Saturday, October 11, 2014

ဣရိယာပုတ်အနေအထား

ကရိုဏ်းမကျဘူးဆိုရင် တရားရှုမှတ်တဲ့နေရာ
မှာ အချိန်အနည်းငယ်အတွင်းမှာပဲ ကြမ်းတမ်း
တဲ့ ဖောက်ပြန်မှုတွေဖြစ်နိုင်လို့ သည်းခံနိုင်မှု
စွမ်းအားတွေလျော့ကျပြီး ရှုနေကျကမ္မဋ္ဌာန်း
သည် ပျက်သွားရော၊ သမာဓိလည်းတည်ဖို့
မလွယ်ပါဘူး။ ဒါကြောင့်မို့လို့ ရှေးဦးစွာပြော
ပေးပါမယ်။
တရားဓမ္မကိုထိုင်ကြပြီဆိုရင် အမျိုးသားတွေက
တင်ပလ္လင်ခွေထိုင်ပြီးတော့ အမျိုးသမီးတွေက
တင်ပလ္လင်ခွေဖြစ်စေ၊ ကျုံ့ကျုံ့ထိုင်သည်ဖြစ်စေ
မိမိတို့ကြိုက်နှစ်သက်တဲ့ ဣရိယာပုတ်နဲ့ထိုင်နိုင်
ပါတယ်။ အဲဒီလို တင်ပလ္လင်ခွေထိုင်တဲ့အခါမှာ
လည်း ခြေထောက်တစ်ခုနဲ့တစ်ခုကိုထပ်မထား
ဘဲ ထိုင်ပြီးတော့မှ ကိုယ်ရဲ့အောက်ပိုင်းကိုသတိ
ပြုလိုက်ပါ။ အောက်ကခိုးလို့ခုလု ဖြစ်နေသေး
လား။ ထိုင်ရတာအဆင်ပြေမှပြေရဲ့လား။ မိမိရဲ့
ဣရိယာပုတ်ကို စိတ်ကြိုက်ဖြစ်အောင် ရှေးဦး
စွာ ပြုပြင်လိုက်ပါ။ ထိုင်ရတာအဆင်ပြေပြီးသက်
တောင့်သက်သာ အနေအထားနဲ့နေရပြီဆိုရင်
မိမိရဲ့ကိုယ်အထက်ပိုင်းကလေးကို သတိပြုလိုက်
ပါ ခါးကြီးက ရှေ့ကိုကွေးနေမယ်။ နောက်ကိုလန်
နေမယ်ဆိုပြန်ရင်လည်း အရိုးတစ်ခုနဲ့တစ်ခုဟာ
ချိတ်ဆက်တွေလွဲပြီးတော့ ဖောက်ပြန်မှုကြမ်းတမ်း
ပါတယ်။ ဒါကြောင့်မို့လို့ ကြမ်းတမ်းတဲ့ဖောက်ပြန်မှု
မဖြစ်အောင်ဆိုရင် ကိုယ်အထက်ပိုင်းကလေးကို
တည့်တည့်ဖြောင့်ဖြောင့်ထားလိုက်ပါ။
ကိုယ်လေးကို သတိပြုပြီးပြီဆိုရင်တော့ ဆက်ပြီး
တော့ ဦးခေါင်းလေးကို သတိပြုလိုက်ပါ။ ဦးခေါင်း
ဟာ ရှေ့ကိုငိုက်နေမယ်။ နောက်ကိုလန်နေမယ်။
ဘေးဘယ်ညာကိုစောင်းနေမယ်ဆိုပြန်ရင်လည်း
သွေးပြန်ကြော သွေးလွှတ်ကြောတွေကိုဖိထားသ
လို ဖြစ်တဲ့အတွက် ထိနမိဒ္ဓဆိုတဲ့ ငိုက်မျည်းခြင်း
ဟာ အားထုတ်နေတဲ့ပုဂ္ဂိုလ်တွေကို နှိပ်စက်မှာဖြစ်
လို့ ဦးခေါင်းရဲ့အနေအထားကိုလည်းတည့်တည့်
လေးထားလိုက်ပါ။ ဒီလိုပြုပြင်ပြီးပြီဆိုရင်တော့
ဘယ်ဘက်လက်ဘ၀ါးလေးကိုအောက်ကထား၊
