Friday, November 21, 2014

အမ္ဗဋ္ဌသုတ်မှ သင်ခန်းစာ


သူ၏ရုပ်သွင်ကား အခြားသူများနှင့်မတူ တစ်မူ
ထူးခြားလျက်ရှိ၏။ အသားအရေမှာ ကြာဖြူပွင့်
ကဲ့သို့ ဆွတ်ဆွတ်ဖြူလျက်ရှိသည်။ ထို့ကြောင့်
သူ့ကိုပုံပန်းသဏ္ဍာန်နှင့်ကိုက်ညီအောင်ပေါက္ခ
ရသာတိဟု မှည့်ခေါ်ကြလေသည်။ သူသည်လူဖြစ်
ငြားသော်လည်းအမိဝမ်းတွင်းမှာ ပဋိသန္ဓေ
တည်ပြီးကိန်းအောင်းခဲ့သူမဟုတ်။ ပဒုမ္မာကြာ
တိုက်တွင်းမှာပဋိသန္ဓေတည်ပြီးကိန်းအောင်း
ခဲ့ရသူဖြစ်ပေသည်။ သူ၏ကိုယ်မှာငွေတံတိုင်း
ကဲ့သို့ဖြူပြီးဖြောင့်စင်းလျက်ရှိသည်။ ဦးခေါင်း
ကား ဣန္ဒနီလာကျောက်ညိုပမာညိုမည်းလျက်
ရှိသည်။ မုတ်ဆိတ်မွှေးတို့မှာ လ၀န်းအနားမှာ
ရစ်၍နေသော တိမ်မည်းညိုနှင့်တူလှပေသည်။
မျက်စိတို့သည်ကြာညိုပန်းနှင့်တူလှပေသည်။
နှာခေါင်းကားငွေကြည်တောက်ကဲ့သို့လုံးပြီး
ချောမွေ့လျက်ရှိသည်။ လက်ဖ၀ါးခြေဖ၀ါး
တို့မှာ ချိတ်ရည်နှင့်ဆွတ်ထားသည့်ပမာ
နီရဲလျက်ရှိသည်။ အခြားသူများနှင့်မတူတမူ
ထူးကဲနေခြင်းမှာ သူ၏အတိတ်ကံတရားက
ဖန်တီးပေးခြင်းကြောင့်ဖြစ်သည်။
သူသည်ကဿပမြတ်စွာဘုရားလက်ထက်
တော်အခါက လူ့ဘ၀မှာဖြစ်စဉ်ကုသိုလ်အမှု
ကို ကြိုးကြိုးစားစားပြုလုပ်ခဲ့ပေသည်။ လူ
ဘ၀မှ စုတေပြီးသော်နတ်ပြည်မှာစံမြန်းရ
ပြီး ချမ်းသာစွာနေခဲ့ရပေသည်။ နတ်ပြည်
မှတဖန်စုတေပြန်သော် ဟိမ၀န္တာတော
ရေအိုင်ကြီးတစ်အိုင်အတွင်းရှိ ပဒုမ္မာကြာ
တိုက်၌ပဋိသန္ဓေနေခဲ့ရပေသည်။ ပုတ်ညီ
သော လူမိန်းမ၏၀မ်း၌ပဋိသန္ဓေနေရမှု
ကို စက်ဆုပ်သဖြင့် ပဒုမ္မာကြာတိုက်ထဲ
မှာ ပဋိသန္ဓေနေခဲ့ရပေသည်။ ထိုရေအိုင်
၏အနီးတွင်ကား ရသေ့တစ်ဦး၏သစ်ရွက်
မိုးကျောင်းကလေးရှိသည်။ ရသေ့သူတော်
စင်သည်ကမ္မဋ္ဌာန်းတရားကိုပွားများအား
ထုတ်လျက်ရှိပေသည်။ တစ်နေ့သောအခါ
ရသေ့သည် ရေအိုင်အတွင်းရှိကြီးမား
သော ပဒုမ္မာကြာငုံကြီးတစ်ပွင့်ကိုမြင်
