လူနှင့်နွားခွဲခြား၍နေသော်ငြားလည်း နန္ဒီသည်
ပုဏ္ဏားတစ်ယောက်၏မွေးစားသားဖြစ်၏။ သူ
ငယ်စဉ်က သူ့ကိုသူ၏ပိုင်ရှင်က လှူဖွယ်ဝတ္ထု
ပစ္စည်းတစ်ခုအဖြစ်ဖြင့်ပေးလှူလိုက်သဖြင့်
ပုဏ္ဏားထံရောက်လာခဲ့ရ၏။
ပုဏ္ဏားကလည်း နွားကလေးကိုသားကဲ့သို့ချစ်
ခင်လှသဖြင့် နန္ဒီဟူ၍အမည်မှဲ့ထား၏။ နန္ဒီကို
သားတစ်ယောက်အဖြစ်သတ်မှတ်ထားသဖြင့်
အခြားနွားများကဲ့သို့မြက်၊ ပဲမှော်စသည်မကျွေး
ဘဲ ဆန်ပြုတ်တိုက်၍မွေးမြူထား၏။
အစားကောင်း အသောက်ကောင်းများစားရ
သဖြင့်နန္ဒီသည် မကြာမီမှာပင် အသားအရေ
များပွားစည်းကာ နွားလားကြီးဖြစ်လာ၏။
အားခွန်ဗလသန်စွမ်းလွန်းလှ၏။ ထို့အတူပင်
ဦးချိုနှစ်ချောင်းကလည်း ကားကားစွင့်စွင့်
ဖြစ်လာကြ၏။ ထိုကဲ့သို့ချိုကားကားကြီးရှိ
နေခြင်းကိုအကြောင်းပြုကာ နန္ဒီဟူသော
အမည်ရင်းတွင် ၀ိသာလဟူသောဂုဏ်ပြု
စကားဖြင့်တွဲစပ်၍ခေါ်ဝေါ်ရပေသည်။
အကောင်အထည်ကြီးမား၍အားခွန်ဗလ
သန်စွမ်းလှသော်လည်း နန္ဒီဝိသာလသည်
ရိုင်းစိုင်းသည့် ကြမ်းတမ်းသည့်အမူအကျင့်
များကားမရှိပေ။ အသက်အရွယ်ရလာသည်
နှင့်အမျှ သူ့ကိုသားအဖြစ်မွေးမြူလာခဲ့သည့်
ဖခင်၏ကျေးဇူးကို သိတတ်လာ၏။ သူ၏
ဖခင်ပုဏ္ဏားသည် ချမ်းသာကြွယ်ဝသူ
မဟုတ်ပါ။ သူ့ကိုသားကဲ့သို့ချစ်ခင်လွန်းလှ
သဖြင့် မဖြစ်ဖြစ်အောင်ကြိုးစား၍ကျွေးမွေး
လာခဲ့၏။ ထို့ကြောင့်လည်းနန္ဒီဝိသာလက
ထိုက်ထိုက်တန်တန်ကျေးဇူးဆပ်ချင်လှ
သဖြင့် ကျေးဇူးဆပ်နိုင်သည့် အခွင့်အလမ်း
ကို စောင့်ကြည့်နေခဲ့၏။
တစ်နေ့သောအခါတွင် ထိုအခွင့်အလမ်းကို
တွေ့မြင်ရသဖြင် နန္ဒီဝိသာလသည်ဖခင်
ပုဏ္ဏားကြီးအား အကြံတစ်ခုပေး၏။
အဖေ၊ အဖေ့ကျေးဇူးဆပ်ချင်လွန်းလို့
ကျွန်တော်ပြိုင်ပွဲတစ်ခုကျင်းပချင်ပါတယ်။
ပြိုင်ပွဲဆိုပေမယ့်ကျွန်တော်တစ်ကောင်တည်း
နဲ့အစွမ်းပြရမှာပါ။ လှည်းစီးရေတစ်ရာတိတိ
ကို ရှေ့နဲ့နောက်ခိုင်ခိုင်ခံ့ခံ့ဆက်ပြီးချည်တုပ်
