Friday, November 21, 2014

ခုနှစ်နေ့ဖွားများ


ရက်သတ္တပတ်တစ်ပတ်လျှင် ခုနှစ်ရက်ရှိရာ ထိုနေ့ရက်
တို့ကိုခေါ်ရလွယ်ကူစိမ့်သောငှါ တနင်္ဂနွေ၊ တနင်္လာ၊
အင်္ဂါ၊ ဗုဒ္ဓဟူးစသည်ဖြင့်ခေါ်ဝေါ်ပညတ်ရာမှလူတို့မွေး
ဖွားသည့်နေ့ရက်အပေါ်အမှီပြု၍ တနင်္ဂနွေသား၊
တနင်္လာသား၊ အင်္ဂါသားစသည်ပညတ်တင်ကြပြန်
ပါသည်။
အမှန်တော့နိုင်ငံတကာ၌ မွေးဖွားသည့် ခုနှစ်၊ လ၊
ရက်ကိုသာ ပဓါနပြုလေ့မရှိပါ။ ဗြဟ္မဏ၀ါဒမှိုင်းမိ
ခံရသောကြောင့် တနင်္ဂနွေသား၊ တနင်္လာသား
စသည်အလေးထားသတ်မှတ်နေကြခြင်းဖြစ်ပါ
သည်။ အမှန်စင်စစ်မည်သည့်နေ့တွင်ဖွားသည်
ဖြစ်စေ ဘာမျှအရေးမကြီးပါ။ ဤသည်မှာဗြဟ္မဏ
ဝါဒ၏အမှတ်အစွဲများသာဖြစ်ပါ၏။ အလေးထား
နေစရာမလိုပါ။ စွဲမှတ်နေစရာမလိုပါ။
မည်သည့်နေ့ဖွားသောကြောင့်ကံကောင်းမည်၊
အောင်မြင်မည်၊ ကြီးပွားမည်ဟုထင်မှတ်စရာ
မလိုသကဲ့သို့ မည်သည့်ဖွားဖြစ်သောကြောင့်
ကံမကောင်းအကြောင်းမလှဖြစ်မည်ဟုစိုးရိမ်
စရာမလိုပါ။ လူသာအဓိကပါ။ လူသာပဓါနပါ။
တနင်္ဂနွေသားသမီးဖြစ်ဖြစ်၊ တနင်္လာသားသမီး
ဖြစ်ဖြစ် မည်သည့်နေ့ဖွားပင်ဖြစ်စေ ထိုသူ၏
ကံဉာဏ်ဝီရိယတို့ကသာ သူ့ဘ၀ကိုပုံဖော်
တည်ဆောက်သွားမည်ဖြစ်ပါသည်။ တနင်္ဂနွေ
ဖွား တနင်္လာသားတွေထဲမှာပင် ကံကောင်းသူ
တွေလဲရှိမည်။ ကံမကောင်းသူတွေလဲရှိမည်။
ချမ်းသာကြွယ်ဝနေသူလည်းရှိမည်။ ဆင်းရဲ
နွမ်းပါးသူတွေလည်းရှိမည်။ ထို့အတူ တနင်္လာ
အင်္ဂါ၊ ဗုဒ္ဓဟူးစသည့်အခြားသောနေ့ဖွားတွေ
ထဲမှာလည်း ချမ်းသာဆင်းရဲဆူကြုံနိမ့်မြင့်
ရောယှက်နေမည်သာဖြစ်ပါသည်။
နေ့ဖွာအပေါ်အမှီပြု၍ ဘယ်နေ့သားကဘယ်
လိုစရိုက်မျိုးရှိတတ်သည်ဟုကောက်ချက်ချ
ခြင်းမျိုး၊ ယုံကြည်ခြင်းမျိုးတွေလည်းရှိပါ၏။
ဥပမာ - တနင်္ဂနွေသားဆိုလျှင်စိတ်ကောက်
တတ်သည်။ သောကြာသားဆိုလျှင်စကား
များတတ်သည်။ ကြာသာပတေးသားဆိုလျှင်
အေးချမ်းသည်။ စနေသား အင်္ဂါသားဆိုလျှင်
ထက်သည်စသည်ဖြင့် ယူဆပြောဆိုနေတတ်
ကြသည်။
တနင်္ဂနွေသားစိတ်ကောက်တတ်သည်ဟု
ဆိုရအောင် တနင်္ဂနွေဖွားဘယ်နှစ်ယောက်
ကို စနစ်တကျလေ့လာသုတေသနပြုခဲ့လို့
လဲ။ တနင်္ဂနွေသားတိုင်းစိတ်ကောက်တတ်
သလား။ တနင်္ဂနွေသားတစ်ရာမှာဘယ်နှစ်
ရောက်စိတ်ကောက်တတ်သလဲ။ ကောင်းပြီ
တနင်္ဂနွေဖွာမှသာစိတ်ကောက်တတ်သလား။
အခြားသော တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးစသည့်