တွေ့လိုက်ရပေသည်။ ပွင့်လာသောအခါ
ဆွတ်ခူးမည်ဟုအခြေအနေကိုစောင့်
ကြည့်၍နေ၏။ (၇)ရက်ခန့်ကြာသော်
လည်း ဤကြာငုံကြီးသည်ပွင့်၍မလာ
သေးပေ။ ထို့ကြောင့်ရသေ့သည်ပွင့်၍
လာသည့်တိုင်အောင်မစောင့်နိုင်တော့
ဘဲ အိုင်အတွင်းသက်ဆင်းကာချိုးယူ
လေတော့သည်။ ချိုးယူလိုက်သည်နှင့်
တပြိုင်နက်ကြာဖူးကြာငုံကြီးမှာပွင့်၍
လာတော့သည်။ ထိုအခါကြာပန်းအတွင်း
မှ ရွှေမှုန်တို့ဖြင့်လူးထားသော ငွေရုပ်
ကလေးပမာ လှပချောမွေ့သောသူငယ်
လေးကိုမြင်တွေ့ရပေသည်။ ရသေ့သူ
တော်စင်သည် ထိုကလေးကိုကိုယ်တိုင်
မွေးမြူ၍လာခဲ့ပေသည်။ (၇)နှစ်အရွယ်
ရောက်သော် ဗေဒင်သုံးပုံကိုသင်ကြား
ပေး၏။ တဖြည်းဖြည်း သင်ယူလာခဲ့ရာ
အကြွင်းအကျန်မရှိတတ်မြောက်ပြီး
ဇမ္ဗူဒိတ်ကျွန်း၌ဗေဒင်အရာမှာအတု
မရှိတတ်မြောက်သူဟုထင်ရှားကျော်
ကြား၍ လာခဲ့ပေသည်။ ပသေနဒီ
ကောသလမင်း၏ ခမည်းတော်ဖြစ်
သည့် မဟာကောသလမင်းကြီး
သည်ထိုသူငယ်ကိုသဘောကျသဖြင့်
နေပြည်တော်သို့ခေါ်ဆောင်ကာသား
တော် ပသေနဒီကောသလမင်းသား
ကို ပညာသင်ကြားစေသည်။ ပသေ
နဒီကောသလမင်းသားသည် မင်း
အဖြစ်သို့ရောက်သောအခါ၌ဆရာ
ဖြစ်သော ပေါက္ခာရသာတိပုဏ္ဏားအား
ဥက္ကဋ္ဌမြို့ကိုအပိုင်စားပေးထားကာ
ပူဇော်ထားလေသည်။
အခါတစ်ပါးဝယ်ရှင်တော်ဗုဒ္ဓသည်
ရဟန်းငါးရာခြံရံလျက်ကောသလ
တိုင်းတွင် ခရီးဒေသစာရီကြွချီတော်
မူခဲ့ရာ ဣစ္ဆာနင်္ဂလပုဏ္ဏားရွာအနီး
တောအုပ်တစ်ခုသို့ခေတ္တ၀င်ရောက်
သီတင်းသုံးတော်မူခဲ့လေသည်။
ပေါက္ခာရသာတိပုဏ္ဏားကြီးသည်
ရှင်တော်ဗုဒ္ဓဣစ္ဆာနင်္ဂလတောအုပ်သို့
ရောက်နေတော်မူကြောင်းကိုလည်း
ကောင်း၊ ရှင်တော်ဗုဒ္ဓ၏ဂုဏ်သတင်း
ကျော်ကြားမှုကိုလည်းကောင်းကြား
သိခဲ့ရပြီးဖြစ်သဖြင့်အလွန်ဖူးမြော်ချင်
စိတ်ပြင်းထန်လာခဲ့ပေသည်။ သို့သော်
မိမိကဲ့သို့ဇမ္ဗူဒိတ်မှာကျော်ကြားနေ
သောဆရာကြီးက ပြောသံကြားရရုံ