ထားပါ။ အဲဒီလှည်းတွေပေါ်မှာ ပဲတွေ၊ ဆန်
တွေသဲတွေအပြည့်တင်ထားပါ။ အဲဒီလို
ဝန်အပြည့်တင်ထားတဲ့ လှည်းပေါင်းတစ်ရာ
ကို ကျွန်တော်ကရှေ့ဆုံးကနေပြီး ရုန်းပြပါ့
မယ်။ ရှေ့ဆုံးကလှည်းဘီးနင်းခဲ့တဲ့နေရာကို
နောက်တစ်ဆက်တည်းရှိတဲ့လှည်းဘီးနဲ့နင်း
ပြပါ့မယ်။ အဲဒီအစွမ်းပြပွဲအတွက် ဂေါဝိန္ဒ
သူဌေးဆီသွားပြီးကြေးဆပ်ချေပါ။
ကောင်းပြီဖေ့သားကြီး ကောင်းပြီ။
ပုဏ္ဏားကလည်း နန္ဒီဝိသာလ၏အားစွမ်းကို
ယုံကြည်စိတ်ချထားပြီးဖြစ်၍ ၀မ်းမြောက်
ဝမ်းသာလက်ခံ၏။ ဂေါဝိန္ဒသူဌေးထံသွား
ရောက်၍ အကျိုးအကြောင်းပြောပြ၏။
ဂန္ဓာရတိုင်း တက္ကသိုလ်မြို့တော်တွင်
ဂေါဝိန္ဒသူဌေးသည် ထင်ရှားကျော်ကြား
သည့်သူဌေးတစ်ယောက်ဖြစ်သည်။
သို့ရာတွင်ငွေတစ်ထောင်တိတိကိုချက်ချင်း
ရမည့်အခွင့်အရေးဖြစ်နေသဖြင့် ပုဏ္ဏား၏
အဆိုပြုချက်ကိုလက်ခံလိုက်သည်။
ဤသို့ဖြင့်တက္ကသိုလ်မြို့တော်ကြီး၏လမ်းမ
ကြီးတွင် နန္ဒီဝိသာလ၏အားစွမ်းပြပွဲကြီး
ကျင်းပ၏။ တစ်စီးနှင့်တစ်စီးခိုင်ခိုင်ခံ့ခံ့
ချည်ထားသည့် လှည်းတစ်ရာပေါ်တွင်
ပဲတွေ ဆန်တွေ သဲတွေ အပြည့်တင်ထား
ကြသည်။ မကြုံစဖူးထူးဆန်းလွန်းလှသဖြင့်
အားစွမ်းပြပွဲကြီးဖြစ်၍တက္ကသိုလ်မြို့တော်
သူမြို့တော်သားများ တစ်ခဲနက်လာရောက်
ကြည့်ရှုကြလေ၏။
အချိန်တန်သောအခါ ဖခင်ပုဏ္ဏားသည်
နန္ဒီဝိသာလနှင့်အတူတကွပွဲခင်းထဲသို့
ဦးခေါင်းမော့မော့ရင်ကော့ကော့ဖြင့်ဝင်
ရောက်လာ၏။ ပွဲကြည့်ပရိသတ်တို့၏
သြဘာလက်ခုတ်ကိုခံယူရင်း သားကြီး
၏ စွမ်းအားသတ္တိကိုဂုဏ်ယူဝင့်ကြွား
လာခဲ့၏။
ဤသို့ဖြင့်ရှေ့ဆုံးလှည်းနားသို့ရောက်သော
အခါ လှည်းထမ်းပိုးမှာ နန္ဒီဝိသာလကို
အသေအချာတပ်ပြီးလျှင် လှည်းပေါ်သို့
လွှားခနဲတက်လိုက်၏။
ဟေ့ ရုန်းလိုက်စမ်းပါလားကွ။ နွားဆိုးကြီးရဲ့။
ဟေ့ သွားလိုက်စမ်းပါကွ။ နွားယုတ်ကြီးရဲ့။
သူ့စိတ်ထဲကတော့ သားကြီးကိုအားပေး
