Friday, November 21, 2014

သောတာပန်ချင်းအတူတူ


ဘုရားရှင် ကပိလ၀တ္ထုမြို့မှာသီတင်းသုံးတဲ့အခါ
သာကီဝင်တွေမှာ ဒီလိုစကားဖြစ်တယ်။
အရင်သောတာပန်ဖြစ်သူက နောက်သောတာပန်
ဖြစ်သူထက်တရားအားဖြင့်ပိုကြီးတယ်။ ဒါကြောင့်
နောက်မှသောတာပန်ဖြစ်တဲ့ရဟန်းက အရင်
သောတာပန်ဖြစ်တဲ့ လူဝတ်ကြောင်အား ရှိခိုးမှု
စသည်ကို ပြုရမယ်။
အဲဒီစကားကိုဆွမ်းခံသွားနေတဲ့ ရဟန်းတစ်ပါးက
ကြားပြီး ဘုရားရှင်အားလျှောက်တယ်။ ဘုရားရှင်
က ဒီဇာတ်က တခြားစီပဲ၊ အသွင်ဟာ ပူဇော်ထိုက်
တဲ့ ၀တ္ထုပဲလို့ ရည်ရွယ်ကာ ရဟန်းတို့လူဝတ်ကြောင်
က အနာဂါမ်ပဲဖြစ်စေဦးတော့၊ လူဝတ်ကြောင်
အနာဂါမ်က ဒီနေ့မှ ကိုရင်ဝတ်တဲ့ သာမဏေအား
ရှိခိုးခြင်းစသည်ကိုပြုလုပ်ရတယ်လို့ မိန့်တော်မူပါ
တယ်။
အနီရောင်ဟင်္သာ၊ အစိမ်းရောင်ဟင်္သာ၊ နို့ရည်ရောင်
ဟင်္သာ၊ ပါကဟင်္သာ၊ ရွှေဟင်္သာတွေထဲမှာ ရွှေဟင်္သာ
ရဲ့အဟုန်ကို အခြားဟင်္သာတွေက ၁၆စိတ်၊ ၁၆ ပြန်
စိတ်ရာ တစ်စိတ်ကိုတောင်မမီပါ။ မှန်ပါတယ်။
ရွှေဟင်္သာက တမုဟုတ်အတွင်းနဲ့ ယူဇနာတစ်
ထောင်လည်းသွားနိုင်ပါတယ်။ အခြားဟင်္သာက
တစ်ယူဇနာတောင်မသွားနိုင်ပါ။ ဟင်္သာနှစ်ကောင်
လုံး လှတာချင်းတူကြပါတယ်။
အဲဒီလိုပါပဲ၊ လူဝတ်ကြောင်က အရင်သောတာပန်
ဖြစ်ထားပေမယ့် နောက်မှသောတာပန်ဖြစ်တဲ့ရဟန်း
က သောတာပတ္တိမဂ်ကိုမြင်ထားလို့ ကြည့်ကောင်း
တာချင်းတူပါတယ်။ လူဝတ်ကြောင်က ရဟန်းရဲ့
အထက်မဂ်အတွက် ၀ိပဿနာဉာဏ်အဟုန်ကို
မတုပနိုင်ပါ။
မှန်ပါတယ်။ လူဝတ်ကြောင်ရဲ့အထက်မဂ်အတွက်
ဝိပဿနာဉာဏ်အဟုန်ဟာ သား သမီး ဇနီးစတဲ့
အရှုပ်အထွေးနဲ့ရှုပ်ထွေးနေလို့ နှေးပါတယ်။
ရဟန်းရဲ့အဲဒီဉာဏ်ကတော့ အဲဒီအရှုပ်အထွေး
ကင်းနေလို့ ထက်မြက်ပါတယ်။
(သုတ္တနိပါတ၊ ဋ္ဌ၊ ၂၆၂)
သာမဏေကျော်
ပိဋကတ်တော်လာသိမှတ်စရာ

No comments:

Post a Comment