ညာဘက်လက်ဘ၀ါးလေး အပေါ်ကတင်ပြီးလက်မ
ထိပ်လေးဖြည်းဖြည်ချင်းထိထားပါ။ ရှေ့ကပြောတဲ့
သင်ပေးတဲ့အတိုင်း ဣရိယာပုတ်ကို ပြုပြင်ပြီးပြီဆို
ရင်တော့ မိမိတို့ရဲ့နေ့စဉ်လုပ်နေကျဖြစ်တဲ့ အသက်
ရှုခြင်းလုပ်ငန်းကိုလည်း ဆက်လက်ပြီးပြုလုပ်ရမှာ
ဖြစ်ပါတယ်။
လေလေးကိုရှုသွင်းလိုက်ပါ။ ဒီလိုရှုသွင်းလိုက်တဲ့
အခါကျတော့ လေလေးဟာ နှာသီးဝထိပ်ကနေ
တိုးပြီးဝင်သွားပါလိမ့်မယ်။ ပြန်ပြီးလေလေးကို
ရှုထုတ်လိုက်တဲ့အခါမှာလည်း နှာသီးဝထိပ်မှာပဲ
တိုးပြီးထိပြီး ထွက်သွားပါလိမ့်မယ်။ ၀င်လေသိ
ထွက်လေသိနဲ့အဲဒီလို ရှုမှတ်ခြင်းအလုပ်ကိုလုပ်နေ
ကြရပါတယ်။ ၀င်လေလေးဝင်သွားတယ်။ ထွက်
လေလေးထွက်သွားတာကို ကျေးဇူးတော်ရှင်
မိုးကုတ်ဆရာတော်ဘုရားကြီးကလည်း ၀င်လေကို
ဝင်မှန်းသိကွ၊ ထွက်လေကို ထွက်မှန်းသိကွလို့
ဒီလိုသင်ပေးထားပါတယ်။ သိတဲ့နေရာမှာ ဘယ်လို
သိရမှာလဲ ၀င်လေကို ၀င်တယ်လို့ စိတ်ထဲကလိုက်
ပြီးရွတ်ဆိုခြင်းနဲ့သိရမှာလား၊ ထွက်လေကို ထွက်တိုင်း
ထွက်တိုင်း ထွက်လေသိလို့စိတ်ထဲက လိုက်ပြီးရွတ်
ဆိုခြင်းနဲ့သိရမှာလား။ ဒီလိုသိခြင်းမျိုးကိုကျေးဇူး
တော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက ဆိုလိုခဲ့
တာ မဟုတ်ပါဘူး။
ဝိပဿနာတရားရှုတဲ့ပုဂ္ဂိုလ်တိုင်းသည် ဉာဏ်အလုပ်
ကို လုပ်နေတာပါ။ ဉာဏ်အလုပ်ကိုလုပ်တာဖြစ်လို့
အဲဒီလို စိတ်ထဲကနေလိုက်ပြီး ၀င်လေသိ၊ ထွက်လေ
သိနဲ့ နှုတ်ကနေ ပြောတာမဟုတ်ဘဲနဲ့စိတ်ထဲက
အမည်တပ်ပြီး ရွတ်တာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။
အာရုံသည် ဘယ်မှာညွှတ်ရမလဲ။ ၀င်လေ ၀င်တိုင်း
ဝင်တိုင်း၊ ထွက်လေ ထွက်တိုင်း ထွက်တိုင်း သိဖို့
အရေးသည် နှာသီးဝမှာအာရုံညွှတ်ရပါမယ်။
အာရုံယူထားရပါမယ်။ နှာသီးဝ ထိပ်လေးမှာ ၀င်လေ
လေးဝင်သွားတာကို ဘယ်လိုသိမလဲ။ ထွက်လေလေး
ထွက်သွားတာကို ဘယ်လိုသိမလဲ။ ၀င်လေ၀င်ရင်
လည်း နှာသီးဝထိပ်မှာ တိုးပြီးထိပြီးထွက်သွားတာပဲ။