လှုံ့ဆော်ဖို့အော်ဟစ်လိုက်ခြင်းသာဖြစ်၏။
အော်ဟစ်လိုက်ခြင်းသာဖြစ်၏။ သို့ရာတွင်
အသပြာတစ်ထောင်ကို ခဏလေးနှင့်ရမည့်
အရေးကို တွေးတောကာ အူမြူးနေမိ၏။
ထို့ကြောင့်လည်း စောစောက ရည်ရွယ်
မထားမိခဲ့သည့်စကားလုံးတို့ကိုအသုံးပြု
လိုက်ချေပြီ။
ဤအချိန်အထိအောင်ပုဏ္ဏားသည်မိမိ
အမှားကိုမမြင်သဖြင့် ထပ်၍အော်နေသေး
၏။ နန္ဒီဝိသာလသည်တစ်သက်နှင့်တစ်
ကိုယ် တစ်ကြိမ်တစ်ခါမျှမကြားဖူးရ
သည့် အသုံးအနှုန်းများကိုကြားလိုက်ရ
သဖြင့် အံ့အားသင့်သွားရ၏။ ထို့ပြင်
ပရိသတ်လူဘုံအလယ်တွင် မိမိအား
မဟုတ်မတရားဆဲရေးကြိမ်းမောင်းလိုက်
သဖြင့် အခံရခက်လှသည်။ ရှက်လည်း
ရှက်လှ၏။ ထို့ကြောင့်ဖခင်ပုဏ္ဏား၏
အမိန့်ကို မနာခံတော့ဘဲ ခြေစုံရပ်၍
ထားလိုက်လေတော့၏။
အသပြာတစ်ထောင်တိတိအရှုံးခံလိုက်
ရပြီး နန္ဒီဝိသာလသည်စိတ်မချမ်းမသာ
မဖြစ်ပါ။ ခါတိုင်းလိုပင်တစ်နေ့ခင်းလုံး
စားကျက်သို့သွား၍ စိတ်တိုင်းကျစား
သောက်နေ၏။ ညနေခင်းကျမှအိမ်သို့
ပြန်လာခဲ့၏။ အိမ်ရှေ့က ကွပ်ပျစ်တွင်
ကားမွေးစားဖခင်ပုဏ္ဏားသည်ခြေပြစ်
လက်ပြစ်ကြီးအိပ်လျက်ရှိနေပေသည်။
နန္ဒီဝိသာလသည် ပုဏ္ဏားကြီးအနီးသို့
အသာအယာချဉ်းကပ်ကာ
အဖေ ဘာကြောင့်များအိပ်နေရပါသလဲ။
မေးမှမေးရက်ပလေ့ငါ့သားရယ်။
အသပြာတစ်ထောင်ကြီးများတောင်ရှုံးခဲ့
မှ မအိပ်ပဲနေနိုင်ပါ့မလားကွ။
ဒါဖြင့် အဖေတို့အိမ်မှာကျွန်တော်ရောက်
လာခဲ့တဲ့အချိန်ကစပြီး အိုးတစ်လုံးကွဲဖူး
ပါသလား။
မကွဲခဲ့ပါဘူး ဖေ့သားကြီးရာ။
တခြားပစ္စည်းတခုခုကိုကော ကျွန်တော်
နင်းခဲ့ချေခဲ့ဖူးပါသလား။
မနင်းခဲ့ပါဘူးကွာ။
ဒါနဲ့များဘာကြောင့်ကျွန်တော့်ကို နွားဆိုး
ကြီးလို့ဆိုရတာတုန်း။ နွားယုတ်ကြီးလို့
ဆိုရတာတုန်း။
ဒါကတော့ အဖေအပျော်ကျူးပြီးမှုးသွား
လို့ပါကွာ။
ဒါဆိုရင်ဒီတစ်ခါကျတော့ အဖေအပျော်
လဲ မကျူးပါနဲ့။ မူးလဲမမူးပါနဲ့။ ကျွန်တော့
ကိုလည်း မဟုတ်မတရား ဆဲဆိုကျိန်း