နေ့ဖွားတွေမှာရော စိတ်ကောက်တတ်သူ
တွေမရှိတော့ဘူးလား။
ထိုနည်းအတူသောကြာသားစကားများသည်
ဟုဆိုတတ်ကြသည်။ သောကြာသားထောင်
သောင်းကိုစနစ်တကျလေ့လာသုတေသနပြု
ပြီးမှ ဤသို့သောကောက်ချက်ကိုချမှတ်ခဲ့
ခြင်းလား။မဟုတ်ပါလေ။ စကားများတတ်
သော သောကြာသားအချို့ကိုကြုံဆုံဖူးရုံ
မျှဖြင့် သောကြာသားစကားများသည်ဟု
ကောက်ချက်ချမည်ဆိုလျှင် ထိုကောက်ချက်
သည်မှန်ကန်နိုင်ပါမည်လား။
အမှန်တော့စိတ်ကိုမထိန်းသိမ်းတတ်သူ၊
နှုတ်ကိုမစောင့်စည်းတတ်သူ၊ အတင်း
အဖျင်းပြောတတ်သူမှန်သမျှသောကြာနေ့
ဖွားသည်ဖြစ်စေ၊ စနေနေ့ဖွားသည်ဖြစ်စေ၊
မည်သည့်နေ့ဖွားသည်ဖြစ်စေ စကားများ
မည်သာဖြစ်ပါ၏။ မည်သည့်နေ့ဖွားဆိုလျှင်
မည်သည့်စရိုက်မျိုးရှိတတ်သည်။ မည်သည့်
စိတ်နေစိတ်ထားမျိုးရှိတတ်သည်ဟု
ကောက်ချက်ချယူစွဲနေကြခြင်းမှာ သဘာဝ
မကျပါ။ ယုတ္တိမတန်ပါ။ စနစ်တကျသုတေ
သနပြုလေ့လာထားသောအချက်အလက်
များမဟုတ်ပါ။
သဘာဝမကျ၊ ယုတ္တိမတန်သော အယူအစွဲ
များကိုစွန့်လွှတ်နိုင်မှသာ မိမိ၏အသိအမြင်
သည် လင်းပွင့်လာပေလိမ့်မည်။ မိမိ၏
အတွေးအခေါ်သည်မှန်ကန်မြင့်မားလာပေ
မည်။ ထေရ၀ါဒဗုဒ္ဓဘာသာဝင်မှန်သမျှ
ဗြဟ္မဏပုဏားတို့၏ ဗေဒင်မှဆင်းသက်
လာသောရှေးဦးစကား၊ ရှေးဦးအယူအစွဲ
များကိုလက်ခံခြင်း၊ ယုံကြည်ခြင်းမပြုသင့်
မပြုထိုက်ပါ။ ဗေဒင်ကျမ်းများတွင်ပါရှိ
သော ခုနှစ်နေ့ဖွားအဟောများသည်
ကမ္ဘာနှင့်ချီ၍ မှန်ကန်သောနိယာမမဟုတ်
ကြောင်း ဆရာမ မေနှင်းက ဤသို့ရေးသား
ဖူးပါသည်။
နှစ်ပေါင်းများစွာအတွေ့အကြုံများအရ
ဘယ်နေ့မွေးတဲ့လူဟာ ဘယ်လိုစရိုက်
မျိုးရှိတယ်ဆိုတာ မှတ်ချက်ပြုကြတာ
ပါ။ ဥပမာ တနင်္ဂနွေဆိုရင်စိတ်ကောက်
တယ်။ သောကြာဆိုရင်စကားများတယ်
ကြာသာပတေးဆိုရင်အေးချမ်းတယ်။
စနေတို့အင်္ဂါတို့ဆိုရင်ထက်တယ်စသည်
ဖြင့်ပေါ့။
ဒါပေမယ့်ဒါဟာ များသောအားဖြင့်မှန်တာ
မဟုတ်ဘူး။ စိတ်မကောက်တတ်တဲ့တနင်္ဂနွေ
သား၊ စိတ်ဆိုးလွယ်တဲ့ကြာသာပတေးသား
အေးချမ်းတဲ့စနေသားတွေအများကြီးတွေ့
ဖူးပါတယ်။ ဒါကြောင့်တရားသေသဘော
မသတ်မှတ်သင့်ပါဘူး။
ပြီးတော့ ဒီအယူအဆဟာ နိုင်ငံတကာ
အယူအဆလည်းမဟုတ်ပါဘူး။ ကမ္ဘာနဲ့
ချီပြီးမှန်ကန်တဲ့နိယာမတစ်ခုလည်း
မဟုတ်ပါဘူး။ ဒါကိုနားလည်ပြီးအစွဲ
အလိမ်းမထားပါနဲ့လို့ပြောချင်ပါတယ်။
မင်းနန်(မော်ကျွန်း)
ဓမ္မပန်းဥယျာဉ်

No comments:

Post a Comment