တိုးတာကိုသိရင်လည်း တိုးတယ် တိုးတယ်။ ထိ
တာကို သိရင်လည်း ထိတယ် ထိတယ်နဲ့စိတ်ထဲက
မရွတ်ရပါဘူး။ တိုက်ရိုက်သိရုံပါပဲ။
စိတ်ထဲက ရွတ်ဆိုခြင်းသည် မှတ်တာပါ။ သိရမယ့်
အလုပ်ကို မမှတ်ပါနဲ့။ မှတ်တာသည် သညာ၊ သိ
တာသည် ပညာ ပါပဲ။ သညာနဲ့ ပညာသည်လည်း
ကွဲပါစေ။ သညာနဲ့သွားသမျှ ဉာဏ်အသိမရောက်
ပါဘူး။ ပညာနဲ့သွားမှသာလျှင် ဉာဏ်အသိရောက်
ပါတယ်။ ကိုယ်ကအကြိမ်များစွာအားထုတ်ခဲ့တဲ့
အခါကျတော့ အစွဲဆိုတာကလည်း တော်ရုံနဲ့ဖျောက်
လို့မရပါဘူး။ ပရမတ်ကိုရှုတာပါ။ လောကဝေါဟာရ
နဲ့ခေါ်ဝေါ်သတ်မှတ်နေတဲ့အရာမှန်သမျှ ပညတ်တွေ
ချည်းပဲ။ ပရမတ်ဆိုတာ ခန္ဓာကအကြောင်းတိုက်
ဆိုင်လို့ ပြောလာတဲ့တရား။
အခုပဲကြည့်လေ။ ၀င်လေလေးဝင်ရင်လည်း လေ
လေးရှုသွင်းလို့ ၀င်လာတာပဲ။ ထွက်လေလေးထွက်
သွားတယ်။ လေလေးရှုထုတ်လိုက်လို့ထွက်သွား
တယ်။ ၀င်တဲ့သဘောထွက်တဲ့သဘောဟာ လေကို
ကြည့်တာ မဟုတ်ဘူး။ ပြင်ပက ရှုသွင်းလိုက်တဲ့လေ
ရှုထုတ်လိုက်တဲ့လေ မိမိရဲ့ကိုယ်အကြည်ရုပ်ဆိုတဲ့
နှာသီး၊ အဲဒါလေးတွေဆုံးတိုင်း ဆုံတိုင်းမှာ တိုးတယ်
ဆိုတဲ့ သဘော အဲဒီသဘောသည် ပရမတ်၊ အဲဒီ
တိုးတဲ့သဘောလေးကို သိအောင် ကြိုးစားပါ။
တိုးတာကို တိုးမှန်းသိရင် ကျေးဇူးများတာပဲ။
တိုးတာဟာရုပ်တရား သိတာဟာနာမ်တရား၊ တိုး
တာကို တိုးတယ်တိုးတယ်နဲ့ စိတ်ထဲအမည်တပ်ပြီး
မရွတ်ပါနဲ့။ တိုးတာကို တိုးမှန်းသိလိုက်ရုံပဲ။ ဖောက်
ပြန်တဲ့သဘောပါပဲ။
တရားရှုမှတ်တဲ့ပုဂ္ဂိုလ်များ ရှေးဦးစွာနားလည်ထား
ရမှာက ခန္ဓာမှာအမှန်ရှိတဲ့တရား၊ ဒါကို နားလည်
ထားရမယ်။ ရုပ်တရားသည် ရှိတဲ့တရား၊ နာမ်တရား
သည်ရှိတဲ့တရား၊ ခေါင်း၊ ခါး၊ ခြေ၊ လက်ဒါတွေဟာ
မရှိပါဘူး။ သမုတိနယ်က သမုတ်ထားတာ။ ခေါ်ဝေါ်
ထားတာ။ ဒါတွေကို လိုက်ရှုရမှာမဟုတ်ပါဘူး။ အခု
မျက်လုံးနဲ့မြင်ရတဲ့ ထိုင်နေကြတဲ့ကိုယ်ကြီးဟာ ရှုရ
မယ့်ကိုယ်မဟုတ်ပါဘူး။ ခန္ဓာမဟုတ်ပါဘူး။ အဲဒီ
ကိုယ်ပေါ်မှာ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့
