Thursday, November 20, 2014

ပရဟိတနိုင်ငံ ၂ဝ စာရင်းတွင် မြန်မာ နှင့်အမေရိကန်ပူးတွဲ ဗိုလ်စွဲ



ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စုက ပေးကမ်းရက်ရောမှုအရှိဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေသည်မှာ အဆန်းတကြယ်ဖြစ်ရပ် မဟုတ်ပေ။
သို့ရာတွင် မြန်မာပြည်ကဲ့သို့ ဆင်းရဲမွဲတေမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု နှင့် စစ်သားတစ်ပိုင်း ဒီမိုကရေစီတို့ဖြင့် ခရီးနှင်နေသော လူဦးရေ သန်း ၅၀ ကျော်ရှိ နိုင်ငံတစ်နိုင်ငံက ကမ္ဘာပေါ်တွင် စွန့်ကြဲပေးကမ်းခြင်း၊ စေတနာ့ဝန်ထမ်း ပရဟိတလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ရာတွင် ထိပ်ဆုံးတွင်ရှိနေသည်ဟု စစ်တမ်းတစ်ခုက ဆိုသည်။
အမေရိကန်အခြေစိုက် ဂေါလပ်သုတေသန အသင်းကြီးက နိုဝင်ဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်သော “၂၀၁၄ ကမ္ဘာ့ဒါနအညွှန့်ကိန်း” အရ မြန်မာပြည်သည် ဆင်းရဲပင်ဆင်းရဲငြားသော်လည်း စစ်တမ်းကောက်ယူခဲ့သော နိုင်ငံလူဦးရေ၏ ၉၁ ရာခိုင်နှုန်းက ပရဟိတ လုပ်ငန်းများတွင် ငွေကြေးထည့်ဝင်ကြောင်း တွေ့ရှိရသည်။
၅ နှစ်ဆက်တိုက် နှစ်စဉ်ထုတ်ပြန်နေသော ၄င်းညွန်းကိန်းအား သုတေသနပြုရန် နိုင်ငံပေါင်း ၁၃၅ နိုင်ငံရှိ လူပေါင်း ၁၃၀,ဝဝဝ ကျော်မှ အချက် အလက် ကောက်ယူခဲ့ကြောင်း သိရသည်။
စွန့်ကြဲဒါနပြုခြင်း၊ ပရဟိတလုပ်ငန်းများတွင် ပါဝင်ခြင်း၊ တစ်ပါးသူအား ကူညီလိုစိတ်ရှိခြင်း ဆိုသည့် အချက်သုံးချက်ပေါ် အခြေခံ၍ အမှတ်ပေးရာတွင် မြန်မာ၊ အမေရိကန်၊ ကနေဒါ နှင့်အိုင်ယာလန်နိုင်ငံများက ထိပ်တန်းတွင် ပါဝင်ပြီး တရုတ်၊ အာမေးနီးယား၊ အီဂျစ်၊ အီကွေဒေါတို့မှာ ညွန်းကိန်း၏ အောက်ဆုံးတွင် ဖော်ပြခြင်း ခံရသည်။
ဓနငွေကြေးချမ်းသာသောနိုင်ငံ ဖြစ်စေကာမူ ထိုနိုင်ငံသည် ဒါနအရာတွင် ထိပ်တန်းရောက်နေသည် မဟုတ်ကြောင်း စစ်တမ်းတွင် တွေ့ရမည်ဖြစ်သည်။
ကမ္ဘာ့စီးပွားရေး အဖွံ့ဖြိုးဆုံး နိုင်ငံ ၂၀ အနက် ၆ နိုင်ငံသာ ယခုစစ်တမ်း၏ ထိပ်တွင်ပါဝင်နေသည်ကို တွေ့ရသည်။
မွေးဖွားသည်မှ သေဆုံးသည်အထိ အစိုးရက နိုင်ငံသားများအပေါ် ထောက်ပံ့ကူညီသော အီတလီ ကဲ့သော ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများတွင် လူ့အဖွဲ့အစည်းအတွင်း စွန့်ကြဲပေးကမ်းသောနှုန်း အလွန်နိမ့်ကျလျက်ရှိသည်ကို တွေ့ရသည်။
“ဒီဥရောပသမဂ္ဂနိုင်ငံတွေမှာ အစိုးရကို ထမ်းရတဲ့ အခွန်ကလည်း သိပ်မြင့်တော့ အိမ်တစ်အိမ်ကိုသွား တံခါးခေါက်ပြီး အလှုခံမယ်ဆို အိမ်ရှင်က ... ဘာလဲ၊ ကျုပ်အစိုးရကို ပေးပြီးသွားပြီလို့ ပြန်ပြောကြလိမ့်မယ်” ဟု အမေရိကန် အလှူဒါနဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ တက်ခ်ဟက်က ဆိုသည်။

The Yangon Globe

No comments:

Post a Comment