ဝိပဿနာတရားရှုမှတ်သည်ဆိုသော်လည်း သမထဖြစ်နေတတ် ခြင်း
ို့ကြောင့်အသားတုံးများပဲ့ကျခြင်း၊ပုတ်ပွ၍
ပိုးလောက်များစားခြင်း၊ခန္ဓာကိုယ်အတွင်းရှိ
အူ၊အသဲ၊ကလီစာတို့ကိုမြင်ခြင်း၊သူသေကောင်များ အရိုးစုများမြင်ခြင်း
စသည့်နိမိတ်အာရုံမျိုးစုံပေါ်လာတတ်ပါသည်။
အချို့ကလည်း ရုပ်ပွားတော်များ၊စေတီများစသည့်နိမီတ်ကောင်းများပေါ်သည်ကိုအဟုတ်ကြီးမှတ်နေကြသည်။
အချို့လည်းတရားရှုမှတ်ရင်းနတ်ပြည်တက်သူတက်၊ငရဲပြည်ဆင်းသူဆင်း၊ဘိုးတော်နှင့်တွေ့သူတွေ့၊နတ်နှင့်စကားလက်ဆုံကျသူလည်းရှိသည်။တစုံတယောက်ကလာပြောနေသကဲ့သို့နားထဲကြားနေရသူလည်းရှိသည်။
ထိုအရာများသည် ဝိပဿနာတရားနှင့် လားလားမျှမဆိုင်ပါ။မူလကမ္မဋ္ဌာန်းအာရုံမှလွတ်ကာ မြင်ချင်ရာမြင် ထင်ချင်ရာထင်နေကြခြင်းဖြစ်သည်။
သတိထားမရှောင်ရှားပါက တရားမထူးဘဲ မတရားရူးတတ်ပါသည်။
အာရုံအထူးအဆန်းများပေါ်လျှင် ဝိပဿနာမဟုတ်၊တရားထူးသည်ဟုမဆို၊ဝိပဿနာ၏ အာရုံသည် ရုပ်နာမ်များဖြစ်ခြင်းပျက်ခြင်းမျှသာရှိပြီး
ထင်ရှား၊သိမ်မွေ့၊လျင်မြန်လာပါက တရားထူးပြီဟု ဆိုနိုင်သည်။
ထို့ကြောင့်တရားအားထုတ်သူတို့သည် သမထ နှင့် ဝိပဿနာခွဲခြားတတ်ရန် ပဋိပတ်ဆိုင်ရာ ဗဟုသုတရှိသင့်သည်။
သို့မဟုတ်ပါက ကိုယ်စီးသည့်မြင်းအထီး အမမှန်း
မသိဖြစ်တတ်သည်။ ဗုဒ္ဓညွှန်ကြားသောအကျင့်လမ်းစဉ်ကို အမှန်မသိပါက မည်သို့ပင်ကြိုးပမ်းသော်လည်း အချည်းနှီးသာဖြစ်လျှက် နိဗ္ဗာန်သို့ရောက်မည်မဟုတ်ပေ။
လိုချင်တပ်မက်၊စိတ်ဆိုးစိတ်ပျက်၊လေးလံထိုင်းမှိုင်း၊ နောင်တနှင့်စိတ်ပျံ့လွင့်၊
ိယုံမှားသံသယ ဟူသော နီဝရဏတရားငါးပါးကို ငြိမ်းစေနိုင်သော စိတ်တည်ကြည်ငြိမ်သက်စေသည့် သမာဓိလုပ်ငန်းသည်သမထဖြစ်သည်။
ပညတ်နိမိတ် အာရုံတစ်ခုတည်းအပေါ် စူးစိုက်ကျရောက်လျှက် စိတ်ကိုတည်ကြည်ငြိမ်သက်စေသည်။
သမထ၏ပန်းတိုင်မှာ ဈာန်ဖြစ်သည်။
အပ္ပနာဈာန်နှင့် အာရုပ္ပဈာန်နှစ်မျိုး။
ဈာန်မရသေးလျှင် ကာမာဝစရကုသိုလ်ဖြစ်ပြီး လူ့ပြည်နတ်ရွာကာမသုဂတိ ခုနှစ်ဘုံသို့ရောက်သည်။ဈာန်ရပါက ဆိုင်ရာဗြဟ္မာ့ဘုံများသို့ ရောက်နိုင်သည်၊သံသရာထွက်လမ်းမဟုတ်ပါ။
ဝိပဿနာသည် အဝိဇ္ဇာအပါအဝင် နီဝရဏနှင့်ကိလေသာများ ပယ်ရှင်း ကင်းငြိမ်းစေသော ပညာလုပ်ငန်းဖြစ်သည်။သံသရာကိုဖြတ်သော ဉာဏ်လမ်းဖြစ်ပါသည်။ပန်းတိုင်မလှမ်းနိုင်သေးလျှင် ကာမာဝစရကုသိုလ်ဖြစ်၍ လူ၊နတ်စည်းစိမ်ခံစားရသည်။ပန်းတိုင်သို့လှမ်းနိုင်လျှင် လောကုတ္တရာကုသိုလ်ဖြစ်၍ နိဗ္ဗာန်တိုင်အောင် ပေါက်မြောက်ရပြီး ဆင်းရဲဒုက္ခ အလုံးစုံ ချုပ်ငြိမ်းရလေတော့သည်။

No comments:
Post a Comment