ပူတယ် အေးတယ်၊ နာတယ်၊ ကျင်တယ်၊ ကိုက်
တယ်၊ ခဲတယ်၊ လှုပ်တယ် စတဲ့ သဘောလေးတွေ
ကို ပေါ်တိုင်းပေါ်တိုင်း သိအောင်ကြိုးစားနေရမှာ
ကိုယ်နဲ့စပ်ပြီး ပေါ်သမျှ ရုပ်တရားချည်းပဲ။ စိတ်နဲ့
စပ်ပြီးပေါ်သမျှ နာမ်တရားချည်းပဲလို့ ရှေးဦးစွာ
ဒီလိုနားလည်ထားပါ။ ရုပ်တရားကိုရုပ်တရားလို့သိ
ရင် ကျေးဇူးများတာပဲ။ နာမ်တရားကို နာမ်တရား
လို့သိရင် ကျေးဇူးများတာပဲ။
ပုဂ္ဂိုလ် သတ္တ၀ါမပါဘူး။ ရုပ်နာမ်ပဲရှိတယ်လို့သိရင်
ကိုယ့်ရဲ့ သန္တာန်မှာ ဒိဋ္ဌိစင်ပြီး ရှုတဲ့ပုဂ္ဂိုလ်ဖြစ်နေတာ
ပဲ။ ခန္ဓာကို ခန္ဓာလို့အမှန်မမြင်လို့ ဒိဋ္ဌိဖြစ်ရတာ။ အခု
လိုရှုနေတဲ့ပုဂ္ဂိုလ်တွေ သူများပြောတာ မဟုတ်ဘူး။
ကိုယ်တိုင်ရှုလို့ ကိုယ်ကိုယ်တိုင်မြင်နေရတဲ့အသိပဲ။
နေ့စဉ်နှင့်အမျှ အသက်ရှုနေကြတာ သတိမထားမိ
တော့ မသိဘူးပေါ့။ အခုလိုသတိထားတဲ့အခါကျ
တော့ လေလေးရှုသွင်းလိုက်တယ်။ နှာသီးဝထိပ်
ဖျားလေးမှာ တိုးပြီးဝင်လာတယ်။ တိုးတာလေးကို
သိအောင်ကြိုးစားပါ။ ပြန်ပြီးရှုထုတ်လိုက်တဲ့အခါ
မှာလည်း နှာသီးဝထိပ်မှာ တိုးပြီးထွက်လာတယ်။
တိုးတဲ့သဘောကို သိအောင်ကြိုးစားပါ။
အရှင်ဘုရား အရှင်ဘုရားပြောတော့လွယ်တယ်
ဘုရား၊ ရှုသွင်းတဲ့အခါမှာ နှာသီးဝထပ်မှာတိုးပြီး
ဝင်သွားတယ်လို့ပြောတယ်။ ပြန်ပြီးရှုထုတ်လိုက်တဲ့
အခါမှာလည်း တိုးပြီးထွက်သွားတယ်လို့ပြောတယ်။
တပည့်တော် တပည့်တော်မတို့စောင့်ကြည့်ပေမယ့်
မတွေ့ဘူးဘုရား၊ တွေ့တဲ့ပုဂ္ဂိုလ်ရှိသလို မတွေ့တဲ့
ပုဂ္ဂိုလ်လည်းရှိပါတယ်။ မတွေ့တဲ့ပုဂ္ဂိုလ်တွေက
စိတ်ဓါတ်ကျစရာမလိုပါဘူး။ တစ်ဦးနဲ့တစ်ဦးက
ဉာဏ်ချင်းမတူကြဘူး။ အသိအမြင်ချင်းမတူကြဘူး။
တိုးတာကို ထင်ရှားတဲ့ပုဂ္ဂိုလ်က တိုးတာကို သိ
အောင်ကြိုးစားပါ။ တိုးတာကို မကြည့်နိုင်တဲ့ပုဂ္ဂိုလ်
များကျတော့ သိအောင်ကြိုးစားပါ။ တိုးတာကို
မကြည့်နိုင်တဲ့ပုဂ္ဂိုလ်များကျတော့ အခုလိုလေ
လေးကို ရှုသွင်းလိုက်တယ်။ ဒီလိုရှုသွင်းလိုက်တဲ့
