Saturday, October 11, 2014

ကျေးဇူးရှင်ပြစ်မှားသူ


လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကဖြစ်သည်။ ဧရာဝတီတိုင်း
မြို့နယ်တစ်ခု၏ ရွာတစ်ရွာတွင် မမြတ်ငွေ၊ မမြတ်ရွှေ
ဟူသော ညီအစ်မနှစ်ယောက်ရှိသည်။ သူတို့၏မိဘ
နှစ်ပါး ဆုံးသွားသောအခါ အစ်မဖြစ်သူက ညီမဖြစ်သူ
အား အစ်မကြီးအမိနေရာတွင်နေ၍ အစစအရာရာ
သွန်သင်ဆုံးမ လုပ်ကိုင်ကျွေးမွေးခဲ့သည်။
အစ်မကြီးဖြစ်သူ မမြတ်ငွေမှာ ညီမဖြစ်သူမမြတ်ရွှေ
ထက် ၁၀ နှစ်ခန့်ကြီးသည်။ အစ်မကြီး ဖြစ်သူမှာ
သူ၏ညီမလေးအား မျက်စိအောက်က အပျောက်မခံ
နိုင်အောင် ချစ်ရှာ၏။
မမြတ်ငွေသည် မိဘနှစ်ပါးရှိစဉ်က လုပ်ကိုင်ခဲ့သော
လယ်မြေ၊ ခြံမြေများကို စာရင်းငှါးများ ငှါးကာ
လုပ်ကိုင်လာခဲ့ကြရာ စီးပွားရေးတွေလည်းတိုးတက်
လာခဲ့ပြီး ညီမဖြစ်သူအား အထည်အ၀တ်အစားက
အစ လိုလေသေးမရှိအောင်ဆင်မြန်းခဲ့သည်။
ပညာတတ်ဖြစ်ရန်အတန်းပညာကိုလည်း သင်ကြား
ပေးပါသေးသည်။
တစ်နေ့တွင် ကျောင်းဆက်မတက်ချင်ကြောင်း
ပြောလာ၍ ၄ တန်းအောင်နှင့်ပင် အတန်းပညာမှ
ရပ်နားခဲ့သည်။ ကျောင်းမနေတော့သော်လည်း
မည်သည့်အလုပ်ကိုမျှ မည်မည်ရရ မခိုင်းရက်ပါ။
မိဘမဲ့ဘ၀မို့ အစစအရာရာ အလိုလိုက်သည်က
များသည်။ ဆုံးမ၍မရ၊ ပြန်မပြောနားမထောင်
နှင့်သာ နေတတ်ပေသည်။
ညီမလေးရယ်၊ မိန်းကလေးဆိုတာ အိမ်ကို
လည်သင့်မှလည်ရတယ်။ ခုတော့ညီမလေးက
အချိန်ရှိသရွေ့ တစ်ရွာလုံးတစ်အိမ်တက်ဆင်း
လည်နေတော့ စည်းကမ်းမဲ့လွန်းတယ်။ ဒါမျိုး
မမ မကြိုက်ဘူးသိလား။
ဟုတ်ကဲ့ပါမမ၊ ညီမလေး မမ စကားနားထောင်
ပါ့မယ်။
သို့သော်လည်း မရွှေမြတ်သည် အစ်မဖြစ်သူ
၏စကားကို ခေတ္တအခိုက်အတန့်သာ နားထောင်
ခဲ့ပြီး သူမ၏အပြုအမူစရိုက်များကို မပြုပြင်ခဲ့ပါ။
တစ်နေ့တွင် ရွာထဲရှိ မိတ်ဆွေတစ်ယောက်က
မမြတ်ငွေထံ တိတ်တဆိတ် အကြောင်းကြား
လာ၏။
မမြတ်ငွေညီမ မမြတ်ရွှေလေ ဟိုတစ်နေ့က
မြစ်ကမ်းဘေးက ကိုင်းတောနားမှာရွာထဲက
မောင်စန်ရွှေနဲ့ စကားပြောနေတာတွေ့ခဲ့ရ
တယ်။ အိမ်ရောက်ရင်သေချာညီမချင်းမေး