နှင့်မဆင်မခြင်အရမ်းသွား၍မဖြစ်ချေ။
ထို့ကြောင့်တပည့်ရင်း အမ္ဗဋ္ဌကိုခေါ်ပြီး
အို တပည့် အမ္ဗဋ္ဌ ရဟန်းဂေါတမဟာ
ဣစ္ဆာနင်္ဂလတောအုပ်မှာရောက်နေပြီ
ဆိုပဲ။ ဂုဏ်သတင်းကလည်းသိပ်ပြီး
တော့ကျော်ကြားလှပေတယ်။ အဲဒါ
ငါ့တပည့်သွားပြီးတော့ ကျော်ကြား
တဲ့အတိုင်းဒီပုဂ္ဂိုလ်ဟာ ဘုရားဟုတ်
မဟုတ်စုံစမ်းကြည့်ဦးကွာဟု ဆိုသော်
အမ္ဗဋ္ဌက
ဆရာရယ် ရဟန်းဂေါတမဟာ ကျော်
ကြားတဲ့အတိုင်း ဘုရားဟုတ်မဟုတ်
ကို ဘယ်လိုလုပ်ပြီးကျွန်ုပ်ကသိနိုင်
ပါ့မလဲ။
သြော်တပည့်ရယ်၊ ငါတို့ရဲ့ဗေဒင်ကျမ်း
မှာ ယောက်ျားမြတ်တို့ရဲ့သုံးဆယ့်နှစ်
ပါးသော လက္ခဏာတော်ကြီးငယ်တွေ
ဆိုတာရှိတယ်လေ။ ဒီလက္ခဏာတော်
တွေနဲ့ကိုက်ညှိပြီး စုံစမ်းပေါ့ကွယ်။
ထိုအခါ အမ္ဗဋ္ဌသည် ဆရာဖြစ်သူပေါက္ခ
ရသာတိပုဏ္ဏားကြီး၏အမိန့်ကိုဦးထိပ်
ရွက်ပြီး မြည်းတပ်ဆင်ထားသောရထား
ကို စီးကာ လုလင်ငယ်ပေါင်းများစွာခြံရံ
၍ ဣစ္ဆာနင်္ဂလတောအုပ်သို့ထွက်ခွါလာ
ခဲ့ပေသည်။ ထိုအခါ အမ္ဗဋ္ဌသည်ရဟန်း
တော်တို့အား
အရှင်ဘုရားတို့တပည့်တော်များဘုရား
ကို ဖူးတွေ့ချင်လို့ပါဘုရား။ ဘယ်နေရာ
မှာဖူးတွေ့နိုင်ပါသလဲဘုရားဟုမေးလျှောက်
လေသည်။ ရဟန်းတော်များက
အမောင် အမ္ဗဋ္ဌ၊ ရှင်တော်ဗုဒ္ဓစံကျောင်း
တော်အတွင်းမှာသီတင်းသုံးနေပါတယ်။
စံကျောင်းတံခါးတော့ပိတ်ထားတယ်။
ဖြည်းဖြည်းသက်သာသွားပြီးအနားရောက်
တော့ချောင်းဟန့်သံပေးလိုက်ပါ။ အဲဒီ
အခါ သင်တို့ကိုတံခါးဖွင့်ပေးလိမ့်မယ်
ဟု မိန့်ကြားတော်မူကြကုန်၏။
အမ္ဗဋ္ဌနှင့်အဖွဲ့သည်ရဟန်းတော်များမိန့်
ကြားသည့်အတိုင်း ရှင်တော်ဗုဒ္ဓထံ
ရောက်သွားခဲ့ကြပေသည်။ မိမိနှင့်အတူ
ပါလာသော ပုဏ္ဏားလုလင်တို့ကားထိုင်
၍နေကြလေသည်။ အမ္ဗဋ္ဌကားရှင်တော်
ဗုဒ္ဓရှေ့မှောက်မှာ မတ်တပ်ရပ်၍သာ
စကားပြောဆိုလေသည်။ ရှင်တော်ဗုဒ္ဓ
သည် အို အမ္ဗဋ္ဌလုလင်၊ သင်ဟာအခု