အတွက် လေလေးဟာနှာသီးကနေတဆင့် နှာ
ခေါင်းထဲကို တိုးဝင်သွားတယ်။ အဲဒီဝင်သွားတဲ့
လေလေးဟာ အေးသလား၊ နွေးသလားဆိုတာကို
သိအောင်ကြိုးစားပါ။ ပြန်ပြီးရှုထုတ်လိုက်တဲ့အခါ
မှာလည်း အေးသလား နွေးသလားဆိုတာထွက်
လာတဲ့ တိုးသဘောလေးမှာ သိလာပါလိမ့်မယ်။
နှာသီးဝထိပ်မှာ တိုးတာမထင်ရှားတဲ့ပုဂ္ဂိုလ်များ
ရှုသွင်းတိုင်း ရှုသွင်းတိုင်း၊ ရှုထုတ်တိုင်းရှုထုတ်
တိုင်းမှာ အေးတဲ့သဘော နွေးတဲ့သဘောကိုသိ
အောင်ကြိုးစားပါ။ အေးတာကိုတွေ့ရင်လည်း
အေးတယ် အေးတယ် မလုပ်ပါနဲ့။ နွေးတာကိုတွေ့
ရင်လည်း နွေးတယ်နွေးတယ် မလုပ်ပါနဲ့။ အခု
လို ကိုယ်ရှုလိုက်တဲ့အခါကျတော့ အေးတာကိုသိတာ
အေးတာသည်ရုပ်တရားပဲ၊ ရုပ်တရားကို ရုပ်တရားလို့
အမှန်အကန်သိတာပဲ သဘောရှုတာကိုး။
ပြန်ပြီးထုတ်လိုက်တဲ့အခါမှာလည်း အေးတာနဲ့နွေး
တာဟာ တစ်ခုမဟုတ်တစ်ခု တွေ့မှာပဲ။ အဲဒီတွေ့
တဲ့တရားသည် ရုပ်တရားပဲ။ သိတာက နာမ်တရား
ပဲ။ ရုပ်တရားနာမ်တရားကိုနာကြားလို့သိတဲ့အသိ
နဲ့တောင် ၉၂ ကမ္ဘာတောင် အပါယ်မလားဘူးတဲ့။
ဇနီးမောင်နှံနှစ်ယောက်ရှိခဲ့ဖူးပါတယ်။ ကိုယ်တွေက
ရှေ့ကနေပြီး ဆရာသမားတွေက သေသေချာချာ
ကျကျနန တစ်မျိုးပြီးတစ်မျိုးသင်ပေးခိုက်မှာ ကြိုး
စားပြီးကြည့်မယ်ဆိုရင် တွေ့သင့်တွေ့ထိုက်တဲ့
သဘောတရားလေးတွေ တိုးတာကို တိုးတယ်လို့
တွေ့တာနဲ့ အေးတာကို အေးတယ်လို့တွေ့တာ
နွေးတာကိုနွေးတယ်လို့တွေ့ရင် ရုပ်စစ်ရုပ်မှန်ကို
သိတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့ ဟိုဇနီးမောင်နှံထက်
အများကြီးသာသွားပြီ။
အခြေခံပိုင်းကို ပိုင်ပိုင်နိုင်နိုင်ပိုင်းပိုင်းခြားခြားသိဖို့
အရေးကြီးပါတယ်။ ကိုယ်နဲ့ခန္ဓာကွဲပါစေ၊ မျက်လုံး
နဲ့မြင်နေရတဲ့ ထိုင်နေတဲ့ ဒီရုပ်ကြီးက ကိုယ်လို့ခေါ်
တယ်။ အဲဒီကိုယ်ပေါ်မှာ အကြောင်းတိုက်ဆိုင်လို့
ပေါ်လာတဲ့ နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာ
ပူတာ၊ အေးတာ၊ လှုပ်တာ၊ တောင့်တာ၊ တင်းတာ