မြန်းကြည့်ပါဦး။
မမြတ်ရွှေအိမ်ပြန်ရောက်လာချိန်တွင်မမြတ်ငွေ
က ညီမလေး မှန်တာပြောနော်။ ရွာအရှေ့ပိုင်း
က စန်ရွှေနဲ့ မေတ္တာမျှနေကြတယ်မဟုတ်လား။
ဟုတ်တယ် အစ်မ။
အေး၊ ငါမသိတုန်း လိုက်တော့မပြေးနဲ့၊ လူ
ကြီးသူမတွေ အကြောင်းကြားပြီး လာတောင်း
ခိုင်းမယ်။ ဒါမှ မိသားဖသား ပီသမှာ။
ဤသို့နှင့် မမြတ်ငွေတစ်ယောက် မောင်စန်ရွှေ
အား အကျိုးအကြောင်းမေးကြည့်ပြီး သူ၏
မိဘများကို လာတောင်းခိုင်းကာ ခမ်းခမ်း
နားနားနှင့် မင်္ဂလာဆောင်ပေးလိုက်၏။
မမြတ်ငွေမှာ ညီမလေးတစ်ယောက်တည်းမို့
မခွဲနိုင်ခြင်းကြောင့် သူ၏အိမ်တွင် နှစ်ယောက်
လုံးခေါ်ထားပြီး လုပ်ငန်းများကိုအတူလုပ်စေ
သည်။
မောင်စန်ရွှေမှာ အလိုက်အထိုက်သိပြီးအကင်း
ပါ သဘောကောင်းသူတစ်ယောက်ဖြစ်သည်။
စာရင်းငှါးနှင့်လုပ်ကိုင်နေသော လယ်မြေ၊
ခြံမြေအားလုံးကို သူကိုယ်တိုင်ဦးဆောင်ဦး
ရွက် ကြိုးစားလုပ်ကိုင်ရှာ၏။
မမြတ်ငွေမှာလည်း သဘောမနောကောင်းသူ
ပီပီ မောင်စန်ရွှေအား သဘောရိုးအတိုင်း
ဖော်ရွေစွာဆက်ဆံသည်။ ဘာသာရေးတွင်
လည်း မမြတ်ငွေနှင့် မောင်စန်ရွှေတို့မှာ စိတ်
ထားခြင်း တူညီကြသည်။ ညီမဖြစ်သူမမြတ်
ရွှေကတော့ သာသာရေးလိုက်စားရန်သွန်
သင်ဆုံးမပါသော်လည်း အလေးမထားခဲ့ပါ
ချေ။
တစ်နေ့တွင် ညီမဖြစ်သူ မမြတ်ရွှေကအစ်မ
ဖြစ်သူ မမြတ်ငွေအား သူမ၏ယောက်ျား
ဖြစ်သူ မောင်စန်ရွှေနှင့်သမုတ်၏။
ဒီမှာ အစ်မ မမြတ်ငွေ၊ လယ်ထဲကိုဆင်းရင်
စန်ရွှေနဲ့အတူမသွားပါနဲ့။ မသိဘူးများမှတ်
နေလား။ ဒင်းတို့ အကြံတွေကို။
ညီမလေး မြတ်ရွှေ၊ နင်ဘယ်လိုပြောလိုက်
တာလဲ။ နင်တစ်ယောက်ပဲ ငါ့ကို ဒီလိုပြော
ရက်တယ်။ ငါက သဘောရိုးနဲ့ဆက်ဆံနေ
တာ ဘုရားသိ၊ နတ်သိတယ်ဟေ့၊ ဒီလို
ယုတ်မာတဲ့စိတ်လဲ တစ်သက်လုံးမမွေးခဲ့
ဘူး။
ဒါလား သဘောရိုးဆိုတာ။ ဖြန်း ဖြန်း ဖြန်း။
မြတ်ရွှေသည် အစ်မဖြစ်သူ မြတ်ငွေအား
ပါးကို လေးငါးချက် သူမ၏လက်ဝါးဖြင့်
ဆက်ခါ ရိုက်ချလိုက်လေသည်။
မြတ်ရွှေအား ယောက်ျားဖြစ်သူက ဖျန်ဖြေ
ပြောဆိုသော်လည်း နားမထောင်၊ မဟုတ်