မောင်းခြင်းမပြုပါနဲ့။ အခုပွဲနဲ့ရှုံးထားတာ
တွေအပြင် အမြတ်ထွက်လာအောင်ဒီ
တစ်ခါ ဂေါဝိန္ဒသူဌေးနဲ့အသပြာနှစ်ထောင်
ကြေးထပ်ပါတော့။
ကောင်းပြီ။ ဖေ့သားကြီးရေ အဖေခုချက်
ချင်းပဲ သွားပြီးကြေးထပ်ချေမယ်။
ပုဏ္ဏားသည် သွက်လက်ပေါ့ပါးစွာထ၍
ဂေါဝိန္ဒသူဌေးကြီးအိမ်သို့ထွက်သွား၏။
သွားတုန်းကပြုံးပြုံးရွှင်ရွှင်ရှိသကဲ့သို့ပင်
အပြန်ကျတော့လည်း ပြုံးပန်းမြိုင်မြိုင်
ပြန်လာလေ၏။
သူဌေးကလက်ခံလိုက်ပြီ ဖေ့သားကြီးရေ
ဒီတစ်ခါပွဲကမှ ပွဲကြီးပွဲကောင်းကွ။
အိမ်ပေါက်ဝမှ အားပါးတရ လှမ်း၍ပြော
လိုက်လေသည်။
သည်တစ်ခါတော့ ပုဏ္ဏား၏နှုတ်မှအဆိုး
အယုတ်စကားသံများထွက်ပေါ်မလာ
တော့သဖြင့် အစွမ်းပြပွဲကြီးအောင်မြင်
သွားပေသည်။
သြမသ၀ါဒသိက္ခာပုဒ်
ဝိနယပိဋက၊ ပါစိတ်ပါဠိတော်၊ သုဒ္ဓပါစိတ်
မုသာဝါဒ၀ဂ်တွင်ပါဝင်သော သြမသ၀ါဒ
သိက္ခာပုဒ်ကိုပညတ်ရာတွင် ဘုရားရှင်
ကိုယ်တော်တိုင် ထုတ်ဆောင်ဆုံးမတော်
မူခဲ့သည့် ဥပမာပုံဝတ္ထုတစ်ခုဖြစ်ပေသည်။
သာဝတ္ထိမြို့တော်ရှိ ဇေတ၀န်ကျောင်း
တော်ကြီး၌ ကျင့်ဝတ်သိက္ခာကိုချစ်မြတ်
နိုးစွာလိုက်နာကျင့်သုံးသည့် ရဟန်း
ကောင်းများကြားတွင်ရဟန်းဆိုးလည်း
အနည်းငယ် နေထိုင်လျက်ရှိကြ၏။
သူတို့သည် သာသနာ့ဘောင်သို့ဝင်
သည့်အချိန်ကပင် အကြံနှင့်ဉာဏ်နှင့်
ကြိုတင်ပြင်ဆင်ပြီးမှ ၀င်လာခဲ့ကြ၏။
သာသနာတော်တွင်း၌အရေးကိစ္စ
တစ်စုံတစ်ရာကြုံတွေ့လာလျှင်အားကိုး
အားထားပြုနိုင်ရန် အဂ္ဂသာဝကအရှင်
မြတ်ကြီးနှစ်ပါးထံမှာ တပည့်ခံ၍၀င်
ရောက်ခဲ့ကြ၏။ သို့ရာတွင်သူတို့သည်
ဆရာကောင်း၏တပည့်ဖြစ်မလာကြပါ။
အရှင်မြတ်ကြီးနှစ်ပါးထံတပည့်ခံလာ
ခြင်းမှာ အရှင်မြတ်ကြီးတို့၏ ဆုံးမ
စကားကိုလေးစားဖို့ လိုက်နာဖို့မဟုတ်
ပါ။ အရှင်မြတ်ကြီးတို့၏ကောင်းမြတ်
သည့် စံနမူနာကိုရယူဖို့မဟုတ်ပါ။
အရေးအကြောင်းကြုံလာလျှင် အရှင်