ငါနဲ့စကားပြောဆိုသလို သက်ကြီးရင့်
ရွယ်ဆရာပုဏ္ဏားတွေရှေ့မှာလည်း
မိုးတိုးမတ်တပ်ရပ်ပြီးစကားပြောတာ
ပဲလားဟု မိန့်တော်မူလိုက်သည်ရှိ
သော် မဟုတ်ဘူး။ အရှင်ဂေါတမ၊
ဆရာပုဏ္ဏားတို့နဲ့ကတော့ သွားလျှင်
သွားချင်း၊ ရပ်လျှင်ရပ်ချင်း၊ ထိုင်
လျှင်ထိုင်ချင်း၊ လျောင်းလျှင်လျောင်း
ချင်း၊ ပြောဆိုတာပေါ့။ အရှင်ဂေါတမ
တို့လို အမျိုးဇာတ်ယုတ်နိမ့်တဲ့သူတွေ
နဲ့တော့ အခုလိုပဲ မိုးတိုးမတ်တပ်ရပ်
ပြီးတော့ပဲပြောလေ့ရှိတယ်။
ကောင်းပြီး အမ္ဗဋ္ဌ၊ သင်ဒီကိုလာတာ
ကိစ္စရှိလို့လာတာပဲံမဟုတ်လား။
ကိုယ့်ရဲ့လာရရင်းကိစ္စကိုနှလုံးသွင်း
ဦး၊ သင်ဟာလိမ္မာယဉ်ကျေးတဲ့သူ
မဟုတ်သေးတဲ့ မိမိကိုယ်ကိုအထင်
တကြီးနဲ့မလုပ်ပါနဲ့ဦး။
ရှင်တော်ဗုဒ္ဓ၏စကားကြောင့် အမ္ဗဋ္ဌ
သည် အနာပေါ်တုတ်ကျသလိုဒေါသ
ထွက်လာပြီး ရှင်တော်ဗုဒ္ဓကိုအနာ
ပေါ်တုတ်ကျသလို အမျိုးယုတ်ညံ့
သူအဖြစ်လည်းကောင်း၊ မိမိသာလျှင်
အမျိုးမြတ်သောသူအဖြစ်လည်းကောင်း
ကြမ်းကြမ်းတမ်းတမ်းရိုင်းရိုင်းစိုင်းစိုင်း
ပြောဆိုလေတော့သည်။ ရှင်တော်ဗုဒ္ဓ
သည် ခန္တီတရားကိုလက်ကိုင်သုံးပြီး
အေးအေးဆေးဆေးနှင့်အမ္ဗဋ္ဌတို့၏
ဘိုးစဉ်ဘောင်ဆက်ကစပြီး ဇာစ်မြစ်
လှန်၍မိန့်ကြားပြလိုက်ရာနောက်ဆုံး
အမ္ဗဋ္ဌ၏အမျိုးယုတ်ညံ့သည့်အဖြစ်
ထင်ထင်ရှားရှားပေါ်သွားလေတော့
သည်။ ထိုအခါ အမ္ဗဋ္ဌအဖို့ ပရိသတ်
အလယ်မှာခေါင်းပင်မဖော်နိုင်ရှာ
တော့ပေ။ ထိုအခါ ရှင်တော်ဗုဒ္ဓက
အမ္ဗဋ္ဌကိုသက်သာရာရစေရန်ဖြေ
သိမ့်မိန့်ကြားပြီး ၀ိဇ္ဇာနှင့်စရဏ
အကြောင်းကို အကျယ်တ၀င့်ဟော
ကြားတော်မူလေသည်။ ထို့နောက်
ကျောင်းတော်မှစကြံလမ်းမပေါ်ထွက်
တော်မူပြီးလျှင် စကြံကြွတော်မူလေ
သည်။ ထိုအခါ ရှင်တော်ဗုဒ္ဓ၏လက္ခ
ဏာတော်ကြီး သုံးဆယ့်နှစ်ပါးကို
အကုန်အစင်သိခဲ့ရပြီး အမ္ဗဋ္ဌနှင့်အဖွဲ့
သည် ဆရာဖြစ်သောပေါက္ခရသာတိ