ဒီသဘောတရားတွေမှန်သမျှ ခန္ဓာ၊ ရှုရမယ့်ခန္ဓာ
ဒီခန္ဓာလေးတွေပေါ်တိုင်းပေါ်တိုင်း သိအောင်ကြိုး
စားနေပါ။ နာရင်လည်း နာတယ်နာတယ်၊ ကျင်ရင်
လည်း ကျင်တယ်ကျင်တယ်၊ အောင့်ရင်လည်း
အောင့်တယ်အောင့်တယ်ဆိုပြီးတော့ စိတ်ထဲက
မရွတ်မိစေနဲ့၊ ရွတ်ခြင်းနဲ့သိတဲ့အသိတွေဖြစ်ခဲ့ရင်
လည်း အဲဒါတွေကို အခုအချိန်တွေကစပြီးတော့
ဖြုတ်လိုက်ပါ။ သိရမယ့်တရားကို ရွတ်ဆိုမှတ်သား
နေတယ်ဆိုရင်ကိုပဲ သညာသိနဲ့ ပညာသိကွာသွား
ပါလိမ့်မယ်။ မှတ်ထားတာက သညာ သိတာပညာ။
ငါသည်ဘယ်လမ်းလိုက်မလဲ။ ပညာအလုပ်ကိုလုပ်
တဲ့အတွက်ပညာလမ်းကို လိုက်ရမယ်။ ဒါကြောင့်မို့
လို့ တိုက်ရိုက်သိနိုင်တဲ့အလုပ်ကို သိရုံသိလိုက်ပါ။
ဘာမှ ဆင်ခြင်တွေးတောမှုတွေ မလုပ်ပါနဲ့။ ရိုးရိုး
လေးဖောက်ပြန်ပြတဲ့တရားကို ရိုးရိုးလေးသိလိုက်ပါ။
ရုပ်တရားဆိုတာက အများနားလည်အောင်ပြောနေ
ရတာ။ ဘုရားစကားနဲ့ပြောမယ်ဆိုရင်တော့ ရှုပံ၊
ရှုပံဆိုတဲ့ ပါဠိစကားဟာ ဘုရားပြောခဲ့တဲ့စကား၊
ဘုရားဟောခဲ့တဲ့စကား ရုပ်ဆိုတာက အများနားလည်
အောင် ပြန်ပြောထားတာ ကေန ထေန ရုပ္ပတိ -
အဘယ်အကြောင်းကြောင့် ဖောက်ပြန်သလဲ။
သိတေနပိ ရုပ္ပပတိ၊ ဥုံနေနပိ ရုပ္ပတိ ဂန္ဓာမ တပ
ဝါဒသပ သမ္ဖတ္တေနပိ ရုပတ္တိ ဂန္ဓမာ တပ ၀ါဒတပ
သမ္ဖတ္တေနပိ ရုပ္ပတိ နားလည်ထားကြတဲ့ရုပ်ဆိုတာ
ဘာကိုပြောတာလဲဆိုရင် အေးသောသဘောဟာ
လည်း ရုပ်တရား၊ ရုပ္ပတ္တိတိရူပံ ဖောက်ပြန်တတ်လို့
ရူပံရုပ်လို့ခေါ်တာ၊ ကိုယ်သိရမှာက ဖောက်ပြန်တတ်
တဲ့သဘောကိုသိပါ။ နားလည်အောင်ပြောနေရတဲ့
အခါကျတော့ အေးတယ်၊ ပူတယ်၊ လှုပ်တယ်၊
နာတယ်၊ ကျင်တယ်၊ ကိုက်တယ်၊ ခဲတယ်နဲ့ဒါတွေ
ကို ပြောပြနေရတာ။ နားလည်အောင်လို့ တကယ်
ရှုတဲ့အခါကျတော့ ဖောက်ပြန်တဲ့သဘောရိုးရိုးလေး
ကိုပဲ သိနေလိုက်ပါ။ ရှင်းအောင်ပြောရမယ်ဆိုရင်
အမည်တပ်ပြီးတော့ ရှုနေသမျှ ပညတ်ချည်းပဲ။
ရိုးရိုးလေးသိလိုက်ပြီဆိုရင် ပရမတ်ပဲ။ ပညတ်နဲ့
ပရမတ်က အလေးထားပြီးတော့ ကွဲအောင်ရှုပါ။