မြတ်ကြီးတို့၏အရှိန်အ၀ါကို အသုံးချ
ရုံမျှသာဖြစ်ပါသည်။
သာသနာ့ဝန်ထမ်းရဟန်းအဖြစ်ခံယူ
ပြီးချိန်မှာလည်းထိုရဟန်းခြောက်ပါး
သည် လူ့ဘ၀တုန်းကအတိုင်းတပူး
တွဲတွဲသာရှိနေကြ၏။ သွားရာလာရာ
နေထိုင်စားသောက်ရာတွင် မကွဲ
မကွာရှိနေကြ၏။ အုပ်စုအားကိုးဖြင့်
အခြားရဟန်းများကို အနှောင့်အယှက်
အမျိုးမျိုးပေးကြ၏။ ထို့ကြောင့်အခြား
ရဟန်းများက ထိုရဟန်းခြောက်ပါး
ကို ဆဗ္ဗဂီရဟန်းများဟူ၍ခေါ်ဝေါ်
လာကြရပေသည်။
ဆဗ္ဗဂီရဟန်းများသည် သာသနာတော်
နှင့်မသင့်လျော်သည့်အမှုများကိုအမျိုး
မျိုးပြုကျင့်ကြ၏။ ဤအမှုကိုဘုရားရှင်
က သိက္ခာပုဒ်ဖြင့်တားမြစ်လိုက်လျှင်
အခြားအမှုကိုပြောင်း၍ ကျူးလွန်ကြ
၏။ ဤသာသနာတော်တွင်ဆဗ္ဗဂီ
ရဟန်းတို့မကျူးလွန်သောအမှုဟူ၍
ပါရာဇိကအာပတ်ကြီးများလောက်
သာကျန်တော့သည်။
ဆဗ္ဗဂီရဟန်းတို့သည် အုပ်စုအားကိုး
ရှိထားသည့်အတိုင်း အခြားရဟန်းများ
နှင့်ပြောဆိုရာတွင်အပေါ်စီးနှင့်ပြော
တတ်ကြ၏။ မည်သည့်ကိစ္စမဆိုသူတို့
ပြောတာကိုလက်ခံမှကျေနပ်ကြ၏။
တစ်ဖက်သားက လက်မခံနိုင်၍အငြင်း
အခုန်ဖြစ်ရပြီဆိုလျှင် သူတို့ခြောက်ပါး
လုံးက ကျီးကန်းများကဲ့သို့ဝိုင်းအုံထိုး
ဆိတ်ကြပေတော့သည်။ အမျိုးဇာတ်
နှင့်ပတ်သတ်၍ အလုပ်အကိုင်နှင့်
ပတ်သတ်၍ စသည်ဖြင့် ဆယ်မျိုး
သော ဆဲရေးခြင်းတို့ဖြင့်ဆဲရေးကြကုန်
၏။
သီလကိုချစ်မြတ်နိုးသောရဟန်းများမှ
တဆင့် ဤအကြောင်းကိုဘုရားရှင်ကြား
သိတော်မူသောအခါ ရဟန်းအပေါင်း
ကို စည်းဝေးစေ၍ အထက်ပါဥပမာ
ပုံဝတ္ထုကိုဆောင်တော်မူပြီးလျှင်
ရဟန်းတို့အဟိတ်တိရစ္ဆာန်သည်ပင်
ဆဲရေးကြိမ်းမောင်းသည့်စကားကို
နားခါးကြသေး၏။ မနုဿလူသားများ
မှာမူ အဘယ်ဆိုဖွယ်ရာရှိပါတော့မည်
နည်းဟု ဆုံးမတော်မူ၏။
ထို့နောက်ဆဲရေးစကား၊ ကြိမ်းမောင်း
သည့်စကားမပြောကြစေရန် သြမသ
ဝါဒသိက္ခာပုဒ်ကို ပညတ်တော်မူပေ
သည်။
ဝဏ္ဏသီရိ
No comments:
Post a Comment