ပုဏ္ဏားကြီးအထံသို့ပြန်သွားလေသည်။
ပေါက္ခာရသာတိပုဏ္ဏားကြီးသည်အမ္ဗဋ္ဌ
ထံမှအကြောင်းစုံကိုကြားသိရသော်
သြော် အမ္ဗဋ္ဌ၊ သင်ဟာဒီလောက်ဗေဒင်
ပညာ မတောက်တခေါက်တတ်သိရုံနဲ့
ဂေါတမဘုရားကို ရိုင်းရိုင်းစိုင်းစိုင်း
မောက်မောက်မာမာပြောဆိုဆက်ဆံ
ရပါသလားဟု ကြိမ်းမောင်းပြီးခြေနှင့်
လှိမ့်ကန်လေတော့သည်။ နောက်တစ်
နေ့ နံနက်စောစောတွင် ပေါက္ခာရသာ
တိပုဏ္ဏားကြီးသည် လှူဒါန်းဖွယ်ရာ
အဖြာဖြာတို့ကို ယူဆောင်ပြီး ရှင်တော်
ဗုဒ္ဓအထံအရောက်သွားကာ ယမန်နေ့
က အမ္ဗဋ္ဌ၏ပြစ်မှားခဲ့သမျှကိုခွင့်လွှတ်
ပါရန်တောင်းပန်လျှောက်ထားလေ
သည်။ ရှင်တော်ဗုဒ္ဓသည်မိမိအနေဖြင့်
သည်းခံတော်မူကြောင်းမိန့်ကြားပြီး
တရားဟောကြားတော်မူလိုက်ရာ
ရတနာမြတ်သုံးပါးအပေါ် အသက်
တမျှယုံကြည်မြတ်နိုးစိတ်များတဖွားဖွား
ဖြစ်ပေါ်လာပြီး သောတာပန်အရိယာ
အဖြစ်သို့ရောက်ခဲ့ပေသည်။
စာရှုသူတို့အနေဖြင့်
၁။ အမ္ဗဋ္ဌလုလင်သည် မိမိကအမျိုးယုတ်
ညံ့သူဖြစ်ပါလျက်ဟန်ဆောင်ဖုံးကွယ်ကာ
မာန်ထောင်၍နေခဲ့သော်လည်း ရှင်တော်
ဗုဒ္ဓ၏ရှေ့မှောက်မှာဇာတိပေါ်ပြီးအရှက်
ရကာ မာန်ချလိုက်ရပုံကိုလည်းကောင်း။
၂။ ပေါက္ခရသာတိပုဏ္ဏားကြီးသည်
သူတစ်ဖက်သားတို့၏ပြောစကားကို
ဇွတ်မှတ်မယုံသေးဘဲ အမ္ဗဋ္ဌလုလင်ကို
ရှေးဦးစွာလွှတ်၍ဘုရားဟုတ်မဟုတ်
စုံစမ်းစစ်ဆေးခဲ့ပြီးနောက်မှ ကိုယ်တိုင်
ရှင်တော်ဗုဒ္ဓအထံချဉ်းကပ်ခဲ့ပုံကိုလည်း
ကောင်း
၃။ ရှင်တော်ဗုဒ္ဓအနေဖြင့် အမ္ဗဋ္ဌလုလင်
၏ လာရောက်ဆဲရေးနှိမ်ချပြောဆိုသမျှ
ကို သည်းခံပြီး၊ ထိုအမ္ဗဋ္ဌလုလင်ကိုပင်
အကျိုးရှိစေရန် တရားတော်ဟောကြား
ဆိုဆုံးမပေးလိုက်သည်ကိုလည်းကောင်း
ဆင်ခြင်သုံးသပ်နိုင်ကြပါစေသတည်း။
ဒီဃနိကာယ်၊ သုတ်သီလက္ခန်ပါဠိ
အဋ္ဌကထာတို့ကို မှီငြမ်းတင်ပြပါသည်။
ဝန၀ါသီအရှင်ဝါသေဋ္ဌာဘိဝံ

No comments:

Post a Comment