ဥပမာတစ်ခုပြောပြပါတယ်။ ပညတ်နဲ့ပရမတ်ကို
လောကဝေါဟာရက ဦးဇင်းတို့ယောဂီတို့ဆိုတာ
ကြီးလာကျတော့ ငယ်ငယ်တုန်းက ကလေးဘဝ
ကို မေ့ချင်မေ့နေမှာ ကိုယ့်အိမ်မှာရှိတဲ့ ၂ ခါလည်
လောက် ကလေးလေး အခါလည်လောက်ကလေး
လေးပေါ့။ လူကြီးဝိုင်းနားမှာလာပြီးတော့ ဟိုဟာ
ကိုင်လိုက် ဒီဟာကိုင်လိုက်နဲ့ ဘယ်လိုမှပြောလို့မရ
တဲ့အခါကျတော့ ကလေးက အနီးမှာရှိတဲ့ ရေနွေး
အိုးအပူနဲ့ကပ်လိုက်တဲ့အခါကျတော့ ဒီလိုလေးပြ
လိုက်ပြီဆိုရင် ကလေးလေး အနားမကပ်ရဲတော့
ဘူး။ ဘာဆိုတာ သူမသိသေးဘူး။ နောက်တစ်ခါ
လူကြီးလုပ်တဲ့လူတွေက အဲဒီကျမှ ကလေးလေး
ကို သင်ပေးတယ်။ ဒါဟာ ပူတတ်တယ် ပူပူလို့
ပြောတယ်။ နောက်တစ်ခါ ကလေးလေးကလာတဲ့
အခါကျရင် ဒါလေးကို ပြလိုက်တာနဲ့ ပူပူပူပူနဲ့ပြော
တာပါပဲ။ လူကြီးတွေသင်ပေလို့သိတဲ့အသိသူ့အသိ
မဟုတ်သေးဘူး။ အဲဒီကနေကြီးလာတဲ့အထိ ဒါဟာ
ဒီသဘောရှိတယ် ပူပါလားဆိုတာ စွဲနေအောင်သိ
သွားတယ်။ အဲဒီအသိသည် သူများပြောတဲ့အသိ
ပဲရှိသေးတယ်။ ကိုယ်သိမဟုတ်သေးဘူး။ အခု
လည်း ခန္ဓာကိုယ်က အခုလိုထိုင်လာတော့ နာတာ
ကျင်တာ၊ ကိုက်တာ၊ ခဲတာ၊ ပူတာ၊ အေးတာဆို
တာတွေ့မှာပဲ။ အဲဒီလိုမဟုတ်ဘဲနဲ့ နာတာကိုမှ
နာတယ်။ ကျင်တာကိုကျင်တယ်။ အောင့်တာကို
အောင့်တယ်။ ကိုက်တာကိုကိုယ်ကတယ်၊ ခဲတာ
ကိုခဲတယ်။ လှုပ်တာကိုလှုပ်တယ်နဲ့အမည်တွေ
အမျိုးမျိုးတပ်ပြီး သိနေမယ်ဆိုရင် ကိုယ်တိုင်သိ
မဟုတ်တော့ဘူး။ လောကဝေါဟာရကပြောတဲ့
အသိတွေနဲ့သိတဲ့အသိဖြစ်လို့ ပညတ်သိ၊ ဒါကြောင့်
မိုလို့ ပညတ်သည် သမထ၊ ပရမတ်သိသည်
ဝိပဿနာ၊ သမထက ပညတ်အာရုံကိုရှုတယ်။
ဝိပဿနာက ပရမတ်အာရုံကိုရှုတယ်။ ပညတ်နဲ့
ပရမတ်ကွဲပါစေ။ ကိုယ်နဲ့ခန္ဓာကွဲအောင်ရှုတတ်ပါ
စေ၊ ကိုယ်နဲ့စပ်ပြီးပေါ်သမျှ ရုပ်တရား သိတာနာမ်
တရား၊ ဒါကြောင့်မို့လို့သေချာသိစေချင်တယ်။
သေချာနားလည်စေချင်တယ်။ ရှုတတ်ပွားတတ်
သွားတာကို မြင်စေချင်တယ်။
နောက်ရက်တွေ ဆက်လက်ဖော်ပြပေးပါမည်။
အရှင်ပုညာနန္ဒ

No comments:

Post a Comment