ရုပ်ချင်း၊ အသံချင်း
ဉာဏ်ချင်း၊ ကံချင်း တူကြစေဦးတော့
အကြိုက်ချင်း ဆန္ဒချင်းတူရန်ကားခဲယဉ်း
လှချေသည်။
သာမဏေကျော်

No comments:

Post a Comment