မမှန်ကြောင်း ရှင်းလင်းပြသော်လည်းမရ။
တစ်ပတ်ခန့်ကြာသော် စန်ရွှေသည် ထိုအိမ်
တွင် ဆက်နေလျှင် အကုသိုလ်တက်ဖွယ်
ရာသာရှိ၍ ရွာထိပ်တွင် ခြံကွက်ဝယ်ကာ
အိမ်ဆောက်ပြီး မြတ်ရွှေကိုခေါ်၍ပြောင်း
ရွှေ့သွားသည်။
အစ်မကြီးဖြစ်သူမှာ ညီမလေးဖြစ်သူမြတ်ရွှေ
အထင်လွှဲ သံသယစိတ်တွေဝင်နေသည်ကို
မေတ္တာနှင့်သာသည်းခံပြီး ဆက်၍နေခဲ့သည်။
တစ်နှစ်ခန့်အကြာတွင် မြတ်ရွှေ၏ပါးပြင်တွင်
အကျိတ်အဖုထွက်လာပြီး အနာကိုက်သဖြင့်
အော်နေကြောင်း ကြားသိရ၍ အစ်မဖြစ်သူ
မြတ်ရွှေမှာ ကရုဏာ မေတ္တာမပျက် ညီမလေး
ဖြစ်သူအား သူ့အိမ်သို့သွား၍ ပြုစုပေးရှာ
သည်။ သို့သော်လည်း မြတ်ရွှေ၏သံသယ
အိမ်မှ ဆင်ခြင်တုံတရားမှာ ဖြစ်ပေမလာပေ။
အစ်မဖြစ်သူအား ပြုစုပေးစရာမလိုဘူးအိမ်
ကို မလာနဲ့ဟု ပြောလွှတ်လိုက်၏။
စန်ရွှေသည် ဇနီးဖြစ်သူအား ဆရာပေါင်းစုံ
နှင့်ခေါ်၍ ကုသပေးသော်လည်း မပျောက်
တစ်နေ့ထက်တစ်နေ့ ပါးကျိတ်ရောင်အနာ
မှာ ဆိုးဝါးလာ၍ ရန်ကုန်ပြည်သူ့ဆေးရုံ
ကြီးသို့ တင်လိုက်ရပါသည်။ ဆေးရုံတွင်
ကုသခဲ့သော်လည်း မသက်သာပါ။ တစ်
ပတ်ခန့်အကြာတွင် သတိမရတစ်ချက်ရ
တစ်ချက်နှင့်ဖြစ်နေပြီး
အစ်မရေ ကျွန်မမှားပါတယ်။ ကျွန်မနောက်
ကို ငရဲသားတွေ လိုက် ..... လိုက်နေပြီဟု
ပြောပြီး သူမ၏ ခန္ဓာနှင့်အသက်သည်ခွဲခွာ
သွားခဲ့လေ၏။
ရွာတွင်မြတ်ရွှေ၏ ရက်လည်နေ့၌တစ်ရွာ
လုံးမှ မြတ်ရွှေ ပါးအနာပေါက်ပြီးသေတာ
ကျေးဇူးရှင် သူ၏အစ်မပါးကိုရိုက်လို့ဟု
ကဲ့ရဲ့ဝေဖန်သံများ ပဲ့တင်ထပ်ကျန်ခဲ့ပါ
တော့သည်။
စာရေးသူအနေဖြင့်လည်း ၀တ်လှည့်ကြမ္မာ
ဆိုသည်မှာ ဤကဲ့သို့ ခံရသည်ဟု အထူး
ယုံကြည်မိပါသည်။ ယခုတင်ပြခဲ့သည့်
ဖြစ်ရပ်မှန်သာဓကကို ကြည့်၍ ဗုဒ္ဓဘာသာဝင်
ခုနှစ်ရက်သားသမီးတိုင်း ထာဝစဉ် သတိ
ဆင်ခြင်တုံတရား ကိန်းအောင်းကာ ခင်ပွန်း
ကြီး ၁၀ ပါးကို မပြစ်မှားမိကြစေရန် မေတ္တာ
စေတနာ အနန္တဖြင့် ရေးသားလိုက်ရပါသည်။
မြေလတ် ကျော်လင်းဦး
မြတ်မင်္ဂလာစာစောင်
၂၀၀၆ခုနှစ်၊ ဇူလိုင်လ။

No comments:

Post a Comment