Thursday, November 20, 2014

အမြဲကောင်းမြတ်သောအရာ



အခါတစ်ပါး၌ ဗုဒ္ဓမြတ်စွာဘုရားသည် သာဝတ္ထိပြည်
ဇေတ၀န်ကျောင်းတွင် သီတင်းသုံးနေတော်မူ၏။

ထိုအခါနတ်သားတစ်ယောက်သည် ညဥ့်တစ်ညဥ့်၏
သန်းခေါင်ယံအချိန်လောက်၌မြတ်စွာဘုရားထံသို့
ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကိုမေးလျှောက်လေ
၏။

မြတ်စွာဘုရား လူတို့အတွက်
၁။ အိုမင်းရင့်ရော်သည့်အချိန်တိုင်အောင် တင့်တယ်
လှပစေသော အရာသည်ကား အဘယ်ပါနည်းဘုရား။

၂။ အဘယ်အရာသည်မိမိသန္တာန်၌ မြဲမြံခိုင်ခံ့စွာ
တည်နေပါလျှင် ကောင်းမြတ်ပါသနည်းဘုရား။

၃။ သုံးဆယ့်တစ်ဘုံ၌ ကျင်လည်ကြရသောသတ္တ၀ါ
တို့တွင် ရောက်လေရာရာဘ၀တို့၌ ကောင်းမြတ်၍
နှစ်သက်စေတတ်သော ရတနာသည်ကားအဘယ်
ပါနည်းဘုရား။

၎။ သူခိုး၊ ဓားပြစသောလူဆိုးတို့ကို မလုယူ၊ မတိုက်
ခိုက်နိုင်သော ဥစ္စာသည်ကား အဘယ်ပါနည်းဘုရား
ဟု မေးလျှောက်လေသည်။

မြတ်စွာဘုရားက အိုနတ်သားလူတို့အတွက်
၁။ အိုမင်းရင့်ရော်သည့်အချိန်တိုင်အောင်တင့်တယ်
လှပစေသောအရာသည်ကား သီလ တန်ဆာဖြစ်
သည်။

၂။ ဘုရား တရား သံဃာဟူသော ရတနာသုံးပါး
ကံ ကံ၏အကျိုးကိုကောင်းစွာယုံကြည်၍မဂ်ဖိုလ်
တရားတို့ကိုတကယ်ယုံကြည်မှုသဒ္ဓါတရားသည်
မိမိသန္တာန်၌ မြဲမြံခိုင်ခံ့စွာတည်တံ့ပါလျှင်အကောင်း
ဆုံးဖြစ်သည်။

၃။ အရာရာ၌ ကောင်းစွာခွဲခြမ်းပြီး သိစွမ်းနိုင်သော
ပညာသည် သုံးဆယ့်တစ်ဘုံဝယ်ကျင်လည်ကြရ
သော သတ္တ၀ါတို့တွင်ရောက်လေရာရာဘ၀တို့
ကျင်လည်ရသမျှကာလပတ်လုံး ကောင်းမြတ်၍
နှစ်သက်စေတတ်သောရတနာဖြစ်သည်။

၎။ သူခိုး၊ ဓါးပြစသောလူဆိုးတို့က မတိုက်ခိုက်
မလုယူနိုင်သော ဥစ္စာသည်ကား သဒ္ဓါအရင်းခံ
၍ ပင်ကိုယ်ဉာဏ်ဖြင့်နေ့စဉ်မှန်မှန်ပြုလုပ်သော
ကောင်းမှုကုသိုလ်ပင်ဖြစ်သည်ဟု ဟောတော်မူ
သည်။

သဂါထာဝဂ္ဂသံယုတ်၊ ဒေ၀တာသံယုတ်၊ ဧရာဝဂ်၊ ဧရာသုတ်။
ဦးငွေအောင်မွန်၊
မြတ်မင်္ဂလာစာစောင်

No comments:

Post a Comment